Wednesday, September 10, 2014

တကယ်ပြောင်းလဲနိုင်မယ့်လမ်း - ညွန်ပြ - ဦးဆောင်ပါ (တူမောင်ညို)

0 comments
လွတ်လပ်ရေးရပြီးစကတည်းက ဗမာပြည်မှာ ပြည်တွင်းစစ်ကြီးဖြစ်ခဲ့တာ ဒီကနေ့အထိ ပြည်တွင်းစစ်ကြီးဖြစ်နေဆဲပါ။ ပြည်တွင်းစစ်ဆိုတာ ဒီမိုကရေစီအရေး၊ တန်းတူရေးနဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိရေးပြဿနာပဲဖြစ်ပါတယ်။ ဒီပြဿနာကို ဒီနေ့ထိ မဖြေရှင်းနိုင်သေးပါဘူး။ ဒီအခြေခံပြဿနာကြီး မပြေလည်သေးသမျှ ဗမာပြည်ပြောင်းလဲနေပြီလို့ပြောနေတာဟာ လိမ်ညာပြောဆိုတာမဟုတ်ရင်၊ လှည့်ဖျားပြောဆိုတာပဲ ဖြစ်ပါလိမ့်မယ်။
ဒီလိုမှမဟုတ်သေးဘူးဆိုရင်လည်း တစုံတခုသောအကျိုးစီးပွားအတွက်မြော်မြင်ပြီး(အဂတိ တမျိုးမျိုးနဲ့)ကြံရွယ်ပြောဆိုနေတာပဲ ဖြစ်ပါလိမ့်မယ်။
တကယ်တော့ ဗမာပြည်မှာ လွတ်လပ်ရေးရစကနေ ကနေ့အထိ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး၊ ဖွံ့ဖြိုးရေးအတွက်ဦးတည်တဲ့ တိုးတက် ပြောင်းလဲမှုဆိုတာ တစ်ခါဆို တစ်ခါမှမရှိခဲ့ပါဘူး။ အုပ်စိုးသူအစိုးရတွေသာ တစ်သုတ်ပြီးတစ်သုတ် ပြောင်းလဲသွားခြင်းသာရှိခဲ့၊ ဖြစ်ခဲ့ပါတယ်။
လက်ရှိပြောဆိုနေကြတဲ့ “အပြောင်းအလဲ”ဆိုတာကလည်း တကယ်တော့ စစ်ဗိုလ်တွေ အရပ်ဝတ်လဲတဲ့အပြောင်းအလဲ၊ စစ်အုပ်စုကို “၂၀၀၈ အခြေခံဥပဒေ၊ ရွေးကောက်ပွဲ၊ လွှတ်တော်” စတဲ့ အဖုံးအကာတွေနဲ့ ကိုယ်ရောင်ဖျောက်ပေးတဲ့၊ အလှခြယ်ပေးတဲ့အပြောင်းအလဲကလွဲပြီး ဘာအပြောင်းအလဲမရှိခဲ့ပါဘူး။
အမေရိကန်၊ အီးယူ၊ ဂျပန် နဲ့ အိမ်နီးချင်းတရုတ်ပြည်တို့က “ဗမာပြည်ပြောင်းလဲနေပြီ၊ (ဗိုလ်) ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရက အပြောင်းအလဲ တကယ်လိုလားတယ်” စသဖြင့် ဘာဘာ၊ညာညာ ပြောဆိုနေကြတာကလည်း သူတို့အကျိုးစီးပွားနဲ့အညီ၊ နိုင်ငံတကာဆက်ဆံရေး အနေအထားတစ်ခုအရ ပြောဆိုနေကြတဲ့သဘောပါ။ ဒီအပေါ်မှာ မျှော်လင့်ချက်ကြီးပြီး အတွက်အချက်မှားကြရင်တော့ ဗမာပြည်ရဲ့ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းစပျောက်နေကြဦးမှာဘဲဖြစ်ပါတယ်။
ဒါကြောင့် ဘာမှမပြောင်းလဲပါဘူး။ စစ်အုပ်စုဟာ စစ်အုပ်စုပါပဲ။ စစ်အာဏာရှင်စနစ်က စစ်အာဏာရှင်စနစ်ပါပဲ။ ဗိုလ်နေမြဲကျားနေမြဲမို့ ရှေ့တက်ဖို့လည်းမရှိသလို၊ နောက်ပြန်ဆုတ်စရာလည်း အကြောင်းလည်းမမြင်မိပါဘူး။

