Saturday, September 20, 2014

၂ဝ၁၄ စက်တင်ဘာ တတိယပတ်ထဲရေးဖြစ်တဲ့ တိုနန့်နန့်လေးတွေ (မျိုးမြင့်ချို)

0 comments
(ချေ ၂ ချေဆိုတာ ကိုယ်ဘာသာလုပ်မရ)
ခုတလော မျက်စေ့ဒုက္ခပေးနေတာနဲ့ ဘာမှ ဟုတ်တိပတ်တိမလုပ်ဖြစ်ဘူး။ လုပ်လည်း အာရုံကြာကြာစိုက်မရဘူးဖြစ်နေတာ။ စာဖတ်မယ်ဆိုပြီး စာမျက်နှာ ၁၆၃ မျက်နှာပဲရှိတဲ့ ဆင်ဖြူကျွန်းအောင်သိန်းရဲ့ မြန်မာ့ရိုးရာပုံပြင်စာအုပ်ပါးလေးတောင် တနေကုန်ဖတ်တာ မပြီးဘူး။ လူကဖတ်နေရင်း စိတ်က မျက်စေ့ဆီပဲ ရောက်ရောက်သွားတယ်။ ဆေးသောက်လည်း ခနပဲခံတယ်။ မျက်စဉ်းခတ်တော့လည်း မျက်လုံးထဲချော်ကျိကျိ ဝေတေတေနဲ့မို့ စာဖတ်လို့မရပြန်ဘူး။ ဒါနဲ့ မထူးဘူးကွာဆိုပြီး စာအုပ်ကို စင်ပေါ်ပြန်ထား၊ ညတရေးနိုးကတွေးမိတဲ့အကြောင်းချရေးတာ တထိုင်တည်းနဲ့ပြီးသွားတယ်။ (မျောက်အချောက် သဂျိံင်းတူးခြင်းနှင့် တိုက်ရာမပါ ဝေစု) အရေးနည်းနည်းအဆက်ပြတ်သွားလို့လားမသိဘူး စာရိုက်တာမသွက်ဘူး။

