စစ်ပူကြီးအေးတော့
စစ်အေးကြီးပူလာ၏။ စစ်တွင် ပူပူအေးအေး စစ်အတွေးအခေါ်ရှိရစမြဲ။ အတွေးအခေါ်ဆိုသည့်အတိုင်း
ကောင်းမွေ ဆိုးမွေလည်း ကပ်လျှက်ပါရိုးရှိ၏။ ယခုပြောမည့် Air Defense
Identification Zone- ADIZ ဆိုသည့်“လေကြောင်းရန်ကာ စိစစ်ဇုန်” ကိစ္စသည်လည်း စစ်အေး အတွေးအခေါ်တွေထဲက
အမွေတစ်ခုဖြစ်၏။ ကျနော်က “အမွေ”ဆိုသည်ထက် “အမွှေ”ဟုဆိုမှ မှန်မလား တွေးနေ၏။
ADIZ
အကြောင်း
ဒုတိယကမ္ဘာစစ်တွင်
ပုလဲဆိပ်ကမ်းအလစ်တိုက်ခံရခြင်းသင်္ခန်းစာမှ နောက်နောင် ဒီလိုမခံရအောင်ဆိုပြီး အမေရိကန်ဘက်က
ကြိုတင် ပြင်ဆင်မှုများလုပ်သည့်အခါ ADIZ လည်း ထိပ်ဆုံးကပါ၏။ နိုင်ငံတိုင်းတွင် အတိအကျသတ်မှတ်ထားသည့်
ဝေဟင်ပိုင်နက်များရှိ၏။ ထိုပိုင်နက်များအတွင်း ခွင့်မတိုင်အသိမပေးဝင်လာသည့်လေယဉ်အား
သက်ဆိုင်ရာနိုင်ငံ၏ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်မှုများရှိ၏။ ဤသည်မှာ အချုပ်အခြာအာဏာပိုင်မှုအား
ထင်ဟပ်ခြင်းဖြစ်သည်။ ADIZ မှာမူ မိမိလေကြောင်းနယ် Territorial Airspace (သို့)
National Territory ထက်ကျော်လွန်ပြီး
အချုပ်အခြာဏာပိုင်စိုးမှုကိုကျင့်သုံးရန် တာစူခြင်းဟုဆိုရမည်မှတ်၏။ ထိုနယ်ပယ်ကို မိမိဝေဟင်ပိုင်နက်အလွန်
မိုင်ပေါင်း(၃ဝဝ)အထိ သတ်မှတ်နိုင်သည်ဟုဆို၏။
ထို
သတ်မှတ်ဇုန်နယ်အတွင်းသို့ အကြောင်းမကြား ခွင့်ပြုချက်မပါဝင်လာသည့်လေယဉ်အား ရန်သတ္တုပြုနိုင်ခြေ
ရှိ/မရှိစိစစ်ပြီး၊ မရှိပါက အသာကြည့်ရုံကြည့်နေခြင်း၊ အသိပေးခြင်း၊ သတိပေးခြင်း၊ လိုအပ်ပါက
ဂျက်လေယဉ်များနှင့်တက်ပြီး ထိုနယ့်အပြင် ရောက်သည်အထိ စောင့်ကြပ်ခြင်းများလုပ်ကြ၏။ အကယ်၍
ရန်ပြုနိုင်ခြေရှိပါက နိုင်ငံ့ဝေဟင်ပိုင်နက်မရောက်မီ လက်ဦးမှုယူတိုက်ခိုက်ရန် ရည်ရွယ်ရင်း
ဖြစ်၏။ မတိုက်ခိုက်ခင်အထိ အဆင့်ပေါင်းများစွာတော့ရှိသည်။ တော်ရုံ့တန်ရုံ မလုပ်။ ထိုနယ်ကို
ဖြတ်ပျံမည့်လေယဉ်တိုင်း၊ လေကြောင်းလိုင်းတိုင်း ကလည်း သက်ဆိုင်ရာနိုင်ငံကို ကြိုတင်အကြောင်းကြားထားရ၏။
ကမ္ဘာပေါ်တွင်
