Saturday, March 25, 2017

သွေး (ဘာသာပြန်သူ - မြတ်ငြိမ်း)

0 comments
သွေး (ဘာသာပြန်သူ - မြတ်ငြိမ်း)သူ ဝင်လာချိန်တွင် စကားတစ်ခွန်းမျှ မပြော။ ကျွန်တော်က ကျွန်တော်၏ သင်တုန်းဓားတွေထဲက အကောင်းဆုံး တစ်ချောင်းကို သားရေပြားပေါ်တွင် အပြန်အလှန် ခတ်နေသည်။ ဝင်လာသူသည် သူမှန်း သိလိုက်သည်နှင့် ကျွန်တော် စိတ်လှုပ်ရှားမှုကို ဖုံးကွယ်နိုင်မလား ဆိုပြီး သင်တုန်းဓားကို ဆက်ခတ်နေလိုက်၏။ ဓားသွားကို လက်မဖြင့် စမ်းကြည့်သည်။ ပြီးတော့ အလင်းရောင်ထဲတွင် ထောင်ကြည့်သည်။ ထိုအခိုက်တွင် သူက ကျည်ဆန်တွေ တန်းစီထည့်ထားပြီး သေနတ်အိတ် တွဲလောင်းကျနေသည့် ခါးပတ်ကို ချွတ်သည်။ နံရံပေါ်ရှိ ချိတ်တွင် ချိတ်သည်။ စစ်သုံး ကက်ဦးထုပ်ကို ခါးပတ်ပေါ်မှာ ထပ်ချိတ်သည်။ ထို့နောက် လည်စည်းကို ဖြေရင်း ကျွန်တော့်ဘက် လှည့်သည်။
“ပူပါ့ကွာ၊ ငရဲကျနေတာပဲ။ ကျုပ်ကို မုတ်ဆိတ် ရိတ်ပေးစမ်းဗျာ”
သူက ဆံပင်ညှပ်ခုံတွင် ဝင်ထိုင်သည်။
သူ့ မုတ်ဆိတ်တွေ လေးရက်စာလောက် ရှည်နေပြီဟု ကျွန်တော် မှန်းမိသည်။ ကျွန်တော်တို့၏ တပ်သားတွေကို နောက်ဆုံး လိုက်လံရှာဖွေ တိုက်ခိုက်ခဲ့သည့် လေးရက်။ သူ့မျက်နှာ နီစပ်စပ် ဖြစ်နေ၏။ နေလောင်သောကြောင့် ဖြစ်မည်။ ကျွန်တော် ဂရုတစိုက်ဖြင့် ဆပ်ပြာတုံးကို စကိုင်သည်။ ခပ်ပါးပါး အလွှာကလေးတွေ ရအောင် ဓားဖြင့် လှီးသည်။ ဆပ်ပြာလွှာကလေးတွေကို ခွက်တစ်ခွက်ထဲ ထည့်၊ ကြက်သိမ်းနွေး ရေအနည်းငယ် ရော၊ စုတ်တံဖြင့် မွှေ ချက်ချင်းပင် ဆပ်ပြာမြှုပ်တွေ ထလာသည်။
“ဆရာတို့ တပ်က တခြားသူတွေလည်း မုတ်ဆိတ်တွေ ဆရာ့လောက် ရှည်နေကြရောပေါ့နော်”
ကျွန်တော် ပြောရင်း ဆပ်ပြာရည်ကို ဆက်မွှေ နေလိုက်၏။
“ဒါပေမဲ့ ကျုပ်တို့ အောင်မြင်ပါတယ်။ အဓိက ကောင်တွေကို ဖြိုလိုက် နိုင်တယ်လေ။ တချို့ကို အသေဖမ်းလာတယ်။ တချို့ကတော့ အသက်ရှင်နေတုန်းပဲ။ ဒါပေမဲ့ ဒီကောင်တွေလည်း မကြာခင် ဇီဝိန် ကြွေကြရမှာပါ”
“ဘယ်နှစ်ယောက်တောင် မိခဲ့လို့လဲ ဆရာ”
“ဒီကောင်တွေကို တွေ့ဖို့ တောထဲ တော်တော် နက်အောင် လိုက်ရတာကလား။ ဒါပေမဲ့ အပင်ပန်း ခံရကျိုး နပ်အောင် လုပ်မှာပါ။ ဒီပွဲမှာ ဒီကောင်တွေ တစ်ယောက်ဆို တစ်ယောက်မှ အသက်ရှင်ရက် ထွက်မလာစေရဘူး”
ကျွန်တော့် လက်ထဲက ဆပ်ပြာရည် သုတ်ထားသည့် စုတ်တံကို တွေ့တော့ သူက ဆံပင်ညှပ်ခုံ ကျောမှီကို မှီလိုက်၏။ သူ့ကို ကိုယ်ရုံစ ခြုံပေးရဦးမည်။ အံဆွဲထဲမှ ကိုယ်ရုံစ တစ်စယူပြီး ကျွန်တော့် ဖောက်သည်တော်၏ လည်ပင်းမှာ ပတ်သည်။ သူက စကားပြော မရပ်။ ကျွန်တော့်ကို သူ့ဘက်သားဟု ထင်နေသလား မသိ။
“ဟိုနေ့က ကျုပ်တို့ လုပ်ပြလိုက်တာ မြင်ပြီး ဒီမြို့ကတော့ သင်ခန်းစာ ရသွားလောက် ပါပြီ”
“ဟုတ်ကဲ့” ဟုပြောပြီး ချွေးဖြင့် မည်းပြောင်နေသော သူ့ လည်တိုင်ကို အဝတ်စဖြင့် ချည်လိုက်၏။
“အဲဒီ ပွဲကတော့ တကယ့် ပွဲကြီးပွဲကောင်းပဲနော်”
“သိပ်ကောင်းတဲ့ ပွဲပါ” ကျွန်တော် ဖြေရင်း စုတ်တံကို လှမ်းယူသည်။ ငတိက ပင်ပန်းနွမ်းနယ် ဟန်ဖြင့် မျက်စိစုံမှိတ် ထားသည်။ သူ့အသားနှင့် အေးမြသော ဆပ်ပြာရည် ထိတွေ့ချိန်ကို ငံ့လင့်နေသည်။ ကျွန်တော်သည် ငတိနှင့် တစ်ကြိမ်တစ်ခါမျှ သည်လောက် နီးနီးကပ်ကပ် မဆုံဖူးခဲ့။ သူပုန် လေးယောက်ကို ကြိုးပေးသတ်တာ မြင်ရအောင် စာသင်ကျောင်း ဆင်ဝင်အောက်သို့ တစ်မြို့လုံး တန်းစီ ဝင်ရမည်ဟု အမိန့်ထုတ်သည့် နေ့က သူနှင့် ခဏမျှ မျက်နှာချင်းဆိုင် ဖြစ်ခဲ့သည်။ သို့ပေမဲ့ အကွပ်မျက်ခံများ၏ အလောင်းများ မြင်ကွင်းကြောင့် သည်လိုလုပ်ဖို့ စီစဉ်ညွှန်ကြားသူ၏ မျက်နှာကို မကြည့်ဖြစ်ခဲ့။ ခုတော့ သည် မျက်နှာကြီး ကျွန်တော့် လက်ခုပ်ထဲ ရောက်နေပြီ။ မျက်နှာက အရုပ်ဆိုး အကျည်းတန် မျက်နှာမျိုး မဟုတ်တာတော့ သေချာသည်။ သူ၏ ရှိရင်းစွဲ အသက်ထက် ပိုပြီး ရင့်ရော်ဟန် ပေါက်နေစေသည့် မုတ်ဆိတ်မွေးတွေကလည်း သူ့မျက်နှာပေါ်မှာ သိပ်ပြီး ပုံဆိုးပန်းဆိုးကြီး ဖြစ်မနေ။
သူ့နာမည်က တော်ရေး။ ဆရာ တော်ရေး၊ ကြံကြီးစည်ရာ စီမံတတ်သူ။ ကြည့်လေ ... ကိုယ်လုံးတီး သူပုန်များကို ကြိုးပေး ကွပ်မျက်ပြီး အလောင်းများပေါ်တွင် သတ်မှတ်ထားသည့် နေရာများကို သေနတ်ပစ် လေ့ကျင့်ဖို့ ဆိုတာမျိုးကို ဘယ်သကောင့်သားက ကြံစည် စိတ်ကူးပါမည်လဲ။ ကျွန်တော် ဆပ်ပြာရည်ဖြင့် ပထမတစ်လွှာ သုတ်လိုက်၏။ သူက မျက်စိတွေ မှိတ်ထားလျက်နှင့်ပင် ဆက်ပြောနေသည်။
“ခုနေမှာ ကျုပ် နည်းနည်းလေးမှ အားမထုတ်ရပဲ တစ်ခါတည်း တန်း အိပ်ပျော်သွား နိုင်တယ်ဗျ။ ဒါပေမဲ့ ဒီညနေ လုပ်စရာတွေ အများကြီး ရှိနေသေးတယ်လေ”
“ကွပ်မျက်ရေးတပ်ဖွဲ့ ကိစ္စလား”
ကျွန်တော်က ဆပ်ပြာရည် သုတ်လိမ်းခြင်းကို ရပ်ပြီး စိတ်ဝင်စားမှု မရှိဟန်ဖြင့် မေးလိုက်၏။
“အဲဒီလိုမျိုး ဆိုပါတော့။ ဒါပေမဲ့ ဒီ့ထက် နည်းနည်းကြာမယ်”
သူ့ မုတ်ဆိတ်ကို ဆပ်ပြာရည် ဆက်သုတ် နေလိုက်၏။ ကျွန်တော့် လက်တွေ တုန်လာပြန်ပြီ။ ငတိကတော့ ရိပ်မိမည် မဟုတ်။ သူ မရိပ်မိတော့ ကျွန်တော့်အတွက် အခွင့်သာတာပေါ့။ သို့ပေမဲ့ သူ ခုလို ဝင်မလာလျှင် ကျွန်တော် ပို စိတ်ချမ်းသာမည် ဖြစ်၏။ ကျွန်တော့်ဆိုင်ထဲ သူ ဝင်လာသည်ကို ကျွန်တော့တို့ အဖွဲ့သား တော်တော်များများက မြင်တွေ့သွားဖို့ အလားအလာ များသည်။ တစ်ဦးတစ်ယောက်၏ အမိုးအကာ အောက်မှာ ရန်သူတစ်ဦး ရောက်နေခြင်းက အကျဉ်းအကျပ်များ ဖြစ်ပေါ်စေပါသည်။ သည်လူကို ကျွန်တော်၏ အခြား အခြားသော ဖောက်သည်များ နည်းတူ မုတ်ဆိတ် ရိတ်ပေးချင်သည်။ ဂရုတစိုက် ညင်ညင်သာသာနှင့် သွေးတစ်စက်မျှ မထွက်စေရအောင် အထူး သတိဝီရိယ ထားပြီး ဆောင်ရွက် ပေးချင်သည်။ သူ့ မုတ်ဆိတ် ရှုပ်ရှုပ်ထွေးထွေးများကို ရိတ်ရင်း တစ်ချက်ကလေးမျှ ဓားချက် ချော်မသွားစေချင်။ သူ့ မေးစေ့ အောက်က အရေပြားသည် ပြောင်စင် နေရမည်။ နူးညံ့ချောမွတ် နေရမည်။ ကျွန်တော့် လက်ခုံဖြင့် ပွတ်ကြည့်၊ စမ်းကြည့်လျှင် ကြမ်းတာ ရှတာမျိုး နည်းနည်းကလေးမျှ မရှိစေချင်။
ဟုတ်ကဲ့။ ကျွန်တော်က တိတ်တိတ်ပုန်း သူပုန်တစ်ဦးပါ။ သို့ပေမဲ့ တာဝန်သိသော ဆံပင်ညှပ်သမားလည်း ဖြစ်၏။ နောက်ပြီး ကိုယ့်အလုပ်ကို တိတိကျကျ တာဝန်ကျေကျေ ဆောင်ရွက်ခြင်းကို ဂုဏ်ယူတတ်သူလည်း ဖြစ်၏။ ယခု လေးရက်စာ ရှည်နေသော မုတ်ဆိတ်မွေးကို ကျွန်တော့် လုပ်ရည်ကိုင်ရည်ကို စိန်ခေါ်နေခြင်းဖြစ်၏။
ကျွန်တော် သင်တုန်းဓားကို ယူသည်။ ဓားအိမ်ထဲမှ ဓားသွားပေါ်အောင် ထုတ်သည်။ ပြီးတော့ ပါးတစ်ဖက်ပေါ်မှ ပါးသိုင်းမွေးများကို ရိတ်ချဖြင်း လုပ်ငန်းစသည်။ သင်တုန်းဓားက ကျွန်တော့် စေစားချက်ကို တိတိကျကျ တုံ့ပြန်သည်။ သူ့ မုတ်ဆိတ်မွေးက သိပ်ရှည်လှသည် မဟုတ်။ သို့ပေမဲ့ မာပြီး ကြမ်းပြီး ထူထဲသည်။ အရေပြား နည်းနည်းချင်း ပေါ်လာသည်။ သင်တုန်းဓားက တရွှီးရွှီး မြည်သံပြုပြီး ရိတ်ချသွားသည်။ ဓားသွားပေါ်တွင် ဆပ်ပြာရည်နှင့် မုတ်ဆိတ်မွေးတွေ လုံးထွေးပြီး ကပ်နေသည်။ ဓားသွားကို သန့်စင်ပစ်ဖို့ ခဏ နားလိုက်၏။ သားရေပြားကို ဆွဲယူပြီး ဓားသွားဖြင့် ခတ်သည်။ ဘာ့ကြောင့်ဆို ကျွန်တော်က အလုပ်ကို ကျကျနန လုပ်တတ်သည့် ဆံသသမား တစ်ဦးမို့ပါ။
မျက်လုံးတွေ မှိတ်ထားသည့် ငတိက ခုမှ မျက်လုံးတွေ ဖွင့်သည်။ ခြုံထည်အောက်မှ လက်တစ်ဖက် ထုတ်သည်။ ဆပ်ပြာရည် စင်သွားသည့် နေရာကို စမ်းကြည့်ရင်း ပါးစပ်ကလည်း ပြောသည်။
“ညနေ ခြောက်နာရီကျ ကျောင်းကို လာခဲ့”
“ဟိုနေ့ကလိုပဲ လုပ်မှာလား” ဟု ကျွန်တော် အထိတ်တလန့် မေးလိုက်၏။
“အဲဒီထက် ပိုပြီး သားနားနိုင်တယ်”
“ဆရာ ဘယ်လိုလုပ်ဖို့ စီစဉ်ထားလို့လဲဟင်”
“မသိသေးဘူး၊ ဒါပေမဲ့ ကျုပ်တို့ကိုယ် ကျုပ်တို့ မြူးထူးအောင်တော့ လုပ်ရမယ်”
သူ့ မျက်လုံးတွေ မှိတ်ပြီး ကျောမှီချလိုက်ပြန်၏။ ကျွန်တော်က သင်တုန်းဓားကို အသင့်ပြင်ပြီး သူ့အနားသို့ ကပ်သည်။
“ဆရာက သူတို့အားလုံးကို ပြစ်ဒဏ် ခတ်မလို့လား”
ကျွန်တော် အားစိုက်ပြီး ကြောက်ကြောက်လန့်လန့် မေးသည်။
“အားလုံးကိုပဲ”
သူ့ မျက်နှာပေါ်မှာ ဆပ်ပြာရည် ခြောက်နေပြီ။ ကျွန်တော် လက်သွက်မှ ဖြစ်တော့မည်။ လမ်းဘက်ကို မှန်ထဲမှ လှမ်းကြည့်သည်။ ခါတိုင်းလိုပါပဲ။ ကုန်စုံဆိုင်ထဲတွင် ဝယ်သူ နှစ်ဦး သုံးဦး ရှိသည်။ ထို့နောက် တိုင်ကပ်နာရီကို ကြည့်သည်။ မွန်းလွဲ နှစ်နာရီနှင့် မိနစ်နှစ်ဆယ်။ သင်တုန်းဓားက အထက်မှ အောက်သို့ ရိတ်ချသွားသည်။ သည်တစ်ခါတော့ အခြား ပါးတစ်ဖက် ပေါ်က ပါးသိုင်းမွေးတွေ။ ထူထဲပြီး စိမ်းနေသော ပါးသိုင်းမွေးတွေ။ သည်လူ ကဗျာဆရာ တချို့ သို့မဟုတ် ဘုန်းကြီးတွေလို မုတ်ဆိတ် အရှည်ထားလျှင် ကောင်းမည်။ သူ့အတွက် အဆင်ပြေမည်။ လူ တော်တော်များများက သူ့ကို မှတ်မိမည် မဟုတ်။ သို့ဆိုလျှင် သူ့အတွက် အကျိုးရှိမည်ဟု သူ့လည်ပင်းတစ်ဝိုက်ကို ချောမွေ့အောင် ရိတ်ပေးရင်း ကျွန်တော် စဉ်းစားမိ၏။ သည်နေရာ တစ်ဝိုက်က အမွေးအမှင်တွေမှာ ပျော့ပျောင်းသော်လည်း ခွေလိမ်ရစ်ထုံးနေ သဖြင့် သင်တုန်းဓားကို ကျွမ်းကျွမ်းကျင်ကျင် ကိုင်ရတော့မည်။ မုတ်ဆိတ်မွေး ကောက်ကောက်ကွေးကွေးတွေ။ အရေပြားပေါ်ရှိ မွေးညင်းပေါက်ကလေး တစ်ခု ပွင့်သွားသည်နှင့် သွေးတွေ ဥထွက်လာလိမ့်မည်။ ဆံပင်ညှပ်သမားကောင်း အဖြစ် ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူတတ်သော ကျွန်တော်လို လူက ကိုယ့်ဆီ မုတ်ဆိတ် လာရိတ်သူ တစ်ဦးအား ထိုအဖြစ်မျိုး ဘယ်တော့မျှ အဖြစ်ခံလိမ့်မည် မဟုတ်။
နောက်ပြီး သည် ဧည့်သည်က ပထမတန်းစား ဧည့်သည်။ ကျွန်တော်တို့ အထဲက ဘယ်နှယောက်ကို ပစ်သတ်ဖို့ သူ အမိန့်ပေးခဲ့ပြီလဲ။ ကျွန်တော်တို့ အထဲက ဘယ်နှယောက်ကို ကြိုးပေးသတ်ဖို့ သူ အမိန့်ပေးပြီးပြီလဲ။ သည်အကြောင်း မတွေးတာ ကောင်းသည်။ ကျွန်တော်သည် သူ့ရန်သူဖြစ်ကြောင်း တော်ရေး မသိ။ သည်အကြောင်း သူ မသိသလို တခြား သူ့လူတွေလည်း မသိ။ ဤကား ကျွန်တော်တို့ လူနည်းစုကလေးသာ သိသည့် လျှို့ဝှက်ချက်။ သို့မှ မြို့ထဲမှာ တော်ရေး ဘာလုပ်နေကြောင်း၊ သူပုန်တွေကို လိုက်တိုက်ဖို့ ဘာ အစီအစဉ်တွေ လုပ်ထားကြောင်းတို့ကို တော်လှန်ရေးသမားများအား တိတိကျကျ သတင်းပေးနိုင်မည် မဟုတ်လား။ သည်တော့ တော်ရေး ဆိုသည့် ငတိ ကျွန်တော့် လက်ခုပ်ထဲ ရောက်ခဲ့ပါလျက် မုတ်ဆိတ်ကျင်စွယ် ရိတ်ပေးပြီး အသက်နှင့်ကိုယ် အိုးစား မကွဲဘဲ အေးအေးချမ်းချမ်း ပြန်သွားခွင့် ပြုလိုက်လျှင် ကျွန်တော့်အနေဖြင့် ရှင်းပြရ တော်တော် ခက်လိမ့်မည်။
ခုဆို မုတ်ဆိတ်တွေ ပြောင်တလင်း ခါသလောက် ရှိနေပြီ။ သူ့ ကြည့်ရတာ ပိုပြီး ပျိုမျစ်သွားသည်။ လက်ရှိ အသက်အရွယ်ထက် နှစ်ပေါင်းများစွာ ငယ်နုသွားသလို ရှိ၏။ ဆံပင်ညှပ်ဆိုင်သို့ လာသည့် ယောက်ျားတိုင်း သည်လို ဖြစ်သွားလေ့ ရှိပါသည်။ ကျွန်တော့် ဓားချက်များ အောက်တွင် တော်ရေးသည် ပြန်လည် နုပျိုလာသည်။ ဘာကြောင့်ဆို ကျွန်တော်က ဆံသသမားကောင်း တစ်ဦး၊ သည်မြို့မှာ အတော်ဆုံး ဆံသသမားတစ်ဦး ဖြစ်သောကြောင့်ဟု ကျွန်တော် ပြောရပါလိမ့်မည်။
သူ့ မေးစေ့ အောက်မှာ သူ့ စလုတ် ပေါ်မှာ သည် သွေးပြန်ကြောကြီး ပေါ်မှာ ဆပ်ပြာရည်ကလေး နည်းနည်းစီ ထပ်သုတ်။ အမယ်လေး ... ပူလိုက်တာနော်။ ကျွန်တော့်လိုပင် တော်ရေးလည်း ချွေးပြန် နေလိမ့်မည်။ သို့ပေမဲ့ သူက အကြောက်အရွံ့ မရှိသူ။ သွေးအေးသူ။ ညနေကျလျှင် အကျဉ်းသားများကို ဘယ်လို စီရင်မည် ဆိုတာကိုပင် မစဉ်းစားသူ။ တစ်ဖက်တွင် သင်တုန်းဓားကြီး လက်ထဲကိုင်ပြီး သူ့အရေပြားကို ခြစ်ရင်း ဆွဲရင်း မွေးညင်းပေါက်ကလေးတွေမှ သွေးတွေ ဥထွက် မလာအောင် ကြိုးပမ်းနေသည့် ကျွန်တော့်မှာတော့ ဘာကိုမျှ ရေရေရာရာ ပြတ်ပြတ်သားသား မစဉ်းစားနိုင်။ သည်လူ သည်ကို လာတာကိုက သက်သက် ဒုက္ခ လာပေးတာ။ ဘာ့ကြောင့်ဆို ကျွန်တော်က တော်လှန်ရေးသမား ဖြစ်သော်လည်း လူသတ်သမား မဟုတ်သောကြောင့်ပင်။ နောက်ပြီး သူ့ကိုသတ်ဖို့ ဘယ်လောက် လွယ်လိုက်သလဲ။ နောက်ပြီး သည်ငတိက အသတ်ခံထိုက်သူ။ ဟုတ်ရဲ့လား။ မဟုတ်သေး။ ဘာကိစ္စ သတ်ရမည်လဲ။ လူတစ်ဦး လူသတ်သမား ဖြစ်ရလောက်အောင် ဘယ်သူမျှ အသတ်မခံရသင့်။ သည်လို သတ်လိုက်လို့ သင့်မှာ ဘာ အကျိုး ရှိမည်လဲ။ ဘာမျှ အကျိုးမရှိ။ အခြား သူတွေ ... ပြီးတော့ နောက်ထပ် အခြားသူတွေ လာမည်။ ပထမလူတွေက ဒုတိယလူတွေကို သတ်၊ နောက်လူတွေက သူ့ကို ပြန်သတ်။ သည်လိုဖြင့် သံသရာ မဆုံးနိုင်ဘဲ အရာရာတိုင်းသည် သွေးပင်လယ်ကြီး ဖြစ်သွားလိမ့်မည်။
ယခု သည်လည်ပင်းကို ကျွန်တော် တိခနဲ လှီးဖြတ်ချလိုက်လို့ ရသည်။ သူ ညည်းညူချိန်ပင် ရလိုက်မည် မဟုတ်။ နောက်ပြီး သူက မျက်လုံးတွေ မှိတ်ထားတော့ အရောင် တလက်လက် တောက်နေသည့် ဓားသွားကို မြင်မည် မဟုတ်သလို အရောင် တဖျပ်ဖျပ် လက်နေသည့် ကျွန်တော့် မျက်လုံးတွေကိုလည်း တွေ့မြင်မည် မဟုတ်။ သို့ဖြစ်သည့်တိုင် ကျွန်တော်က လူသတ်မှုတကယ် ကျူးလွန်ထားသူ တစ်ဦးလို တဆတ်ဆတ် တုန်နေ၏။ သူ့လည်ချောင်းမှ သွေးတွေ ပန်းထွက်လာပြီး ကိုယ်ရုံပေါ်သို့ ကျမည်။ ကုလားထိုင်ပေါ်သို့ ကျမည်။ ကျွန်တော့် လက်တွေပေါ်သို့၊ အောက်ခင်း ကြမ်းပြင်ပေါ်သို့ ကျမည်။ ကျွန်တော် တံခါးပေါက်ကို ပိတ်ပစ်ရလိမ့်မည်။ သွေးတွေက ကြမ်းပေါ်မှာ တရွေ့ရွေ့ စီးဆင်းသွားမည်။ ပူပူနွေးနွေး သွေးတွေ။ ထိန်းမရ တားမရ လမ်းပေါ် ရောက်သည်ထိ နီစွေးသော စမ်းချောင်းကလေး တစ်စင်းလို စီးဆင်းသွားလိမ့်မည်။ ဖိအားထည့်ပြီး ခပ်နက်နက်ကလေး လှီးလိုက်လျှင် ဝေဒနာ ခံစားရမည် မဟုတ်ကြောင်း ကျွန်တော် ကျိန်းသေ သိသည်။ သူ ခံစားနေရမည် မဟုတ်တာ သေချာသည်။
သို့ဖြစ်စေကာမူ ...
သူ့ အလောင်းကြီးကို ဘယ်လို စီမံရမည်လဲ။ ဘယ်နေရာမှာ သွား ဝှက်ထားရမည်လဲ။ ကျွန်တော် ထွက်ပြေးရလိမ့်မည်။ ကိုယ့်မှာ ရှိရှိသမျှ ပိုင်ဆိုင်သမျှ အရာတွေ အားလုံး ထားပစ်ခဲ့။ ဝေးသော ... ဝေးလွန်းမက ဝေးသော အဝေး တစ်နေရာမှာ သွားပြီး ခိုလှုံနေ။ သို့သော် ကျွန်တော့်ကို ဖမ်းမိသည့်အထိ သူတို့ လိုက်လာကြလိမ့်မည်။
“ဆရာ တော်ရေးကို သတ်တဲ့ကောင်။ ဆရာ မုတ်ဆိတ်ရိတ် ခံနေတုန်း လည်ပင်းကို ဓားနဲ့ လှီးသတ်သွားတာ ...၊ သရဲဘောကြောင်တဲ့ ကောင်”
တခြား တစ်ဖက်ကတော့ကော။
“ငါတို့ အားလုံးရဲ့ ကိုယ်စား လက်စားချေ သွားတဲ့ ပုဂ္ဂိုလ်။ အမှတ်တရ ဖြစ်နေရမယ့် နာမည်ပေါ့။ (သူတို့ ကျွန်တော့် နာမည်ကို ပြောကြလိမ့်မည်။) သူဟာ တို့မြို့က ဆံပင်ညှပ်သမား။ ငါတို့ရဲ့ အရေးတော်ပုံကို သူ ကာကွယ်သွားတယ် ဆိုတာ ဘယ်သူမှ မသိလိုက်ဘူး”
သည်တော့ ဘာတွေ ဖြစ်လာမည်လဲ။ လူသတ်သမားလား။ သူရဲကောင်းလား။ ကျွန်တော့် ကံကြမ္မာသည် သည်ဓားသွားပေါ်မှာ တည်မှီနေ၏။ ကျွန်တော့်လက်ကို နည်းနည်းကလေး စောင်းလိုက်၊ သင်တုန်းဓားကို နည်းနည်းကလေး ပိုပြီး လည်ချောင်းထဲ မြုပ်ဝင်သွားအောင် လှီးလိုက်၊ အရေပြားသည် ပိုးသားလို၊ ရော်ဘာပြားလို၊ သားရေပြားလို တိခနဲ ပြတ်သွားလိမ့်မည်။ လူသား၏ အရေပြားထက် နူးညံ့တာ မရှိ။ နောက်ပြီး သည် အရေပြား အောက်မှာ သွေးတွေက အမြဲရှိသည်။ ပန်းထွက်ဖို့ အသင့်ဖြစနေသည်။ သည် ဓားသွားမျိုးက ဘယ်တော့မျှ ချွတ်ချော်တိမ်းစောင်းမှု မဖြစ်။ သည်ဓားက ကျွန်တော့် ဓားတွေထဲမှာ အထက်ဆုံး ဓား။
သို့ပေမဲ့ ကျွန်တော် လူသတ်သမား မဖြစ်ချင်။ မဖြစ်ပါရစေနဲ့ ဆရာသမားရယ်။ ခင်ဗျားက မုတ်ဆိတ်ရိတ်ဖို့ ကျွန်တော့်ဆီ လာတယ်။ ကျွန်တော်က ကိုယ့်အလုပ်ကိုယ် ဂုဏ်ရှိရှိ လုပ်တယ်။ ကျွန်တော့်လက်ကို သွေးမစွန်းချင်ပါဘူး။ ဆပ်ပြာရည်ပဲ စွန်းပါစေ။ ဒါလောက်ပါပဲ။ ခင်ဗျား အဆုံးစီရင်ရေးသမား။ ကျွန်တော်က ဆံပင်ညှပ်သမားလောက်ပါ။ လူတစ်ဦးချင်း တစ်ဦးချင်းဟာ လူ့ဘုံခန်းဝါမှာ သူ့ ကိုယ်ပိုင်နေရာနှင့်သူ ရှိပါတယ်။ ဒါအမှန်ပဲ။ သူ့ ကိုယ်ပိုင်နေရာနှင့် သူပါ။
ခုတော့ သူ့မေးစေ့သည် ရှင်းသန့်သွားအောင် ရိတ်သင်ပြီး၍ ချောမွတ်နေပြီ။ သကောင့်သားက ခါးမတ်ပြီး မှန်ထဲကို လှမ်းကြည့်သည်။ သူက သူ့လက်တွေဖြင့် သူ့ အရေပြားကို ပွတ်ကြည့်သည်။ လတ်ဆတ်သစ်လွင်ခြင်းကို ခံစားသည်။
“ကျေးဇူးပဲ”
သူ ပြောသည်။ ခါးပတ်၊ ပစ်စတိုနှင့် ကက်ဦးထုပ်ကို ယူဖို့ နံရံချိတ်ဆီသို့ သွားသည်။ ကျွန်တော့်မျက်နှာ ဖြူဖျော့နေမှာ သေချာသည်။ ကျွန်တော့် ရှပ်အင်္ကျီမှာ ချွေးတွေ ရွှဲနစ်နေ၏။ တော်ရေးက ခါးပတ်ခေါင်းကို တပ်သည်။ သေနတ်အိတ်ထဲတွင် ပစ်စတိုကို နေသားတကျ ထည့်သည်။ သူ့ ဆံပင်တွေကို လက်ဖြင့် သပ်ပြီး ကက်ဦးထုပ် ဆောင်းသည်။ ကျွန်တော့်ကို ဝန်ဆောင်ခပေးဖို့ သူ့ ဘောင်းဘီအိတ်ထဲမှ ငွေအကြွေ အတော်များများ ထုတ်ယူသည်။ ပြီးတော့ တံခါးပေါက်ဆီ လျှောက်သွားသည်။ တံခါးဝသို့ ရောက်မှ ခဏ ရပ်သည်။ ကျွန်တော့်ဘက် လှည့်ပြီး ပြောသည်။
“မောင်ရင်က ကျုပ်ကို သတ်လိမ့်မယ်လို့ သူတို့က ပြောတယ်ကွ။ အဲဒါ ဟုတ်၊ မဟုတ် သိရအောင် လာခဲ့တာပဲ။ ဒါပေမဲ့ လူသတ်တယ် ဆိုတာ လွယ်တာမှ မဟုတ်ဘဲကွာ။ မောင်ရင် ကျုပ်ပြောတာ မှတ်ထား၊ သိလား”
ပြီးတော့ လမ်းမဆီသို့ ထွက်သွားတော့၏။
(Just Lather, That's All by Fernando Tellez)
---------
မြတ်ငြိမ်း
သည်းထိတ်ရင်ဖို မဂ္ဂဇင်း၊ အောက်တိုဘာလ၊ ၂၀၀၃။
အင်္ဂလိပ် ဘာသာဖြင့်
https://www.dropbox.com/s/cyzvzv…/just_lather_thats_all.pdf…

