အမေရိကန်ဟာ
၂ဝ ရာစုအနှောင်းနဲ့ ၂၁ ရာစုအဆန်း ကာလတွေတလျှောက်လုံး သူမွေးတဲ့မျောက် သူ့ပြန် အချောက်ခံခဲ့ရတာချည်းပဲ။
ကွန်မြူနစ်ရန်ကြောက်ပြီး သူပြုစုပျိုးထောင်ခဲ့တဲ့တာလီဘန်နဲ့ အိုစမာဘင်လာဒင်ကနေ ဆီးရီးယားက
ဘာရှားအယ်လ်အာဆာဒ်ဖြုတ်ချဖို့၊ ဆွန်နီရှအာ အင်အားချိန်ခွင်လျှာညှိဖို့၊ အရှေ့အလယ်ပိုင်းကရေနံ လက်ဝါးကြီးအုပ်ထားဖို့၊
အစ္စရေးလ်ကိုကာကွယ်ဖို့ အစရှိတဲ့အကြောင်း များစွာနဲ့သူမွေးခဲ့တဲ့ အစ္စလမ်ဘာသာဝင် အာရဗ်အာဏာရှင်တွေကနေ
အစ္စလမ်မစ်နိုင်ငံတော် IS ဆိုတဲ့ မျောက်တွေအထိ။
ကွန်မြူနစ်ဆန့်ကျင်ရင်ပြီးရော
ဘာကောင်ဗိုလ်လုပ်လုပ်မူနဲ့ နိုင်ငံငယ်တွေက စစ်အာဏာရှင်တွေကို ကျကျနန ရေလောင်းပေါင်းသင်ပေးခဲ့တာလည်း အထင်အရှားပဲ။ ပြဿနာက သူမွေးတဲ့မျောက်တွေက သူ့ကိုမချောက်ခင် သက်ဆိုင်ရာနိုင်ငံတွေက
ပြည်သူတွေကို အတောမသတ်ဖိနှိပ်တာတွေပဲ။ အဲ့ဒါမျိုးတွေ နိုင်ငံတကာမှာ ဟိုးလေးတကြော်ဖြစ်လွန်းမကဖြစ်ပြီဆိုမှ
သူ့လူသူပြန်ပြီး လူကြားကောင်းရုံ ဟန့်တာလောက်ဘာလောက်လုပ်တာမျိုးပဲ။ သူ့ပြန်မလှည့်မခြင်း
ဒါမှမဟုတ် လှည့်မယ့်ခြေလှမ်းမပြင်မခြင်း ဘယ်သူ့ဘာလုပ်လုပ် ဖြစ်နိုင်သမျှ မျက်နှာလွှဲနေခဲ့တာချည်းပဲ။
နောက်ဆုံး သူ့လာထိတော့မှ ဒီကောင်တွေ ဘယ်တုန်းက ဘာတွေမဟုတ်တာလုပ်ခဲ့တယ်တို့၊ သူ့ပြည်သူတွေကို
ဘယ်ပုံဖိနှိပ်တယ်တို့၊ ပတ်ဝန်းကျင်နိုင်ငံတွေကို ဘယ်လိုဒုက္ခပေးဖို့ကြံစည်တယ်တို့၊ ဘာလက်နက်တွေစုဆောင်းနေတယ်တို့၊ လူ့အဖွဲ့အစည်းအတွက် ဘယ့်လောက်အန္တရာယ်ရှိတယ်တို့ဆိုပြီး သင်္ဂျီုင်းပြန်ဖော်တော့တာပဲ။
ပုတ်သင်ဥဖယ်ပြီး ညောင်မြစ်ချည်း တူးပြတော့တာပဲ။ ကျားစီးဖားစီးလုပ်တော့တာပဲ။ အတင်းဝင်တိုက်ဖြုတ်ချ
ကြိုးစင်ပို့၊ သူ့စိတ်ကြိုက် နောက်အစိုးရတင်ပြီး၊ ကယ်တင်ရှင်ကြီး ကမ္ဘာ့ပုလိပ်ကြီးလုပ်ပြတော့တာပဲ။
