Sunday, February 19, 2017

မိမိကိုယ်ကို ချစ်ခြင်း(မျိုးမြင့်ချို)

0 comments
(မိမိကိုယ်ကို ချစ်ခြင်း)
ကျနော့်အလိုလည်းမပါ။ ကျနော့်တောင်းဆိုမှုလည်းမပါ။ ကျနော်ကိုယ်တိုင်လည်း ဘုမသိဘမသိနှင့် လောကထဲရောက်အောင် အသက်ဖြစ်လာအောင် လူဖြစ်လာအောင် အလုပ်ခံရခြင်း၌ ကျနော်က မည်သူ့ကို ဘာကိစ္စ ကျေးဇူးတင်ရမည်နည်း။

ကျနော့်အား အသက်ဖြစ်အောင် (လူဖြစ်အောင်)လုပ်ကြပြီးနောက် ကျနော့်အသက်(ကျနော့်ဘဝ)အား မသေအောင်မွေးမြူစောင့်ရှောက်ခြင်းအတွက်လည်း ဘယ်သူက ကျနော့်အပေါ် ဘာကျေးဇူးရှိသနည်း။

သူတို့ ကျနော်အသက်(ကျနော့်ဘဝ)အား မစောင့်ရှောက်ရုံမက သတ်ပစ်လိုက်လျှင်လည်း ကျနော့်အတွက် ဘာကိစ္စရှိပါသလဲ။ ကျနော် သေခြင်းမသေခြင်းကိုပင် ကျနော့်ဘာသာ သိနိုင်မည့်အခြေအနေမဟုတ်ပါ။ ထိုသို့ သတ်ပလိုက်လျှင် သို့မဟုတ် အမှိုက်ပုံသွားစွန့်ပစ်လိုက်လျှင် သူတို့သာ လူအကဲ့အရဲ့ခံရမည်မဟုတ်ပါလား။

အနိမ့်ဆုံးအဆင့် ကိုယ့်ဘာသာ ထမင်းရှာမစားနိုင်သေးသည့်ကျနော့်အား နို့ဝဝမတိုက်လျှင် ထမင်းဝဝမကျွေးလျှင် သူတို့တွင်တာဝန်ရှိသည်မဟုတ်ပါလား။
ကျနော်တောင်းဆို၍ ကျနော့်အလိုပါ၍ သူတို့က ကျနော့်အားလူဖြစ်အောင် ဘဝဖြစ်အောင် အသက်ဓာတ်ဖြစ်လာအောင်လုပ်ပေးရသဖြင့်ဆိုလျှင် ဟုတ်ပါသည်။ သူတို့ကျေးဇူး ကျနော့်အပေါ်တွင်ရှိပါသည်။ ကျနော် ကျေးဇူးတင်ရပါမည်။
သူတို့ ကျနော့်အား မွေးမြူစောင့်ရှောက်ကြခြင်း၌ (တချိန်ချိန်ကြ ငါတို့အိုမင်းလာသည့်အခါ) မျှော်လင့်ချက်တစုံတရာဖြင့် ပြုမူခဲ့ကြခြင်းမဟုတ်ပါဟု ခင်ဗျား အာမခံဝံ့ပါသလား။

ကျနော် အလိုမပါ တောင်းဆိုမှုမပါ ဘုမသိဘမသိနှင့် လူလာဖြစ်ရပြီးနောက်ပိုင်း ကျနော့်ဘာသာရှာသဖြင့် ရခဲ့သည့်ဒုက္ခတွေအတွက်လည်း သူတို့အပါအဝင် ဘယ်သူ့ကိုမှအပြစ်မတင်ပါ။ ထို့အတူ ကျနော့်အလိုမပါ ကျနော့်တောင်းဆိုမှုမပါ သူတို့ဘာသာ စိတ်အလိုသာယာသဖြင့်ရခဲ့သည့် ကျနော့်ဘဝ(အသက်) တွက်လည်း ဘယ်သူ့ကိုမှ ကျေးဇူးတင်စရာမရှိပါ။

ကျနော်လူဖြစ်လာပြီးနောက် ကျနော်ရှာ၍ခံရသည့်ဒုက္ခတွေအတွက် သူတို့တွင်တာဝန်မရှိပါ။ ရှိစရာလည်းမလိုပါ။ ရှိလည်းမရှိပါ။ ရှိပါသည်ဟု သွားပြောလျှင်လည်း အရည်မရအဖတ်မရ ဝဋ်တို့ကံတို့ ဘုရားသခင်တို့နှင့် ဂိတ်ဆုံးမည်သာဖြစ်ပါသည်။

ကျနော် ကလေးရလျင် ကျနော့်ကလေးကို ကျနော် ချစ်ပါမည်။ ပြုစုစောင့်ရှောက်ပါမည်။ မသေအောင် ထားပါမည်။ သို့သော် ကျနော် ဘယ်သောအခါမှ သူ့ကျေးဇူးရှင်အဖြစ်မခံပါ။ ငါးပါးဂုဏလည်း အဝင်မခံနိုင်ပါ။ ကျနော် အလွန်ရှက်ပါသည်။ မျက်နှာလည်း ပူပါသည်။
ခုလည်း ကျနော့်ကြက်လေးတွေ ခွေးလေးတွေ ငါးလေးတွေကို ကျနော်ချစ်ပါသည်။ တခါတရံအိမ်ဘက် ရောက်ရောက်လာတတ်သည့် သမင်များကိုလည်းကောင်း နေ့စဉ်ခြံစိုက်ခင်းထဲက အသီးအနှံများကို လာစားသောက်နေကြသည့် တောယုန်မိသားစုများကိုလည်းကောင်း ကျနော့်ကြက်ပေါက်စလေး ၂ ကောင် ၃ ကောင်လောက်အား သုတ်ချီစားသောက်သွားသော အမေရိကန်လင်းယုန်နှင့် သိမ်းငှက်များကိုလည်းကောင်း အိမ်တံစက်မြိတ်တွင် အသိုက်ဆောက် ကလေးပေါက်ကြသော စာကလေးလိုလို ဘာလိုလို ငှက်ကလေးများကိုလည်းကောင်း ဘဝတူ ဗမာပြည်သားဒုက္ခသည်များကိုလည်းကောင်း ကျနော် တတန်းတည်းထားပြီး ချစ်ပါသည်။ ကျနော့်ကိုယ်ကျနော်လည်း ချစ်ပါသည်။ ကျနော့်ဇနီးကိုလည်း ကျနော်ချစ်ပါသည်။ အမေ့ကိုလည်း ညီအကိုမောင်နှမတွေ ဆွေမျိုးတွေကိုလည်း ချစ်ပါသည်။ မိတ်ဆွေမှန်သမျှကိုလည်း ချစ်ပါသည်။
အနန္တောအနန္တဆိုသည်မှာ မက်လုံးမပါလျှင် အနက်မရှိပါ။ ထို့အတူ တာဝန်ယူမှုမပါလျှင် ပြောရ အလွန်လွယ်ပါသည်။
ထို့ကြောင့် အနန္တောအနန္တများ ကောင်းစားကြပါသည်။ ကြီးပွားကြပါသည်။

မျိုးမြင့်ချို ဖေဖော်ဝါရီ ၁၉၊ ၂ဝ၁၇

0 comments:

Post a Comment