Friday, March 24, 2017

သစ်ခွ(မျိုးမြင့်ချို)

0 comments
မနက်က ပန်းကန်ဆေးသည့် Sink နားမှာ လက်ဆေးရင်း သစ်ခွအိုးတွေကိုကြည့်မိသည်။ ဘုရားရေ အားလုံးပွင့်နေကြပါပကောလား။ ကျနော် နေ့တိုင်းတွေ့နေပါလျက် ဘာ့ကြောင့် ပန်းတွေပွင့်နေတာကို မမြင်ခဲ့တာလဲ။ ပန်းအိုးတွေတင်ထားသည့် တြိဂံပုံအဆင့်လေးမျက်နှာကြက်ရှိ မီးချောင်းကိုဖွင့်ပြီး Day Light ထဲမှာကြည့်မိသည်။ ခရစ္စမတ်စ်ကက်တပ်စ် Christmas Cactus ကလည်း အစိမ်းလွင်နေသည်။ အစို့သစ်လေးတွေ အရွက်တိုင်း၏အနားသတ်မှာ ပုရစ်ဖူးနေကြပြီ။ ဂျပန်သက်ကြီးပင်ပုလေးလည်း ရွက်သစ်လေးတွေထွက်နေပြီ။ အရွက်တွင်အာဟာရလှောင်သည့် ရွက်ထူထူပင်လေးလည်း ရွက်နုတွေထိုးနေပြီ။ သစ်ခွတွေကို သေချာ အနီးကပ်ကြည့်မိပါသည်။ စုစုပေါင်း ထိုတနေရာတည်းတွင် သစ်ခွ ၅ အိုးရှိပါသည်။ ထူးထူးဆန်းဆန်း ၅ အိုးလုံး ၅ ပင်လုံးပွင့်နေတာတွေ့သဖြင် မှင်တက်မိသည်။

သစ်ခွဆိုသည်မှာ များသောအားဖြင့် ဘာရနံ့မှမရှိတတ်ပါ။ အဆင်း၏အလှသက်သက်သာဖြစ်ပါသည်။ သို့သော် ဇနီးသည် မနှစ်ကဝယ်ချလာသည့် သစ်ခွတမျိုးမှာမူ အနံ့ပြပြလေးထွက်ပါသည်။ အနံ့လေးမျာ ချစ်စရာအလွန်ကောင်းပါသည်။ မွှေးရနံ့မဟုတ်ပါ။ အပွင့်လေးနား နှာခေါင်းကပ်ပြီး သေချာမွှေးကြည့်လျှင် လောကတွင်မရှိသည့်ရနံ့တခုခုကို ရှူရှိုက်မိသလို ခံစားမှုဖြစ်ပါစေသည်။

နောက်တအိုးမှာ အပင်ကသာ လေးလက်မခန့်ရှိသော်လည်း ခရမ်းနုရောင် မရမ်းနုရောင် အပွင့်ဖားဖား အပွင့်ကားကားကြီးတွေပွင့်တတ်သည့် သစ်ခွဖြစ်ပါသည်။ ထိုသစ်ခွအား ဇနီးသည်က ဝယ်ပြီးကတည်းက တနှစ်လောက် ဧည့်ခန်းထဲက ကော်ဖီစားပွဲပေါ်ထားပါသည်။ အပင်သေးသေးလေးမှာ အပွင့်ဖားကြီးတွေ တဝေဝေနှင့်မို့ အိမ်လာလည်သူတိုင်း ကောက်ကိုင်ကြည့်ကြပါသည်။

သူ့ပန်းအိုးလေးမှာ တရုတ်ကြွေသားအစစ်ဖြင့်လုပ်ထားသည့် ၃လက်မခန့်မြင့်ပြီး အဝကျယ် ၂ လက်မသာရှိသည့် ပိစိကွေးလေးဖြစ်ပါသည်။ လက်တဆုပ်ပင်မပြည့်ပါ။ သို့သော် ထိုလက်တဆုပ်မပြည့်သည့်အိုးလေးထဲက လေးလက်မခန့်အပင်လေးမှာ ၂ လက်မကျော်သည့် ပန်းပွင့်တွေ တပင်လုံး တအိုးလုံးသိပ်ကာ ပွင့်နေကြသည်မှာ ထူးဆန်းသလိုဖြစ်သဖြင့် လူ့အာရုံအဆွဲဆောင်နိုင်ဆုံးဖြစ်ခဲ့ပါသည်။ သူ့တွင် ဘာရနံ့မှမရှိပါ။ သို့သော် သူသည် သဏ္ဍန်အရ အရောင်အရ ဖြစ်တည်မှုအရ လောကကို အလှဆင်ပါသည်။ လူတွေ အာရုံကိုဖမ်းစားနိုင်ပါသည်။ တနှစ်လောက်ကြာတော့ သူ့အပွင့်တွေလည်း ခြွေလို့ကုန်ပါပြီ။ သူလည်း ညှိုးလျော်ခြောက်သွေ့သွားပါသည်။ သူ့ဘဝနှင့် သူ့အလှက တနှစ်ခံသာဖြစ်သည်ဟု ဇနီးကပြောကာ ထိုပန်းအလှလေးအား ခုနကျနော်ပြောသည့် လက်ဆေးကန်အထက်ကစင်ပေါ် တင်ထားလိုက်ပါသည်။ ကျနော် စိတ်မကောင်း ဖြစ်ရပါသည်။

