Saturday, February 18, 2017

စိတ်ပိစာ(မျိုးမြင့်ချို)

0 comments
ခုတလော စိတ် အဖိစီးများနေပါသည်။ အလုပ်လည်း နည်းနည်းပိပါသည်။ ကားလည်း သမင်တိုက်မိပြီး ကြေမွသွားပါပြီ။ နောက်စီးအမြန်ဝယ်ရန် ပိုက်ဆံ အသည်းအသည်ရှာနေရသည့်သဘောလည်း ပါပါသည်။ နဂိုကမှခြေလက်မရှိသူတယောက်အတွက် ဖို့တ်ဝိန်းလိုတောမြို့တွင် ကားမရှိလျှင် ဘဝပါမရှိသလိုဖြစ်ရပါသည်။ ကိုယ်တိုင်အတွေ့အတွေ့အကြုံရှိမှ ခံစားနားလည်နိုင်မည်မို့ ဇာမချဲ့လိုပါ။ ကျနော်တို့လိုလူတွေအဖို့ ကားဆိုသည်မှာ ကိုယ်ကသူ့စီးသည်လား သူကကိုယ့်စီးသည်လားဟူ၍ပင် တပ်အပ်သေချာမပြောနိုင်ကြပါ။ ကားမရှိသဖြင့် အလုပ်မတွင်စိတ်ညစ်ရသော်လည်း ညည်းတော့မညည်းပါ။ ညည်းသံလည်း မပါစေချင်ပါ။ ညည်းလည်း ညည်းညူစရာမဟုတ်ပါ။ ဘဝကို ညည်းစရာဟု တခါမှမမြင်ဘူးပါ။ ဘဝဆိုသည်မှာ သုံးဆောင်ခံစားရန်သာဖြစ်ပါသည်။ ဘယ်နေရာတွင်းသုံး၍ ဘယ်နေရာခံစားရမည်ကို ဘဝကပြဌာန်းသဖြင့် လူတိုင်း မိမိဘဝပြဌာန်းသလို ဘဝတွေကို ခံစားသုံးဆောင်နေကြခြင်းဖြစ်ပါသည်။ ကျနော်တို့လို လက်လှုပ်မှပါးစပ်လှုပ်ရသည့် နိုင်ငံအကြီးကြီးမှ လူသေးသေးတွေအတွက် တခါတရံအပျော်အပါးလိုက်စားခြင်းမှတပါး အခြား စိတ်အတင်းဖြေစရာ အလွန်နည်းပါသည်။ ဤနေရာတွင်လည်း အပျော်အပါးကို အရက်သောက် ဖဲရိုက် ဖါချလောက်ဟုသာ နားလည်ထားသူတွင် သင်ယူစရာတွေအများကြီး ရှိနေပါသည်။ အပျော်အပါး၏အနက်မှာ ဘုန်းကြီးကျောင်းသွားခြင်းမှအစ ပင်လယ်ကမ်းခြေသွားခြင်းအလည် လူတွေ အိမ်ဖိတ်ပြီး မုန့်ဟင်းခါးချက်စားကြခြင်းအဆုံးအထိပါပါသည်။ တခါတရံ အပျော်အပါးသည် အဘုဘလိုက်ပို့ရင်း သူများကလေးမွေးနေ့သွားရင်း မင်္ဂလာဆောင်တခုခုသွားရင်း အလုပ်မှပေးသည့် ဘရိတ်ခ်ချိန်ခေါ် ထမင်းစားချိန် မိနှစ် ၂ဝ လောက်တွင် ကော်ဖီသောက်ရင်းလည်းရပါသည်။ အပေါစားအရက်ဘားများ ဘီယာပါ့ဘ်များသွားရင်းလည်းရပါသည်။ ဘာရည်ရွယ်ချက်မှမရှိ စတီယာရင်ဦးတည့်ရာ ကားလျှောက်မောင်းရင်းလည်း ရပါသည်။ မိမိဇနီးသည်နှင့် သူ့အလိုကိုယ့်အလိုဖြည့်ရင်းလည်းရပါသည်။ ထို့ကြောင့် အပျော်အပါးကို အနက်သစ်ထပ်ဖြည့်ကြရန်နှင့် အဓိပ္ပါယ်သစ်ဖွင့်ကြရန် နှိုးဆော်ပါသည်။ ခုတလော စာလည်းမဖတ်ဖြစ်ပါ။ ရေးလည်းမရေးဖြစ်ပါ။ ဘာဒေါသညာဒေါသ သင့်မည်စိုးသဖြင့်မရေးခြင်း မဟုတ်ပါ။ စာဆိုသည်မှာ ဒေါသတခုခုမှမပါလျှင် ရေးလို့ကိုမရပါ။ လူမှုရေးတွေ(ဘာပွဲညာပွဲအပါအဝင် သာရေးနာရေး)တွေအတော်လွတ်ပါသည်။ သာရေးလွတ်တာကကိစ္စမရှိပါ။ နာရေးကြကိစ္စရှိပါသည်။ တခါတလေ(တခါတလေ တခါတလေထက်ပိုပါသည်)ကိုယ် ကူညီနှိုင်တာတွေ မကူညီလိုက်ရပါ။ ဖေ့စ်ဘွတ်ခ် မသုံးတော့လျင်ကောင်းမလား တွေးနေပါသည်။ ဖတ်စရာ စာအုပ်တွေလည်း မဖတ်ဖြစ်ပါ။ မခွာညိုပို့ထားသည့်စာအုပ်လည်း မနေ့က ရောက်လာပါသည်။ ဒီနေ့ ဖတ်မလားတွေးတော့ မိုးလင်းတာနှင့် ကြက်အိမ်လေးထဲက