အမေရိကန်အပါအဝင် ADIZ ထားသည့်နိုင်ငံနှင့်ဒေသပေါင်း ၂ဝ ခန့်ရှိနေ၏။ အမေရိကန်ပြည်ထောင်စုက
(၁၉၅ဝ)တွင် ဦးဆုံး စ တီထွင်သတ်မှတ်ပြီး ဂျပန်ကအလယ် နောက်ဆုံးကြေညာသည်က တရုတ်။ အမေရိကန်ကြေညာစဉ်က
ဘာသံမှမထွက်၊ တချို့ သိပင် မသိလိုက်။ (၁၉၆၉)တွင် ဂျပန်ကအလားတူကြေညာတော့ တရုပ်ကန့်ကွက်သဖြင့် အသံ စီကနဲတချက်ထွက်လိုက်သေး၏။ နောက် ပျောက် သွား၏။
တခါ ဂျပန်က (၁၉၇၁)တွင်တကြိမ်၊ (၂ဝ၁၂)တွင် နောက်တကြိမ် ပြင်ဆင်တိုးချဲ့သတ်မှတ်ပြန်သည်။
ထိုသို့ သတ်မှတ်ရင်း သူ့ ADIZ မှာ တရုတ်ပြည်မကြီးနှင့် မိုင်(၁ဝဝ)အကွာနားထိရောက်လာ၏။
ဤတွင် တရုတ်ကလည်း သူ့ ADIZ ကို မြေပုံများဇယားများဖြင့်(၂ဝ၁၃ ခု နိုဝင်ဘာ ၂၃ ရက်)၌ ကြေညာတော့၏။ သည်တော့ ပူညံပူညံတွေဖြစ်ကုန်၏။ အထူးသဖြင့်
အမေရိကန်၊ ဂျပန်နှင့် တောင်ကိုးရီယားတို့ဘက်မှ အသံ ပိုစွာ၏။ အကြောင်းက ထို(၃)နိုင်ငံကြေညာထားပြီးသားဇုန်နယ်များက
တရုတ်ပြောသည့်အထဲပါသွား၏။ အလွယ်ပြောရလျှင် နယ်တွေ တနယ့်တနယ် ထပ်ကုန်၏။ ဂျပန်-အမေရိကန်စစ်ရေးပူးတွဲလေ့ကျင့်ဇုန်နှင့်လည်း
သွားထပ်နေ၏။ ဂျပန်က သူပိုင်သည်ဟုဆိုကာ သူ့နယ်ထဲ ထည့်ကြေညာထားသည့် ဂျပန်အခေါ်ဆာကူးယားကျွန်း၊
တရုတ်အခေါ် တိုက်ယုကျွန်း (Diaoyu Islands)က တရုတ်ကြေညာလိုက်သည့် ADIZ ထဲ ပါသွား၏။ ဤတွင်
ထိုကျွန်းက ပြဿနာ၏အဓိကနေရာမှ ပါလာ၏။ ဘာ့ကြောင့် ထိုသို့ ပါလာရသနည်း၊ ဖြစ်ရသနည်း။ ဘာ့ကြောင့်
လေကြောင်းရန်ကာစိစစ်ဇုန်နဲ့ ကျွန်းကိစ္စသွားငြိနေရသနည်း။ နောက်ကြောင်းပြန်မှ ရှင်းမည်ထင်၏။
ဒုတိယကမ္ဘာစစ်အတွင်း(၁၉၄၃)ခု
အီဂျစ်နိုင်ငံကိုင်ရိုမြို့တွင် အမေရိကန်သမ္မတရုစဘဲ့လ်၊ အင်္ဂလန်ဝန်ကြီးချုပ် ချာ့ချဲလ်၊
တရုပ်သမ္မတ ချန်ကေရှိတ်တို့ဆုံပြီး သဘောတူကြေညာချက်တစောင်ထုတ်ပြန်ခဲ့၏(*)။ ထိုကြေညာချက်ကို
ကိုင်ရိုကြေညာချက်အဖြစ်လူသိများ၏။ အဆိုပါ ကြေညာချက်တွင် (ဂျပန်အနေဖြင့် ၁၉၁၄ ပထမကမ္ဘာစစ်ကတည်းကစပြီး
တရုတ်ထံမှသိမ်းပိုက်ထားသည့် ပစိဖိတ်သမုဒ္ဒရာတွင်းရှိ ကျွန်းအားလုံးမှဖယ်ရှားပြီး မန်ချူးရီးယား၊
ထိုင်ဝမ်(ဖော်မိုဆာ)နှင့်ပင်န်ကူး(Pescadores)ကဲ့သို့သော တရုတ်ထံမှခိုးယူထားသည့်နယ်မြေ