ရန်ကုန်တွင်နေစဉ်က အမေက စပိုက်ဒါ ဘာညာအပါအဝင် သစ်ခွတွေစိုက်ပါသည်။ သစ်ခွဆိုတာ အုတ်နီခဲရယ် မီးသွေးရယ် အုန်းဆံဖတ်ရယ်ထည့်ပြီး သားစိမ်းငါးစိမ်းရည်လောင်းပေးရင် သူများနဲ့မတူဘူး အပွင့်လည်းပိုကြီး အသွေးလည်းပိုလှတယ်ဟုပြောဖူးသည်ကို နားထဲပြန်ကြား စိတ်ထဲပြန်မြင်သဖြင့် ထိုပန်းအလှလေးကို အိုးပေါက်စနလေးထဲမှထုတ်ကာ အောက်တွင် ကျောက်စရစ်ခဲလေးသုံးလေးလုံး ဗမာကုန်စုံဆိုင်မှ တောင်းလာသည့်အုန်းဆံဖတ်လေး တဖတ်နှဖတ် မီးသွေးခဲလေးတစနှစထည့်ကာ ပြန်စိုက်လိုက်ပါသည်။

အဇ္ဇီနှင့်ရော့ကီတို့အတွက် အမဲရိုးမပြုတ်ခင်တိုင်း အရိုးတွေကိုရေဆေးချပြီး ထွက်လာသည့်အရည်ကိုခံပြီး လောင်းလောင်းပေးပါသည်။ အရည်ပိုများကို လေလုံပိတ်ဗူးတွင်ထည့်ကာ ရေခဲသေတ္တာထဲ သိမ်းထားပါသည်။ ၃ ရက် တခါလောက် အမဲသားစိမ်းရည်လေး ဖျန်းဖျန်းပေးပါသည်။ ၂ လလောက်ရှိတော့ သူ ထူထူထူထောင်ထောင် ပြန်ဖြစ်လာပါသည်။ မျက်နှာလေး ပြန်လန်းလာပါသည်။ ကျနော်လည်း ပျော်ပါသည်။ အပင်လေးလန်းလာသဖြင့် ကျနော်လည်း သြော် သူပြန် အသက်ရှင်သွားပြီကိုးဟုစိတ်ဖြင့် သိတ်လှည့်မကြည့်ဖြစ်တော့ပါ။ သားစိမ်းရည်လည်း မလောင်းဖြစ်တော့ပါ။

ဒီနက်က ကျနော် သူတို့အထက်ကမီးချောင်းဖွင့်ပြီး သူတို့အားလုံးကို စေ့စေ့ငုငုကြည့်နေချိန်တွင် ဇနီးက အနားလာပြီး ကျေးဇူး မျိုး။ ဒီသစ်ခွဟာ တသက်မှာ တခါပဲပွင့်တယ်၊ တနှစ်ခံမျိုးပဲဖြစ်တယ်။ ဒါပေမယ့် တို့အိမ်မှာ နောက်တခါပြန်ပွင့်တယ်၊ ဘယ်လောက်လှလဲ ကြည့်ပါဦးဆိုကာ ထိုပိစိကွေးသစ်ခွပန်းအိုးလေးအား ကျနော့်မျက်စေ့ရှေ့ ဆွဲထုတ်ပြပါသည်။

ဟာ သူ့တပင်လုံး အပွင့်တွေဖုံးနေပါလား၊ သူပြန်ပွင့်ပြီလားဟု အာမေဋိတ်ပင်ဖြစ်ရပါသည်။ ဇနီးက အပင်လေးကို တယုတယကိုင်ရင်း အပွင့်လေးတွေကိုတမြတ်တနိုးနမ်းရင်း Well, I will move and place it in living room ဟုပြောပြီး ဧည့်ခန်းထဲက ကော်ဖီစားပွဲပေါ်ပြန်တင်လိုက်ပါသည်။

သို့ဖြင့် တနှစ်သာအချစ်ခံရမည့်ပန်းအပွင့်များသည် ၂ နှစ်စာ ချစ်စရာဖြစ်ရပါသည်။ ကျနော်လည်း ဤ ခရမ်းဖျော့မရမ်းဖော့အပွင့်လေးတွေကြည့်ရင်း အမေ့ကိုသတိရနေပါသည်။ အမေသည် ပန်းအသက်ကိုမျှမက သားသမီးတို့အသက်ကိုပါ ဆက်ပေးသူဖြစ်ပါသည်။

Thursday, March 23, 2017

သုံး တင်ညွန့်(မျိုးမြင့်ချို)

0 comments
တပ်ထဲနေတုန်းက ကျနော်တို့ လူပျိုရိပ်သာတွင် တင်ညွန့် ၃ ညွန့်ရှိပါသည်။ ယူနီဖေါင်း ဘိုသီဘတ်သီနှင့် အရက်သောက်၍ မှုံတေတေနေတတ်သော တင်ညွန့်အား မှုံကြီးတင်ညွန့်၊ နေရာတကာ ကပ်တီးကပ်ဖဲ့လုပ် ဂျစ်တိုက်တတ်သည့် ပေစောင်းစောင်းရုပ်နှင့်တင်ညွန့်အား ဂျစ်ကြီးတင်ညွန့်၊ မနက်တိုင်း ဘုရားရှိခိုး ညနေတိုင်း စေတီတခုခုသွား ပုတီးစိပ်သည့် ဥပဓိရုပ်လွန်စွာခန့်ညားသောတင်ညွန့်အား ဗုဒ္ဓတင်ညွန့်ဟု အများတကာက ရှေ့တင်ရော ကွယ်ရာတွင်ပါခေါ်ပါသည်။ ပြသနာမှာ မှုံကြီးလည်းမရှိ၊ ဂျစ်ကြီးလည်းမရှိပါ။
ဒုတပ်ကြပ် မှုံကြီးက ဂျူတီမရှိလျှင်တနေကုန်မူးပြီး ကိုစောညိမ်းသီချင်းတွေ ဆိုနေပါသည်။ တခါတလေ မယ်ဇယ်သီးကြွေတွေ လိုက်ကောက်နေတတ်ပါသည်။ မယ်ဇယ်သီးတပြည်လျှင် ၄ ကျပ်ဆိုလားမသိ ရပါသည်။ သူ့လက်ထဲ ငွေပြတ်လျှင် သူကောက်ထားသည့် မယ်ဇယ်သီးများသွားရောင်းပြီး အရက်သောက်ပါသည်။ ငါ့လုပ်စာနဲ့ငါသောက်တာ မယ်ဇယ်ပင်ကြီးကလွဲလို့ ဘယ်မအေလိုး စောက်ဂရုစိုက်ရမှာလဲဟု မူးမူးနှင့် မယ်ဇယ်ပင်ကြီးအောက် တယောက်တည်းထိုင်ကာ ဇက်ကျိုးနေတတ်ပါသည်။ ဘယ်သူ့မှ ရန်သတ္တုမပြုပါ။ ချစ်စရာကောင်းပါသည်။ သူသည် မယ်ဇယ်ပင်ကြီးကိုလည်းကောင်း စစ်သားဖြစ်ရခြင်းကိုလည်းကောင်း အလွန်ချစ်မြတ်နိုးသူဖြစ်ပါသည်။ ပြဿနာမရှိပါ။

တပ်သား ဂျစ်ကြီးကလည်း ကပ်ဖဲ့ပြိုင်တိုက်မည့်သူမရှိလျှင် ကီဝီဆေးနှင့်ဖိနပ်တိုက်လိုက် ဘရာဇိုနှင့်ခါးပတ်ခေါင်းတွေတိုက်လိုက် သူ့ခေါင်းသူ အုန်းဆီတွေလိမ်းပြီး ဘီးနှင့်တိုက်ချင်တိုက်လိုက် လုပ်နေတတ်ပါသည်။ ယူနီဖောင်းကိုလည်း အမြဲတမ်းကြော့နေအောင်ဝတ်ပါသည်။ အကိုဘာညာနှင့်ခေါ်ပြီး အောက်စီးကဝင် စကားပြောလျှင် ညီလေးရ ငါတို့တပ်ထဲဝင်တုန်းက လေ့ကျင့်ရေးက မင်းတို့ခေတ်လို မဟုတ်ဘူး သိတ်ပြင်းတာကွ။ ပီတီအေးမောင်လက်သံပြောင်ဆိုတာဘယ်လိုကွာ၊ ဒုအရာခံဗိုလ်ရွှေလဝင်းကလည်း သူ့ကိုယ်သူ ဗိုလ်မှတ်ပြီး အလေးပြုကလည်း တယ်ခံချင်တာကွာ၊ သူလာတုန်း အလေးများမပြုလိုက်မိလို့ကတော့ တခွဲလုံး တန်းစီပါးရိုက်ခံရတာကွ ဘာညာတွေပြောရင်း ဆေးလိပ်ထုတ်တိုက်တတ်ပါသည်။ သူလည်း စစ်သားဖြစ်ရတာကို ကျေနပ်နှစ်သက်နေသူဖြစ်ပါသည်။ ပြဿနာမရှိပါ။

ပြဿနာက စီနီယာတပ်သားကြီး ဗုဒ္ဓတင်ညွန့်။ ဂျူတီကုန် တန်းဖြုတ်ပြီးညနေစောင်းလျှင် တချို့လည်း ဘော်လီဘောပုတ်ကြပါသည် တချို့လည်း စားမန်ခုတ်ကြပါသည် တချို့လည်း ဆော်ခုတ်ရန် ပြင်ကြသကြပါသည်။ ကျနော်တို့ ယမကာလုလင်တသိုက်က တပ်တွင်းသက်သာဆိုင်မှ ရှမ်းအရက်များဝယ်ကာ ပေါပေါပဲပဲအမြည်းလေးများ အပါအဝင် မက်စ်မှ မနက်ခင်းလက်ကျန်ကြက်သွန် ဂေါ်ဖီ ခရမ်းချဉ်သီး နံနံပင်စတာတွေသွားယူကာ ညစာအသားဟင်းတုံးလေးများ ဟင်းနှစ်လေးများဖြင့် အသုတ် သုတ်ပြီးမြည်းရန် ကြံဆောင် အားထုတ်ကြပါသည်။ ထိုအချိန်တွင် ရေမိုးချိုးပြီးသန့်ပြန့်နေသည့် ကော်လာကတုံးအဖြူ ယောဂီရောင်ပုဆိုး လက်တွင်စိတ်ပုတီးပတ်ထားသည့် ဗုဒ္ဓတင်ညွန့်က သုရာမေရယဆိုတာဘာညာ ဘုရားမကြိုက်ဘူးတွေဘာတွေ လာလာပြောပါသည်။ ကိုယ့်ထက်စီနီယာလည်းဖြစ် အသက်လည်းကြီးသဖြင့် ပြန်ခံမပက်ကြသော်လည်း စိတ်ထဲ ဘယ်သူမှမနှစ်မြို့ပါ။ တခါသားတော့ ပီတာဂျူပီဆိုသည့် မင်္ဂလာတောင်ညွန့်သားက အကိုကြီးကလည်းဗျာ ဘုရားလည်း သူမကြိုက် မသောက်နဲ့ပေါ့။ ကျနော်တို့လည်း ကိုယ်ကြိုက်လို့ ကိုယ်သောက်နေတာပဲဟာ။ သူ့လည်း ကျနော်တို့က အတင်း လိုက်တိုက်နေတာမှ မဟုတ်တာဟုပြောတော့ ဗုဒ္ဓတင်ညွန့် မျက်နှာကြီးနီကာ အပါယ်လားမယ့်ကောင်တွေပြောပြီး ထွက်သွားပါသည်။ သို့သော် သူ မမှတ်ပါ။ နောက်လည်း ပြောပါသည်။

မနက်ခင်း တပ်တွင်းသက်သာလဘက်ရည်ဆိုင် လူစည်ချိန်တိုင်း သီလတွေ ဘာဝနာတွေ သမာဓိတွေ ၃၁ ဘုံတွေ စုံနေအောင်ပြောပါသည်။ ကိုယ်ကျင့်တရားဆိုတာတွေလည်းပါပါသည်။ မနက်စာလာဝယ်သည့် အိမ်ထောင်သည်အမျိုးသမီးများက သူ့အား လေးစားသည့်မျက်နှာထားများနှင့် ငေးမောနားထောင်ကြပါသည်။ လူကြီးများကလည်း သူ့ကို သဘောကျကြပါသည်။ ခွဲအရာခံဗိုလ်လွင်အောင်ကဆိုလျှင် မန်းဒေးပရိတ်မှာတောင် မင်းတို့ တင်ညွန့်လို ဘုရားတရားနဲ့နေကြစမ်းကွာ၊ စစ်သားဆိုတာ အချိန်မရွေးသေနိုင်တာ၊ သေခါနီးလေးမှာ သရဏဂုံ မတည်ရတောင် စိတ်ထဲက ဘုရားတရားသံဃာဂုဏ်ကို ဖျတ်ကနဲအောက်မေ့မိလိုက်ရင် ဘဝကူးကကောင်းပြီကွဟုပြောပါသည်။ ကျနော်တို့ သူ့ကွယ်ရာတွင် လွင်အောင်ပေါတာကြီး ဗုဒ္ဓတင်ညွန့်ကို တင်နေတယ်ဟု ကဲ့ရဲ့တင်းဖျင်းစကားဆိုပါသည်။

တနေ့တော့ ဗုဒ္ဓတင်ညွန့်ကွိုင်တက်ပါသည်။ ကျနော်နှင့် အခြားလူပျို ၃ ယောက်က ရှေ့တန်းကပြန်ရောက်၍ အနားတပတ်ရနေချိန်မို့ အဝတ်အစားဝယ် အလည်အပတ်ထွက် ညနေညနေစည်တယ်လေတွေ လုပ်နေကြပါသည်။ လက်ထဲလည်း ၆ လစာလောက် လစာစုမိထားပါသည်။ တည ကျနော်တို့သောက်နေသည်မှာ လိုင်းဒေါင်းပေးချိန် ၉ နာရီလွန်နေပါပြီ။ တာဝန်ကြပ်ကြီးက ဟေ့ကောင်တွေအိပ်တော့ မအိပ်ရင်လည်း တိုးတိုးတိတ်တိတ်လုပ်၊ ကက်ဆက်ပိတ်တော့ပြောတော့ ကျနော်တို့က ဟုတ်ကဲ့ဆရာကြီး ခနနေရင်အိပ်မှာပါဟုပြန်ပြောနေခိုက် တာဝန်မှူးရုံးမှ တာဝန်ကျဆက်သားရောက်လာပြီး ဆရာကြီး တာဝန်မှူးကပြောခိုင်းလို့။ မော်တော်ယဉ်ဌာနကလည်း ကားထုတ်ခိုင်းပြီးပြီ။ ဆရာကြီးနဲ့ကျနော် ရဲစခန်းသွားရမယ်ဟုပြောပါသည်။ တပ်ကြပ်ကြီးက ဘာဖြစ်လို့တုန်းဆိုတော့ ဖာတန်းရဲဝင်စီးတာ ကိုတင်ညွန့်ကြီးပါ မိသွားလို့တဲ့။ ဘယ်ကလဲဆိုတော့ သူက ဘီအီးတပ်ကလို့ပြောလို့ ရဲက တပ်ကိုလှမ်းပြောတယ်။ လာခေါ်ပါဆိုပြီး။ အဲ့ဒါ တာဝန်မှူးက ဆရာကြီးနဲ့ကျနော့်ကို သွားခိုင်းလို့ဟု ဆိုပါသည်။

ဒီတော့မှ ဗုဒ္ဓတင်ညွန့်နှင့် တဇောင်းစေး ဒုတပ်ကြပ်တယောက်က ထလာပြီး နည်းတောင်နည်းသေတယ်ဆိုသည့်မျက်နှာပေးနှင့်လေသံနှင့် ကြွက်ခိုးစားနေတာကဖြင့်ကြာလှပြီ ဒီကြောင်သူတော် ခုမှ လက်ပူးလက်ကြပ်ဟုပြောပြီး ရယ်နေပါသည်။

မနက်လင်းတော့ ဗုဒ္ဓတင်ညွန့်ကြီး ဗဟိုကင်းအချုပ်ခန်းရောက်နေပါသည်။ ထိုနေ့ဗဟိုကင်းတာဝန်ခံမှာ မှုံကြီးဖြစ်ပြီး ကင်းသားများတွင် ဂျစ်ကြီးလည်း ပါပါသည်။ ကျနော်က လူပျိုဆောင်မှ ဗုဒ္ဓတင်ညွန့်အတွက် အချုပ်ထမင်းသွားပို့တော့ မှုံကြီးက ဘုရားမကြိုက်တာလုပ်တဲ့ငါတို့ကျ အချုပ်မကျပါလားဟုပြောပြီး ဂေ့ကနဲ့လေတက်ရင်းပြောပါသည်။ ကျနော်က အကို ဖြေလိုက်ပါလား သွေးတောင်းနေပြီဟုဆိုတော့ ဟေ့ကောင် Duty is duty ဟုပြောပါသည်။ ဗုဒ္ဓတင်ညွန့်လည်း မျက်နှာမသာမယာဖြင့် ကျနော်လာပို့သည့် ထမင်းနှင့်ဟင်းကိုယူကာ အချုပ်သားများ ထမင်းစားရမည့်နေရာတွင် စားနေပါသည်။
ဤကား ကျနော် ကြုံခဲ့သည့် တင်ညွန့် ၃ ညွန့်အကြောင်းဖြစ်ပါသည်။
မတ်ခ်ျ ၂၃၊ ၂ဝ၁၇

Wednesday, March 22, 2017

ရုပ်အတုများ(မျိုးမြင့်ချို)