ဒါတောင် အရင်ကလို လက်ဖျားငွေသီးနေတဲ့ကာလ မဟုတ်တော့လို့။ အရင်ကဆို အပေးအကမ်းကလည်း ရက်ရော၊ သြဇာကလည်းညောင်း၊ မျက်နှာကလည်းပြောင်ဆိုတော့"ဘယ်သူမှဝင်မပါနဲ့ ငါ့ဘာသာလုပ်မယ်"ဆိုပြီး ကုလသမဂ္ဂရော၊ နေတိုးရော၊ နိုင်ငံတကာကိုရောဘေးချိတ်ပြီး ထင်တိုင်းကြဲခဲ့တာချည်းပဲ။ လုပ်တိုင်းဖြစ်ခဲ့တာပဲ။ ဆင်သွားလမ်းဖြစ်ခဲ့တာချည်းပဲ။ ခုတော့ အထည်ကြီး ပျက်စပြုချိန်မို့ အရင်လောက် လက်လည်း မဖွာနိုင်တော့သလို စွာလည်းမစွာနိုင်တော့ပဲ နေတိုးလည်းဝင်ပါဦး၊ ဥရောပသမဂ္ဂလည်း ကြည့်မနေပါနဲ့၊ ဒေသတွင်းနိုင်ငံတွေလည်း တဘက်တလမ်းဝိုင်းကြဟဆိုပြီး တခြားသူတွေနဲ့ဝိုင်းလှော်ရတဲ့ကိန်း ဆိုက်နေတာပဲ။ တဘက်တလမ်းဝင်ကူ မယ်လို့ဆိုကြတဲ့နိုင်ငံတွေကလည်း တကယ့်လက်တွေ့မှာ ဘယ်လောက် လူအားငွေအားပါပါ့မယ်လို့ ကတိကဝတ်ပြုထားတာမဟုတ်ဘူး။ အပြည့်အဝအားကိုးယုံမှတ်လို့ မဖြစ်ချေဘူး။
ပြည်တွင်းကြည့်ပြန်တော့လည်း ဘတ်ဂျက်လိုငွေအကြီးအကျယ်ပြတာ၊ နိုင်ငံခြားကြွေးမြီ
(အထူးသဖြင့် တရုတ်ကိုပေးရမယ့်ကြွေး)၊ အလုပ်လက်မဲ့ပြဿနာတွေနဲ့ အမယ်ဘုတ်ကယ်သူ့ချည်ခင်ပဲ။ ဒါပေမယ့် ငွေကြေးရော၊ ဘဏ္ဍာရော၊ ကုန်ထုပ်လုပ်မှုနဲ့ကုန်သွယ်မှုရော တကမ္ဘာလုံးနဲ့ တိုင်ချည်ဖေါက်ချည် ယက်ရှယ်ထားတာဆိုတော့ ကဖြဲကရုန်းဖြစ်ဦးတောင် ဆိုဗီယက်ယူနီယံကြီးလို ဘုန်းဘုန်းလဲကျသွားဖို့တော့မရှိဘူး။ နောက်တချက်က ဖြစ်လာတဲ့ပြဿနာတိုင်းလိုလိုကို သူ့ပုံစံသူ့ဘောင်ထဲက လူတိုင်းရနေတဲ့တစ်ဦးချင်းဆိုင်ရာအခွင့်အရေး၊ လူ့အခွင့်အရေး၊ နိုင်ငံသားအခွင့်အရေး၊ ဒီမိုကရေစီနဲ့လွတ်လပ်ခွင့် စတာတွေနဲ့ထိန်းညှိပြီး ကိုင်တွယ်ဖြေရှင်းလို့ရနေတယ်။ ပုံစံပြရရင် ကမ္ဘာလှည့်ပြီး အစ္စလမ်အစွန်းရောက်တွေကို တိုက်ပြနေတယ်။ ဒါပေမယ့် ပြည်တွင်းမှာ ဘယ် ဘာသာဝင်ကမှ ဘယ်ဘာသာဝင်ကို သရော်မော်ကားလုပ်ခွင့် မပေးဘူး။ ဘာသာရေးလွတ်လပ်ခွင့်ကို တရားဥပဒေစိုးမိုးမှုနဲ့ထိန်းထားတယ်။ လူတချို့ကသာ ကိုယ်စီရည်ရွယ်ချက်တွေနဲ့ ဘာသာရေးစစ်ပွဲလို့ အသံထုတ်ပေမယ် သူကတော့ ဘယ်တော့မှ အဲ့သလို မသမုတ်ဘူး။ ရေနံကြောင့်ဆိုတာလည်း မပေါ်အောင်ထိန်းထားနိုင်တယ်။