အားလုံးကို တရုတ်ထံပြန်ပေးရမည်)ဟု အတိအလင်းဆိုထား၏။ စစ်ကြီးအပြီး ပို့စဒမ်ကြေညာချက်ဖြင့်
ဂျပန်တို့ခြွင်းချက်မရှိ လက်နက် ချသည့်အခါ တရုတ်နှင့်ပတ်သက်၍ နယ်မြေကိစ္စ၌ ကိုင်ရိုကြေညာချက်အတိုင်း
တည်ရပါစေမည်ဟုဆို၏ (**)။ ယခု သူပိုင်ကိုယ်ပိုင် အငြင်းပွားနေသည့် Diaoyu
Island ခေါ်
ဆာကူးယားကျွန်းမှာ(ကိုင်ရိုကြေညာချက်အရ)ပြန်ပေးပါမည်ဆိုသည့် ပင်န်ကူး Pescadores
ကျွန်းဆွယ်ထဲပါနေ၏။
ယခုမူ ဂျပန်တို့ဘက်မှ “ကိုင်ရိုအစည်းအဝေးလည်း တို့မတက်၊ ကိုင်ရိုကြေညာချက် လက်မှတ်ထိုးတဲ့အထဲလည်း
တို့မပါ၊ ဒါ့ကြောင့် ပြန်မပေးနိုင်” ဟုဆိုတော့ တရုတ်ဘက်က “လက်နက်ချစာချုပ် ချုပ်တုန်းကတော့
ကိုင်ရိုကြေညာချက်အတိုင်း တည်ရပါစေမယ်လို့ မင်းတို့ လက်မှတ်ထိုးခဲ့သမို့လား”ဆိုကာ ကိုင်ရိုကြေညာချက်ကိုကိုင်၍
“ဒီကျွန်း ငါတို့အပိုင်”လုပ်၏။
နောက်တချက်က
၁၉၅၁ တွင် ဂျပန်အမေရိကန်(၂)နိုင်ငံပူးတွဲချုပ်ဆိုခဲ့သည့်ဆန်ဖရန်စစ္စကိုငြိမ်းချမ်းရေးစာချုပ်(**)။
ထိုစာချုပ်က စစ်အေးတိုက်ပွဲအတွင်း အမေရိကန်-ဂျပန် အဆက်အစပ်၏ အစဖြစ်၏။ အဆိုပါ စာချုပ်
ချုပ်သည့် အစည်းအဝေးကို ထိုစဉ်က အာဏာရ တရုတ်ကွန်မြူနစ်အစိုးရအား မဖိတ်ခဲ့။ ယင်းစာချုပ်တွင်
ဂျပန်သိမ်း-တရုတ်ပိုင်ကျွန်းများအား ဂျပန့်ဒေသန္တရအုပ်ချုပ်ရေးထဲ ထည့်ပေးခဲ့၏။ ဂျပန့်လက်ထဲထည့်ပေးသည်ဆိုငြားလည်း
လက်တွေ့တွင် အမေရိကန်ကကိုင်ထားပြီး လေကြောင်းရန်ကာ စိစစ်ရေးဇုန်များပါသတ်မှတ်ခဲ့၏။
တရုတ်က ထိုလုပ်ရပ်ကို အပြင်းအထန်ကန့်ကွက်ခဲ့သော်လည်း အရာမထင်ခဲ့။ တခါ ၁၉၆၉ တွင် အမေရိကန်က
သူ့ထိန်းချုပ်နယ်မြေများအား ဂျပန့်လက် ပြန်အပ်သည့်အခါ Diaoyu ကျွန်းအား အိုကီနာဝါခရိုင်အုပ်ချုပ်ရေးဒေသထဲ
သွတ်သွင်းပေးခဲ့ခြင်းကလည်း ပြဿနာရင်းမြစ် များထဲက
တခုဖြစ်နေ၏။ ၅၁ ခု ဆန်ဖရန်စစ္စကိုငြိမ်းချမ်းရေးစာချုပ်သည် တရုတ်-ဂျပန်နယ်မြေကိစ္စနှင့်စပ်၍
၁၉၄၃ ကိုင်ရိုကြေညာချက်အား ချောင်ထိုးလိုက်သည့်သဘောပင်။ ဂျပန်ကလည်း ၅၁ ဆန်ဖရန်ငြိမ်းချမ်းရေးစာချုပ်ကိုင်ကာ