0 comments

စေတလုံးပိုင်ရှင်တွေဟာ သက်ရှိထင်ရှားရှိနေကတည်းက တချိန်ချိန်ကြ သူတို့အရုပ်ကြီးတွေ အဖြိုချအဖျက်ဆီးခံရနိုင်တယ်ဆိုတာမသိလို့ အရုပ်ကြီးတွေလျှောက်ထု လျှောက်စိုက် လျှောက်ထူ လူတွေကို အလေးလိုက်ပြုခိုင်းနေတာမှ မဟုတ်တာ။ သူတို့ရှင်နေတုန်း သူတို့လူအစစ်ကိုမက သူတို့အတု(အရုပ်)ကြီးတွေကိုပါ လူတွေက ကြောက်ရွံ့လန့်ဖြန့်နေအောင် တမင် ရည်ရွယ်ချက်ရှိရှိလုပ်ခဲ့တာပဲ။ သူတို့သေသွားတဲ့အခါ နောက်လူတွေဘာလုပ်လုပ် သူတို့ဘာမှမသိတော့ဘူးဆိုတာ သူတို့သိတာပေါ့။ နောက်လူတွေ သူတို့အရုပ်တုကြီးတွေကို ဖြိုချရုံမကလို့ အီးပဲကုန်းကုန်း ဖင်ပဲဆေးဆေး အဲ့ဒါ သူတို့အလုပ်မဟုတ်ဘူး။ အဲ့ဒါ သူတို့မတွေးဘူး။ သူတို့တွေးတာက သူတို့ရှင်နေတုန်း တနည်းပြောရရင် အာဏာရှိနေတုန်း သူတို့ကို ကိုးကွယ်နေဖို့ အလေးပြုနေဖို့ လန့်ဖြန့်နေဖို့ ဒီလောက်ပဲ။
ဗိုလ်အောင်ဆန်းကြတော့ ထူးခြားတယ် သူရှင်နေတုန်း (အာဏာမစို့မပို့ရထားတုန်းက) သူ့အရုပ်ကြီးတွေ လူတွေကိုတိုင်းပြည်ကို လိုက်မထုခိုင်း မထူခိုင်း မစိုက်ခိုင်းခဲ့ဘူး။ သူရှင်နေတုန်းက ထုခဲ့တဲ့ သူ့အရုပ်အတု ဘယ်နှခုရှိလားမရှိလား ကျနော်လည်း အဲ့လောက် မလေ့လာမိဖူးဘူး(သိသူတွေရှိရင်တော့ ပြောပြကြစေချင်ပါတယ်) ကျနော် သိသလောက်ကတော့ ဗိုလ်အောင်ဆန်းဟာ သူရှင်နေတုန်းက သူ့အရုပ်အတုကြီးတွေ ထုကြပါလို့တိုင်းပြည်ကိုလည်း မတိုက်တွန်းခဲ့သလို ကိုယ်တိုင်လည်း အားစိုက်လုပ်ဆောင်ခဲ့တာမရှိခဲ့ဘူး။

သူ စေတလုံးပိုင်ရှင်တွေ သေလွန်သည်နောက် အဖြစ်အပျက်တွေကို ကြိုတွေးခေါ်မြော်မြင်ခဲ့မိလို့လည်းဖြစ်ရင်ဖြစ်မယ် ဒါမှမဟုတ် ပုဂ္ဂိုလ်ရေးအလွန်အကျွံကိုးကွယ်မှုကို မကြိုက်လို့လည်းဖြစ်ရင်ဖြစ်မယ် မပြောတတ်ဘူး။ သူ့ကို သေရာက နှိုးမေးလို့လည်း မရဘူး။ ထားပါတော့။

ဟိုစေလုံးပိုင်ရှင်တွေက သူတို့ဘာသာ ရှင်စဉ်က(အာဏာရှိစဉ်က)ပြုမိဒဏ် ပြန်ခံရတာ။ ဗိုလ်အောင်ဆန်းကြတော့ သူ့ပယောဂတပြားမှမပါပဲ သူ့သားတွေ(ဗမာစစ်တပ်နဲ့) သူ့သမီး ဒေါ်အောင်ဆန်းစုကြည်တို့လုပ်မှ ရုပ်အတုကြီးတွေ ခေါင်းအဖြတ်ခံရလိုခံရ လွှနဲ့အပိုင်းခံအဖြိုချခံရလို့ ခံရနဲ့။ ပြီးတော့ လုပ်သူတွေက အရူးတွေတဲ့။ ဒီအတိုင်း နောက်လည်း အရူးတွေအများကြီး လာဦးမယ်ထင်တယ်။ ခုက အရူးတယောက်ခြင်းဆိကလုပ်နေတာလို့ပြောသော်လည်း နောက်ပိုင်းတွင် ဒေါသထွက်နေသော အရူးလုအုပ်ကြီးများဖြင့် လုပ်ကြပါလိမ့်မည်။ ကချင်ပြည်နယ်က ရုပ်အတုကြီး ဘယ်တော့ ဘာဖြစ်ဦးမယ် မသိသေးပေမယ့် မွန်ပြည်ကတံတားကို အောင်ဆန်းအမည် သွားပေးလိုက်တာမှာ ဗိုလ်အောင်ဆန်းဟာ သနားစရာဖြစ်ရရှာတယ်။

တခြားသူပြု မိမိမှုဖြစ်ရှာတဲ့ ဗိုလ်အောင်ဆန်းအဖြစ်ပဲ။
မတ်ခ်ျ ၂၃၊ ၂ဝ၁၇

ဟန်(မျိုးမြင့်ချို)

0 comments
မိတ်ဆွေတချို့က ကျနော့်စာရေးပုံမှာ သိတ်ဟန်မကျဟုဆိုပါသည်။ ဘာလို့လဲဗျဟုမေးတော့ စကားပြောနဲ့စကားပြေတွေ ထွေးနေတယ်ဟုဆိုပါသည်။ သတ်ပုံသတ်ညွှန်းတော့ အမှားအလွန်နည်းပါသည်ဟု ပြောပါသည်။

ကျနော်က ဒါဆို ကျနော်ရေးတာတွေ ပြောချင်တာတွေ ခင်ဗျားများ နားမလည်လို့လားဗျာဟုမေးတော့ နားလည်တာပေါ့ အကုန်နားလည်ပါတယ်။ ဒါပေမယ့် ခုနပြောသလို စကားပြောရော စကားပြေတွေပါ ထွေးနေလို့ဟုထပ်ပြောပါသည်။

ကျနော်သည် စိတ်ထဲကအတွေးကို လက်ထဲက စီးထွက်သွားသည့်စကားလုံးများ စာများအဖြစ်ပြောင်းသည့်အခါ စိတ်စီးရာအတိုင်း မျှောချလိုက်ပါသည်။ သို့ဖြင့် ကျနော့်အရေးအသားတွေမှာ စာတွေရော စကားတွေပါ ပါနေပါသည်။ ထိုကိစ္စသည် ရေးဟန်မဟုတ်ဟု ထင်ပါသည်။

ဟန်ဆိုသည်မှာ ကိုယ်ပိုင်ရှိရပါသည်။ ကျနော့်တွင် ဟန်မရှိပါ။

စာဆိုသည်မှာစကား၏ အခြားပုံသဏ္ဍန်တခုဖြစ်သလို စကားဆိုသည်မှာလည်း စာ၏အခြားအသွင်တခုဖြစ်ပါသည်။

သို့ဖြင့် ကျနော်သည် ဟန်ဆိုသည့်စကားကို ထိုင်စဉ်းစားနေမိပါသည်။
မတ်ခ်ျ ၂ဝ၊ ၂ဝ၁၇

ပါးရိုက်ခံရမည့် ကုလား(မျိုးမြင့်ချို)

0 comments
ကျနော့်ကို ဒီစောက်ကုလား အပြင်မှာတွေ့လို့ကတော့ သောက်ခွက်ဖြတ်ရိုက်မယ်လို့ ဖေ့စ်ဘွတ်ခ်ကနေ ကြိမ်းခဲ့သူတယောက် မူးပြီးကားမောင်း၊ ဓာတ်ဝင်တိုက်မောင်းပြေးအမှုဖြစ်ပြီး အဖမ်းခံရတော့ ထောင်ကြီးချုပ်ရောက်တယ်။

ချုပ်သစ်စာရင်းသွင်းဖို့ မှတ်ပုံတင်တာ ဆေးစစ်တာလုပ်တော့ ကျနော် သွားစကားပြန်လုပ်ရတယ်။ နောက် အာမခံနဲ့ အပြင်ထွက်လာတော့ ကျနော့်ဆီလာပြီး လျော်ရမယ့်ကိစ္စ(ဒီတိုင်းပြည်မှာ အများဆိုင်ပစ္စည်းတွေ နေရာတွေ ကျောင်းကားလိုဟာမျိုးတွေကို တိုက်မိရင်ပြသနာက အကြီးကြီး။ လျော်ရတာလည်း အများကြီး) ရှေ့နေနဲ့သွားတွေ့ဖို့ လိုက်ကူညီဖို့ပြောတယ်။ ကျနော် လိုက်လုပ်ပေးခဲ့ပါတယ်။

အပြန်ကြ လမ်းမှာ ဘယ်လောက်ပေးမရလဲလို့မေးပါတယ်။ မပေးပါနဲ့ ကျနော် စေနာ့ဝန်ထမ်းကူညီတာပါ။ စောက်ခွက်ဖြတ်မရိုက်တာဘဲ ကျေးဇူးတင်လှပါပြီဆိုတော့ သူအမ်းတန်းတန်းကြီးဖြစ်သွားပြီး ဆောရီးဗျာ ကျနော် အဲ့တုန်းက မူးနေလို့ လို့ပြောတယ်။

ဗမာရုပ်ရှင်ကားတွေထဲက အတိုင်းပဲ။ ဘာမဟုတ်တာလုပ်လုပ် မူးနေလို့ဆိုပြီးပြကြတာများတယ် မဟုတ်လား။
မတ်ခ် ၂ဝ၊ ၂ဝ၁၇

ရဲရဲငြီးငြီးမီးချုံပုတ်များ(မျိုးမြင့်ချို)

0 comments
(ရဲရဲငြီးငြီးမီးချုံပုတ်များ)ကျနော့်အိမ်ကနေ တမိနစ်သာသာလောက်မောင်းလျှင်ရောက်သည့် အိမ်တအိမ်ရှေ့တွင် ဖလိမ်းမင်န်းဘုရှ်ခေါ် ခြုံပုတ်ပင်များ အိမ်ရှေ့ခြံစည်းရိုးတလွှား စိုက်ထားပါသည်။

ကျနော်က သူတို့ကို ရဲရဲငြီးငြီးမီးချုံပုတ်များဟု ကိုယ့်ဘာသာ အမည်ပေးထားပါသည်။ ခြုံအပုတ်တိုင်းမှာ လူ့လက်တဖေါင်ကျော်ခန့်မြင့်ပြီး လူ့လက်လေးဝိုင်းခန့်ပြန့်ပါသည်။ ထိုခြုံပုတ်ပင်များသည် ဆောင်းရာသီရောက်လျှင် ထုံးစံအတိုင်း ရိုးတံကျဲကျဲပင်အိုတွေဖြစ်ကာ ဘယ်တော့မှ သားမပေါက်တော့မည့် အမြုံမလိုလိုနေပါသည်။ နွေဦးလေးပေါက်၍ ရာသီလေးများနွေးလာပလားဆို ခုချက်ခြင်း မှော်ဆရာ ကောက်အသက်သွင်းလိုက်သလို ဝုန်းကနဲထ သက်ဝင်လာပါသည်။ 

ခနနေလျှင် ရွက်သစ်နုဖူး ပုရစ်ဦးလေးများ ထွက်လာပါသည်။ ခနနေလျှင် ရွက်ညွန့်ဖါးဖါးလေးများဖုံးကာ သူ့ကိုယ်သူ အရှက်လုံအောင်ဖုံးသည့်အပျိုမနှယ် မလုံမလဲဖြစ်နေတတ်ပါသည်။ နောက်တော့ သိတ်မကြာပါ ဇူလိုင် သြဂတ်စ်လောက်တွင် တကိုယ်လုံးနီနေအောင် သူ့ဖာသာ ချုံလိုက်ပါသည်။ 

သူ့အနီသည် ထူးခြားပါသည်။ ဘာအနီနှင့်မှ မတူပါ။ ပန်းချီဆရာပဲ ထိုအနီမျိုးရအောင် ဆေးစပ်တတ်မည်ထင်ပါသည်။ ထိုအချိန်တွင် ထိုခြုံပုတ်ပင်များမှာ မီးတဟုန်းဟုန်းတောက်နေသည့် သို့မဟုတ် မီးကို ကိုယ်တိုင် တောက်လောင်နေသည့် မီးနတ်နှင့်ဆင်ပါသည်။ သို့သော် သူတို့ကိုကြည့်ရသည်မှာ မီးစွဲလောင်ခံနေရသည်နှင့် တစက်မှမတူပါ။ သူတို့ကိုယ်တိုင် မီးထတောက်နေသည့်သဘောဖြစ်ပါသည်။ ထိုအချိန်များဆို ကျနော် သူတို့ရှေ့က ဖြတ်တိုင်း ကား ရပ်ရပ်ကြည့်ပါသည်။ အနည်းဆုံး ရပ်မကြည့်မိတောင် လှမ်းကြည့်ဖြစ်ပါသည်။ သူတို့ အတော်လှပါသည်။ သူတို့ မီးလိုတောက်နေကြပါသည်။ 

ယခုနှစ်တွင် ကျနော် ထိုပန်းခြုံပင်များ အိမ်ရှေ့တွင်စိုက်ပါမည်။ ဗင်းဆင့်ဗင်ဂိုးက ခြုံပင်တချို့ကို မီးတောက်တွေလို အနီဆန်းဆန်းဖြင့်ရေးခဲ့သည်မှာ ထိုအပင်တွေ၏ အနီဆန်းပုံကြောင့်ဖြစ်မည် ထင်ပါသည်။ အနီတိုင်း မနီပါ။ အနီခြင်းအတူတူ အသွေးကွဲပါသည်။ နီတိုင်းလည်း မီးလို ရဲရဲငြီးငြီးမရှိနိုင်ပါ။
မတ်ခ်ျ ၁၉၊ ၂ဝ၁၇

ဘေကင်ဆိစား ပါးစပ်သုတ်(မျိုးမြင့်ချို)

0 comments
ဇနီးက မနေ့က ဘေကင် ခရမ်းချဉ်သီးစိမ်း ကြက်သွန်စိမ်း မျိုးနီစ် ဆလပ်ရွက် စတာတွေနဲ့ ဆင်းဒဝခ်ျလုပ်တယ်။ ဘေကင်ကို ဒယ်အိုးထဲထည့် အပူတိုက်တော့ အသားထဲက အဆီတွေထွက်တယ်။ လုပ်နေတုန်း ဘေးကနေရင် အနံ့တော်တော် ညှော်တယ်။

ဟိုးအရင်တုန်းက အုတ်ကျင်းအနောက်ဖက်တကြော ကန်စွန်းခင်းတွေပတ်လည်နဲ့ ဆင်မလိုက်တဝိုက်က ဝတ်ဆီဖတ်ကြော်တဲ့ တဲကြီးတွေဆီကထွက်တဲ့အနံ့နဲ့ တထေရာတည်းပဲ။

နောက်တော့ သူ့နေ့လည်စာ သူထည့်သွားပြီး ကျနော့်အတွက်လည်း ချန်ထားခဲ့တယ်။ ကျနော်က အဲ့ဒီ ဘေကင်ကို အနံ့ကို ကို မကြိုက်တာ။ အရသာကလည်း ငန်ငြိငြိနဲ့။ စားဖြစ်ရင်တောင် ဘေကင်တွေဖယ်ပြီး အမဲကြိတ်သားပြား ဒါမှမဟုတ် ကြက်ဆင်ရင်ပုံလှီးသားကို ပြောင်းထည့်ပြီးစားတယ်။ ခုန ကျနော် နန်းကြီးသုတ်ပွဲတော်ခေါ်ဖို့လုပ်တော့ မီးဖိုပေါ်မှာ ဘေကင်အဆီတွေခဲနေတဲ့ သံကြွပ်ဒယ်အိုးပြန့်ကိုတွေ့တယ်။ 

အဲ့အချိန်မှာ ခွေးလေး ၂ ကောင်ကလည်း ဗိုက်ဆာလို့ အနားလာပြီး ပွတ်သီးပွတ်သပ် လုပ်ကြတယ်။ ဒါနဲ့ အိုးထဲက ထမင်း ယောက်မ ၃ ကော် စာလောက်ကော်ယူပြီး ဘေကင်ဆီတွေခဲနေတဲ့ ဒယ်အိုးထဲထည့်တယ်။ အချိုမှုန့်လေး နည်းနည်းဖြူးတယ်။ နယ်လိုက်တော့ ထမင်းအပူဆိုတော့ အဆီတွေက ချက်ခြင်းပျော်ပြီး ထမင်းမှာ မရွှဲတရွှဲလေး လူးသွားတယ်။ တကောင်တဝက်စီ အစာခွက်ထဲ ထည့်ပေးလိုက်တော့ အဲ့ဒီ ပူပူလောလောကြီးကို အငမ်းမရစားကြတာများ မသိရင် ကျနော်တို့ကပဲ သူတို့ကို ထမင်းမကျွေးပဲ အငတ်ထား ထားတာကြနေတာပဲ။ 

စားလည်းပြီးရော အဇ္ဇီက ထုံးစံအတိုင်း အနားလာပြီး သူ့ပါးစပ်ထိုးပေးတယ်။ ဒါနဲ့ အဝတ်စနဲ့ သုတ်ပေးရတယ်။ ရောကီကတော့ ဧည့်ခန်းထဲက ကော်ဇောပေါ် ဘယ်ပြန်ညာပြန်လူးလှိမ့်ပြီး ပါးစပ်တွေသုတ်တော့တာပဲ။
မတ်ခ်ျ ၂၁၊ ၂ဝ၁၇

ကန်ပျော်ငါး(မျိုးမြင့်ချို)

0 comments
၁ ရက်မှာ နွေဦးပေါက်ပါပြီ။ သစ်ကောင်းအိမ်စကားနှင့်ဆိုလျှင် နွေဥ ပေါက်ပါပြီ။ ကန်လေးလည်း တကန်လုံး အရည်ပြန်ပျော်ပါပြီ။ အရည်ပျော်သဖြင့် ငါးလေးတွေလည်း ပျော်နေကြပုံရပါသည်။ ကန်ရေကကြည်သဖြင့် ကန်ခြေအထိမြင်နေရပါသည်။

အကြီးဆုံး ၅ ကောင်အုပ်စုမှာ ၇ လက်မလောက်ပင်ရှိနေကြပါပြီ။ အလတ်ကောင်များမှာလည်း ၅ လက်မ ၄ လက်မ ၃ လက်မ ၂ လက်မရွယ်တွေနှင့် ကြီးကောင်ဝင်နေကြပြီ။ လက်မဝက်ခန့်ရှိသည့် နောက်ဆုံးပေါက် သားပေါက်လေးများလည်း ရာဂဏန်းခန့်ရှိပါမည်။ သူတို့အားလုံး ပျော်သွားပြီဖြစ်သည့်ကန်ထဲတွင် ပျော်ပျော်ကြီး ကူးနေကြပါသည်။ 