ဖြစ်နေတဲ့အခြေအနေတွေကို
ပြန်ကြည့်ရင်လည်း ခု အရှေ့အလယ်ပိုင်းနဲ့ အာရပ်ကမ္ဘာမှာ အမေရိကန်နဲ့ဖြစ်နေတဲ့ပြဿနာတွေ(စစ်ပွဲတွေ)က
ရေနံ(လောင်စာ)ကိစ္စအရင်းခံတာပဲ။ ကမ္ဘာ့အန္တရာယ်တို့၊ ဒီမိုကရေစီနဲ့လူ့အခွင့်အရေးကိစ္စတို့၊
တရားမျှတမှုတို့ဆိုတာတွေက တိုက်ကောင်းအောင်ပြရတဲ့ဆင်ခြေနဲ့ ကာဗာမျှသာပဲ။ အမေရိကန်ဟာ
ရေနံနဲ့လျှပ်စစ်မီးမရှိရင် နေမရတဲ့ပြည်ပဲ။ စစ်ဖြစ်နေတဲ့ ကမ္ဘာ့ဒေသတွေကလည်း ရေနံတွင်းဖင်ခုထိုင်ထားတဲ့
နေရာတွေချည်းပဲ။ ရုရှားနဲ့တရုတ်တို့လည်း မျက်စေ့ကျနေတဲ့အရပ်တွေပဲ။ ရေနံဝေစု သူတို့လည်းလိုချင်တာပဲ။
ရတန်သလောက်ရနေတာမှန်ပေမယ့် အမေရိကန်နဲ့ဥရောပရဲ့ ရေနံလက်ဝါးကြီးအုပ်မှုကို လှန်မရသေးလို့
နေသေးသပချုံထဲက လုပ်နေကြတာပဲ။ တချိန်ချိန်မှာ သူတို့ဝေစု ခုထက်ပိုယူဖို့ ဖြစ်မလာနိုင်ဘူးလို့
ဘယ်သူမှ အာမမခံနိုင်ဘူး။ တိုက်ရာ မပါကြတာခြင်းအတူတူ ဝေစုယူတဲ့နေရာမှာ တရုတ်ကြီးက
ရုရှားထက်အရည်လည်တယ်ဆိုရမယ်မှတ်တယ်။ ကဒါဖီမျိုးကန်းတော့ လစ်ဗျားရေနံတွင်းတွေစီးမိပြီး
ရေနံလုပ်ငန်းမှာ အများကြီးရင်းနှီးမြှုတ်နှံခဲ့တာတရုတ်ပဲ။ ခုလည်းကြည့် IS တွေကိုတိုက်မယ့်ကိစ္စမှာ
ရုရှားက ကုလသမဂ္ဂမပါပဲလုပ်ရင် ပြဿနာရှိတယ်ဘာညာပြောပေမယ့် တရုတ်ကတော့ တုတ်တုတ်တောင်မလှုပ်ဘူး။
လူ အမုန်းမခံဘူး။ အမေရိကန်တွေ ကမ္ဘာလှည့်ပြီး အကြမ်းဖက်စစ်ပွဲနွှဲနေချိန်မှာ တရုတ်က ကမ္ဘာပတ်ပြီးအမြတ်ရှာကောင်းနေတာ။
ခုဖြစ်တဲ့စစ်ပွဲမှာ အမေရိကန် နိုင်နိုင်/မနိုင်နိုင် ပွဲပြီးရင် တရုတ်က အမြတ်ထွက်စရာရှိနေတယ်။
ခုတောင် ဟိုဘက်လှည့်နေတော့ သူ့ရန်အလုပ်ခံရတဲ့ဒဏ်ကနေ ခဏတဖြုတ် သက်သာနေတာပဲမဟုတ်လား။
ဒီစစ်ပွဲမှာ
