Sunday, February 19, 2017

အတွေးကူးခြင်း (မျိုးမြင့်ချို)

0 comments
ကျနော် ခုနက ခြံထဲဆင်း ကန်ဘေးထိုင် ငါးလေးတွေအစာကျွေးတော့ ငါးသားပေါက်အမည်းလေးတွေ တပုံတခေါင်းကြီးတွေ့ပါသည်။ တကယ့်ကို ပိစိကွေးလေးတွေပါ။ ကျနော့အထင် လွန်ခဲ့သည့် ၂ ရက် ၃ ရက်ကမှ ပေါက်ထားခြင်းဖြစ်မည်ဟု ထင်ပါသည်။ ပုဇွန်ဆိတ်ကလေးမှမဟုတ် ငါးသားပေါက်လေးများလည်း ပင်လယ်ကူးတတ်ပုံပေါ်ပါသည်။ သူတို့ ရေထဲတွင်နေနေကြပါသည်။

ဤနေရာတွင် ငါးများရေထဲနေနေခြင်းသည် ရေကူးနေခြင်း ဟုတ်မဟုတ် ကျနော်မပြောတတ်ပါ။ အကယ်၍ ငါးများက ကုန်းပေါ်တက်ပြီး ကျနော်တို့လို့ မတ်တပ်မတ်တပ်လျှောက်သွားနေလျှင် ငါးတွေ လမ်းလျှောက်သည်ဟုပြော၍ရမည်ဖြစ်သော်လည်း ယခု သူတို့ဘာသာ ရေထဲနေနေခြင်းအား ရေကူးနေသည်ဟုပြောမရဟုတွေးမိပါသည်။ 

ကုန်းပေါ်မတ်တပ်လျှောက်သည့် ကျနော့်လို လူသတ္တဝါတကောင်အနေနှင့် ရေထဲဆင်း၍ ငါးများရေထဲလျှောက်သွားသလိုလုပ်ခြင်းအား ဒီလူဟိုလူရေကူးနေသည်ဟုပြောခြင်းကို ကျနော်မကန့်ကွက်ပါ။ သို့နှင့်တိုင် ကူးသည်ဆိုခြင်း၏အနက်တွင် တဘက်ကမ်းသို့ရောက်အောင်သွားခြင်းဆိုသည့်သဘောသွားပါ ပါပါသည်။ လူတချို့ရေထဲဆင်း ဆော့ကြခြင်း အားကစားလုပ်ကြခြင်းမှာ တဘက်ကမ်းသို့ရောက်အောင် ကူးခပ်မည်ဆိုသည့်သဘော မပါပါ။ 

ငါးလေးတွေ ရေထဲနေနေသည်ကိုကြည့်ရင်း ဇနီးသည်အား တယ်လီဖုန်းဖြင့် There are many small black baby fish. ဟု ဝမ်းပမ်းတသာပြောမိပါသည်။ သူက Wow, amazing. ဟု ပြန်ပြောပါသည်။ ဤနေရာတွင် Wow ကို နောက်တွင် အာမေဋိတ်အမှတ်အသားလေး ထည့်နားလည်စေချင်ပါသည်။ သို့မှသာ ဟယ် တကယ်...ဆိုသည့်သဘောရပါလိမ့်မည်။ ဝေါင်း အံ့စရာကြီးဟုဆိုလျှင် ဘာမှန်းမသိသည့်စကားကြီးဖြစ်သွားပါလိမ့်မည်။ 

ကျနော်ပြောသည့် There are many small black baby fish. ကိုလည်း ငါးသားပေါက် အမည်းလေးတွေ အများကြီးဟုဆိုလျှင် လုံလောက်သည်ထင်ပါသည်။ အနက်ရောင် ဘေဘီဖစ်ရှ်လေးတွေ အများကြီးရှိနေပါသည်ဟုဆိုလျှင် ဘာစကားမှန်း ရေရာမပြောနိုင်မည့် အဆာခတ်ကျယ်ကျယ်စကား ဖြစ်သွားမည်ထင်ပါ။ ငါးအမျိုးကွဲအများကြီးဆိုလျှင် Fishes ဟုပြောပြီး ငါးတမျိုးတည်း အကောင်အများကြီးဆိုလျှင်မူ Fish ဟူ၍ပဲပြောရပါသည်။
မျိုးမြင့်ချို ဖေဖော်ဝါရီ ၁၉၊ ၂ဝ၁၇

0 comments:

Post a Comment