Friday, September 5, 2014

ပြည်ထောင်စုလွှတ်တော်ကအတည်ပြုထားသောအမျိုးသားပညာရေးဥပဒေအပေါ် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၏ သဘောထားထုတ်ပြန်ချက်

0 comments


ပြည်ထောင်စုလွှတ်တော်ကအတည်ပြုထားသော အမျိုးသားပညာရေးဥပဒေအပေါ် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၏ သဘောထားထုတ်ပြန်ချက် ။ ရက်စွဲ ။ ။ သြဂုတ်လ (၂ဝ) ရက် ၊ ၂ဝ၁၄ ။
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်သည် အစိုးရအဖွဲ့မှ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တွင် တင်သွင်းခဲ့သော အမျိုးသားပညာရေးဥပဒေ(မူကြမ်း)ကို အကြိမ်ကြိမ် ထောက်ပြဝေဖန်ကန့်ကွက်ခဲ့ပြီး အတည်မပြုရန် တိုက်တွန်းပြောကြားခဲ့ပြီး ဖြစ်ပါသည်။ ဗကသများအဖွဲ့ချုပ်အနေဖြင့် မိမိတို့တစ်ဖွဲ့တည်းသော်လည်းကောင်း၊ ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက် (NNER) ၏ အခြားအဖွဲ့ဝင်များဖြင့်လက်တွဲ၍သော်လည်းကောင်း ယင်းဥပဒေ(မူကြမ်း)ကို ထုတ်ဖော်ကန့်ကွက်ခဲ့ပြီး ဖြစ်သည်။

ထိုသို့ဝေဖန်ကန့်ကွက်နေသည့်ကြားမှ အငြင်းပွားဖွယ်ရာဖြစ်နေသည့် အမျိုးသားပညာရေးဥပဒေကြမ်းကို ၃၁.၇.၂ဝ၁၄ တွင် ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုလိုက်ပြီဖြစ်ကြောင်း သိရှိရပါသည်။ ကျောင်းသားပြည်သူတို့၏လွတ်လပ်ခွင့်နှင့်အကျိုးစီးပွားကို မျက်ကွယ်ပြု၍ တဖက်သတ်ရေးဆွဲပြဌာန်းထားသော အမျိုးသားပညာရေးဥပဒေကို အတည်ပြုလိုက်ခြင်းကား ကျွန်ုပ်တို့အပါအဝင် တစ်တိုင်းပြည်လုံးရှိကျောင်းသားထုကို မထီမဲ့မြင်လုပ်လိုက်သည့် လုပ်ရပ်ဖြစ်ကြောင်း အတိအလင်းပြောကြားလိုပါသည်။

အမျိုးသားပညာရေးဥပဒေတွင် ကျောင်းသားထုအခွင့်အရေးကို ကာကွယ်မြှင့်တင်နိုင်ရန် မရှိမဖြစ်လိုအပ်သည့် ကျောင်းသားသမဂ္ဂများ လွတ်လပ်စွာဖွဲ့စည်းခွင့်ကို အတိအလင်းထည့်သွင်းထားခြင်းမရှိသည့်အချက်က လုံးဝ ဒီမိုကရေစီမဆန်သောဥပဒေတစ်ရပ်ဖြစ်ကြောင်း သက်သေခံလျှက်ရှိပါသည်။ အနာဂတ်ခေါင်းဆောင်သစ်များမွေးထုတ်ပေးမည့် သမဂ္ဂ၏အခန်းကဏ္ဍကို ရည်ရွယ်ချက်ရှိရှိ ပယ်ဖျက်ထားသည့်လုပ်ရပ်ဟု ရှုမြင်သုံးသပ်ပါသည်။

