Tuesday, September 30, 2014

ဦးစံလင်းနဲ့ဗိုလ်အောင်မင်းတို့ ဘာကြောင့် အောင်မြင်တဲ့အကျိုးရလဒ် မရရှိခဲ့သလဲ(တူမောင်ညို)

0 comments
ဗိုလ်အောင်မင်းနဲ့ နောက်ပါ (MPC)တစ်သိုက်ရဲ့အဖြစ်က “ကြိုပွိုင့်”တွေ အချီကြီးပေးမိတဲ့ “လေပတ်ကား” ပဲပွဲစားတွေနဲ့ သွားတူနေပါတယ်။ “အချက်(၁ဝ၄)ချက်နဲ့စပြီး ညှိခဲ့ကြပြီး မူကြမ်းအချက်(၅)ချက်သာကျန်တော့တဲ့အတွက် ယခုတစ်ကြိမ်ဆွေးနွေးပွဲမှာ အပြီးသတ်လက်မှတ် ရေးထိုးနိုင်ကြလိမ့်မယ်”ဆိုတဲ့ စိတ်ကူးယဉ်မှုလေးဟာ လေထဲမှာကျေပျက်သွားပြီဖြစ်ပါတယ်။ ဦးစံလင်းတို့အုပ်စု “ဓမ္မစေတီ ခေါင်းလောင်း” ဆယ်မရသလိုပဲ။ ဗိုလ်အောင်မင်းတို့အုပ်စုလည်း “အပစ်အခတ်ရပ်စဲရေးစာချုပ်ဆိုတဲ့ ခေါင်းလောင်း”ကို ဆယ်လို့ မရခဲ့ပါဘူး။

ဦးစံလင်းနဲ့ဗိုလ်အောင်မင်းတို့မှာ ဘာကြောင့် အောင်မြင်တဲ့အကျိုးရလဒ်မရခဲ့သလဲ။
တစ်ခွန်းထဲပြောရရင် ဖြောင့်မတ်မှန်ကန်တဲ့သဘောထားအခြေခံနဲ့ မှန်ကန်တဲ့နည်းလမ်းကိုမကျင့်သုံးခဲ့ကြတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။

ဦးစံလင်းတို့ ခေါင်းလောင်းဆယ်တဲ့အဖွဲ့ကလည်း သိပ္ပံနဲ့နည်းပညာတွေ စဉ်ဆက်မပြတ်ဆန်းသစ်ပေါက်ကွဲပေါ်ထွက်နေတဲ့ ၂၁ ရာစုမှာ အလယ်ခေတ်၊ အမှောင်ခေတ်ကနည်းနာတွေဖြစ်တဲ့ နတ်နဂါး၊ ဂါထာမန္တယားတွေနဲ့ ခေါင်းလောင်းဆယ်ယူဖို့ မိုက်မဲစွာ လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပြီး၊ ရလဒ်က အချိန်နဲ့ငွေကုန်ပြီး တစ်ရှက်က နှစ်ရှက်ဆိုသလို  အရှက်ရစရာတွေချည်းဖြစ်ခဲ့ရတယ်။ ယနေ့လူငယ်ထုနဲ့ ပြည်သူများ အကြားမှာတော့“ဦးစံလင်း၊ နတ်နဂါးနဲ့ ဂါထာမန္တယား”တို့ဆိုတာ ရယ်ပွဲဖွဲ့စရာ ၊ လှောင်ပြောင်စရာအဖြစ် ဇာတ်သိမ်းသွားခဲ့ပါပြီ။ ဦးစံလင်းတို့ အနေနဲ့လည်း “နတ်နဂါးနဲ့ ဂါထာမန္တယား”ကို အားကိုးပြုပြီး ဆက်လက်ရှာနေကြဦးမယ်ဆိုရင် ဓမ္မစေတီခေါင်းလောင်းဝေးပါသေးတယ်၊ နို့အေးချောင်းသည်တွေကိုင်တဲ့ “ဂလိုင်လေး”တောင် ရှာတွေ့မှာမဟုတ်ပါဘူး။