“ဒီကျွန်း မင်းတို့နဲ့မဆိုင်၊ ကျွန်းကိစ္စ ဘာမှ ဆွေးနွေးနေစရာ မလို၊ တို့ အလိုလို ပိုင်ပြီးသား”လုပ်၏။
တဖြည်းဖြည်းနှင့်
ဓါးကြိမ်း ကြိမ်းမတတ်ရှိတော့မှ အမေရိကန်ဝင်ပြီး တရုတ်-ဂျပန် “၂ ဘက်စလုံးကို ပြန်မဖေါက်ကြပါနဲ့၊ နဂိုနေအတိုင်း
ဆက်သွားနေစေချင်သည်” ဆိုသည့်စကားပြောလာ၏။ သူပြောသည့် နဂိုနေမှာ ၁၉၇၆ ခုနှစ်တွင် ပြန်လည်စတင်ခဲ့သည့်
တရုတ်-ဂျပန် ပုံမှန်ဆက်ဆံရေးမူကို ဆိုလို၏။ ထိုမူတွင် “နယ်မြေအငြင်းပွားမှုများကို နောင်တွင်
ဖြေရှင်းရန်ချန်ထားပြီး လောလောဆယ် ၂ နိုင်ငံအကျိုးတူ လုပ်ငန်းများကိုလုပ်ဆောင်ရန်”ဆိုသည့်
သဘောထားပါ၏။ ထိုသို့ဆိုသည့်ကြားမှ ၂ဝ၁၂ နှစ်ဆန်းတွင် ဂျပန်ဘက်မှ Diaoyu
ကျွန်းကို “တို့ပိုင်သမို့
တို့ပြည်သူ ယူတယ်”ဟု ကြေညာ၏။ ဤတွင် တရုတ်အမျက် ခြောင်းခြောင်းထွက်၏။
“အမေရိကန်တွေနေစေချင်တဲ့
နဂိုနေကို စဖေါက်တာ တို့မဟုတ်၊ ဂျပန်”ဟု တုန့်ပြန်တော့ အန်ကယ်လ်ဆမ်
အာစေးမိ၏။ ထို့နောက်
မိမိတို့ယခုလိုကြေညာရသည်မှာ နိုင်ငံတကာ ဥပဒေနှင့်ညီကြောင်း၊ မည်သူ့ကိုမှ
ဦးတည်ရန်လိုခြင်းမဟုတ်ကြောင်း၊
မိမိနိုင်ငံလုံခြုံရေးအတွက် ဖြစ်ကြောင်း၊ နိုင်ငံတကာလေကြောင်း
သွားလာမှုတွေကိုလည်း ထိခိုက်မှမဟုတ်ကြောင်း၊
တခြားနိုင်ငံပေါင်း (၂ဝ)လောက်လည်း အလားတူကြေညာပြီးသာရှိကြောင်း၊
အမေရိကန်ဆိုလျှင်
သူ့နိုင်ငံပင်မကုန်းမြေကြီးနှင့်မိုင်ပေါင်းများစွာဝေးသည့်
စစ်စခန်းများတည်ရှိရာ ဂူအမ်ကျွန်းမှာပင် ကြေညာထားကြောင်း စသည်ဖြင့်
သမိုင်းဆိုင်ရာအထောက်အထား
အကိုးအကားများနှင့် ရွာလည်ပြီးရှင်း၏။
ပြသဒ်မီးမလောင်သေးသော်လည်း
အမှိုက်ကစခြင်းမဟုတ်။ ဒါအကြောင်းပြုပြီး ကမ္ဘာ့စီးပွားကြီး(၃)နိုင်ငံ ငြိကြတော့မလားကလည်း
ပူစရာ။ သို့သော် ဤပြဿနာ၏ဇာတ်ကောင်များဖြစ်သည့် အမေရိကန်-တရုတ်-ဂျပန်တို့ကိုအခြားတဘက်မှလည်း
တွေးလို့ရသေး၏။ ထိုသို့တွေးလျှင် သက်ပြင်းလည်း ကြ၏။ ရင်ခံစရာလည်း နည်း၏။ ဘာကိုမှ ဧကန်သဘောမကြည့်ပဲ
အနေကန်သဘောမြင်ခြင်းလည်းဆန်၏။ ဤ အခြား တဘက်မှာ အခြားမဟုတ်၊ ထို(၃)နိုင်ငံအား စီးပွားရေးအထိုင်မှကြည့်ခြင်းပင်။