အကြီးဆုံး ၅ ကောင်မှာ တည်ငြိမ်ရင့်ကျက်သွားသူများပမာ ခတ်ဖြည်းဖြည်းခတ်လေးလေး အိနြေ္ဒရရကူးသလို တကောင့်တကောင်လိုက်စနောက် အပြေးအလိုက် အတွတ်အထိုးများ မလုပ်ကြတော့ပါ။ အလယ်အလတ်ကောင်များတော့ ကြီးကောင်ဝင်စ မြီးကောင်ပေါက်တွေလို ရုန်းရုန်း ရုန်းရုန်းနှင့်ကိုနေကြပါသည်။ တချက်တချက် ရေမျက်နှာပြင်အထိပါ ခုန်တက်လိုက် ဂျွမ်းထိုးလိုက် ပလုံကနဲပြန်ကျသွားလိုက်တွေဖြစ်နေပါသည်။ ပေါက်စနလေးများတော့ အကြီးများရန်ကြောက်ဟန်ပေါ်ပါသည်။ သူတို့ဘာသာ အုပ်လိုက်လေးတွေစုစု စုစုနေကြပြီး ကန်စပ်နားဘက် ပိုကပ်ကြပါသည်။ ဖလိတ်ခ်ခေါ်ငါးစာအမှုံပြားလေးများကျွေးလျှင် သူတို့ပါးစပ်ပေါက်လေးတွေနှင့် အနေတော်ဖြစ်သဖြင့် လုလုယက်ယက်လေးတွေ စားကြပါသည်။ နည်းနည်းကြီးသည့် အဖတ်ကလေးများဆို ပါးစပ်လေးတွေနှင့် ဖဲ့ကာရွဲ့ကာ စားကြပါသည်။ အကြီးတွေ အလတ်တွေကတော့ ငရုပ်ကောင်းစေ့ မရှိတတ်ရှိတတ် ငါးစာလုံးလေးကို အလုံးလိုက် အလုံးလိုက်မြိုမြိုချကြပါသည်။ 

ဖါးတွေလည်း ပြန်ရောက်လာကြပါပြီ။ ကျနော် ကန်စောင်းသွားလျှင် ပလုံကနဲ ပလုံကနဲ တကောင်ပြီးတကောင် ကန်ထဲခုန်ခုန်ချကာ ရေကူးချန်ပီယံတွေ ဖါးကူး ကူးသလို ကန်ခြေအထိကူးဆင်းသွားကြပါသည်။ ကျနော် အသာလေး ငြိမ်ထိုင်နေလျှင် မျက်လုံးလေးတွေ ပြူးကျယ်ကျယ်ဖြင့် ကန်ပေါ် ပြန်ပေါ်လာပါသည်။ ကျနော့်ကိုလည်း အန္တရာယ်ပေးနိုင်မပေးနိုင် အကဲခတ်နေကြတာဖြစ်နိုင်ပါသည်။ 

ကျနော် ကန်ဘေး ရပ်နေတုန်း ဇနီးသည်က အနီးလာကာ ငါးလေးတွေကိုကြည့်ရင်း အိုးမိုင်း..ဟု အံ့သြအာမေဋိတ်ပြုပါသည်။ ကန်တောင်ချဲ့ရမလားမသိဘူးနော် ဒီနှစ်တော့ဟုပြောတော့ ကျနော် ဟိုဘက်လွတ်တဲ့နေရာမှာ ကန်သစ်တူးပြီး မြောင်းသွယ်ပေးလိုက်ရင်ရောဟုပြောလိုက်ပါသည်။ ရက်စ် ဂွတ်ဒ်အိုင်ဒီယာဟုပြောပါသည်။ ကန်လေးထဲက ပေါလောပေါ်သစ်ရွက်ကြွေများ ရေညှိရေမှော်များ ဒိုက်သရောများလည်း ဆည်ရရှင်းရပါဦးမည်။

နွေဦးပေါက်လျှင် ပြန်နွေးထွေးလာပါတော့မည်။ နှင်းတွေ ခြေကုန်သုတ်ဖို့ ပြင်ရပါတော့မည်။ မြက်တွေသားမွေးကြပါတော့မည်။ သစ်ပင်တွေ ပုရစ်ဖူးကြပါတော့မည်။ အသီးအနှံတွေ သီးကြကင်းကြ၊ ပန်းမာလာတွေ ဖူးကြငုံကြပါတော့မည်။ နွေဦးပေါက်လျှင် လောကတဖန် ပြန်စိမ်းစိုလာပေဦးတော့မည်။
မတ်ခ်ျ ၂၁၊ ၂ဝ၁၇

အရူးနဲ့မယ်နု(မျိုးမြင့်ချို)

0 comments
ပြည်တွင်းကနေရော ပြည်ပနိုင်ငံတချို့ဆီကရော ဒေါ်ကြီးလောက် လူမလေးခွေးမခန့်အလုပ်ခံရတဲ့ နှပ်ပစ်ခံရတဲ့သမ္မတမျိုး အမေရိကန်သမိုင်းမှာ ရှိမယ်မထင်ဘူး။

လွှတ်တော် ၂ ရပ်လုံးကိုစီးထားပြီး တချို့ကိစ္စတွေမှာ ငါ့မြင်းငါစိုင်းလို့ရပေမယ့် တချို့ကိစ္စတွေကြ လက်လျှိုပေးထားတာတော့ မရှိဘူးမဟုတ်ဘူး ရှိပါတယ်။

ခန့်လိုက်တဲ့ဝန်ကြီးဆိုတဲ့ အကောင်တွေအကောင်မတွေကလည်း ကိုယ့်နယ်ပယ်အကြောင်း ဘာမှ ရေရေရာရာ ထဲထဲဝင်ဝင်မရှိတဲ့ဟာတွေ။ နိုင်ငံခြားရေးဝန်ဆိုတဲ့အကောင်က မြောက်ကိုရီးယားကို စစ်ရေးအရအရေးယူသင့်ယူရမယ်လို့ သွားအာချောင်လို့ ဟိုကပြန်ပက်တော့ ရှက်ရှက်နဲ့မှိတ်ခံရတာပဲ။ ရှက်ရမ်း တကယ်သွားရမ်းကြည့်လည်း ကမ္ဘာနဲ့ချီတဲ့ စစ်မီးတွေ ထတောက်ဦးမှာပဲ။ 

ယူအင်နဲ့မတိုင်ပင်၊ ကွန်ဂရစ်ရဲ့အတည်ပြုချက်မယူ၊ ဆီးရီးယားအစိုးရရဲ့သဘောထားမပါတဲ အမေရိကန်မြေပြင်တိုက်ခိုက်ရေးတပ်တွေ ကြိတ်ပို့တာ ခုမှ လူမိသွားသလိုလို အရူးကွက်က နင်းပြနေရတယ်။ မြေပြင်တိုက်ခိုက်ရေး စစ်သည်အင်အား အယောက် ၄ဝဝ ကျော်ဆိုတာ အမေရိကန်လို အဆင့်မြင့်နည်းပညာလက်နက် ချပ်ဝတ်တန်ဆာတွေဆင်ထားတဲ့ နိုင်ငံအဖို့ နည်းတဲ့ပမာဏလား။ အမှန်က ကွန်ဂရက်စ်ကလည်း သိပါတယ်။ ယူအင်န်ကလည်း မသိပဲမနေပါဘူး။ ဆီးရီးယားကတော့ သိသိမသိသိ ဘာမှပြောလို့မရတဲ့အနေအထားပါ။ အမေရိကန် ပင်မမီဒီယာကြီးတွေကလည်း ခုမှ ထသိရသယောင်ယောင် လုပ်တာကလည်း Conspiracy ပါတဲ့သဘောပါ။ အင်အား ၄ဝဝ ကျော်ဆိုတာ သင်္ဘောကွန်တိန်နာတခုထဲ ထည့်ပြီး သယ်သွားလို့ရတဲ့ကိစ္စမှမဟုတ်တာ။ ဘာဘီအရုပ်မလေးတွေမှ မဟုတ်တာ။ ထားပါတော့လေ။

ဒေါ်ကြီးလက်ထက်မှာ ဘာတွေဆက်ဖြစ်ဦးမယ်မှန်း ဘာမှ ခန့်မှန်းတွက်ဆလို့ မရသေးဘူး။ မေမေ့သားသမီးတွေပြောသလို ဝှက်ဖဲတို့ အကွက်သိတ်လှတယ်လို့ ပြောချင်တာမဟုတ်ဘူး။ အမေရိကန်ဟာ အရူးလင်လုပ်မိတဲ့ပြည်လိုဖြစ်နေပြီ။ ဗမာပြည်လည်း သိတ်တော့မထူးပါဘူး။ မယ်နုလက်ထဲ ဝကွက်အပ်မိတဲ့အဖြစ်။
မတ်ခ်ျ ၂၂၊ ၂ဝ၁၇

ဘာလချောင်(မျိုးမြင့်ချို)

0 comments
မနက် အိပ်ယာထတော့ ထူးထူးခြားခြား ဗိုက်က အတော်ဆာနေပါသည်။ မီးဖိုခန်းထဲသွားကာ ပေါင်မုန့် မထူမပါး ၂ ယှက် လှီးပါသည်။ ပုဇွန်ခြောက် ဘာလချောင်ကြော်နည်းနည်းကို ပေါင်မုန့် ၂ ယှက်ကြားညှပ်က ဗမာလဘက်ခြောက်ဖြင့် အဖန်ရည်တခွက်လုပ်ပါသည်။ လူက ဖျားနေ ကိုယ်လက်တွေကိုက်ခဲနေ ခေါင်းတွေတစစ်စစ်သာ ဖြစ်နေသော်လည်း စားချင့်သည့်အာလျက ပြင်းပြင်းပြပြဖြစ်နေတာလည်း ဆန်းပါသည်။

စားရင်းတန်းလန်း စိတ်က ၁၉၈၉ ခု၊ အင်းစိန်ထောင် ၁ တိုက်၊ ၁ဝ ခန်းတွင် ရုပ်ရှင်မင်းသားအောင်လွင် (ဒါရိုက်တာစံရွှေမောင်)နှင့် အတူနေခဲ့စဉ်အချိန်ကို ပြန်ရောက်သွားပါသည်။ သူက တခါတလေ ကျိုင်းတုံပေါင်မုန့် ၂ လွှာကြားတွင့် ငါးပိကြော် ခတ်ပါးပါးညှပ်ကာ စားတတ်ပါသည်။ ကျနော့်ကိုလည်း စားကြည့်ပါလားဟုပြောပါသည်။ ထမင်းစားသည့်အခါ သူ့ငါးပိကြော်ကို ယူစားတတ်သော်လည်း သူ့လိုတော့ ပေါင်မုန့်နှင့်ညှပ်မစားဖြစ်ခဲ့ပါ။ သူ့အိမ်မှ ပါဆယ်လ်လာသည့်အခါပါသည့် ငါးပိကြော်မှာ(ကျနော့်အတွက်) နည်းည်းစပ်သော်လည်း အရသာမှာအလွန်ကောင်းပါသည်။ ရခိုင်ပုဇွန်ငါးပိနှင့်ကြော်တာဟုပြောပါသည်။ ကြက်သွန်ဖြူနီကြော်များလည်း နိုင်းခြင်းအုပ်ထားပါသည်။ အနံ့မှာလည်း အလွန်မွှေးပါသည်။

ထိုအချိန်က ကျနော်တို့နှင့် ၁ တိုက် တတိုက်တတည်းအတူနေ(၅ ခန်းဟု မှတ်ပါသည်) စံဇာဏီဘို(ဗေဒင်လက္ခဏာ)တို့အခန်းက အစားငမ်းလွန်းသည် ထောင်ဝါဒါ တပ်သားစိုးမောင်ကို ထိုအချိန်က အလွန်ရေပန်းစားသည့် လုပ်သားမောင်ဝမ်းနှုတ်ဆေးတွေနှင့် စထရော်ဘယ်ရီယိုနှင့် ထောပတ်နှင့် ရောသုတ်ကာကျွေးပြီး ပညာပေးဖူးပါသည်။ နောက်နေ့ အီးတွေပန်းပြီး အလုပ်မဆင်းနိုင်ဖြစ်သည်ကိုလည်း ပြန်အမှတ်ရရင်း ပြုံးမိပါသည်။
ကိုစိုးမောင်သည် မည်သည့်အခါမှ သူ့အိမ်က ထမင်းချိုင့်ယူမလာပါ။ ထောင်ကထမင်းဆွဲပြီး ကျနော်တို့ဆီက ဟင်းတောင်းကာ စားသူဖြစ်ရုံမက အမဲကြော်တတုံးထည့်ပေးလျှင် ၂ တုံးတောင်းတတ်ပါသည်။ ကျနော်တို့တွေ ပါဆယ်လ်လာသည့်နေ့ဆို အပြန် သူ့အိမ်အတွက်ပါ ငါးပိကြော် ငါးခြောက်ကြော် ဘာလချောင်ကြောင် အမဲကြော်တွေ လိုက်တောင်း ယူသွားသူလည်းဖြစ်ပါသည်။ သူ လုပ်သားမောင်သုတ်ပေါင်မုန့်စာမိပြီး အီးတွေပန်းကာ အလုပ်မဆင်းနိုင်တော့ ကျနော်တို့ ပွဲကျရပါသည်။ နောက်တရက်ကျော် အလုပ်ပြန်ဆင်းတော့ ဘာဖြစ်မှန်းမသိဘူး မနေ့က တညလုံးလိုလို အီးတွေပန်းပြီး မနက်ကြတော့ လူကမထနိုင်ဘူး၊ နုံးနေတယ်၊ ဒါနဲ့ မိန်းမကိ ရုံးသွားပြီး ခွင်တိုင်ခိုင်းရတာဆိုတော့ ကျနော်တို့ ကြိတ်ရယ်ဖူးပါသည်။

ခု ကျနော် ဘာလချောင်ကြော်နှင့် ပေါင်မုန်ညှပ်စားရင်း စိတ်က အတိတ်ကိုပြန်ပြေးပါသည်။
မတ်ခ်ျ၊ ၂၂၊ ၂ဝ၁၇

Thursday, March 16, 2017

ငါးပိ(မျိုးမြင့်ချို)

0 comments
ဒီနေ့ ကိုယ့်ကားမရှိတာနဲ့ အပြင်လည်းထွက်စရာပေါ်တာနဲ့ ဇနီးလည်း အိမ်မရှိတာနဲ့ ကိုအောင်လွင့်ကို အကူအညီလှမ်းတောင်းပါသည်။ ရတယ်ကိုမျိုးမြင့် ခနလေးစောင့် ကျနော် ထွက်လာခဲ့မယ် သမီးကျောင်းအပြန်စောင့်နေလို့ဟုပြောပြီး ၁၅ မိနစ်လောက်ကြာတော့ ပေါက်ချလာပါသည်။

ကျနော် သွားရမည့်နေရာလိုက်ပို့ပေးပြီး အပြန်မှာ သူ့အိမ်ခနဝင်ရအောင်ဟုပြောသဖြင့် ဝင်ခဲ့ပါသည်။ သူ့အိမ်က ပြန်မထွက်ခင် ကိုမျိုးမြင့် ငါးပိရည်ကျိုတို့ဘာတို့စားလားဟု မေးပါသည်။ သူ ဤသို့မေးသည်မှာ ကျနော့်ရုပ်က ကုလားဆင်ဖြစ်နေတာလည်းပါမည်။ မိန်းမက အမေရိကန်အဖြူ အိုင်းရစ်ရှ်မဖြစ်နေတာလည်း ပါလိမ့်မည်။ ကျွေးချင်ပေးချင်သော်လည်း အားနာနာနှင့်မေးမှန်း ကျနော်လည်းသိပါသည်။ စိတ်ထဲလည်း တမျိုးခံစားရပါသည်။ ကျနော်က စားတာပေါ့ ကိုအောင်လွင်ရယ် ဘယ့်နှယ်ပြောလိုက်တာပါလိမ့်ဆိုတော့ မသိပါဘူးဗျာ မစားများ မစားဘူးလားထင်လို့ဟု ပြုံးပြုံးရယ်ရယ်ပြောပါသည်။ ဒါပေမယ့် အိမ်မှာတော့ ကျိုမစားဘူး။ ကျနော် ငါးပိတို့စရာနဲ့ဆို ဟင်းလွတ်တယ်ဗျဟုပြောတော့ ဒါဆို ကျနော် ငါးပိရည်ကျိုထားတာရှိတယ် ထည့်ပေးလိုက်မယ်ဟု ပြောလည်းပြော ထည့်လည်းပေးလိုက်ပါသည်။ အိမ်လှော်ထောင်း ငရုပ်သီးမှုန့်လေးခတ်ရင်း အချိုမှုန့်စားလားဟု ထပ်မေးပါသည်။ ကျနော်က အချိုမှုန့်စားရင် ဘာဖြစ်မယ်ညာဖြစ်မယ်တွေတော့ ပြောကြကြတာပေါ့ဗျာ ဒါပေမယ့် မွေးကတည်းက စားလာရတဲ့ကောင်ဆိုတော့ ဖြစ်ခါမှဖြစ်ရော နောင်ခါလာနောင်ခါဈေး သဘောထားပြီး စားပါတယ်ဗျဆိုတော့ ဟဲဟဲ ငါးပိရည်ကျိုလေးက အချိုမှုန့်မပါရင် သိတ်မချိုဘူးဗျုပြောကာ အချိုမှုန့်လေးပါ ခတ်ပေးလိုက်ပါသည်။ တို့စရာရော ယူဦးမလားဆိုတော့ တို့စရာတွေကတော့ ကျနော့်ခြံထဲမယ် အများကြီးပဲ။ သူများတွေ လာပြထားလို့ ဒါလေးလည်းစားရတယ် ဟိုဟာလေးလည်းစားရတယ်ဆိုပြီး သိထားပြီဗျ။ မပေးနဲ့တော့ ကျနော့်ဘာသာ ခြံထဲဆင်းခူးမယ်။ ပြီးတော့ ကန်စောင်းမှာ ကနဖေါ့လိုဟာလေးတွေလည်း ပြန်ထွက်နေပြီဟုဆိုကာ ငါးပိရည်ကျိုတခွက် ယူခဲ့ပါသည်။