“ကျောင်းများတွင် နိုင်ငံရေးနှင့်ဘာသာရေးဆိုင်ရာစွက်ဖက်မှုများမှ ကင်းလွတ်စေရေး”ဟု ထည့်သွင်းပြဌာန်းထားခြင်းသည်လည်း ကျောင်းသားထု၏ လွတ်လပ်စွာတွေးခေါ်ကြံဆခွင့်နှင့် လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်များကို ဆုံးရှုံးနေစေပါသည်။ အမှန်တကယ်အားဖြင့် မည်သည့်ကျောင်းသားမဆို လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်ရှိပြီး မိမိနှစ်သက်ရာ လူမှုရေး၊ ဘာသာရေး၊ နိုင်ငံရေးအသင်းအဖွဲ့များသို့ လွတ်လွတ်လပ်လပ် ပါဝင်ဆောင်ရွက်ခွင့်ရှိသည်ဟုပြဌာန်းမှသာ ဒီမိုကရေစီပညာရေးနှင့်နီးစပ်လိမ့်မည်ဖြစ်သည်။

“ဝန်ကြီးဌာန၊ သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် အဆင့်မြင့်ပညာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီတို့သည် သက်ဆိုင်ရာ အဆင့်မြင့်ပညာကျောင်းများကို ဤဥပဒေ၊ တည်ဆဲဥပဒေတို့နှင့်အညီ စီမံခန့်ခွဲရမည်။” ဆိုသော ပုဒ်မသည်လည်းကောင်း၊ “အခြေခံပညာအဆင့်ကျောင်းများ၏ စီမံခန့်ခွဲမှုနှင့်ကြီးကြပ်မှုတို့ကို ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဝန်ကြီးဌာနတို့က ဆောင်ရွက်ရမည်” ဆိုသော ပုဒ်မသည်လည်းကောင်း၊ “ဗဟိုဦးစီးချုပ်ကိုင်မှု အပြည့်အဝထားရှိရေး”ကို ဦးတည်စေသည့်ဥပဒေပုဒ်မများဖြစ်နေသည့်အတွက် ကျွန်ုပ်တို့ ဗကသများအဖွဲ့ချုပ်မှ ဆရာ/ဆရာမများ၏လုပ်ပိုင်ခွင့်ကို အကြီးအကျယ်ကန့်သတ်ထားသောပြဌာန်းချက်များဖြစ်သည်ဟု ထောက်ပြဝေဖန်ပြီး ကန့်ကွက်ရှံ့ချလိုက်ရပါသည်။

ဗကသများအဖွဲ့ချုပ်အနေဖြင့် “အမျိုးသားပညာရေးကော်မရှင်”ဖွဲ့စည်းမှုကိုလည်းကောင်း ၊ ယင်းကော်မရှင်၏ လုပ်ပိုင်ခွင့်များဖြစ်သည့် အမိန့်၊ အမိန့်ကြေညာစာ၊ ညွှန်ကြားချက်၊ စည်းမျဉ်းစည်းကမ်းများထုတ်ပြန်ပိုင်ခွင့်ကိုလည်းကောင်း လုံးဝလက်မခံနိုင်ကြောင်း အတိအလင်း ထုတ်ဖော်ကန့်ကွက်လိုက်ရပါသည်။ အမျိုးသားပညာရေးဥပဒေတစ်ရပ်လုံးကို ခြုံငုံသုံးသပ်လိုက်သည့်အခါ ဒီမိုကရက်တစ်မဆန်သောအယူအဆများ၊ လုပ်ထုံးလုပ်နည်းများသာ လွှမ်းမိုးနေသည်ကိုတွေ့ရပြီး ကျောင်းသားထုအခွင့်အရေးနှင့် ဒီမိုကရေစီပညာရေးကို လုံးဝအာမခံ မထားသည့်အတွက် ကျွန်ုပ်တို့ဗကသများအဖွဲ့ချုပ်နှင့် အဖွဲ့ဝင်ကျောင်းသားသမဂ္ဂရဲဘော်အပေါင်းသာမက လက်တွဲဖော် ကျောင်းသားကျောင်းသူ ညီအစ်ကိုမောင်နှမများအားလုံး မိမိတို့ ဘုံအကျိုးစီးပွားအတွက် ကျောချင်းကပ်၍ ခိုင်မာပြတ်သားစွာ တောင်းဆိုလှုပ်ရှားပြီး ယင်းဥပဒေကိုဖျက်သိမ်းသွားရန် အချိန်တန်ပြီဖြစ်ကြောင်း တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။
ဗဟိုလုပ်ငန်းကော်မတီ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်။

0 comments:

Post a Comment