ဒီနေ့တော့ ဂျွန်နီအက်ပယ်လ်စိဒ်ပွဲတော် သွားမယ်တွေးထားတယ်။ အရင် ၄ နှစ်လောက်က အဲ့ဒီပွဲတော်အကြောင်း ဆောင်းပါး(၃)ပုဒ်ဆက်ရေးဖူးပါတယ်။ ဒီနေ့တော့ မျက်လုံးအခြေအနေပေါ်တည်ပြီး အဲ့ဒီမှာ အချိန်ဘယ်လောက်သုံးမလဲ ဆုံးဖြတ်ရမယ်ထင်တယ်။ နေပူကြီး ကွင်းပြောင်ကြီးထဲမှာတော့မဟုတ်ပါဘူး။ ပွဲတော်နေရာက သစ်ရိပ်ဝါးရိပ်တော့ရှိပေမယ့် အမိုးအကာရုံထဲကပွဲမဟုတ်တော့ ပူတော့ပူတာပဲ ဖုန်လည်းထူတာပဲ၊ ချွေးလည်းပြိုက်တာပါပဲ။ တနှစ်တကြိမ်လုပ်တဲ့ပွဲဖြစ်တာကတကြောင်း၊ နှစ်စဉ်ကျနော်တွေ့နေကြ အမေရိကန်ဌာနေ လူနီရက်အင်ဒီးယန်းအကြီးအကဲလည်းအကြီးအကဲ၊
ဆေးဆရာလည်းဆေးဆရာရဲ့သားကြီးသြရဿဿ ဖြစ်တဲ့ ဝက်ဝံကလေးဦးလူနီနဲ့လည်း တွေ့ချင်ပြန်တယ်။ သူ ရှိရောရှိသေးရဲ့လား၊ ရှိရင်ရော နေထိုင်ကောင်းပါ့မလား၊ နေထိုင်ကောင်းဦးတောင် ဒီနှစ်လာနိုင်ပါ့မလားတွေလည်းတွေးနေတာ မိုးလင်းကတည်းကပဲ။ အင်း..သူလည်း အသက်ကြီးပြီမဟုတ်လား။ သူနဲ့ကျနော် ပြောခဲ့သမျှစကားတွေထဲမှာ ကျနော့်ရင်ထဲ တစ်သက်စာငြိသွားတဲ့စကားက "လူမျိုးတမျိုးလုံးအပေါ်မှာ ကျူးလွန်ခဲ့တဲ့ရာဇဝတ်မှုကို လက်စားချေတာပဲပဲဖြစ်ဖြစ် သင်ပုန်းချေတာပဲဖြစ်ဖြစ် လူတစ်ယောက်က ဒါမှမဟုတ် လူတစုစုကလုပ်လို့ မရဘူး"ဆိုတာပါပဲ။ ကျနော်က သူ့ကို မင်းတို့ရက်ဒ်အင်ဒီးယန်းတွေအပေါ် လူဖြူတွေကျူးလွန်ခဲ့တဲ့အမှုတွေအတွက် မင်းစိတ်ထဲမှာ လက်စားချေလိုစိတ် ဒါမှမဟုတ် သင်ပုန်းချေလိုစိတ် ဘယ်စိတ်မျိုးရှိသလဲလို့ ကျနော်မေးတုန်းက သူပြန်ဖြေခဲ့တဲ့စကားပါ။ ရှိသေးတယ် ကျန်းမာရေးကောင်းသေးလို့ လာလည်လာတယ်ဆို စကားလေးဘာလေးပြောပြီး ဓါတ်ပုံရိုက်ခဲ့မယ်တွေးတာပါပဲ။

(လူမျိုးဘာသာအရိုးစွဲ)
တလောက ဒီရောက်တာသိတ်မကြာသေးတဲ့ ဗမာပြည်သား(ပညာတတ်)စုံတွဲတတွဲနဲ့တွေ့ ခရီးသွားဟန်လွှဲတွေ့မိတယ်။ ရောက်တတ်ရာရာပြောကြရင်း"ဘာကိုးကွယ်လဲ"လို့ ကျနော်နဲ့အတူပါလာတဲ့အမေရိကန်မိတ်ဆွေကိုမေးတော့ ဟိုက ဘာမှပြန်မပြောပဲ ပြုံးပဲနေတယ်။ ကိုယ်တော်က ဒါကိုသဘောမပေါက်ဘူး "ငါကတော့ သာမန် မိရိုးဖလာဗုဒ္ဓဘာသာပါ၊ ငါ့မိန်းမကတော့ Strong ဗုဒ္ဓဘာသာလေ"လို့ ဆက်ပြီးပြောတော့ ဟိုလူ မျက်မှောင်ကြုပ်သွားတယ်။ ဘာမှတော့ မေးနေပြောမနေဘူး။