အမေရိကန်နိုင်ဦးတောင်(မနိုင် နိုင်အောင်လုပ်မယ်တော့ထင်တယ်) အမြတ်အစွန်းထွက်နိုင်ခြေ အလွန်နည်းတယ်။
အမေရိကန် လက်နက်တွေ ပြည်ပနိုင်ငံတွေနဲ့အရောင်းအဝယ်ဖြစ်ဖို့အကြောင်း သိတ်မမြင်မိဘူး။
ပြည်တွင်း စစ်လက်နက်ကုမ္ပဏီကြီးတွေ(လော့ဟိခ် မာတင်၊ နော့သရော့ပ်ကရူးမင်န်း၊ ဘိုးအင်း
စတဲ့)ဆီမှာ ပုံနေတဲ့အဟောင်းတွေဝယ်ပြီး ဖြုန်းပေးတဲ့သဘောလောက်ပဲလို့တွက်ရတယ်။ စွမ်းရည်ပြရင်းဈေးခေါ်ကြောငြာဖို့
လက်နက်အသစ်အဆန်းသုံးမယ် ဘာညာလည်း မကြားမိသေးဘူး။ အဟောင်းတွေစုပုံရှင်းတယ်ဆိုရင် စစ်နဲ့ဆက်စပ်နေတဲ့ကုမ္ပဏီတွေလည်ပတ်နှုန်း
ပြန်သွက်လာမယ်၊ အလုပ်အကိုင်အခွင့်အလမ်းတွေပြန်ပေါ်လာမယ်၊ အလုပ်လက်မဲ့ပြဿနာ နည်းနည်းနားပူသက်သာမယ်။
အစိုးရဘဏ္ဍာတိုက်တဲ့ အခွန်အကောက်နည်းနည်း ဝင်လာမယ်။ ဒါပေမယ့် အဲ့ဒါကနောက်မှ၊ ခုလောလောဆယ်က
အဲ့ဒီပိုက်ဆံ ဘယ်ကရမလဲဆိုတာပဲ။
ကာကွယ်ရေးအသုံးစရိတ်ထဲက ထုတ်သုံးရုံကလွဲလို့ ဘာရှိမလဲ။ နဂိုကမှ လိုငွေပြနေတဲ့ဘတ်ဂျက်နဲ့ အတော်အတန်ဖေါင်းပွနေတဲ့ငွေကြေးကလည်းရှိနေတယ်။ ဒါဆို ဘာလုပ်မလဲ ရွှေထုတ်ရောင်းမလား၊ ပြည်တွင်းနှစ်ရှည်ငွေချေးစာချုပ်တွေ ထုတ်ရောင်းမလား၊ ငွေစက္ကူတွေအသစ်တွေ ထပ်ရိုက်ဦးမလား ဒါဆို ဗဟိုဘဏ်၊ အစိုးရနဲ့ငွေကြေးအင်စတီကျူးရှင်န်းတွေကြားမှာ ပွက်လောရိုက်လာမယ်တွေးမိတယ်။ ထင်တာကတော့ နိုင်ငံခြားကနေ ငွေချေးရမယ့်ကိန်းတော့မြင်မိတာပါပဲ။
အဲ့သလိုချေးမယ်ဆို ဘယ်က ချေးမလဲ။ ဥရောပသမဂ္ဂလား၊ တရုတ်ဆီကလား၊ ဒါမှမဟုတ် တခြား ဘယ်ကများဖြစ်မလဲ။ ဥရောပသမဂ္ဂကနေတော့ သိတ်မလွယ်လှဘူး။ ခမျာများလည်း တောင်မင်းမြောက်မင်းမကယ်နိုင် မြောက်မင်းတောင်မင်း မကယ်နိုင်။ ဒီကြားထဲ ဥရောပဆင်ကြီးတကောင်ဖြစ်တဲ့ဂျာမဏီကလည်း အမေရိကန်နဲ့ သိတ်ကြည်တာမဟုတ်ဘူး။ အဲ့ဒီကနေ ရဦးတောင် လိုသလောက်ဖြစ်မယ်မထင်ဘူး။ ဒါဆို ရှေ့မျက်နောက်ထားပြီး တရုတ်ဘက် လှည့်ရဦးမယ်ထင်တယ်။ အဲ့သလိုလှည့်လာလို့ကတော့ တရုတ်ကြီး ရွှေသွားတဝင်းဝင်းနဲ့ အိတ်ပုတ်ပုတ်ပြပြီး ငွေချေးစာချုပ်တွေ အုပ်လိုက်အုပ်လိုက် ဝယ်လိုက်မယ့်ဖြစ်ခြင်း။ အဲ့ဒီအတိုင်းသာဆိုလို့ကတော့ အမေရိကန်တွေဘက်ကလည်း ကြွေးထူမပူတို့၊ နောင်မှ ရောက်လျားတို့၊ ရှင်ဘုရင်ဆပ်တို့နှလုံးပိုက်ရပေမယ့် ကြွေးတင်ကျွန်ဖြစ်တို့ ကြွေးနွံနစ်လို့ဘဝနဲ့ထိုးဆပ်လိုက်ရတာတို့လည်း
မေ့မယ်မထင်ဘူး။ ခုတောင် အမေရိကန်ရဲ့အကြီးဆုံးမြီရှင်က တရုတ်ကြီးလို့ဆိုကြတယ်မဟုတ်လား။
ဒီစစ်ကြောင့် ငွေထပ်လှည့်ရဦးမယ်ဆို ကြွေးပူကြွေးအညှာ အကိုင်ခံထိပြီး တရုတ်အပေါ်ရန်လုပ်အား ကျချင်ကျသွား ဒါမှမဟုတ် တခုခုလက်ညှိုးထိုးပြီး စစ်ပြုရင်ပြုပဲ။ တိုက်ရိုက်စစ်ပြဖို့ အခြေအနေကတော့ နည်းတာပါပဲ။ တရုတ်ကလည်း အကင်းပါးမယ်ထင်တာပဲ။ အမေရိကန်နဲ့ထိပ်တိုက်တွေ့တာထက် ပူးတုံခွာတုံလေးကနေ ရသလောက်အမြတ်ထုတ်တဲ့နည်းနဲ့ပဲ သွားမယ်ထင်တယ်။ နယ်မြေကိစ္စ ကျွန်းကိစ္စ သူပိုင်ကိုယ်ပိုင် တရုတ်နဲ့ပြင်းခုန်နေကြတဲ့ ပြည်ငယ်လေးတွေကို မြှောက်မြှက်ပေးပြီး ပြဿနာကြီးလာတော့မှ ကိုယ်တိုင်ဝင်ပါတဲ့နည်းလည်း မသုံးဘူးမပြောနိုင်ဘူး။ အဲ့ဒီနည်းသုံးလို့ ဖြစ်ကြပဟေ့ဆို တရုတ်နဲ့ ကုန်းတွင်းပိုင်းနယ်မြေ မိုင်ထောင်ချီထိစပ်နေတာ ဗမာပြည်ပဲ။ စစ်အုပ်ကလည်း ကြားနေရေမူဆိုပြီး ခု ကြားညပ်နေပြီ။ အနေမတတ်ရင် မြေဇာပင်ဖြစ်မယ့်အရေးပဲ။ ပူမယ်ဆို ပူချင်စရာတွေချည်းပဲ။

ဘာပဲဖြစ်ဖြစ်ပါ
ဒီစစ်ပွဲကို အမေရိကန်နိုင်အောင်တိုက်ရမှာပဲ။ သူမွေးတဲ့မျောက်ကို သူပြန်လက်စတုန်းရမှာပဲ။
မျောက်သတ်တဲ့ ဒေသန္တိယစစ်ကို အကန့်အသတ်နဲ့ထားနိုင်ဖို့ပဲ စိတ်စောမိတယ်။ မကန့်သတ်နိုင်လို့
ဟိုနိုင်ငံဒီနိုင်ငံတွေပါ ပါလာရင် တကမ္ဘာလုံး ရင်မကြရတော့မှာပဲ။ ခုတောင် ဖင်တကြွကြွနဲ့
မဟုတ်လား။
မျိုးမြင့်ချို
စက်တင်ဘာ
၂ဝ၁၄
0 comments:
Post a Comment