-“ကျမတို့နိုင်ငံရဲ့ တကယ့်ပကတိအခြေအနေ၊ ဒီနိုင်ငံဟာ တကယ်ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ ရောက်နေသေးတာမဟုတ်ဘူးဆိုတာကို ထင်ရှားအောင်လို့၊ သိသာအောင်လို့၊ ကျမတို့ စာပေအနုပညာရှင်တွေကလည်း ဝိုင်းပြီးတော့ကူညီကြဖို့လိုပါတယ်”။
-“ပုံနှိပ်ထုတ်ဝေခွင့်ဥပဒေမှာ ကျွန်မတို့ရဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေပြီးတော့ လုပ်သင့်သလောက်မလုပ်သွားဘူးဆိုတာ ဒါလည်း ဝန်ခံပါတယ်” တဲ့။
သြဂုတ်လ ၂၅ ရက်နေ့က စာပေအနုပညာရှင်များနဲ့ ဒီချုပ်ပါတီဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံပွဲမှာ ဒီချုပ်ပါတီဥက္ကဋ္ဌက “အကူအညီတောင်းခံခြင်းတစ်ဝက်၊ ဝန်ခံခြင်းတစ်ဝက်”ပါတဲ့ အထက်ပါစကားတွေကို ပြောသွားပါတယ်။

“၂၀၀၈ အခြေခံဥပဒေ၊ ရွေးကောက်ပွဲတွေ၊ လွှတ်တော်တွေ” အထင်အရှားတည်ရှိနေပါတယ်။ ဒါပေယ့် ဒီအခြေအနေကို ကိုယ်တိုင် ကလည်း ရွေးချယ်ခံပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၊ ပြည်သူအများက လေးစားချစ်ခင်ယုံကြည်တဲ့ခေါင်းဆောင်တစ်ဦးက “တကယ် ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ ရောက်နေသေးတာမဟုတ်ဘူး”ဆိုတဲ့ အကဲဖြတ်ချက်ကို “အရှိကို အရှိအတိုင်း” ပွင့်ပွင့်လင်းလင်း ပြောသွားတာဖြစ်လို့ အလေးထား မှတ်သားထားစရာကောင်းပါတယ်။
ဒါပေမယ့် ဒီချုပ်ပါတီဥက္ကဋ္ဌဟာ စကားကိုတစ်ဝက်ပဲပြောသွားတယ်လို့ ကျနော်ထင်မြင်ယူဆနေမိပါတယ်။
တကယ် ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်အောင် ဘယ်လိုအခြေခံတွေလိုတယ်၊ ဘယ်လိုပုံစံ၊ ဘယ်လိုနည်းလမ်းတွေနဲ့ လျှောက်လှမ်း ကြမှသာ တိုင်းပြည်နဲ့လူထု သက်သာကောင်းမွန်မယ်၊ ဒီလိုအခြေခံတွေမရှိဘဲ။ လက်ရှိပုံစံနည်းလမ်းတွေနဲ့ ဆက်လက်လုပ်ကိုင်နေမယ်ဆိုရင် တိုင်းပြည်နဲ့လူထုအတွက် ဘယ်လိုဆိုးကျိုးတွေ ကြာရှည်သက်ရောက်နေစေလိမ့်မယ်။ ဒါကြောင့်တိုင်းပြည်နဲ့လူထုအကျိုးကိုဦးတည်တဲ့ ဟောဒီလမ်းကြောင်းကို တိုင်းပြည်နဲ့လူထုက ကျွန်မတို့ပါတီနဲ့အတူ ဦးထမ်းပဲ့ထမ်း၊ ညီညီညွတ်ညွတ်၊ တည့်တည့်မတ်မတ်လျှောက်လှမ်း ကြပါဆိုတဲ့ ဦးဆောင်မှုပေးတဲ့၊ လမ်းပြတဲ့စကား (ပညာရှိ သတိဖြစ်ခဲဆိုတာလို) တစ်ဝက်ကျန်နေခဲ့တယ်လို့ ယူဆမိပါတယ်။

