Monday, September 15, 2014

“၂၁ ရာစု ရခိုင်နိုင်ငံရေးသမားများ” အား ပေးသနားတော်မူလှည့်ပါ အရှင်ဘုရား (တူမောင်ညို)

0 comments
“၂၁ ရာစု ရခိုင်နိုင်ငံရေးသမားများ” အား ပေးသနားတော်မူလှည့်ပါ အရှင်ဘုရား (တူမောင်ညို)
(၂ဝ၁၄ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်)

ပျံလွန်လေပြီးသော ဆရာတော်ဦးဥတ္တမ (၁၈၈ဝ ဒီဇင်ဘာ ၂၈  - ၁၉၃၉ စက်တင်ဘာ ၉ ) သည်၊  “ကရက်ဒေါက် ဂဲဒေါက်”  (Craddock get out !)  ဆိုသည့် ဗြိတိသျှနယ်ချဲ့ဆန့်ကျင်ရေး ရဲရဲတောက်လှုံ့ဆော်သံပေးခဲ့သော တိုင်းချစ်ပြည်ချစ် ရဟန်းတော်တစ်ပါး ဖြစ်ပါသည်။

သူတို့ကိုယ်သူတို့ “အမျိုးသားနိုင်ငံရေး”လုပ်သူများဟု ကြော်ငြာလေ့ရှိသော (နဝတ-နအဖ)စစ်အစိုးရသည် ဆရာတော်အားဂုဏ်ပြုသည့် အခမ်းအနားများကို ပိတ်ပင်တားမြစ်ထားခဲ့သည်။ ယခုအခါ (နဝတ-နအဖ)စစ်အစိုးရ၏ အာဏာအမွေစားအမွေခံ (ဗိုလ်)ဦးသိန်းစိန် ကြံ့ဖွံ့အစိုးရက ဆရာတော်ဦးဥတ္တမ အခမ်းအနား ကျင်းပခွင့်ပြုလိုက်ပြီဖြစ်သည်။

ဆရာတော်ဦးဥတ္တမအား အောက်မေ့သတိရခြင်း၊ အထိမ်းအမှတ်ပြုကြခြင်းသည် မွန်မြတ်သောဆောင်ရွက်ချက်ဖြစ်ပါသည်။ ဆရာတော် ဦးဥတ္တမအား “လူမျိုးရေးဘာသာရေးမုန်းတီးမှု၊အကြမ်းဖက်မှု”အတွက် ကာဗာတစ်ခု၊ လက်နက်တစ်ခု၊ စင်မြင့်တစ်ခုအဖြစ် ခါတော်မီ အသုံးမချသင့်ပါ။

“အမျိုးသားနိုင်ငံရေး” ကို (နဝတ-နအဖ) စစ်အစိုးရသည် “ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်းကြီး” ဖွဲ့စည်း၍ လုပ်ခဲ့သည်။ ယခုအခါထိုသို့ “အမျိုးသားနိုင်ငံရေး”လုပ်သည်ဆိုသောအသင်းကြီးသည် “နိုင်ငံရေးပါတီ” ဖြစ်လာခဲ့ပြီ။ “အမျိုးသားနိုင်ငံရေးလုပ်သူများ အတွက် လောကဓံအတက်ချည်းပဲရှိတယ်” ဆိုသည်မှာ ဤအချက်ကို ဦးဝီရသူ ဆိုလိုချင်တာပဲဖြစ်လိမ့်မည်။

ဆရာတော်ဦးဥတ္တမ ပျံတော်မူခြင်း ၇၅ နှစ်ပြည့် အခမ်းအနားစင်မြင့်ထက်တွင် သင်္ကန်းဝတ်ဦးဝီရသူ အားနေရာပေး ဟောပြောစေခြင်းသည် ဦးစွာအားဖြင့် ပျံလွန်လေပြီးသောဆရာတော်ဦးဥတ္တမ၏ ဆောင်ရွက်ချက်များကို ကံသုံးပါးစလုံး (ကာယ၊ ဝစီ၊မနော)ဖြင့် မိုက်မိုက်မဲမဲ စော်ကားလိုက်ခြင်းဖြစ်သည်။

ဒုတိယအချက်အဖြစ် အထင်အရှားပေါ်လွင်နေသည်မှာ ဤပွဲကို စီစဉ်သူများ၏ မိုက်မဲသောကြံစည်လုပ်ဆောင်ချက် (ဦးဝီရသူအား ဟောပြောစေသည့်အချက်)ပင်ဖြစ်သည်။ နတ်သုဒ္ဓါထဲ မစင်တစ်ပဲသားရောထည့်လိုက်ကြသည့် အကြံဆိုး၊ အကြံရိုင်းဖြစ်သည်။ ဆွမ်းဆန်တော်ထဲ ကြွက်ချေးရောထည့်ကြသည့် လုပ်ရပ်ဖြစ်သည်။

