Tuesday, February 28, 2017

အလုပ်ရှိမှ ဝမ်းဝ ခါးလှ(မျိုးမြင့်ချို)

0 comments

အသက်ကလည်း လူမှုဖူလုံရေးထောက်ပံ့ကြေး လျှောက်စားလောက်ရအောင်မကြီးသေး၊ ကျန်းမာရေးကလည်း အလုပ် လုပ်နိုင်လောက်အောင် ကောင်းသေး၊ တန်းတူညီမျှ အလုပ်လုပ်ပိုင်ခွင့်ကလည်းရှိထားသေးဆိုလျှင် အမေရိကားတွင် လူတိုင်း ကိုယ့်အထွာနှင့်ကိုယ် အလုပ် လုပ်ကြရပါသည်။ အလုပ်မလုပ် ဝင်ငွေမရှိလျှင် အိမ်ခြေယာခြေမဲ့ဘဝခံယူပြီး ရှယ်လ်တာများတွင် ညဘက်သွားအိပ် နေ့ခင်းဘက်များတွင် လမ်းဘေး၌နေပူမိုးရွာမရှောင် လည်ပင်းစာဆွဲပြီး တောင်းရမ်းစားလျှင်စား မစားလျှင် သတ်သေချင်စိတ်ပေါက်လောက်အောင် စိတ်ညစ်စရာကောင်းပါသည်။ စားရေး သောက်ရေး နေရေးထိုင်ရေး ကျန်းမာရေးကိစ္စအဝဝအတွက် လကုန်တိုင်း ခေါင်းမီးတောက်ရပါသည်။

မည်သည့် ရီတိုင်းယားမင်န့်မှမရှိပဲ ဆိုရှယ်စီကျူရတီဆပ်ပလီမင်န်တယ် SSI တခုတည်း ရထားသူတွေကြတော့လည်း ရသည့်ငွေမှာ လကုန်လို့ ဘာဖိုးညာဖိုး ဆန်ဖိုးဆီဖိုးနှင့် ကွက်တိလောက်ဖြစ်ပါသည်။ မပိုလျှံပါ။ အလွန့်အလွန် အချွေတာ အဆင်းရဲခံနိုင်လွန်းမက ခံနိုင်လွန်းသူတချို့ကတော့ တလ တရာစနှစ်ရာစ စုမိကြပါသည်။ ထိုသူများလည်း နောက်ဆုံး အဖိုးနည်းအိုးကွဲ အစိုးရအိမ်ယာများနှင့် ကွန်မြူနတီအိုးအိမ်စီမံကိန်းများတွင် ခွေးတိုးဝက်ဝင် ဖြစ်ကုန်ကြတာများပါသည်။ နာရီသုံးရာလုပ်အားပေးပြီးရသော တန်ဖိုးနည်းအိမ်ယာစီမံကိန်းများရှိသလို ဆက်ရှင်အိတ် Section-8 ဆိုသည့်အကန့်နှင့် အကြုံးဝင်သူများလည်း အကြုံးဝင်ရာအလိုက်တော့ ရကြပါသည်။ သို့သော် ကာလတခုအထိ တက်သာနေရသော်လည်း လခသာပေးနေရသော်လည်း ကိုယ်မပိုင်ပါ။ တော်ကြာနေ ဟိုစာရွက်တောင်း ဒီစာရွက်တောင်း၊ တော်ကြာနေ ဟိုအထောက်အထားပြ ဒီအထောက်အထားပြခိုင်း၊ တော်ကြာနေ ဝင်ငွေပြ ဘဏ်စာရင်းပြခိုင်းတွေရှိသလို တခါတခါ လိုအပ်လျှင် ဖုန်းအင်တာဗျူး လူအင်တာဗျူးတွေလည်း လုပ်ရပါသည်။ ပရိုက်ဗေစီကို အလွန်ဦးစားပေးသည့် ကွန်ဖီဒင်န်ရှယ်ကို အလွန်အလေးထားသည့်ပြည်တွင် ထိုသူတွေ ထိုဘဝပျောက်ဆုံးသွားရပါသည်။ ပြောရလျှင် ထိုကိစ္စများက သတ်သတ်စီ ခေါင်းစဉ်ငယ်လေးတွေခွဲပြီး တခုခြင်းလည်းပြောပြ တစုံလုံးလည်း ချဲ့ပြ ချုံ့ပြမှရပါမည်။