ဗိုလ်အောင်မင်းနဲ့ (MPC)အဖွဲ့ကလည်း အပစ်အခတ်ရပ်စဲရေးခေါင်းလောင်းကြီး ဆယ်တဲ့ကိစ္စမှာ ဦးစံလင်းတို့လိုပဲ “နတ်နဂါးနဲ့ ဂါထာမန္တယား” ပုံစံတမျိုးကိုကျင့်သုံးခဲ့ကြတာပါပဲ။ ဗိုလ်အောင်မင်းတို့အဖွဲ့ကျင့်သုံးခဲ့တဲ့ နတ်နဂါးနဲ့ ဂါထာမန္တယားကတော့ “ကာချုပ်ရဲ့မူဝါဒ (၆) ရပ်” ဆိုတာပဲ ဖြစ်ပါတယ်။ ဒီ “မူဝါဒ ၆ ရပ်”ကိုင်စွဲထားသမျှ အပစ်အခတ်ရပ်စဲရေးစာချုပ် ပေါ်ထွက်လာနိုင်စရာအကြောင်း မရှိပါ။ ငြိမ်းချမ်းရေးဘယ်တော့မှ ရနိုင်လိမ့်မည်မဟုတ်ပါ။

ဒီသဘောထား၊ ဒီမူဝါဒကို စက်တင်ဘာ(၁၉)ရက်နေ့မှာ ကာချုပ်ဗိုလ်မင်းအောင်လှိုင်က “နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် (NDC) သင်တန်း” ဖွင့်ပွဲမှာ ထပ်ပြီးပြောခဲ့ပါတယ်။ ကာချုပ်ဗိုလ်မင်းအောင်လှိုင်ရဲ့ပြောဆိုမှုဟာ မောက်မာရင့်သီးတဲ့ပြောဆိုချက်ဖြစ်ပါတယ်။
လက်ရှိငြိမ်းချမ်းရေးဆွေးနွေးမှုများကိုခုတုံးလုပ်ပြီး ပြည်ပနဲ့နယ်စပ်ရောက်နေတဲ့ လက်နက်ကိုင်အဖွဲ့တွေဟာ ပြည်တွင်းပြန်လည် ဝင်ရောက်လာပြီး၊ ရှင်သန်ရပ်တည်လာတာဖြစ်တယ်၊ နိုင်ငံခြားအထောက်အပံ့ယူတယ်၊ နိုင်ငံရေးနဲ့စစ်ရေးအင်အားတည်ဆောက်ပြီး တောင်းဆိုမှုတွေလုပ်နေတယ်၊ (UNFC)၏ ငြိမ်းချမ်းရေးအတွက် အခက်အခဲဖြစ်လာနိုင်တယ်၊ သတိထားရမယ် စသဖြင့် ပြောခဲ့တာတွေပါ။