ဦးထွန်းမြင့်(တောင်ကြီး) က (a leader must lead) “ခေါင်းဆောင်ဟာ ခေါင်းဆောင်ရမယ်”ဆိုတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့စကားတစ်ခွန်းကို ဒေါ်အောင်ဆန်းစုကြည်ထံပေးတဲ့ စာတစ်စောင်မှာ ထည့်သွင်းရေးသားဖူးပါတယ်။
လူထုခေါင်းဆောင်၊ ဒီမိုကရေစီခေါင်းဆောင်နေရာ ရောက်ရှိနေသူဟာ တိုင်းပြည်နဲ့လူထုကို ခေါင်းဆောင်ရမှာပါ။ ဒီမိုကရေစီလမ်းကြောင်း /ပြည်တွင်းငြိမ်းချမ်းရေးလမ်းကြောင်း/ အမျိုးသားသွေးစည်းညီညွတ်ရေးလမ်းကြောင်း/ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကို ပြတ်ပြတ်သားသား ဦးဆောင်ညွန်ပြရမှာပါ။ စာပေအနုပညာရှင်များအပါဝင် အခြားသောပညာရပ်နယ်ပယ်အသီးသီးက ကျွမ်းကျင်သူ ပညာရှင်များရဲ့သဘောထားအမြင်တွေ၊ အကူအညီတွေကိုတောင်းခံတာ၊ စုစည်းတာကတော့ သီးခြားကိစ္စရပ်တပိုင်းပေါ့။
တိုင်းသူပြည်သားတွေ၊ နိုင်ငံသူနိုင်ငံသားတွေမှာ တာဝန်ရှိသလိုပါပဲ။ နိုင်ငံရေးခေါင်းဆောင်တွေ၊ နိုင်ငံရေးခေါင်းဆောင်အနေအထား ရောက်ရှိနေသူတွေမှာလည်း တိကျရှင်းလင်းပြီး ပြတ်သားတဲ့ဦးဆောင်မှုပေးဖို့ ပိုပြီးတာဝန်ရှိပါတယ်။ သင်္ဘောဆိုတာ မုန်တိုင်းထန်တဲ့ သမုဒ္ဒရာခရီးကြမ်းကြီးတွေကို ဖြတ်သန်းတဲ့အခါမှာ မာလိန်မှူးကောင်းလိုတယ်။ တက်ကြွရဲရင့်တဲ့ လှေလှော်သား/လှေထိုးသားတွေလည်း လိုအပ်ပါတယ်။ လှေလှော်သား/လှေထိုးသားတွေချည်းပဲ လှော်နေ/ထိုးနေလို့ ရည်မှန်းချက်ခရီးကို ဖြောင့်ဖြောင့်တန်းတန်း ဘယ်လို ရောက်ရှိ နိုင်မှာလဲ။ မာလိန်မှူးရဲ့ မှန်ကန်တဲ့လမ်းကြောင်းရွေးချယ်ဆုံးဖြတ်မှုနဲ့ ပြတ်သားတဲ့ညွန်ပြမှုလိုအပ်ပါတယ်။