စီးပွားရေး ကြီး(၃)ကြီး ခုလို စောင်နေရာက တုတ်ဆွဲဓါးဆွဲ ဖြစ်လာလျှင် ရန်ပွဲထဲ တကမ္ဘာလုံးအပါခေါ်သွားမည်မှန်း
လူတိုင်းတွေးသလို သူတို့လည်း တွက်မိကြပြီးသားဖြစ်မည်။ နောက်တချက်က အမေရိကန့်မဟာမိတ်
ဥရောပနိုင်ငံများ။ အမေရိကန်နလန်ပြန်ထူမှ ဥရောပသားတို့ အသက်ရှူပြန်ချောင်မည်မှန်း၊ နာလန်ထူဖို့
အာရှပစိဖိတ် ဒေသ၏ နိုင်ငံရေး၊ စီးပွားရေးတည်ငြိမ်မှုမည်မျှအရေးပါမှန်း ဥရောပသားတို့လည်း
ကောင်းကောင်းနောကြေ၏။ ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းစွပ်မိမည့်အရေးမလုပ်မိရန် အချင်းချင်းဖြောင့်ဖျရင်း
အမေရိကန်ကို ဖျန်ဖြေသူလောက်ပဲဖြစ်စေချင်မည်ထင်၏။
ထို့ကြောင့်လား
မပြောတတ် ဂျိုးဘိုင်ဒင်န်၏ အာရှ(၃)နိုင်ငံခရီးစဉ်တွင် တရုတ် ADIZ ပြန်ရုပ်သိမ်းပေးရန်
ဂျပန်-အမေရိကန်ပူးတွဲကြေညာ ချက်ထုတ်ရန်ဂျပန့်ကြိုးပမ်းချက်ကို အမေရိကန်ဘက်က အသာခေါက်ပြီး
“စိတ်ပူစရာပဲ။ တရုတ်ပြည်ရောက်ရင် အပြတ်မေးပြမယ်”ဟု နှစ်သိမ့်မောင်းတင်ပြသွား၏။ တခါ
တရုတ်ရောက်တော့ “တရုပ်သမ္မတကို ဒီကိစ္စနဲ့ပတ်သက်လို့ အပြတ်ပြောလိုက်ပြီ”ဟုဆိုပြီး အမေရိကန်
လေကြောင်းကုမ္ပဏီများအား“တရုတ်ရဲ့တောင်းဆိုချက်ကို လိုက်နာပါ”ဟုဆို၏။ တရုတ်ကလည်း “ငါ့
သတ်မှတ်ချက်ကို တဘက်လှည့်နဲ့ လက်ခံတာ”ဟုဆိုကာ ကြိတ်ကျေနပ်နေ၏။ ယာယီငြိမ်းနေ၏ ငြိမ်လည်းနေ၏။
သို့သော်ကိစ္စကား မပြီးသေး။ ထိုစီးပွားရေး ကြီး(၃)ကြီး အနေဖြင့် ကမ္ဘာ့စီးပွားရေးနှင့်
ဒေသကြီးတခုလုံးတည်ငြိမ်ရေးဇောင်းပေးပြီး ညှိညှိနှိုင်းနှိုင်းလုပ်ကြပါမူ နတ်လူ သာဓုခေါ်စရာဖြစ်လိမ့်မည်။
ပြဿနာတို့ကား
မပြီးသေး။
ကိစ္စတွေလည်း
ရှိသေး၏။
မျိုးမြင့်ချို
(၂ဝ၁၄ စက်တင်ဘာ)
(*)
http://www.chinausfocus.com/foreign-policy/cairo-treaty-chinas-moral-claim-to-the-diaoyu-islands/
(***) https://digital.law.washington.edu/dspace-law/bitstream/handle/1773.1/748/11PacRimLPolyJ063.pdf?sequence=1
0 comments:
Post a Comment