ဒီပြောဆိုချက်ဟာ ဆွေးနွေးဖက်အဖွဲ့အစည်းတစ်ခုအပေါ် အမည်ထုတ်ဖော်ပြီးပြောဆိုတာဖြစ်လို့ တန်းတူရည်တူသဘောမထားတာနဲ့ ရန်လိုမောက်မာတဲ့သဘောထားကို အတိအလင်းဖော်ပြတာဖြစ်ပါတယ်။ ဒါ့အပြင် “ဖဆပလ၊ တော်လှန်ရေးကောင်စီ၊ လမ်းစဉ်ပါတီ၊ တပ်မတော်အစိုးရစသည့် ခေတ်(၄)ခေတ်လုံးတွင် ငြိမ်းချမ်ရေးရရှိရန် ကြိုးစားဆောင်ရွက်ခဲ့ရာ အတိုင်းအတာတစ်ခုအထိ အောင်မြင် ခဲ့ကြောင်း”ဟူသောပြောဆိုချက်ကလည်း အုပ်စိုးသူများထံ လက်နက်ချ အညံ့ခံသွားသူတွေရှိခဲ့တဲ့အချက်ကို အတိုင်းအတာတစ်ခုထိ အောင်မြင်မှုလို့ ရည်ညွန်းပြောဆိုနေတာကလည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို တိုက်ရိုက်စော်ကားလိုက်တာဖြစ်ပါတယ်။
တချို့ လက်နက်ချအညံ့ခံတာဟာ အတိုင်းအတာတစ်ခုအထိအောင်မြင်မှုဖြစ်ရင် အကြွင်းမဲ့လက်နက်ချအညံ့ခံခြင်းဟာ အပြည့်အဝ အောင်မြင်မှုလို့ ပြောချင်ပုံရပါတယ်။ သေချာတာတော့ ခေတ်အဆက်ဆက် တကယ်စစ်မှန်တဲ့ငြိမ်းချမ်းရေးမရခဲ့ဖူးသေးတာကိုတော့ ကာချုပ် မသိမသာဝန်ခံထားပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အချို့ အဆက်ဆက်သောအုပ်စိုးသူများထံ လက်နက်ချအညံ့ခံသွားကြတဲ့ ဖြစ်ရပ်အချို့ရှိခဲ့တာကို သူတို့ဘက်က အောင်မြင်မှုအဖြစ်သတ်မှတ်တယ်၊ သဘောထားတယ်ဆိုတဲ့အချက်လည်း ပေါ်လွင်နေပါတယ်။

ကာချုပ်ကဒီလို ပေါ်လစီ မူဝါဒစကားကို တင်းတင်းမာမာပြောထားပြီးဖြစ်တဲ့အတွက် ဆဋ္ဌမအကြိမ် (Single text)မူကြမ်း ဆွေးနွေးပွဲမှာ ကာချုပ်ကိုယ်စားလှယ် ဗိုလ်မြင့်စိုးက “တပ်မတော်၏သဘောထားရပ်တည်ချက်မှာ နဂိုဆွေးနွေးပွဲများတွင်ချမှတ်ထားသည့်အတိုင်း မူဝါဒ ၆ ရပ်နှင့်အညီ ဆွေးနွေးသွားမည်ဖြစ်ကြောင်း” ပြောတယ်မဟုတ်ပါလား။ (UNFC)အပေါ် ကာချုပ်ပြောကြားချက်ကို မီဒီယာတစ်ခုကမေးတော့ “ကာချုပ်က သေချာလေ့လာပြီးမှ ပြောတာ”လို့ ဗိုလ်မြင့်စိုးက အတည်ပြုသွားတယ်မဟုတ်လား။ ကာချုပ်ရဲ့ပေါ်လစီမူဝါဒကို ဘယ်သူက ကျော်ပြီးဆွေးနွေးဝံ့မှာလဲ။ ဗိုလ်အောင်မင်းလည်း ကျော်ပြီးမဆွေးနွေးဝံ့ပါဘူး။ လွန်ခဲ့သော ဇွန်လ ၂၁ ရက်နေ့မှာ  ဗိုလ်အောင်မင်း စစ်တပ်ထံ (တာဝန်ထမ်းဆောင်ဆဲနဲ့အငြိမ်းစားများထံ) တောင်းပန်စာ ဆက်သွင်းထားရသူမဟုတ်ပါလား။
“၂ဝဝ၈ အခြေခံဥပဒေ”ပုဒ်မ ၂ဝ (ခ) မှာ “တပ်ပိုင်းဆိုင်ရာကိစ္စအားလုံး”ကို စစ်တပ်ကပဲ “လွတ်လပ်စွာ စီမံခန့်ခွဲစီရင်ဆောင်ရွက်ပိုင်ခွင့် ရှိသည်”လို့ ရေးဆွဲပြဋ္ဌာန်းထားတယ် မဟုတ်ပါလား။