ယခု ကျနော်ပြောချင်သည်မှာ အပေါ်ကပြောခဲ့သည့်အကြောင်းအရာနှင့်ဆက်စပ်ကာ အမေရိကားရောက်လာသည့် သင်းအုပ်ဆရာများ၊ ပါစတာများ၊ ဗလီဆရာများ၊ ဘုန်းကြီးများကိစ္စဖြစ်ပါသည်။ သူတို့အားလုံး အလုပ် လုပ်ကြရပါသည်။ ဤနေရာတွင် အလုပ်ဆိုသည်မှာ စက်ရုံ အလုပ်တွေ ရုံးတွေ ဌာနတွေမှာလုပ်သည့် အလုပ်မျိုးကိုမဆိုလိုပါ။ သူတို့ ဗမာပြည်မှာတုန်းကလို မိန့်မိန့်ကြီးထိုင် ပို့ဆွမ်းစားနေလို့မရတော့ပါ။ ထိုသို့စားလျှင် ကာလလေးတခုသာခံပြီး ဘုန်းကြီးလည်း လူထွက်ကျောင်းပြန်အပ်(ဒါမှမဟုတ် ဘဏ်အသိမ်းပြန်ခံ)သလို ဗလီဆရာလည်း အလုပ်တဘက်အပြင်မှာလုပ် ဗလီကျောင်းမှာ ဘာသာရေးစာ သင်ခယူပြီးသင် သင်းအုပ်တို့ ပါစတာတို့တွေလည်း အပြင်အလုပ်တဘက်နှင့် အသင်းတော်မှထောက်ပံ့ကြေးလေး မစို့မပို့နှင့် ဘဝတွေပြားကြရပါသည်။

သူတို့လုပ်ရသည့်အလုပ်မှာ စက်ရုံအလုပ်ရုံ ရုံးဌာနတွေမှာမဟုတ်ပဲ လူတွေကို ကူညီရသည့်အလုပ်ဖြစ်ပါသည်။ အလွန်လည်းလက်တွေ့ကြသလို ရုပ်ဘဝလည်း အလွန်ဆန်ပါသည်။ ထိုသို့ကူညီသည့်အလုပ် လုပ်ရမည့်လူများ ဘုန်းကြီးများမှာ အင်္ဂလိပ်စကားတတ်ရပါသည်၊ ကွန်ပြူတာသုံးတတ်ရပါသည်၊ အင်တာနက်ပေါ် အလုပ် လုပ်တတ် ရပါသည်။ ကားမောင်းတတ်ရပါသည်။ ကားရှိ ဒရိုင်ဗာလိုင်စင်ရှိရပါသည်။ ဒါတွေကို လူတွေကိုဝန်ဆောင်မှုပေးရာတွင် မရှိမဖြစ်လိုသည့် အရည်အချင်းဟုဆိုပါမည်။ ပြီးတော့ လူမှုဆက်ဆံရေး ပြေပြစ်မွန်ရည်ရပါသည်။ ပြီးတော့ ဆိုင်ရာ ဘာသာရေးများတွင်လည်း ဆရာတဆူလို တတ်မြောက်ကျင်လည်ရပါသည်။ အရည်အချင်းရှိသော်လည်း ဟောက်စားငေါက်စားလုပ်လျှင်၊ လူမှုရေး ပြေပြစ်သော်လည်း ကူညီနိုင်လောက်သည့်အရည်အချင်းမရှိလျှင် သို့မဟုတ် ၂ ခုလုံး ချို့တဲ့လျှင် သို့မဟုတ် သီလ သမာဓိ ပညာ စာဂ စသည့်တရားများ ပွန်းပွန်းပါးပါးဟုအမည်ထွက်လာလျှင်၊ ဆိုင်ရာ ဘာသာရေးတွင်လည်း အိယောင်ဝါးဆိုလျှင် ဘယ်လူတယောက်ကမှ ကျောင်းသို့လည်းမလာ၊ ဆွမ်းချိုင့်လည်းမပို့ (ဆွမ်းခံစားလို့ရသည့်နိုင်ငံလည်းမဟုတ်ပါ) ပါစတာတွေ သင်းအုပ်တွေ ဗလီဆရာတွေမို့ဆိုပြီး ဘယ်သူကမှ တရိုတသေမလုပ်နှင့် နောက်ဆုံး ပေးမင်န့်တွေလည်း မနိုင်ရင်ကာဖြစ် စားစရာလည်းမရှိတော့သဖြင့် လုံးပါး ပါးကာ ရထားသည့် အပူဇော်ခံ ဦးအညွှတ်ခံ အရိုအသေပေးခံဘဝမှ ခေါင်းနှင့်ဆင်းပြေးရပါသည်။ ကျနော်တို့လို နဖူးကချွေးခြေမကျမှ ထမင်းဝပါတော့သည်။