အိမ်ရောက်လို့ ထမင်းအိုးဖွင့်ကြည့်တော့ ထမင်းတွေကသိုးပြီး နံဟောင်နေပါသည်။ လွန်ခဲ့သည့် ၃ ရက်လောက်ကတည်းက ချက်ပြီး မစားဖြစ်သည့် ထမင်းတွေပါ။ ဒါနှင့် ထမင်းသိုးတွေသွန် ဆန်အသစ်ထည့်ပြီး နောက်တအိုးချက်ဖို့လုပ်နေတုန်း မိတ်ဆွေတယောက်ဆီက ဖုန်းဝင်လာပါသည် ဟေ့လူ အိမ်မှာလားဟုမေးပါသည်။ အေးဗျ အိမ်မှာဆိုတော့ ဘာလုပ်နေလဲဟု မေးပါသည်။ ငါးပိရည်ကျိုတခွက်ရလာလို့ စားမလို့ ထမင်းချက်ဖို့လုပ်နေတာဆိုတော့။ မချက်နဲ့တော့ ကျနော် အုန်းနို့ခေါက်ဆွဲအရည်နဲ့ဟာရော ခေါက်ဆွဲသုတ်ရော ယူလာခဲ့မယ်၊ အဲ့ဒါနဲ့ ဒီညကြိတ်ပေါ့ဗျာ။ တခုခုရော သောက်ဦးမလားဟု ဆက်မေးပါသည်။ ကျနော်က ကျနော့်မှာ သောက်စရာတွေ ရှိနေကြောင်း ခင်ဗျားပါ နည်းနည်းပါးပါးသောက်သွားလို့ရကြောင်း သို့သော် အသောက်များပြီး ကားမမောင်းဖို့နဲ့ ကားမတော်တဆမှုဖြစ်မှာတော့စိုးကြောင်းပြောတော့ ထိုမိတ်ဆွေက ကျနော်က ခုတောင် ချထားပြီးသားကြီး ရပါတယ်ဘာမှမဖြစ်ပါဘူး၊ ခင်ဗျားအိမ်ကြ တခွက်လောက်တော့ ထပ်ချမယ်လေ။ ဒါနဲ့ဟေ့လူ အာပြဲခြောက် ဆားပေါ့လေးတွေ ကြော်ထားတာလည်းရှိတယ် ဆွဲခဲ့မယ်ပြောပြီး ရောက်လာပါသည်။

ဤသို့ဖြင့် ကျနော်လည်း ထမင်းမချက်တောာ့ပါ။ ငါးပိရည်ကျိုနှင့်စားမည့် အစီအစဉ်လည်း ပျက်ပါသည်။ ခြံထဲဆင်း တို့စရာလည်း မခူးဖြစ်တော့ပါ။ ခုတော့ အုန်းနို့ခေါက်ဆွဲ အာပြဲခြောက်မိတ်ဆွေလည်း တခွက်တဖလားချပြီး ပြန်ပါပြီ။ ခွေးလေးတွေလည်း အစာတဝစားပြီး ကျနော့်အိပ်ယာပေါ် တက်နှပ်နေကြပါပြီ။ ကြက်မကြီးတွေလည်း အိပ်တန်းတက်ကုန်ကြပါပြီ။ ရာသီကလည်း ရေခဲအောင် ပြန်အေးနေပြန်ပါပြီ။ ဇနီးသည်လည်း လူမှုရေးပွဲ(အမျိုးထဲက) တပွဲရှိသဖြင့် ထွက်သွားပါသည်။ ဘယ်အချိန်ပြန်ရောက်မည် မသိပါ။ တအိမ်လုံး လူဆိုလို့ ကျနော်တယောက်တည်း ဘရန်ဒီခွက်လေးဘေးချရင်း ဤစာကို ထိုင်ရေးနေမိပါသည်။ ကျနော် မိတ်ဆွေတွေကိုချစ်ပါသည်။ ရန်သူတွေကိုမုန်းပါသည်။ သတ္တဝါအားလုံး ကျန်းမာချမ်းသာကြပါစေဟု တခါမှဆန္ဒမဖြစ်ဖူးပါ။
မတ်ခ်ျ ၁၁၊ ၂ဝ၁၇

ဗမာကြိယာနောက်ဆက် (မောင်သာနိုး)

0 comments
ဗမာကြိယာနောက်ဆက် (မောင်သာနိုး)ဗမာစကားမှာ အင်္ဂလိပ်-ပါဠိစတဲ့စကားများမှာလို ကြိယာမှာ အချိန်ကာလကိုပြတဲ့သဘော Tense မရှိဘူး။ အထူးသဖြင့် အတိတ်၊ ပစ္စုပ္ပန် ခွဲခြားတာမရှိဘဲ အနာဂတ်တခုတည်းသာ မည်မည်ရရ ခွဲခြားပြစရာရှိတယ်။ မယ်၊ မလို့၊ မည် (ရှေးသုံး လတ္တံ့)။ ဒါပေမဲ့ အချိန်ကာလမဟုတ်ဘဲ ထူးခြားအဓိပ္ပာယ် အချို့ကိုပြဖို့အတွက် သုံးတဲ့နောက်ဆက်ကလေးတွေတော့ အထိုက်အလျောက်ရှိတယ်။ ရဲ့၊ ကလား၊ သား၊ သကိုး၊ တာ၊ တဲ့ဖြစ်ခြင်း။
မနေ့က မိုးရွာရဲ့။
မနေ့က မိုးရွာပါကလား။
အခုတော့လည်း မိုးရွာသား။
တော်သလင်းမှာ မိုးရွာသကိုး။
မိုးကလည်း ရွာလိုက်တာ။
မိုးရွာလိုက်တဲ့ဖြစ်ခြင်း။
'မိုးရွာရဲ့'ဆိုတာ သာမန် 'မိုးရွာတယ်'ထက် အဓိပ္ပာယ်ထူးခြားတယ်။ အာမေဍိတ်သဘော၊ ၀မ်းသာကျေနပ်မှုစတဲ့ စိတ်ခံစားမှုတခုခုကို ဖော်ပြချင်တဲ့ သဘောဆောင်တယ်။ 'မိုးရွာပါကလား'ကလည်း အလားတူပဲ။ စိတ်ခံစားမှုကို ဖော်ပြတယ်။ 'မိုးရွာသား'ကတော့ ကျေနပ်တဲ့ သဘောကို ဖော်ပြတယ်။ 'မိုးရွာသကိုး'ကတော့ အံ့သြခြင်း သဘောကို ဆောင်တယ်။ ကျေနပ်မှုသဘောလည်းပါရဲ့။ 'မိုးရွာလိုက်တာ'ဆိုရာမှာတော့ လွန်လွန်ကဲကဲ မိုးရွာ သွန်းနေတာကို ညွှန်းလိုရင်းဖြစ်တယ်။ 'မိုးရွာ လိုက်တဲ့ဖြစ်ခြင်း'ကတော့ အလားတူ လွန်လွန်ကဲကဲ မိုးရွာ သွန်းတာကို ပိုမိုအားရှိပါးရှိသရုပ်ဖော်ပြလိုက်တာဖြစ်တယ်။
တချို့က'ခဲ့'ဆိုတာကို အတိတ်ကာလအတွက် သုံးတယ်လို့ ထင်ကြတယ်။ ဒါလုံးဝမှားတယ်။ 'ဒီလာခဲ့' ဆိုတာ အနာဂတ်ကို ညွှန်းပါတယ်။ အဝေးတနေရာကနေ ဒီနေရာကို အရောက်လာခဲ့ရမယ်လို့ ပြောနေတာဖြစ်တယ်။ 'မိုးရွာခဲ့ရင်'၊ 'သူလာခဲ့ရင်' ဆို၏တာတွေမှာတော့ ဖြစ်နိုင်ခြေတခုခု ကို တင်စားပြောနေကြတာပဲ ဖြစ်တယ်။ အဲဒီတော့ 'ခဲ့'ဟာ အတိတ် မဟုတ်ဘဲ မရေမရာသဘော၊ ယုံမှားဒွိဟသဘောကို ပြညွှန်းတယ်လို့ ဆိုရမှာ ဖြစ်တယ်။ 'နက်ဖြန်ယူလာခဲ့ပါ'ဆိုရာမှာ အဝေးတနေရာက ဒီနေရာ အရောက် ယူလာခဲ့တာကို ရည်ညွှန်းတယ်။ 'ပိုက်ဆံကို အိမ်မှာထားပစ်ခဲ့တယ်၊' 'သူက မန္တလေးမှာ ကျန်ရစ်ခဲ့တယ်' ဆိုတာတွေမှာလည်း 'ခဲ့'ဟာ အဝေး တနေရာကို ညွှန်းတယ်။
တခါတလေတော့'ခဲ့'ဟာ အတွေ့အကြုံ၊ ဗဟုသုတရရှိတာကို ပြညွှန်းတယ်။ 'အရင်အပတ်က ယောမြို့ကို သွားတယ်' ဆိုရာမှာ 'ခဲ့' မပါပါဘူး။ ယောမြို့ကို ရောက်သွားပြီး ဆေးဝါးမန္တရားအတတ်ဆန်းတွေ တတ်လာတယ်ဆိုမှသာ 'ယောမြို့က ပြန်ခဲ့တယ်'လို့ ဆိုရမှာဖြစ်တယ်။ 'မနေ့က သူ့ကို တွေ့တယ်' ဆိုရာမှာ တွေ့ခြင်း သက်သက်ကိုသာဆိုလိုပြီး 'မနေ့က သူ့ကို တွေ့ခဲ့တယ်' ဆိုရင်တော့ တွေ့တယ် ပြောစရာ ရှိတာ ပြောတယ်။ အလုပ်ဖြစ်တယ်လို့ ဆိုလိုတယ်။
'တယ်'နည်းတူ သုံးတဲ့နောက်ဆက်တခုကတော့ 'တာ'ဖြစ်တယ်။ သာမန်ကာလျှံကာ သဘော'တယ်'နဲ့'တာ' တူသလိုရှိပေမဲ့ တခါတလေမှာတော့ 'တာ'က 'တယ်'ထက် လေးနက်တဲ့ အဓိပ္ပာယ်ကို ပိုဆောင်တယ်။
မနေ့က မိုးရွာတာ = မနေ့က မိုးရွာတယ် (သာမန်)
အရင်တပတ်က ဦးသူရ လာတယ်။ (သာမန်)
အရင်တပတ်က ဦးသူရ လာတာ။ (ထူးခြား) (ဥပမာ- ဦးသူရ လာတာ လုပ်ငန်းတိုးချဲ့ရေးကိစ္စ။)
ဒါကြောင့် ဒီလိုမလုပ်ပါနဲ့လို့ ပြောတာ။ (ဒီနေရာမှာ 'တယ်'သုံး လို့မရ။)
ဈေးကလည်း ကြီးလိုက်တာ။
တောင်ကြီးက မြင့်လိုက်တာ။ (ဒီနေရာတွေမှာ၊ 'လိုက်'နောက် မှာ 'တာ'ပဲ လာရမယ်၊ 'တယ်' မလာနိုင်ဘူး။)
နောက်တခုက 'တာ'ဟာ ကြိယာနာမ် လုပ်ရေးအတွက် အသုံးပြုတယ်။
နင်ပြောတာ ငါနားမလည်။
နင်ကြားတာကို အကုန်ပြောပြစမ်း။
မတရားတာကို ငုံ့မခံနိုင်ဘူး။
အနာဂတ်ကာလအတွက် 'မှာ'ကို သုံးတယ်။
ပြောမှာ ပြောစမ်းပါ = နင်တခုခုပြောမယ်၊ ပြောချင်တယ်။ အဲဒါကို ပြောပါလေ။
အိမ်ထောင်ပြုမှာဖြင့်လည်း မြန်မြန်ပြု။ အသက်ကကြီးလာနေပြီ။
ဒီနေရာမှာ စာရေးသူတော်တော်များများဟာ 'မှာ'နဲ့'မှ'ကို မှားတတ် ကြတယ်။ စာလုံးပေါင်းလည်းမတူ၊ အသံထွက်လည်းမတူပါဘူး။ 'မှ'က 'သာလျှင်'လို့ အဓိပ္ပာယ်ထွက်တယ်။ ကန့်သတ်တဲ့သဘောဆောင်တယ်။ 'သူဌေးမှ ၀ယ်နိုင်မယ်'ဆိုတာ သူဌေးသာလျှင် ၀ယ်နိုင်မယ်၊ ငါတို့လို ဆင်းရဲသားတွေ မ၀ယ်နိုင်ပါဘူးလို့ ဆိုလိုတယ်။ ဆရာမှ သိမယ်ဆိုတာ ဆရာသာလျှင် သိမယ်၊ ငါတို့ တပည့်တွေ မသိနိုင်ပါဘူးလို့ ဆိုလိုတယ်။
ဒီ'မှ'ကို ကြိယာနာမ်နဲ့လည်း တွဲသုံးပါတယ်။ 'သူခိုးပြေးမှ ထိုးကွင်းထ'၊ 'မိုးလွန်မှ ထွန်ချ'၊ 'ပျံလေတဲ့ငှက်ခါး နားခါမှ သိမယ်'၊ 'ကျောချမှ ဓားပြမှန်းသိ' ဆိုတာမျိုး ဖြစ်ပါတယ်။ 'သူခိုးပြေးမှ' ဆိုတာ 'သူခိုးပြေးသွားတဲ့ အခါမှသာလျှင်'လို့ အဓိပ္ပာယ်ရတယ်။ 'မိုးလွန်မှ'ဆိုတာ မိုးအချိန်လွန်သွားပြီးတော့မှသာလျှင်လို့ အဓိပ္ပာယ်ရတယ်။
ပြုသင့်တာမပြုရသေးဘဲ တခုခုပြီးမြောက်ချင်တဲ့ အခါမှာလည်း 'မှ'ကို သုံးတတ်ကြသေးတယ်။
ကကြီးခခွေးမှ အကုန်မတတ်သေး။ ကျောင်းထွက်ချင်သတဲ့။
အရွယ်မှ မရောက်သေး။ အိမ်ထောင်ပြုချင်ပြီတဲ့။
စကားတခွန်းမှ မပြောရသေး။ နားမလည်ဘူးတဲ့။
အနာခံမှ အသာစံရမယ်။
လူလိုမှ နတ်လို။
ရက်စက်မှ ကြေကွဲ။
ကြိယာနဲ့ 'မှ'တွဲသုံးတာဟာ အထူးလေးနက်တဲ့ အဓိပ္ပာယ်ကို ဆောင်တယ်။
ချစ်မှ မချစ်တာ။ မယူနိုင်ပါဘူး။
ပြောမှမပြောတာ။ ငါဘယ်သိမလဲ။
ရောင်းမှ မရောင်းတာ။ မ၀ယ်နိုင်ကြဘူးပေါ့။
'မှ'နဲ့ ဆုံးထားတဲ့ ကြိယာနဲ့ ၀ါကျများကို အဆုံးသတ်လေ့ရှိကြတယ်။
မှောင်လာပြီ အိမ်ပြန်လိုက်ဦးမှ။
စာမေးပွဲနီးလာပြီ စာလေးဘာလေး ကျက်ဦးမှ။
သမားဆို အိုမှ။
တခါတရံ 'မှ'နောက်က 'ပဲ' ထည့်တတ်တယ်။
အိမ်ပြန်လိုက်ဦးမှပဲ။
စာလေးဘာလေး ကျက်လိုက်ဦးမှပဲ။
တခါတလေ 'မှ'နောက်က 'ပေါ့'ထည့်တယ်။
စောင့်ပါဦးမှပေါ့တဲ့ ကိုယ့်လူရယ်ရှင်။
စားကြည့်ဦးမှပေါ့။
'မယ်'ဟာ အနာဂတ်ကာလအတွက် အရိုးဆုံး ကြိယာနောက်ဆက်ပါပဲ။ လာမယ်၊ သွားမယ်၊ စားမယ်၊ သောက်မယ် စသဖြင့်ပေါ့။ 'မယ်'ရှေ့က ကြိယာထောက်ကလေးတွေ ထည့်တတ်ကြတယ်။ ပါ၊ လိမ့်၊ တော့၊ ခဲ့ စသဖြင့်။ နက်ဖြန် အထူးအစည်းအဝေးကျင်းပပါမယ်။ ဥက္ကဋ္ဌ မိန့်ခွန်းပြောလိမ့်မယ်။ တော်ကြာ မိုးရွာလိမ့်မယ်။ ငါပြန်တော့မယ်။ နက်ဖြန်လာခဲ့မယ်။
'မလို့'ဟာလည်း အနာဂတ်ကိုပြတဲ့ ကြိယာနောက်ဆက်တခုပါပဲ။ ရည်ရွက်ချက်အဓိပ္ပာယ်ကို ဦးစားပေးလိုတဲ့ အခါ သုံးတာဖြစ်တယ်။ 'ငါ မန္တလေးသွားမလို့' ဆိုတာ 'ငါ မန္တလေးသွားဖို့ ရည်ရွယ်တယ်၊ သွားဖို့ အစီအစဉ်ရှိ တယ်'လို့ ပြောတာပါပဲ။ အလားတူ 'သန္တာက မားကတ်တင်း လေ့လာမလို့'။ 'သီဟက စင်ကာပူကို ပြောင်းတော့မလို့'။ စသဖြင့်။
လတ်တလော အချိန်ပိုင်း အနာဂတ်ကာလကိုလည်း 'မလို့'က ပြတယ်။ နှစ်ယောက်တွေ့ဆုံကြတဲ့အခါ 'ဘယ်သွားမလို့လဲ' လို့ မေးတယ်။ 'ဈေးသွားမလို့'လို့ ဖြေတယ်။ အလားတူ 'ဘာလုပ်မလို့လဲ' မေးတယ်။ 'လပတ်အစီရင်ခံစာရေးမလို့' လို့ဖြေတယ်။
'ရဲ့' နောက်ဆက်က အလေးအနက်ပြုလိုတဲ့သဘောကို ပြညွှန်တယ်။ သာမန် 'တယ်'တို့'တာ'တို့ထက် အားရှိပါရှိ အဓိပ္ပာယ်ကို ဖော်ပြနိုင်စွမ်းရှိတယ်။ 'အံ့ပါရဲ့' ဆိုတာ 'အံ့သြတယ်'ဆိုတာထက် အများကြီး ခွန်အား ကြီးမားတယ်။ 'ပြောလိုက်ပါပေရဲ့' ဆိုတာလည်း 'ပြောလိုက်တယ်' ဆိုတာထက် အလွန်တရာ အားကောင်း တယ်။
'သကိုး'က တခုခုကို သိရှိရတဲ့အခါ အံ့သြခြင်း၊ အတည်ပြုခြင်း သဘောနဲ့ ရွတ်ဆိုရာမှာ သုံးတဲ့ ကြိယာ နောက်ဆက် ဖြစ်တယ်။ မနက် အိပ်ရာထမှာ မြေပြင်မှာ ရေတွေကိုကြည့်ပြီး မှတ်ချက်ချတဲ့ သဘော 'သြော်၊ မနေ့ညက မိုးရွာသကိုး'လို့ ပြောတာမျိုး၊ ခါတိုင်း ဘုရား၊ တရား ပြောသံမကြားတဲ့ မိန်းမကြီးတဦး ဥပုသ် စောင့်တာကိုကြည့်ပြီး 'ဒေါ်လှက သီလတွေဘာတွေ ယူသကိုး'လို့ မြွက်ဆိုတာမျိုး ဖြစ်တယ်။
'ကလား'ဟာ အမှန်က မေးခွန်းသဘောပဲ။ ဒါပေမဲ့ မေးခွန်း အစစ်မဟုတ်ဘဲ အလင်္ကာသဘောအရ သုံးတဲ့မေးခွန်း၊ အလင်္ကာ မေးခွန်း Rhetoric Question မျှသာလျှင် ဖြစ်တယ်။ 'တောင်က တော်တော်ကို မြင့်တာ ပါကလား'၊ 'ရွာသားတွေက အများကြီးကူညီရှာကြတာကလား' အဲဒီတော့ မေးခွန်းဆိုတာထက် အာမေဍိတ်ကြိယာနောက်ဆက်လို့ ခေါ်ရင် ပိုမှန်မယ်။
'သား'က သဘောပေါက်သွားကြောင်း ဖော်ပြတဲ့ကြိယာနောက် ဆက်ဖြစ်တယ်။ 'ခက်တော့အခက်သား၊' 'ထင်တော့ အထင်သား၊' 'ထင်သားပဲ၊' 'သိသားပဲ၊' 'ငါပြောသားပဲ၊' 'သွားလိုက်တော့လည်း နီးသားပဲ' တခါတလေ အလေးအနက်ပြ စကားလုံးအဖြစ် 'သား'ကို သုံးတယ်။ 'မသိသား ဆိုးရွားလိုက်တာ။' 'ငါ တားရဲ့သားနဲ့ နင်ဝယ်တာကို'။
လွန်ကဲတဲ့သဘောကို အာမေဍိတ်ရွတ်ဆိုတဲ့အခါ သုံးတဲ့ကြိယာ နောက်ဆက်တခုကတော့ 'တဲ့ဖြစ်ခြင်း'ပါပဲ။ 'ကောင်းလိုက်တဲ့ဖြစ်ခြင်း၊' 'တောင်ကြီးက မြင့်လိုက်တဲ့ဖြစ်ခြင်း၊' 'ရွာက ခေါင်လိုက်တဲ့ ဖြစ်ခြင်း၊' 'ရေက နက်လိုက်တဲ့ဖြစ်ခြင်း။'
အဲဒီတော့ အလွန်မိုက်တယ်ဆိုတာကို အာမေဍိတ်သဘောသုံး ချင်ရင် 'မိုက်ပါပေရဲ့၊' 'မိုက်လိုက်တာ၊' 'တယ်မိုက်ပါလား၊' 'တယ်မိုက်ပါ ကလား၊' 'မိုက်သကိုး၊' 'မိုက်လိုက်တဲ့ဖြစ်ခြင်း၊' 'တော်တော်မိုက်သားပဲ၊' 'မိုက်လှချည့်' စသဖြင့်သုံးနိုင်တယ်။ ဂန္ထ၀င်ဆန်ဆန် သုံးချင်ရင် 'မိုက်ပါ ဘိ၊' 'မိုက်လေစွ၊' 'မိုက်လှ တကား၊' စသဖြင့်သုံးနိုင်တယ်။ အလားတူ အလွန်အမင်းလှတာကိုပြောချင်ရင် 'လှပါပေရဲ့' (ဒီကနေ 'လှပါပေ့'လို့ ဖြစ်သွားတယ်၊) 'လှလိုက်တာ၊' 'တယ်လှပါလား၊' 'တယ်လှပါကလား၊' 'လှသကိုး၊' 'လှလိုက်တဲ့ဖြစ်ခြင်း၊' 'တော်တော်လှသားပဲ၊' 'လှလှချည့်' စသဖြင့် သုံးနိုင်တယ်။ ဂန္ထ၀င်ဆန်ဆန်သုံးချင်ရင် 'လှပါဘိ၊' 'လှလေစွ၊' 'လှလှတကား၊' 'လှစွတကား၊' စသဖြင့်သုံးနိုင်တယ်။
ရံဖန်ရံခါ တွေ့ရတတ်တဲ့ အံ့သြခြင်းပြ ကြိယာနောက်ဆက်ကလေး တခုကတော့ 'ပလေ' ဖြစ်တယ်။ သူ့နောက်က 'တယ်' နောက်ဆက်ကို တွေ့ရတတ်သော်လည်း သူချည်းသုံးတာက ပိုအသုံးများပါတယ်။ 'ရွာသူ ကလေးနှယ် လှမှလှပလေ။' 'တောတန်းလေးနှယ် သာမှသာယာပလေ' 'တောင်တန်းကြီးက မြင့်မှမြင့်ပလေ။' ဒီစာကြောင်းတွေမှာ ကြိယာ နောက်က'တယ်'ထည့်ပြီး 'လှမှလှပလေတယ်၊' 'သာမှ သာယာပလေတယ်၊' 'မြင့်မှ မြင့်ပလေတယ်'လို့ ပြောရင်ရသေးတယ်။
ဒီ 'ပလေ'နောက်က 'စေ'ထည့်ရင် တယောက်ယောက် တခုခုပြုလုပ်နေတာကို ဥပေက္ခာပြုလိုတဲ့သဘော ဆိုလိုတယ်။
သွားပလေစေ။ မတားနဲ့။ အသာကြည့်နေ။
နားပလေစေ။ သူ ပင်ပန်းနေပါပြီ။
ဆဲကြပလေစေ။ မောတော့ ရပ်သွားလိမ့်မယ်။
'ပလေစေ'က စကားအမြန်ပြောရာမှာ 'ပေ့စေ' 'ပစေ'လို့ ပြောင်းလဲသွားတယ်။
သွားပေ့စေ။ မတားနဲ့။ (သွားပစေ။ မတားနဲ့။)
နားပေ့စေ။ သူ ပင်ပန်းနေပြီ။ (နားပစေ။)
ဒီ'ပလေစေ'ကို ခြိမ်းခြောက်ကြိမ်းမောင်းရာမှာ သုံးစွဲတတ်ကြတယ်။ ဥပမာ-
ဒီကောင် လာရဲ၊ လာစမ်းပလေစေ။ အမှုန့်ထောင်းပစ်လိုက်မယ်။
သူ ပြောရဲ၊ ပြောစမ်းပလေစေ။ အရှက်ကွဲသွားမယ်။
ဗမာမှာ နာမ်နောက်ဆက်၊ ကြိယာနောက်ဆက်တွေဟာ သဒ္ဒါ အဆောက်အအုံမှာ အရေးကြီးတဲ့အခန်းက ပါဝင် ကပြနေကြပါတယ်။ ဗမာသဒ္ဒါလေ့လာတာဟာ အဓိကအားဖြင့် သူတို့ကို လေ့လာရတာပါပဲ။ အခု စိတ်ဝင်စားစရာကောင်းတဲ့ ကြိယာနောက်ဆက်တချို့ကို ကြုံတုန်းကြိုက်တုန်း နမူနာတင်ပြလိုက်တာဖြစ်တယ်။