ဒါကြောင့် ဗိုလ်အောင်မင်းတို့ (MPC)လူတစ်သိုက်အနေနဲ့လည်း “ကာချုပ်မူ ၆ ရပ်”အပေါ် ရပ်တည်ကိုင်စွဲနေသမျှ ကာလပတ်လုံး “ငြိမ်းချမ်းရေး လေပတ်ကားစကားတွေ”ကို ဘယ်လိုပဲ ကြွားလုံးထုတ်ပြောနေပါစေ အပစ်အခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုနိုင်မှာ မဟုတ်သလို၊ တိုင်းရင်းသားပြည်သူများ လိုလားတောင့်တနေကြတဲ့ငြိမ်းချမ်းရေးလည်း ပေါ်ပေါက်လာနိုင်လိမ့်မယ် မဟုတ်ပါ။

တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများဘက်ကလည်း တချိန်တခါက “(KRC)စောဟန်တာသာမွှေး”ကဲ့သို့ စဉ်းစား လုပ်ဆောင်၊ အကောင်အထည်ဖော်လိုသူများ ပေါ်ထွက်လာလျှင်တော့“စောဟန်တာသာမွှေးရရှိဖူးတဲ့ငြိမ်းချမ်းရေးမျိုး”ရရှိကောင်း၊  ရရှိသွားပါ လိမ့်မယ်။ တချိန်က စောဟန်တာသာမွှေးနဲ့(KRC)တို့ ရရှိသွားခဲ့ဖူးတယ်ဆိုတဲ့၊ အဲဒီလိုငြိမ်းချမ်းရေးမျိုးဟာ တိုင်းရင်းသားပြည်သူတွေ လိုလားတဲ့ တကယ့်ငြိမ်းချမ်းရေးမျိုးမဟုတ်ပါဘူး။ ကာချုပ်ဗိုလ်မင်းအောင်လှိုင်ပြောသလို“အတိုင်းအတာတစ်ခုအထိ အောင်မြင်မှု”
ဆိုတာမျိုးတွေတော့ဖြစ်ချင်ဖြစ်ပါလိမ့်မယ်။

“နတ်နဂါးနဲ့ဂါထာမန္တယား”ကိုသာ လက်ကိုင်ပြုနေသမျှ ဦးစံလင်းတို့ ဓမ္မစေတီခေါင်းလောင်းဆယ်လို့ ရနိုင်မှာမဟုတ်သလို၊  “ကာချုပ်မူ ၆ ရပ်” ကိုင်စွဲထားနေသမျှ ဗိုလ်အောင်မင်းနဲ့(MPC)တို့လည်း အပစ်အခတ်ရပ်စဲရေးစာချုပ်မူကြမ်း ရရှိနိုင်လိမ့်မည်မဟုတ်ပါ။ “ငြိမ်းချမ်းရေး”လည မရနိုင်ပါ။

“နိုင်ငံရေးဖရိန်ဝပ်” ငမ်းငမ်းတက်ပါဝင်ရေးဆွဲချင်နေကြတဲ့သူတွေအဖို့လည်း ခဲလေသမျှ သဲရေကျဖြစ်ရပြီပေါ့။

အတွင်းသဘောရ၊ အနှစ်သာအရပြောရရင် စစ်တပ်ပိုင် “မြဝတီသတင်းစာ”ထဲမှာ တနင်္လာနေ့တိုင်းဖော်ပြနေတဲ့ “ကာချပ်မူ ၆ ချက် (သို့မဟုတ်) စစ်တပ်ရဲ့ငြိမ်းချမ်းရေးမူ ၆ ချက်”ဆိုတာ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေကို လက်နက်ချအညံ့ခံခိုင်းတာပဲ ဖြစ်ပါတယ်။
ညွန်း
 - ၂၃ စက်တင်ဘာ ၂ဝ၁၄ မြန်မာ့အလင်းသတင်းစာ၊
- ၂၇ စက်တင်ဘာ ၂ဝ၁၄ မြန်မာ့အလင်းသတင်းစာ၊
တူမောင်ညို(၂ဝ၁၄ ခုနှစ်၊ စက်တင်ဘာ ၂ဝ၁၄)




0 comments:

Post a Comment