ရွှေဝါရောင်အပြီး ထွက်လာကြသည့် ဘုန်းကြီးများတွင် နိုင်ငံရေးအကျဉ်းသားဟောင်း ဦးပညာဇောတ (နတ်ဇော)တပါးသာ ခုထိ သင်္ကန်းဝတ်ဖြင့် တင်ကျန်သည်ဟု သိရပါသည်။ ကျန်ကိုယ်တော်များ လူထွက်ပြီး စက်ရုံရောက်ကုန်ကြပါသည်။

ဗမာပြည်က မော်လဝီများ ဗလီဆရာများလည်း မော်မလဝီနိုင် ဗလီမဆရာနိုင်တွေ ဖြစ်ကုန်ကြတာများပါသည်။ ပါစတာများ သင်းအုပ်များလည်း ဝက်ရုံတွင် ဝက်သားခုတ်ရင်း သင်းကိုအုပ်နေကြရတာ ရှိပါသည်။

ကျနော်ဆိုလိုချင်သည်မှာ ချို့ယွင်းချက် အားနည်းချက်တွေရှိသော်လည်း အမေရိကားသည် လူတိုင်းကို ဥပဒေတခုတည်းအောက်ဆွဲသွင်းထားပြီး ဘာသာရေးနှင့်နိုင်ငံတော် (အစိုးရ)ဆိုသည်ကို သတ်သတ်ခွဲထားသဖြင့် ဗမာပြည်မှာလို ဘာသာရေးသမားများ စားပေါက်မချောင်ပါ။ ဆိုရှယ်လ်စီကျူရတီဆိုသည့် ဂဏန်းလေးကိုးလုံးပါသည့်စနစ်ဖြင့် လူတိုင်းအား ထိန်းထားပါသည်။ အလုပ်တခုခု လုပ်မနေလျှင် ရှိမနေလျှင် လူတွေကို ကူညီဝန်ဆောင်မှုပေးမနေလျှင်၊ ဆက်ဆံရေးမပြေပြစ်မမွန်ရည်လျှင်၊ သီလ သမာဓိ သိက္ခာ ပညာ ပွန်းပါးလျှင်၊ ဘာသာရေးကိစ္စများ၌မတတ်ပွန်လျှင် ကျောင်းပေါ်က ခေါင်းတော်နှင့်ဆင်းပြေးရပါသည်။
ဖေဖော်ဝါရီ ၂၇၊ ၂ဝ၁၇

0 comments:

Post a Comment