သူတို့ထွက်သွားတော့မှ ကျနော်က"ဆောရီးကွာ သူ ဒီရောက်တာမကြာသေးဘူး။ ဒီက ယဉ်ကျေးမှုကိုလည်း သိတ်တီးမိခေါက်မိ မရှိသေးလို့နေမယ်"လို့ မိတ်ဆွေအမေရိကန်ကို ဖြည်ပြော ပြောတယ်။ ဒီတော့ သူက "ဘာသာ မေးတာကကိစ္စမရှိပါဘူး။ သူ့မိန်းမက Strong ဗုဒ္ဓဘာသာလို့ပြောတာတော့ အတော်ဆိုးတယ်ကွ။ အင်္ဂလိပ်စကားသေချာမတတ်လို့လား၊ ဒါမှမဟုတ် တတ်ရဲ့သားနဲ့ သူ့ဘာသာတော့လာမထိနဲ့ မီးပွင့်သွားမယ်လို့ ခြိမ်းခြောက်တာလားမသိဘူးကွ။ သူ့မိန်းမ ဘာသာရေးလေးနက်တယ်လို့ ပြောချင်တာဆိုရင်တော့ တခြားစကားလုံးသုံးလည်းရတာပါပဲ။ များသောအားဖြင့် အဲ့သလိုပြောတတ်သူမှာ ဘာသာလူမျိုးအယူသီးတတ်ပြီး သူတပါးယဉ်ကျေးမှုထဲ မဝင်ဆန့်တာမျိုးတွေရှိတတ်တယ်"ဆိုပြီး သူ့ဖာသာပြောတာလိုလို ကျနော့်ကိုပြောတာလိုလို လေအေးအေးနဲ့ပြောတယ်။ ကျနော်လည်း ခေါင်းပဲညိမ့်နေမိတယ်။

ပညာတတ်အလယ်အလတ်လွှာက မြို့နေသူတွေတောင် ဒီလောက် သူတပါးယဉ်ကျေးမှုကို တီးမိခေါက်မိနည်းတယ်ဆို ပညာဗဟုသုတပါးရှားသူတွေ လူတွေ့တိုင်း "ကျုပ်တို့က ဘာလူမျိုး ဘာ ဘာသာလေ"လို့ အပြောလေ့ကြတာ ဘာဆန်းတော့မလဲ။ အရိုးစွဲနေကြသမို့လား။

(နိုင်ငံပြိုရင် ငွေပါပြိမလား)
ကမ္ဘာ့သမိုင်းမှာ ပြိုကွဲသွားတဲ့ အင်ပါယာကြီးတွေ နိုင်ငံတွေအများကြီးပါ။ နောက်ဆုံးနဲ့အကြီးဆုံးပြိုကွဲတဲ့လူ့အစုအအစည်းကြီးဟာ ဆိုဗီယက်ယူနီယံဖြစ်မယ်မှတ်တာပဲ။ ထားပါတော့ ကြီးတာသေးတာ နောက်ဆုံးရှေ့ဆုံးဖြစ်တာတွေ။ ကျနော် သိချင်တာက နိုင်ငံတွေအဲ့သလိုပြိုကွဲကြတဲ့အခါ မပြိုကွဲခင်က သူတို့နဲ့ ကုန်သွယ်စီးပွားဘက်တွေကို
ပေးရန်ရှိနဲ့ ရရန်ရှိကြွေးမြီတွေကို ဘယ်ပုံရှင်းကြသလဲဆိုတာပဲဗျ။ ဆိုဗီယက်ကြီးပြိုတော့ ရုရှားဆိုတာတခုပဲ တောင့်တောင့်တင်းတင်းနဲ့ ထောင်ထောင်မတ်မတ်ကျန်တာ။ ဒါတောင် သိတ်ဟုတ်လှတာ မဟုတ်သေးဘူး ပြိုကာစကဆို သာခွေယိုင်ဆိုသလိုပဲ။ ဆိုဗီယက်ယူနီယံနဲ့ ကုန်သွယ်စီးပွားပြုခဲ့တဲ့ နိုင်ငံ-နိုင်ငံခြင်းပေးရန်ရရန်အကြွေးတွေ ဘယ်လိုရှင်းခဲ့သလဲ။ ကမ္ဘာ့ဘဏ်လို နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့လို ဒေသကြီးတွေအလိုက် တိုက်ကြီးတွေအလိုက် သီးခြား ငွေကြေးအင်စတီကျူးရှင်န်းကြီးတွေဆီက
ချေးငှားထားတဲ့ငွေတွေကတော့ လျှော်တန်တာလျှော် လျော်တန်တာလျော်တယ်ပဲထားပါ။ ပုဂ္ဂလိကနိုင်ငံတွေက ချေးငွေတွေ ကြွေးမြီတွေကို အကွဲကျန်နိုင်ငံသစ်တွေက ဘယ်ပုံဖြေရှင်းခဲ့ကြသလဲဆိုတာပါ။ တွေးမိတာက ခုနေ တရုတ်ကြီးပြိုကွဲတယ်ဆိုပါတော့ဗျာ သူနဲ့စီးပွားကုန်သွယ်ဘက်နိုင်ငံတွေဆီကနေ တရုတ်ကရရန်ရှိတဲ့အကြွေးတွေကို ဘယ်လိုလုပ်ကြမှာလဲလို့ တွေးမိလို့ပါ။ ရွှေပြည်ကြီးစစ်ဗိုလ်ယုတ်တွေလုပ်သလို ခင်ညွန့်နဲ့လုပ်ခဲ့တာ လာပြောမနေနဲ့။ ခု ခင်ညွန့်မရှိတော့ဘူးဆိုပြီးလုပ်ရင်ရော မခက်ပါလား။