“သူတည်းတစ်ယောက်ကောင်းဖို့ရောက်မူ သူတစ်ယောက်မှာ ပျက်လိမ့်ကာသာ ဓမ္မတာတည်း”ဆိုတာ သူနဲ့သူ့ဘုရင်သခင်အကြားက အဖြစ်ကို အနန္တသူရိက သူ့ခေတ်သူ့အမြင်၊ သူ့ခံစားချက်၊ သူ့အတ္တတစ်ခုတည်းကိုသာ ဗဟိုပြုပြီးရေးတာမို့ပါ။ ပဒေသရာဇ် မင်းခစား မှူးမတ်တစ်ဦးရဲ့ “ပဲ့ပြားပင်ပေါ်လစီ ကျင့်ခဲ့မိတဲ့ နောင်တသံဝေဂ”သာဖြစ်ပါတယ်။
အနန္တသူရိယလို မျက်ဖြေလင်္ကာတွေ ဒီကနေ့ခေတ်မှာလည်း ရေးသားဆက်သွင်းနေကြဆဲပါပဲ။ ခေတ်ချင်းမတူညီကြတော့လို့သာ အရေးအသားတွေကွာခြားသွားပေမယ့် အနှစ်သာရကတော့အတူတူပါပဲ။
ဗိုလ်အောင်ကြီးရဲ့ “စာတိုစာရှည်တွေ” ဟာ ဗိုလ်နေဝင်းထံဆက်သွင်းတဲ့ “အမျက်ဖြေလင်္ကာ”တွေပါပဲ။ ဗိုလ်ထွန်းကြည်ရဲ့“နှစ်(၅၀) ကျော်ကိုယ်တွေ့များ”ဆိုတဲ့ ပေရှည်ထားတဲ့စာအုပ်တွဲတွေဟာ ဗိုလ်သန်းရွှေစစ်အုပ်စုထံဆက်သွင်းတဲ့ ဗိုလ်ထွန်းကြည်ရဲ့ခေတ်သစ် မျက်ဖြေလင်္ကာတွေ၊ အသနားခံစာတွေဖြစ်ပါတယ်။ ဗိုလ်ထွန်းကြည်နာကျည်းချက်ထားသူဆိုလို့ “ဗိုလ်ခင်ညွန့်နဲ့ ထောက်လှမ်းရေးဂိုဏ်း”ပဲ ရှိတာပါ။ ပြည်သူ့အကျိုးစီးပွားဘက်ကရပ်တည်ပြီးဖြစ်ရတဲ့ ပဋိပက္ခမဟုတ်ပါဘူး။ စစ်အုပ်စုတွင်းက အာဏာစားခွက်လုတဲ့/ ဂိုဏ်းတိုက်ပွဲ /အုပ်စုတိုက်ပွဲသာဖြစ်ပါတယ်။ ဒါကြောင့် သေချာအောင် သူတို့အမြောက်တပ်ဆောင်ပုဒ် “once a gunner always a gunner”ကို ကိုးကားပြီး ဘယ်တော့မဆို “စစ်အုပ်စုရဲ့ထာဝရသစ္စာခံ/အရှင့်သစ္စာခံပါ” လို့ ရေးပါတယ်။ ပြောပါတယ်။ ဒီချုပ်ပါတီထဲ ရောက်သွားတဲ့ “တပ်မှူးကြီးဟောင်းများ”ကိုလည်း စစ်အုပ်စုကို မပြစ်မှားဖို့၊ သူ့လိုသစ္စာရှိကြဖို့ တရားပြ/ချထားပြီး၊ ၁၉၈၈ ခုနှစ်မှာ (မဆလ) ပါတီနဲ့အစိုးရ ပြုတ်ကျရတာဟာ “နွားကွဲလို့ ကျားကိုက်ခံရတာပါ”လို့ ဗိုလ်ထွန်းကြည်က ဝန်ခံထားပါတယ်။ (တတိယတွဲ၊ နှာ ၂၅၉ -၂၆၀)

