မိမဲ့ဖမဲ့ ကျနော့်ခွေးလေး ၂ ကောင်ကို
ကျနော်ချစ်ပါသည်။ အထူးသဖြင့် အဇ္ဇီကို ပိုချစ်ပိုသနားပါသည်။
စိတ်ကောင်းရှိရုံမက ခလေးလေးလို အပြစ်ကင်းစင်သည့်အတွက်လည်းပါပါသည်။
ညအိပ်လျှင် ကျနော့်ရင်ခွင်ထဲဝင်ကွေးကာ ငြိမ်ငြိမ်လေးအိပ်ပါသည်။ တခါတလေ
ကျနော် မူးမူးနှင့်လွန့်သဖြင့် ဖိမိသဖြင့် ကန်မိသဖြင့် သူ
မသက်မသာဖြစ်သည့်တိုင် တချက်ကလေးမှမညည်းပဲ ကိုယ်လေးကို ရွှေ့ရွှေ့ပေးပါသည်။
စောင်တွေခေါင်းအုံးတွေ မူးမူးနှင့်ကန်ထုတ်မိပြီး ကုတင်အောက်ကျသွားလျှင်လည်း
မနိုင့်တနိုင်နှင့် အောက်ဆင်းကောက်ပေးပါသည်။
သူ ချီမရလျှင် မနိုင်တော့လျှင့် ကုတင်ပေါ်ပြန်တက်ကာ ကျနော့်ကို
ပါးလျှက်လျှက်ပြီး နှိုးပါသည်။ ကျနော် အိပ်ချင်မူးတူး မထချင်ထချင်နှင့်ထပြီး
ပြန်ကောက်ပြန်တင်ပြီးမှ သူပြန်အိပ်ပါသည်။ တခါတလေ အိပ်ယာမဝင်ခင်
အီးပါသေးပေါက်ထုတ်ရန် မေ့သွားသည့်အခါ တညလုံး ဆီးအောင့်
အီးအောင့်ပြီးနေပါသည်။ မနက်လင်းလို့ သားသားတို့ ရှူရှူးပေါက်
အီးအီးပါဟုခေါ်လိုက်လျှင် တညလုံးအောင့်ထားသည့်ဒဏ်ကိုလွှတ်ရန်
အိနြေ္ဒမရဖြစ်ပါသည်။ ကျနော် စိတ်မကောင်းပါ။ နှိပ်စက်သလိုဖြစ်သွားပါသည်။
တခုခု စားစရာချကျွေးလျှင်လည်း ဘယ်တော့မှအရင်မစားဘဲ
ရော့ကီအလာအထိစောင့်ပါသည်။ သူ့ကျွေးထားသည့်အစာ ရော့ကီကယူစားပြီး ငေါက်ငေါက်
ငေါက်ငေါက်နှင့်ထွက်သွားမှ မျက်ဝန်းနက်နက်ကြီးတွေ ပုတ်ခတ်ပုတ်ခတ်နှင့်
အလွှာချလိုက် မော့ကြည့်လိုက်လုပ်ကာ သားသားဖို့ရောဖေဖေဆိုသည့်အထာနှင့်
အငြိမ်ထိုင်ကာနေတတ်ပါသည်။ ထို့ကြောင့် သူ့အားချစ်သနားပိုကာ ရော့ကီတခုဆို သူ
၂ ခု အမြဲလိုလို ချချပေးဖြစ်ပါသည်။ သို့သော် သူ ဘယ်တော့မှ ၂ ခုလုံးမစားပါ။
အပိုတခုကို တပိုင်းချိုး၍ ရော့ကီထံပေးလိုက်မှ
သူ့အပိုဆောင်းတဝက်ကိုစားပါသည်။ ကျနော် သည်နှစ်ကောင်အတွက် ငွေကုန်ပါသည်။
တိရိစ္ဆာန်ဆရာဝန်နှင့် ပုံမှန် တနှစ် ၂ ကြိမ် ဆေးခန်းသွားပြရပါသည်။
ခွေးရူးကာကွယ်ဆေး၊ နှလုံးသန်ကောင်ကာကွယ်ဆေး၊ ခွေးလှေး ခွေးသန်းကာကွယ်ဆေး၊
အနံ့အသက် ကင်းစင်ရေးအပါအဝင် အခြားကြိုတင်ကာကွယ်ဆေးများလည်း
ထိုးရတိုက်ရပါသည်။ အစာဖိုးအပါဝင် တနှစ်ကုန်လို့ ချုပ်လိုက်လျှင်
ဒီနှစ်ကောင်စာက ဒေါ်လာတထောင်သာသာခန့်ရှိပါသည်။ သူတို့ ကျနော့်အပေါ် ဘာမှ
ကျေးဇူးပြန်ပြုနိုင်သည်မဟုတ်ပါ။ ကျနော် သူတို့ဆီမှ
ဘာမျှော်လင့်ချက်မှမထားပဲ ချစ်ရုံသက်သက်ချစ်တာဖြစ်ပါသည်။ သူတို့လည်း
ကျနော့်ကို ချစ်ရုံသက်သက်ချစ်ကြပါသည်။ သူတို့နှင့်ကျနော့်ကြားတွင်
အပြန်အလှန် ဘာအကျိုးစီးပွားမှမရှိပါ။ မေတ္တာသက်သက်ဖြင့်
ချစ်ခင်ခြင်းဖြစ်ပါသည်။ မေတ္တာဖြင့်ချစ်ခင်ခြင်း၌ ကျေးဇူးရှင်တို့
အနန္တောအနန္တတို့မရှိပါ။ အကျိုးမျှော်ကာ
လူမွေးပြီးအနန္တောအနန္တလုပ်နေသူများထက်စာလျှင် ဘာအကျိုးမှမမျှော်ဖြစ်သည့်
ကျနော်နှင့်ကျနော့်ခွေးလေးများချစ်ခြင်းက ပိုအပြစ်ကင်းပါသည်။
ပိုသန့်စင်ပါသည်။ ပိုမေတ္တာပါပါသည်။ အကျိုးမျှော်သည့်
ကျေးဇူးခံကျေးဇူးစားသဘောလည်းမရှိပါ။ ဤအကြောင်းအရာကို ရေးရသည်မှာ
စိတ်မကောင်းပါ။ ကျနော့်ခွေးလေးများ နတ်ပြည်လိုပြည်မှ ကျနော့်အိမ်တွင်
ခွေးလာဖြစ်ကာ ဘာအပူအပင်မှမရှိသည့်အပြင် အချစ်ချည်းသက်သက်ခံနေရချိန်၌
ဗမာပြည်တွင် ဆင်းရဲတွင်းနက်ကာ ဝမ်းမဝခါးမလှသူများ ဒုနဲ့ဒေးဖြစ်နေပါသည်။
ကျနော်ပြောချင်သည်မှာ ကျေးဇူးခံကျေးဇူးစားသဘောကင်းသည့်
ချစ်ခြင်းမေတ္တာအစစ်ကိစ္စဖြစ်ပါသည်။
ဖေဖော်ဝါရီ ၂၆၊ ၂ဝ၁၇
ဖေဖော်ဝါရီ ၂၆၊ ၂ဝ၁၇