(ပယ်ပယ်နယ်နယ်နဲ့ပြစ်ပြစ်နှစ်နှစ်)
ရယ်စရာပြောတာတော့ မဟုတ်ပါဘူး ဒါပေမယ့် ရယ်စရာလိုဖြစ်နေလို့ပါ။ ဒီလိုပါ ကျနော်ရေးတာပြောတာတွေဖတ်ပြီး စာတိုင်းနီးပါးလောက်ကို မအေနှမ ဘာမှမကျန်အောင် ချက်တ်ဘောက်စ်ကနေ မက်ဆေ့ဂ်ျပို့ပို့ပြီး မကြားဝံ့မနာသာဆဲ့တဲ့သူတယောက်ကို ဘလော့က်တော့မယ်လို့ဆုံးဖြတ်ပြီး အသိပေးတဲ့အနေနဲ့ သူ့ကိုမေးကြည့်တယ် "ခင်ဗျားကို ကျနော် Block တော့မလို့ဗျ။ ဒါနဲ့နေပါဦး မဘလော့က်ခင် မေးစရာရှိလို့ မေးပါရစေ"ဆိုတော့ "ဘာလဲ...ပြော"တဲ့။ "ခင်ဗျား ကွန်မန့်မှာဝင်မဆဲပဲ ချတ်ဘောက်စ်ကနေဆဲနေလို့ ကျနော် ခုထက်ထိ ဘာမှမလုပ်ဖြစ်သေးတာပါ။ ဟိုမှာလာပြီး အဲ့သလောက်ဆဲရင်တော့ ထုပ်ပြစ်လိုက်တာကြာပြီ။ သူများတွေမြင်လည်း မကောင်းသလို ကျနော့်မလည်း မအေတွေနှမတွေနဲ့လေ။ ဘာဖြစ်လို့ ခင်ဗျား အဲ့သလောက်ဆဲဆိုနေရသလဲဗျာ"ဆိုတော့ "မင်းလို မရေးတတ်လို့ပေါ့ကွ၊ ရေးတတ်မှတော့ ပါးစပ်အသနခံပြီး မင်းလိုကောင်မျိုးကို ဆဲနေပါ့မလား လခွီးတဲ့မှပဲ"တဲ့။ ဒါနဲ့ ကျနော်လည်း ဘလော့က်မယ်လို့ဆုံးဖြတ်ထားတာကို ပြင်လိုက်တယ်။ ဟုတ်သားပဲ ကျနော်တောင် သူရိုသေလေးမြတ်လှတဲ့လူတွေ ပုဂ္ဂိုလ်တွေကို ပယ်ပယ်နယ်နယ်ပြောနေသေးတာပဲ သူလည်း ကျနော့်ကို ပြစ်ပြစ်နှစ်နှစ်ဆဲချင်ပေမပေါ့။


0 comments:

Post a Comment