ပြည်တွင်းမှာ မဘသလူသတ်ပွဲတွေ သွေးသံတရဲရဲလုပ်ကြတော့ အမေရိကားကလူတချို့လည်း 
ရှင်ပြု နားသနဲ့ ဒုလ္လဘခံပွဲတွေ ခြိမ့်ခြိမ့်သဲသဲကျင်းပကြတယ်။ အတွင်းအပြင် 
ညီညွတ်ရေးကို သဏ္ဍန်တမျိုးနဲ့ဖော်ပြကြတာလားလို့တောင် ထင်ချင်စရာဖြစ်ရတယ်။ 
ဗမာပြည်ဖွားမိဘတွေကနေ ဒီမှာမွေး ဒီမှာကြီးတဲ့ကလေးတယောက်ကို 
ရှင်လောင်းလှည့်မယ့်မနက်မှာ ရွှေချည်ငွေချည်ထိုး ပုဆိုး ကော်အတောင့်သားကြီး 
ခါးပတ်ကြီးပတ်နဲ့ မျက်နှာမှာလည်းမိတ်ကပ်တွေအဖွေးသားနဲ့ ဆံပင်ကလည်း 
ယောင်ပေစူးအတုကြီးနဲ့ ဖိနပ်ကလည်း ခြေနင်းတော်လို့ပြောတဲ့ဟာကြီးနဲ့ 
ကိုယ်မှာမင်းညီမင်းသားဝတ်စုံလို့ပြောတဲ့ဟာကြီးနဲ့
 စလွယ်ကြီးနဲ့ အတော် စိတ်ရှုပ်နေတာတာ ခနခန မသက်မသာဖြစ်နေတာတွေ့တာနဲ့ သား 
ဒါတွေက ဘာလို့ဝတ်ရတာလဲသိလား၊ ဘာဝတ်စုံလဲသိလားဆိုတော့ နွေဦးပေါက် 
အအေးမပြည့်တပြယ်အချိန်မှာ ချွေးဇောတွေပြန်ပြီး မသိပါဘူး ဦးလေးရာ၊ အဖေတို့က
 ဝတ်ရမယ်၊ ဒါမှ ဘုရင့်သားလိုဖြစ်တာလို့ပြောတယ်။ သူတို့က ဘုရင်တွေမဟုတ်ပဲ 
ကျနော်က ဘုရင့်သားဘယ်လိုလုပ်ဖြစ်မှာလဲ မတွေးတတ်ပါဘူး။ ဘောင်းဘီနဲ့လုပ်လည်း 
ဒါက မရဘူးလားလို့ အင်္ဂလိပ်လိုပြောတော့ ကျနော်ပြုံးမိတာပဲ။ ပုဆိုးတောင် 
မဝတ်တတ်ကဲ့ကလေးတွေကို အဲ့သလိုသွားဆင်တော့ ခနဆိုပေမယ့် 
သူတို့စိတ်အိုက်ကြမှာပဲ။ မနေတတ်မထိုင်တတ်လည်းဖြစ်ကြမှာပဲ။ 
အဖေအမေကိုယ်တိုင်ကလည်း အဲ့ဒီအချွန်အတက်ကြီးတွေ ပြိုးပြိုးပြက်ပြက် 
လိုးလိုးလက်လက်ကြီး ဘာ့ကြောင့်ဝတ်ပေးရတာဆိုတာကို 
ပြောပြရှင်းပြနိုင်လောက်အောင် မသိကြတာပါသလို ပြောပြတတ်ခဲ့ဦးတောင် 
ကလေးတွေနားလည်မယ့် ဗမာစကားလေး ချသုံးပြီးမပြောတတ်၊ ကလေးတွေကို အင်္ဂလိပ်လို 
ပြောမပြတတ်ရှင်းမပြတတ်ကလည်းပါတော့ ကလေးတွေ ပို အခံရခက်မယ်ထင်တယ်။ နားသမယ့် 
မိန်းကလေးတယောက်ဆို ခေါင်းကဆောင်းပေးထားတဲ့ မကိုဋ်လိုဟာကြီး 
ဆွဲချွတ်လိုက်ပြန်တိုက်နဲ့ စိတ်အတော်ညစ်နေပုံပဲ။ ကျနော်လည်း 
သူတို့ကြည့်ပြီး စိတ်ထဲမကောင်းဘူး။ ကိုယ်လည်း ဘာမှ မတတ်နိုင်ဘူး။ 
သာသနာ့ဘောင် သွပ်သွင်းကြတာမဟုတ်လား။ ဘာသာတိုင်းမှာ သာသနာ့ဘောင်ကို 
မတူတဲ့ပုံစံတွေနဲ့ သွပ်သွင်းကြတာမဟုတ်လား။ နောက်မှသာ ကြီးမှသာ 
သူတို့ဟာသူတို့ ဘာကိုးကွယ်ကွယ် မကွယ်ကွယ် လောလောဆယ် မိဘအရှိန်အဝါနဲ့ 
အသိုင်းအဝိုင်းအဟန့်လေးသုံးပြီး အဲ့လို သွပ်သွင်းလိုက်ရမှ 
နေသာထိုင်သာရှိသွားကြတဲ့ မိဘတွေလည်း အများစုမဟုတ်လား။
ဖေဖော်ဝါရီ ၂၇၊ ၂ဝ၁၇
ဖေဖော်ဝါရီ ၂၇၊ ၂ဝ၁၇

 
 
 










0 comments:
Post a Comment