အလုပ် လုပ်ရင်း ရင်းနှီးသူများ(မျိုးမြင့်ချို)

0 comments
မနက်ဖြန် အလုပ်သွားရပါမည်။ အိုရီယင်တေးရှင်းပေးချိန် ၄ နာရီဖြစ်ပြီး ထမင်းစား မိနစ် ၂ဝ အနားရပါမည်။ ပြီးလျှင် အလုပ်သမားသစ်များ မိမိတို့ အလုပ်လုပ်ရမည့်နေရာများကို တပတ်လှည့်လည်ကြည့်ရှုရာတွင် လိုက်ပါရှင်းလင်းပြပေးရပါမည်။ ပြီးလျှင်ပြီးပါသည်။

ထိုအလုပ်သမားသစ်များအား သန်ဘက်ခါမှစ၍လုပ်ငန်းခွင်ဆိုင်ရာ ထရိန်နင်များ(ထိရိန်နာတယောက် ထရိနီးတယောက်နှုန်းဖြင့်)ပေးကြပါလိမ့်မည်။ ကျနော်နှင့် မဆိုင်တော့ပါ။

ဒီနေ့ ထမင်းစားနားချိန်တွင် ကိုဖိုးနဲဆိုသည့် ကရင်အမျိုးသားလူပျော်ကြီးက ကျနော့်ကို သူ့ထမင်းဘူးလေးထဲမှ ခွဲကျွေးပါသည်။ အမှန်ပြောရလျှင် ထိုအချိန်တွင် ကျနော် ဘာမှ စားလိုစိတ်မရှိသလို ဗိုက်လည်းဆာမနေပါ။ သို့သော် သူ့ စားစေချင်သည့်စေတနာနှင့် သူ့မျှစ်ချဉ်ပေါင်ကြော်က ကျနော့်အား ဟန်လုပ်မရအောင် ဖမ်းစားသွားပါသည်။ သို့ဖြင့် ဆယ့်လေးငါးလုပ်ခန့် သူနှင့်အတူ စားဖြစ်သွားခဲ့ပါသည်။ ကိုယ့်ဆရာ မနက်ဖြန်လည်း တာလပေါ ချက်လာခဲ့မယ် စားမလားဟုမေးပါသည်။ ကျနော်သည် တာတပေါ အလွန်ကြိုက်သူဖြစ်ပါသည်။ ထို့ကြောင့် ဟန်ဆောင်မနေပဲ စားမယ်ကိုဖိုးနဲ ချက်ခဲ့ဟုပြောလိုက်ပါသည်။
ကျနော်တို့စားနေတုန်း ကိုအောင်လွင်တို့ လင်မယားကလည်း ဟင်းတွေ လာချပေးပါသည်။ ချယ်ရတီဆေးဆိုသည့် ကရင်မလေးကလည်း ငါးဟင်းဆီပြန်ချက်ထားတာ လာပေးပါသည်။ ဂျူရယ်လ်ဒူလီဆိုသည့် ကရင်မလေးကလည်း ငါးပိကောင်ကြော်တွေ ကျနော်တို့အား လာချပေးရင်း စပ်တော့ အတော်စပ်တယ်ဆရာ ကုလားအော်သီးနဲ့ဟုပြောပါသည်။ သူတို့ ကျနော့်အပေါ်ထားသည့် ကျွေးချင်မွေးချင်သည့် စိတ်စေတနာကို ရာနှုန်းပြည့်အသိအမှတ်ပြု စိတ်ထဲကြည်နူး သက်ဝင်မှုရှိသော်လည်း မစားဖြစ်ပါ။

တစားပွဲလုံး ငါးပိကောင်ကြော်နံ့ ငါးဟင်းဆီပြန်နံ့လေးများ အလွန်မွှေးပျံ့ပါသည်။ ဘေးဝိုင်းတွေမှ မက္ကဆီကန်နှင့် အဖြူတချို့ကတော့ နှာခေါင်းရှုံ့ပွရှုံ့ပွ လုပ်ကြပါသည်။ အရေးလုပ်စရာမရှိပါ။ သူတို့လည်း သူတို့အစာ သူတို့စားခြင်းဖြစ်ပြီး ကျနော်တို့လည်း ကိုယ့်အစား ကိုယ်စားခြင်းဖြစ်ပါသည်။ သူတို့ပန်းကန်ထဲ ကိုယ့်ဟင်းတွေ လိုက်ထည့်နေခြင်းမဟုတ်သလို သူတို့ကိုလည်း တဝိုင်းတည်း လာစားပါဟုခေါ်နေခြင်းမဟုတ်ပါ။ တခုတော့ သတိထားရပါသည် ကျနော့်တို့ ဗမာစာများမှာ အနံ့နည်းနည်းပြင်းပါသည် (ဆနွင်းရောင် ငရုပ်သီးရောင်)အရောင်လည်း နည်းနည်းပြင်းပါသည်။ ထမင်းစားခန်းရှိ အများသုံးမိုက်ခရိုဝေ့ဖ်များတွင် ကျနော်တို့ ဟင်းတွေနွှေးလိုက်ပါက တခန်းလုံး အနံ့တွေမိုးမွှန်ကုန်ပါသည်။ ထိုတခု ဆင်ခြင်လျှင် ဘာပြသနာမှမရှိပါ။

ကျနော်သည် ဟင်းတခွက်ရှိလျှင် လုံလောက်သူဖြစ်ပါသည်။ ထို့ကြောင့် ဘယ်ဟင်းခွက်ဘက်မှ လက်မရောက်လိုက်ခဲ့ပါ။ သို့သော် သူတို့စေတနာတရားသည် သူတို့ဟင်းနံ့ကြွေးနံ့များထက် ပိုမွှေးပျံ့ကြောင်း ကျနော်သိခဲ့ရပါပြီ။ ကျနော့်အား ဆရာဟုခေါ်သည်ကိုတော့ ကျနော်မကြိုက်ပါ။ မကြိုက်ကြောင်းလည်း အတန်တန်ပြောပါသည်။ သို့သော် သူတို့ ခေါ်ပါသည်။
မတ်ခ်ျ ၁၃၊ ၂ဝ၁၇

မြစ်မှာဆုံဖို့(မျိုးမြင့်ချို)

0 comments
(မြစ်မှာဆုံဖို့)ကျနော်က မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို အာဏာမစို့မပို့ရထားသည့် အင်န်အယ်လ်ဒီ ဘယ်ပုံကိုင်တွယ်မည်နည်းကို မျက်စေ့ဒေါက်ထောက်နေသူဖြစ်ပါသည်။ သို့သော် ကျနော် ဘာမှမတွေ့မမြင်ရပါ။ မြစ်ဆုံစီမံကိန်းစုံစမ်းရေးကော်မရှင်ဖွဲ့သည် အစိုးရကို အစီရင်ခံစာတင်သည်ဟု ကြားသော်လည်း ဘာတွေစုံစမ်းတွေ့ရှိ၍ ဘယ်သို့အစီရင်ခံမှန်း ကျနော်အပါအဝင် ဘယ်ပြည်သူမှ တရားဝင် သိခွင့်မရပါ။ စစ်အုပ်စုနှင့် စစ်တပိုင်းအစိုးရကြား လက်သိပ်ထိုးနှင့်ကြိတ်ဝိုင်း လက်ဝါးရိုက်ထားမှုများ ရှိနေသည်ဆိုခြင်းကိုတော့ ခန့်မှန်းလို့ရပါသည်။

အင်န်အယ်လ်ဒီစစ်တပိုင်းအစိုးရအနေနှင့် လူထုနှင့်တိုင်းပြည်ကို သွေးတိုမစမ်းသေးတာက ခြေကုပ်မမြဲသေး၍လည်း ဖြစ်ပါလိမ့်မည်။ မြစ်ဆုံသွေးတိုးသည် တရုတ်ပြည်ကိုပါ စမ်းရမှာဖြစ်ပါသည်။
တရုတ်သည် အရင့်အရင် အမေရိကန်အစိုးရတွေ လက်ထက်ကထက် သွေးတိုး ပိုအစမ်းခံနိုင်သည့် အနေအထားကိုရနေပါသည်။ ချမ်းသာလာခြင်း စစ်အင်အား ပိုမိုတောင့်တင်းလာခြင်း သံခင်းတမန်ခြင်း ပိုပို ထဲဝင်ထိရောက်လာခြင်းများသည် သွေးတိုးစမ်းမည့်သူများ ချင့်တွက်ရမည့်ကိစ္စဖြစ်လာပါသည်။

ဒီကြားထဲ ဒေါ်နယ်လ်ထရမ့်ခေတ် အမေရိကန်နိုင်ငံခြားရေးပေါ်လစီသည် အာရှပစိဖိတ်ဒေသမှ ခွာမသွားသေးသော်လည်း အိုဘာမားလက်ထက်ကလောက် သည်းသည်းသန်သန် ပြင်းပြင်းထန်ထန် မဟုတ်ပါ။ ဂျပန်ကို ဖက်ဆစ်လုပ်ခွင့်ပြန်ပေးပြီး တရုတ်တို့ မြောက်ကိုးရီးယားတို့ကိုထိန်းထားနိုင်ဖို့ အကြံအစည် တစုံတရာရှိပါသည်။ အစ္စရေးကို အနုမြူမဲပိုတင်းပေးပြီး အာရဗ်ကမ္ဘာကို စီးပိုးဗိုလ်ကျထားဖို့ဖြစ်ပါသည်။ အချင်းချင်း ပြန်ချနေကြသည့် အာဖရိကသားတွေကို ၂ ဘက်လုံးဆီ သေနတ်ရောင်းပြီး ယာလည်းညက်စေကြက်လည်းမောစေ ကိုယ်လည်းထောစေ ပေါ်လစီဖြစ်ပါလိမ့်မည်။
အန်ကယ်လ်ဆမ် အိပ်ကပ်ထဲကငွေထုတ်မသုံးချင်ပါ။ ဘတ်ဂျက်လိုငွေပြသနာကလည်း ထရီလီယံနှင့်ချီပြီး ခေါင်းခဲစရာဖြစ်ပါသည်။ သူဌေးလည်း သင်္ဘောအမှောက်များလျှင် ခွက်ပျောက်ရိုးသာဓကတွေ ကမ္ဘာမှာရှိပါသည်။ တရုတ်ကိုပေးရမည့် အကြွေးတွေကလည်း လည်ပင်းခိုက်နေပါသည်။ ထိုအနေအထားများတွင် တရုတ်စွာခွင့် ရနေပါသည်။

သို့သော် တရုတ်သည် အတော့်ကို သိုသိုသိပ်သိပ် သပ်သပ်ရပ်ရပ် နှုတ်မဖွာ အာမချောင်ပဲ အငြိမ်လိုင်းလေးမှသွားနေတာကိုတွေ့ရပါသည်။ လိုအပ်သည့်အခါ နေမျိုးနွယ်ဆိုသည့် ဖက်ဆစ်ဂျပန်ကို နည်းနည်း အဟောက်အခြောက်လေးတွေလုပ်တာတွေ့ရပါသည်။ ဖိလစ်ပိုင်တို့ တောင်ကိုးရီးယားတို့ကြ တရုတ်စာရင်းထဲတွင် သိတ်အသွင်းမခံရပါ။ ဂျပန်ကြတော့ နန်ကင်းလူသတ်ပွဲအပါအဝင် တရုတ်ကို အတိတ်မှာ ဖက်ဆစ်ကျဖူးတာရှိသလို စီးပွားရေးတောင့်ခြင်းနှင် ရှင်ဇိုအာဘေးခေတ် တပ်ထောင်တာဗိုလ်ထုတွေလုပ်လာခြင်းကိုလည်း သတိထားပုံပေါ်ပါသည်။ ဒါက တရုတ်၊ အမေရိကန်၏အာရှပစိဖိတ်၊ ဂျပန့်အရေး စသည်များအပေါ်မြင်သည့် ကျနော့် ကောက်ချက်ဆွဲခြင်းများဖြစ်ပါသည်။ မမှန်လည်း ကိစ္စမရှိပါ။ ကျနော်သည် တိုင်းပြည်တပြည်ပြည် အစိုးရတရပ်ရပ် သတင်းစာတစောင်စောင် အခြားမီဒီယာတခုခုကို ကိုယ်စားပြုပြောနေခြင်း မဟုတ်ပါ။ နိုင်ငံရေးလူအလွတ်ဖြစ်ပါသည်။ ပြောချင်တာကို ပြန်ကောက်ပါမည်။