တကယ်တော့ ဟစ်တလာ၊ တိုဂျို၊ ဗိုလ်နေဝင်း၊ ဗိုလ်သန်းရွှေတို့ တကိုယ်ချမ်းသာကိုယ်ဖို့ရှာတော့ ပြည်သူအပေါင်းဆင်းရဲကြောင်း ဖြစ်ခဲ့တာတွေကတော့ ရွံမုန်းနားကျည်းဖွယ်အတိပြီးတဲ့ ပကတိအမှန်တရားပါ။ ဗိုလ်နေဝင်း၊ ဗိုလ်သန်းရွှေတို့ စစ်အုပ်စုတစ်သိုက် ထားစရာမရှိအောင် ကြီးပွားချမ်းသာလာတာနဲ့အမျှ ကျနော်တို့တိုင်းပြည်ဟာ အဆင်းရဲဆုံးတိုင်းပြည်(LDC)ဘဝ၊ ပြည်သူတွေ ဖွတ်ကျော ပြာစု၊ ခရုဆံကျွတ်ဘဝကျရောက်သွားခဲ့ရတယ် မဟုတ်ပါလား။
သူတို့ဟာ အာဏာကြောင့် ကြွယ်ဝချမ်းသာလာခဲ့ကြပြီး၊ သူတို့ရဲ့သားစဉ်မြေးဆက်ကြွယ်ဝချမ်းသာမှုတည်တံ့ခိုင်မြဲမှုအတွက် အာဏာကို လက်မလွှတ်လိုကြပါဘူး။ သူတို့ဟာ သူတို့သိမ်းယူထားတဲ့အာဏာနဲ့ ပြည်သူလူထုကို ဖိနှိပ်သွေးစုပ်ပါတယ်။ ဒီလိုဖိနှိပ်သွေးစုပ်လို့သာ ချမ်းသာလာတာပါ။ ပြည်တွင်းစစ်ကြီးရှည်ကြာခဲ့ပြီး ပြည်သူတွေက ဆင်းရဲတွင်းနစ်သထက်နစ်ရကာ အုပ်စိုးသူစစ်အုပ်စုကတော့ မိုးထိအောင်ချမ်းသာကြွယ်ဝနေတာကို ဘယ်လိုသူတော်ကောင်းတွေက “မုဒိတာထားနေ/ပွားနေကြပါသလဲ”။
သူတို့ ကုသိုလ်ကံနဲ့ သူတို့၊ ပြုသူအသစ်၊ ဖြစ်သူအဟောင်းဆိုပြီး မုဒိတာပွားနိုင်ကြတယ်၊ မေတ္တာထားနိုင်ကြတယ်၊ ခွင့်လွှတ်သည်းခံ နိုင်ကြတယ်ဆိုရင် အဲဒီလိုလူတွေဟာ အနှစ်နှစ်အလလ နှဖူးတွေ့ဒူးတွေ့ ရင်ဆိုင်ကြုံတွေ့ခံစားနေကြရတဲ့ပြည်သူတွေရဲ့သောက၊
ဒုက္ခအဝဝကို ရက်ရက်စက်စက် လျစ်လျူရှူရက်နိုင်သူတွေပဲဖြစ်ပါလိမ့်မယ်။
ပြည်သူတွေဆင်းရဲမွဲတေနေကြရတာဟာ အုပ်စိုးသူအဆက်၊ စစ်အုပ်စုအဆက်ဆက်ရဲ့ပုံစံမျိုးစုံနဲ့ ဖိနှိပ်သွေးစုတ်မှုတွေကြောင့်ပါ။ ဒီလိုဖိနှိပ်သွေးစုတ်မှုတွေကို အကုန်အစင် တွန်းလှန်ပယ်ရှားနိုင်မှသာ ပြည်သူတွေဘဝတကယ်တန်း လွတ်မြောက်နိုင်မှာပါ။ တကယ့် အပြောင်းအလဲဟာ အဲဒီတော့မှပေါ်ထွက်နိုင်လာမှာပါ။ ပြည်သူတွေရဲ့ တကယ့်အပြောင်းအလဲအတွက် ဦးဆောင်လမ်းပြစေလိုပါတယ်။
လူမျိုးပေါင်းစုံပြည်သူတွေဟာ တီထွင်ဖန်တီးမှုရှိသော၊ ဒုက္ခနဲ့အခက်အခဲကို အလံမလှဲစတမ်းရင်ဆိုင်ဖြတ်ကျော်ဝံ့သော သူရဲကောင်း ပြည်သူတွေလည်းဖြစ်ပါတယ်။ ခေါင်းဆောင်တွေကတော့ တစ်ယောက်ပြီး တစ်ယောက်ပြောင်းသွားမှာပါ။ ပြည်သူတွေကတော့ အစဉ်ထာဝရတည်ရှိနေမှာပါ။ ပြည်သူတွေရဲ့သမိုင်းကို ပြည်သူတွေကပဲဖန်တီးကြရတာ မဟုတ်ပါလား။

တကယ်ပြောင်းလဲနိုင်မယ့်လမ်း - ညွန်ပြ - ဦးဆောင်ပါ (တူမောင်ညို)
(၂၀၁၄ ခုနှစ်၊ စက်တင်ဘာ ၁ ရက်)

0 comments:

Post a Comment