တတိယအချက်အားဖြင့် ဤအစီအစဉ်နှင့်ဤလုပ်ရပ်ကို သိက္ခာသမာဓိရှိကြသော ရခိုင်သံဃာတော်များ၊ ရခိုင်လူကြီးသူမများ၊  ဂုဏ်သိက္ခာ ရှိသော ရခိုင်နိုင်ငံရေးသမားများနှင့် ရခိုင်နိုင်ငံရေးပါတီများက ကန့်ကွက်၊ တားဆီးခြင်းမပြုသည့်အချက်ဖြစ်ပါသည်။ ကြိုတင်မသိရှိကြ၍လော၊ သို့တည်းမဟုတ် သိရှိသော်ငြားလည်း တွန်းလှန်ခြင်းငှာ (ဗိုလ်မောင်မောင်အုံးအား ရခိုင်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် ခန့်အပ်သည်ကို မလွန်ဆန်နိုင်ကြသလို) မစွမ်းသာကြ၍ လော။

ထို့အပြင် “၇၅ နှစ်ပြည့် ဦးဥတ္တမအခမ်းအနားစင်မြင့်” ပေါ်မှ လူမျိုးရေးဘာသာရေးအစွန်းရောက် အကြမ်းဖက်လှုံ့ဆော်ဟောပြော သွားမှုများကို “လုံးဝသဘောမတူကြောင်း/ရှုံ့ချကြောင်း” အခြားသောဘာသာရေး/နိုင်ငံရေးနယ်ပယ်မှ သမာသမတ်ရှိသည့်ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများအနေဖြင့်လည်း လေးလေးနက်နက် ကန့်ကွက်ဆန့်ကျင်ရန် လိုအပ်သည်။ ဤသို့ ငြိမ်ခံနေကြမည်ဆိုလျှင် လူမိုက် အားပေးသည့်လုပ်ရပ်ဖြစ်ပြီး၊ အကြမ်းဖက်ဟောပြောမှုကို အားပေးအားမြှောက်ပြုရာရောက်နေပါသည်။

အခမ်းအနားရှေ့တန်းနေရာတွင် ဒီချုပ်နာယကကြီးဦးတင်ဦးနှင့် ထင်ရှားသော ရခိုင်နိုင်ငံရေးသမားဦးအေးသာအောင်တို့ တက်ရောက် နေသည်ကို အထင်အရှားတွေ့မြင်ရပါသည်။ ဤပုဂ္ဂိလ်ကြီး ၂ ဦးအနေဖြင့်လည်း ဦးဝီရသူပြောနေသည်များကို (အနည်းဆုံး “စတိ”ဖြစ်ဖြစ်) မတ်တပ်ရပ်၍ကန့်ကွက်တားဆီး၊ ရပ်တန့်စေသင့်ပါသည်။ သို့တည်းမဟုတ် (အခမ်းအနားတစ်ခုလုံးကို အားနာသည်ဟုဆိုလျှင်) ဦးဝီရသူ ပြောနေသည့်အစီအစဉ်မှ ထ၍ ခေတ္တခဏဖြစ်ဖြစ် ထွက်ခွါသွားသင့်သည်ဟု ယူဆပါသည်။

(ဗိုလ်)ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရ၊ ဦးဝီရသူအပါဝင် “သင်္ကန်းဝတ်စွမ်းအားရှင်များ”နှင့် “ဘယ်ကမှန်းမသိတဲ့လူအုပ်ကြီးများ” သည် “လူမျိုးရေး ဘာသာရေးအကြမ်းဖက် သုံးပွင့်ဆိုင်အုပ်စု”ဖြစ်သည်။ ဖြစ်ပွားခဲ့သမျှသော/ ဖြစ်ပွားလတ္တံ့သော လူမျိုးရေးဘာသာရေး အကြမ်းဖက် လူသတ် မီးရှို့မှုများ၏ အဓိကလက်သည်များ၊ ပူးပေါင်းကြံစည်ခဲ့ကြသူများလည်းဖြစ်ပါသည်။

မြင့်မြတ်ရာဘုံဘဝမှ ဆရာတော်ဦးဥတ္တမ ကြားသိနိုင်မည်ဆိုလျှင် ယခုလို လျှောက်ထားပန်ကြားလိုပါသည်။ “ကရက်ဒေါက် ထွက်သွား” ဆိုသည့် ဆရာတော်၏ “စစ်မှန်သည့်တိုင်းချစ်ပြည်ချစ်စိတ် (ဝါ) ရဲရဲတောက်သတ္တိခွန်အား” မျိုး  “၂၁ ရာစု ရခိုင်နိုင်ငံရေးသမားများ” အား ပေးသနားတော်မူလှည့်ပါ အရှင်ဘုရား။
ညွန်း-
-၁ဝ စက်တင်ဘာ ၂ဝ၁၄ ၊ ဗုဒ္ဓဟူးနေ့ ၊ ကမာရွတ်မီဒီယာ


0 comments:

Post a Comment