ကျနော်က မြစ်ဆုံစီမံကိန်းကို လုပ်စေ့ချင်ပါသည်။ ရှေ့မှာလည်း ကျနော် ပြောဖူးပါသည်။ ၂ တိုင်းပြည် (တရုတ်-ဗမာ)အကျိုးအမြတ် ရှည့်လည်းလျှေက်သာ ပျားလည်းစွဲသာဖြစ်ဖို့၊ ကချင်ပြည်နယ်က ဒေသခံတွေမနစ်နာဖို့၊ ဧရာဝတီမြစ်တကြော အညာအကြေနေသူတွေ စီးပွားလူမှုဘဝ အထိအခိုက်နည်းဖို့၊ ပတ်ဝန်းကျင်သဘာဝ အပျက်အရှနည်းဖို့၊ နိုင်ငံတကာစံသတ်မှတ်ချက်တွေနှင့် ကိုက်နိုင်သမျှကိုက်ဖို့ ထွက်လာသည့်ဓာတ်အား သူမည်မျှကိုယ်မည်မျှ ခွဲဝေသုံးမည်ကို ပြန်ကြံဆဖို့ စသည်တို့ပါပါသည်။ မြစ်ဆုံသည် ကချင်ပိုင်မဟုတ်ပါ။ ထို့အတူ ဗမာပိုင်လည်း မဟုတ်ပါ။ တိုင်းပြည်ပိုင်ဖြစ်ပါသည်။ ဖက်ဒရယ်လ်ပုံစံတိုင်းပြည် ထူထောင်မိပြီးသည့်အခါ(ယခုကတည်းက ဆွေးနွေးပြင်ဆင် ထားရန်လိုပါသည်) မြစ်ဆုံစီမံကိန်းမှ အကျိုးအမြတ်အား ပြည်နယ်အစိုးရက ဘယ်မှခံစား၊ ဗဟိုအစိုးရက ဘယ်မျှခံယူစသည်တို့ ပီပြင်နေဖို့လိုပါသည်။

ရေကာတာတည်ဆောက်ပြီး ရေတွေကို လှောင်ကာ လိုသလိုခိုင်းစားရခြင်းမှာ ရာနှုန်းပြည့် အန္တရာယ်ကင်းရန် မည်သည့်အခါမှမဖြစ်ပါ။ ရေသည် ရေဖြစ်ပါသည်။ ရေသည် ရန်သူမျိုးငါးပါးတွင် ပါပါသည်။ မိုးကလည်း သူရွာချင်သလို ရွာပါသည်။ တောင်ကလည်း သူပြိုချင်သလို ပြိုပါသည်။ ပြတ်ရွေ့မြေကြောများကလည်း ပြတ်ချင်သလိုပြတ် ရွေ့ချင်သလိုရွေ့နေပါသည်။ ငလျင်ဆိုတာကလည်း ဘာမပြောညာမပြော ထထလှုပ်တတ်ပါသည်။ ထိုအရာများသည် လူက လိုက်ထိန်းချုပ်လို့မနိုင်သေးသည့်အရာများ ဖြစ်ပါသည်။ အစိုးမရသည့်အရာများဖြစ်ပါသည်။

ဘာမှ အစိုးမရသည် မှန်သော်လည်း တတ်နိုင်သမျှ အကောင်းဆုံးနည်းပညာများသုံးကာ ကြိုတင်ကာကွယ်မှုများအပါအဝင် စံချိန်စံညွှန်းများပြည့် ရေအားလျှပ်စစ်ထုတ်မည့် ဆည်ကြီး(ရေကာတာကြီး)တခုဖြစ်ဖို့တော့ လိုပါသည်။ ထိုသို့လုပ်ထားသည့်ကြားမှ ခုနကျနော်ပြောသည့် လူမနိုင်သည့်အရာများဖြစ်ခဲ့လို့ ဆည်ကျိုးတာပေါက်တွေဖြစ်ခဲ့လျှင်လည်း မတတ်နိုင်ပါ။ လူတွေ သေကြကြေ ပျက်စီးဆုံးရှူံးကြတွေ ရှိပါလိမ့်မည်။ ကမ္ဘာပေါ်တွင် ထိုကိစ္စများများ ဖြစ်နေပါသည်။ နည်းပညာမြင့်ပါသည့်ဆိုသော ကျနော်နေသည့် အမေရိကန်မှာပင်လျှင် လူမနိုင်ကိစ္စများကြောင့် ဆည်တွေကျိုးကြပါသည်။ လူတွေ သေကြေပျက်စီးမှာကြောက်လျှင် ဖက်ဆစ်စနစ်ကိုတောင် တိုက်နေစရာမလို။ စစ်ဆိုသည်မှာ ပိုမသေအောင် ပိုအနှိပ်စက်မခံရအောင် တိုက်နေရသည်များလည်းရှိပါသည်။

လျှပ်စစ်ဓာတ်အားဆိုသည်မှာ နိစ္စဓူဝလိုအပ်ချက်ဖြစ်ပါသည်။ ခုလိုကလတွင် ဘယ်သူမှ ရေနံဆီမီးခွက်တို့ ဖယောင်းတိုင်နှင့် မနေလိုကြတော့ပါ။

ရပ်ကွက်ထဲက အိမ်ဆိုင်လေးတွင် ဈေးဆစ်ပြီး တည့်သွားပြီးကာမှ မဝယ်တော့ဘူးဆိုလျှင် ဆိုင်ရှင့် ရန်အထောင်ခံရပါသည်။ တိုင်းပြည်တပြည်နှင့်ကြတော့ စီးပွားရေး ကုန်သွယ်ရေးဆိုင်ရာ နိုင်ငံတကာစာချုပ်စာတမ်းများ၊ ပရိုတိုကော်လ်များရှိပါသည်။ နှစ်ဖက်လိုက်နာရပါသည်။ ချိုးဖေါက်လျှင် လူအယုံအကြည်အမဲ့ခံရပါသည်။ တရုတ်ဘက်ကလည်း အကျိုးအမြတ်မျှော်ကိုး၍ စစ်အစိုးတွေနှင့်လုပ်ခဲ့တာ ချုပ်ခဲ့တာမှန်သော်လည်း ဗမာနှင့်တရုတ်သည် တိုင်းပြည်များဖြစ်ကြပါသည်။ သူ့ဘက်က ရင်းထားသည့် ငွေပမာဏလည်း မသေးလှပါ။

ကျနော်တော့ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း ကျကျနနပြန်စစေချင်ပါသည်။
မတ်ခ်ျ ၁၅၊ ၂ဝ၁၇

Thursday, March 9, 2017

ဗိုလ်ချုပ်အောင်ဆန်းသနားစရာ ရဲဘော်ဖိုးသံချောင်း)

0 comments
ဗိုလ်ချုပ်အောင်ဆန်းသနားစရာ
(အရေးတော်ပုံဂျာနယ်၊ အတွဲ ၂- အမှတ် ၈ မှာ ဖော်ပြမယ့်ဆောင်းပါး ဖြစ်ပါတယ်။)

ကျွန်တော်တို့ငယ်ငယ်တုန်းကပါ။ ၅ဝစုနှစ်များနောက်ပိုင်း၊ ဒါမှမဟုတ် ၆ဝစုနှစ်များအစောပိုင်းလောက်က ဖြစ် ပါလိမ့်မယ်။
သင်္ကြန်ရေပက်ခံအသင်းကြီးတခုက သံချပ်ထိုးရာမှာ “ဗိုလ်ချုပ်အောင်ဆန်းသနားစရာ၊ သူ့ခမျာ မဲပုံးတံဆိပ်”လို့ထိုးတာကိုမှတ်မိနေပါတယ်။ အဲဒီတုန်းက ဖဆပလတွေက ရွေးကောက်ပွဲရောက်ပတဲ့ဆိုရင် သူတို့ရဲ့ အမတ်လောင်းတွေရဲ့ မဲပုံး တွေပေါ်မှာ ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံကို ကပ်ပြီး လူထုကိုမဲထည့်ခိုင်းပါတယ်။ ဒါကိုကြည့်မရ တဲ့လူတွေက သင်္ကြန်ကျတော့သရော်တာ ဖြစ်ပါတယ်။
ဖဆပလအစိုးရ နဲ့ ဖဆပလအဖွဲ့ခေါင်းဆောင်တွေဟာ ဗိုလ်ချုပ်အောင်ဆန်းလုပ်ကြံခံရပြီးတဲ့နောက်ကစပြီး ဗိုလ်ချုပ် အောင်ဆန်းနာမည်ကို အသုံးပြုပြီး သူတို့ထင်ရာစိုင်းခဲ့ကြပါတယ်။ ဒါပေမဲ့ ဗိုလ်နေဝင်းက ၁၉၆၂ ခုနှစ်မှာအာဏာသိမ်းပြီးတဲ့ နောက်မှာတော့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ဓာတ်ပုံ/ရုပ်ပုံတွေ ဌာနဆိုင်ရာရုံးခန်းတွေထဲကနေ ဖြုတ်ချကုန်ကြပါတယ်။ စစ်အုပ်စုရဲ့ဗိုလ်ချုပ်အောင်ဆန်းအပေါ် အာဃာတတွေကို ချွန်းဖွင့်လွှတ်တဲ့ကာလလို့ဆိုရပါမယ်။ နောက်ပိုင်းမှာ ငွေစက္ကူပေါ်က ဗိုလ်ချုပ်ပုံတွေ တောင် ဖယ်ပစ်တာလုပ်ပါတယ်။ ရှစ်လေးလုံးအရေးအခင်းကြီးမတိုင်မီ ၁၁ လလောက်အလိုမှာ ငွေစက္ကူတွေ တရားမဝင်ကြောင်း ကြေညာပြီး အဲဒီကတည်းက ငွေစက္ကူပေါ်က ဗိုလ်ချုပ်အောင်ဆန်းပုံတွေကို ဖယ်ရှားပစ်ဖို့ကြံစည်ဆောင်ရွက်လာခဲ့ကြတာပါ။ ၁၉၉၆ ခုနှစ်က အစပြုပြီး ပြည်ခိုင်ဖြိုးပါတီရဲ့ အမှတ်အသားဖြစ်တဲ့ ခြင်္သေ့ပုံပါတဲ့ ငွေစက္ကူတွေနဲ့လုံးဝအစားထိုးပစ်လိုက်ကြပါတယ်။
ရှစ်လေးလုံးအရေးအခင်းကြီးပေါ်လာပြီး လူထုကြီးက ဒေါ်အောင်ဆန်းစုကြည်အပေါ် ယုံကြည်ကိုးစားမှုတွေပုံ ထားလိုက်တဲ့အခါမှာတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ပုံရိပ်ကို အကြီးအကျယ်အထောက်အကူပေးတဲ့ သူ့ဖခင်ရဲ့ပုံရိပ်ကို သေးသိမ်၊ မှေးမှိန်အောင်အမျိုးမျိုးလုပ်ခဲ့ပါတယ်။
ဒါပေမဲ့ အခုတော့ ဗိုလ်ချုပ်အောင်ဆန်းရုပ်တုတွ၊ တံတားနာမည်ပေးတာတွေ စသဖြင့် သူ့ပုံရိပ်ကိုအသုံးပြုတာတွေ အကျယ်အပြန့်ပေါ်ထွက်လာတာ အံ့သြစရာတွေ့နေရပါတယ်။ တဆက်တည်း မှာ ဒီလုပ်ရပ်တွေအတွက် ဒေသခံတွေရဲ့ ဆန့် ကျင်ကန့်ကွက်မှုတွေပေါ်လာတာလည်း မထင်မမှတ်ပဲတွေ့ကြရပါတယ်။ အထင်ရှားဆုံးနဲ့မီဒီယာတွေအပေါ်မှာနေရာ အယူဆုံးကတော့ မြစ်ကြီးနားက ဗိုလ်ချုပ်ရုပ်တုနဲ့ မွန်ပြည်နယ်မော်လမြိုင်က ဗိုလ်ချုပ်အောင်ဆန်းတံတားဆိုတဲ့ ကိစ္စတွေ ဖြစ်ပါတယ်။
ဒီနေရာမှာ ဗိုလ်ချုပ်အောင်ဆန်းတံတားဆိုလို့ စိတ်ဝင်စားစရာ တံတားနာမည်ပေးမှုတခုအကြောင်းရေးချင်ပါတယ်။ အဲဒါက မြစ်ကြီးနားအနားက ဧရာဝတီ မြစ်ကိုဖြတ်ကူးတဲ့ ဗလမင်းထင်တံတားဆိုတာပါ။ ၁၉၉ဝ စုနှစ်များအစောပိုင်းတုန်းက တရုတ်တွေက မြစ်ကြီးနားကနေ တရုတ်နယ်စပ်အထိ ကားလမ်းကြီးတလမ်း ဖောက်ပေးပါတယ်။ တောင်ဖြို၊ လမ်းဖောက်တာကအစ တံတားဆောက်၊ တောင်ကမ်းပါးယံကာတဲ့ တံတိုင်းဆောက်တာအထိ သူတို့ကပဲငွေထုတ်၊ လူစိုက်ပြီးဖောက် လုပ်ခဲ့တာဖြစ်ပါတယ်။ ဒီလိုနဲ့ဒီတံတားကိုနာမည်ပေးဖို့ဆိုတော့ စစ်ဗိုလ်တွေက ဗလမင်းထင်တံတားလို့နာမည်ပေးလိုက်ပါတယ်။ ဗမာပြည်သမိုင်းကိုနားမလည်ကြတဲ့ တရုတ်တွေကတော့ နာမည်ဟာ ခံ့ညားတယ်လို့တောင် သူတို့စိတ်ထဲမှာ အောက်မေ့ကြပါတယ်။ ဗလမင်းထင်စစ်သူကြီးဟာ ဆင်ဖြူ့ရှင်မင်းလက်ထက်တုန်းက တရုတ်စစ်တပ်တွေကိုအနိုင် တိုက်ခဲ့လို့ နာမည်ကျော်ခဲ့တဲ့ဗမာစစ်သူကြီးဆိုတာကို သူတို့သိရင် တရုတ်တွေဘယ်လိုခံစားရပါ့မလဲ၊ တွေးကြည့်ချင်စရာ ပါ။ နောက်ပြီးဒါဟာ ထိုင်းနယ်စပ်မှာ ဘုရင့်နောင်ရုပ်တုဆောက်တာ၊ ဝိတိုရိယာအငူကို ဘုရင့်နောင်အငူလို့နာမည်ပြောင်း တာတွေနဲ့ တဆက်တည်း ဖြစ်တယ်ဆိုတာလည်းသတိပြုသင့်ပါတယ်။ ဗိုလ်သန်းရွှေ၊ ဗိုလ်ခင်ညွန့်တို့လက်ထက်ပေါ့။
ဆိုလိုတာ တံတားနာမည်ပေးတယ်ဆိုတာတွေမှာ နောက်ခံနိုင်ငံရေးရည်ရွယ်ချက်တွေပါတတ်တယ်၊ ဒီလိုလုပ်တာ ဟာ စစ်အုပ်စုနဲ့ထောက်လှမ်းရေးရဲ့အကျင့်ပဲဆိုတာဖြစ်ပါတယ်။ အထက်မှာရေးခဲ့သလိုပဲ စစ်အုပ်စုဝင်တွေဟာ ဒေါ် အောင်ဆန်းစုကြည်က သူတို့ရဲ့အဓိကဦးတည်ရန်သူဖြစ်တဲ့အချိန်မှာ ဗိုလ်ချုပ်အောင်ဆန်းကိုချောင်ထိုးထားခဲ့ပြီး အခု သူတို့ရဲ့အဓိကဦးတည် ရန်သူပြောင်းသွားတဲ့အခါမှာ ဗိုလ်ချုပ်အောင်ဆန်း ပုံရိပ်ကိုထုတ်ပြီး အသုံးချလာပါတယ်။ တချက် ခုတ် ဆယ်ချက်ပြတ်ပါ။
ဗိုလ်ချုပ်အောင်ဆန်းရဲ့ရုပ်တု၊ တံတားစတာတွေကြောင့် ပြဿနာပေါ်တယ်ဆိုတာတွေဟာ တိုင်းရင်းသားလူမျိုးစု တွေအများစုနေထိုင်ရာ အရပ်ဒေသတွေမှာချည်းပဲဖြစ်တယ်ဆိုတာကို သတိထားမိကြပါလိမ့်မယ်။ ဒီနေ့ စစ်တပ်/စစ်အုပ်စု ရဲ့အဓိကဦးတည်ရန်သူဟာ တိုင်းရင်းသားလူမျိုးစုတွေဖြစ်တော့ ဒီဟာတွေလုပ်ခြင်းအားဖြင့် တိုင်းရင်းသားတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်အကြား သပ်လျှိုပြီးသားဖြစ်သွားပါတယ်။ တိုင်းရင်းသားတွေရဲ့ခေါင်းထဲမှာ ဗိုလ်ချုပ်အောင်ဆန်း အပေါ်ရော ဗမာတွေအပေါ်မှာပါ အမျိုးမျိုးပေါက်ကွဲတာတွေဖြစ်လာပါတယ်။ ဒါကို ဗမာတွေကလည်း သတိထားမိ၊ မကျေ မနပ်ဖြစ်မိကြပါတယ်။ ဒါကလည်း သပ်တချောင်းပဲမဟုတ်ပါလား။ နောက်ပြီး ဒါတွေဟာ ဒေါ်အောင်ဆန်းစုကြည်လုပ်နေတဲ့ ငြိမ်းချမ်းရေးတည်ဆောက်မှု ဆိုတာတွေကို မထိခိုက်ဘူးလား။ လာတော့မယ့်ကြားဖြတ်ရွေးကောက်ပွဲ(အများစုက တိုင်းရင်းသားဒေသတွေမှာ) အပေါ်မှာရော သက်ရောက်မှုမရှိပေဘူးလား။ တိုင်းရင်းသားတွေမကျေမနပ်၊ မငြိမ်မသက် ဖြစ်ရင် စစ်တပ်ရဲ့အခန်းအရေးပါလာပြီလား။
ဆယ်ချက်မကပြတ်ပါတယ်။
(ရဲဘော်ဖိုးသံချောင်း)