တဆောင်းတွင်းလုံးပုံနေသည့် ကြက်ချေးများရှင်းထုတ်ပြီး ဂျုံရိုးသစ်ပြန်ခင်းပေးရပါမည်။ နွေဦးပေါက် နွေနှင့် ရေမခဲခင်ကာလတွေအထိ သူတို့သောက်ရမည့် ကြက်ရေခွက်အမျိုးအစားကို ပြန်ထုတ်ဆေးကြောရေဖြည့်ပြီး အပြင်တွင် တည်ပေးရပါမည်။ (ရေခဲနေချိန်တလျှောက်လုံး)သူတို့သောက်ခဲ့သည့် အပူပေးရေခွက်ကို ပြန်ဆေးကြောပြီး လာမည့်နှစ်အတွက်ပြန်သိမ်းရပါမည်။ ငါးကန်လေးလည်း လုံးဝ အရည်ပြန်ပျော်သွားပါပြီ။ မနေ့ညနေ အလုပ်ကပြန်လာတော့ ဘီယာနည်းနည်းဆွဲသွားပြီး ကန်စောင်းကသစ်တုံးဗုံတိုပေါ်ထိုင်ရင်း ငါးလေးတွေ ကူးခပ်နေတာကြည့်လိုက် ဘီယာလေးကျိုက်လိုက် အစာဖတ်လေးတွေ ကြဲချကြွေးလိုက်နှင့်နေရသည်မှာ ဆောင်းမဝင် ကန်ရေမခဲခင်က ရခဲ့သည့်အရသာနီးပါးပြန်ရပါသည်။ ဤနေရာတွင် နီးပါးဟုဆိုရခြင်းမှာ နွေလောက် မြေမမာသေး အအေးမပေါ့သေးကိုပြောချင်တာဖြစ်ပါသည်။ စထရော်ဘယ်ရီတွေလည်း အညွန့်အညှောက် ထွက်စပြုပါပြီ။ ဒီနှစ်တော့ အသီးဆွတ်ရလွယ်အောင် ပြင်စိုက်ထားပါသည်။ အရင့်အရင်နှစ်တွေတုန်းက ခြံလှအောင်စိုက်မိသဖြင့် အသီးအများကြီး ဆုံးရှူံးခဲ့ရပါသည်။ ကညွှတ်ဖူးလေးတွေ နောက်တပတ်လောက်ဆို ထွက်တော့မလားဟု မျှော်လင့်စိတ်စောဖြင့် သူတို့နေရာသွားကြည့်တော့ အလားအလာမမြင်သေးပါ။ ရေဝပ်နေဖြင့် မြေပျော့ထဲ ဂျိုင်းထောက်ကျွံကာ ပြန်ဆွဲနှုတ်တော့ အရှိန်လွန်ပြီး ဖင်ထိုင်ရက်ကျပါသည်။ တကိုယ်လုံး ဗွက်လူးသွားပါသည်။ ဒါနှင့် ငါးကန်ဘေးက သစ်ဗုံတိုပေါ်ခနပြန်ထိုင် ဘီယာနည်းနည်းထပ်ကျိုက် ရွှံ့လေးဘာလေးသပ်သက်ပြီး အိမ်ထဲပြန်ဝင်သည်။ လူက အေးစက်စက်ဖြစ်နေသည်။ အပြင်မှာက အအေးလေး နည်းနည်းစွက်နေသေးသည်။ အိမ်ဆိုသည်မှာ နွေးထွေးသည် အိမ်ဆန်သည်ဆိုသော်လည်း အပြင်မှာလို အပြင်မှာလောက် မလွတ်လပ်ပါ။ အိမ်ဆန်မှုကိုလိုချင်လျှင် အပြင်ကလွတ်လပ်မှုကို အိမ်ပေါက်ဝတွင်ထားပြီး ဝင်နိုင်ပါမှတော်ကာကြပါသည်။ ကျနော်သည် အိမ်ကိုကြိုက်သလို အပြင်ကိုလည်းကြိုက်ပါသည်။ ထို့ကြောင့် ကျနော့်တွင် အိမ်နှင့်အပြင်ပဋိပက္ခ အမြဲတမ်းရှိနေခြင်းဖြစ်ပါသည်။ ခွေးလေး ၂ ကောင်က ရာသီဥတုလေးနွေးစပြုလာ နှင်းတွေ ရေခဲတွေလည်း ပျောက်ပြယ်သွားကာနေလည်း ခြင်းခြင်းလင်းလင်းရှိလာသဖြင့် အပြင်ထွက် လမ်းလျှောက်ချင်စိတ်ပေါက်ကာ ဇနီးသည်ကို အပူတိုက်နေတာလည်း မြင်ပါသည်။ တောစီးလည်ရှည် ရာဘာဖိနပ်ကြီးကိုချွတ်ရင်း အနားကစင်ပေါ်ရှိ ကန်စွန်းဥကြီးတွေက အနံ့တခုခုရသဖြင့် လက်နှင့်စမ်းကြည့်တော့ ခြင်းထဲကျန်နေသေးသည့် မနှစ်ကခြံထွက် လက်ကျန်ဥကြီးတွေအကုန် ဒလဗိုင်လိုက်ကုန်ပါပြီ။ ဒါနှင့် ခြင်းကိုယူဖိနပ်ပြန်စွပ်ပြီး ကြက်အိမ်လေးရှေ့သွားသွန်ချတော့ မယ်မင်းကြီးမတွေထွက်လာပြီး အလုအယက်မြိန်ရည်ရှက်ရည် သုံးဆောင်တော်မူကြပါသည်။ ဤစာကို ဤနေရာတွင်ခနရပ်ပါမည်။

0 comments:

Post a Comment