Friday, March 24, 2017

သစ်ခွ(မျိုးမြင့်ချို)

0 comments
မနက်က ပန်းကန်ဆေးသည့် Sink နားမှာ လက်ဆေးရင်း သစ်ခွအိုးတွေကိုကြည့်မိသည်။ ဘုရားရေ အားလုံးပွင့်နေကြပါပကောလား။ ကျနော် နေ့တိုင်းတွေ့နေပါလျက် ဘာ့ကြောင့် ပန်းတွေပွင့်နေတာကို မမြင်ခဲ့တာလဲ။ ပန်းအိုးတွေတင်ထားသည့် တြိဂံပုံအဆင့်လေးမျက်နှာကြက်ရှိ မီးချောင်းကိုဖွင့်ပြီး Day Light ထဲမှာကြည့်မိသည်။ ခရစ္စမတ်စ်ကက်တပ်စ် Christmas Cactus ကလည်း အစိမ်းလွင်နေသည်။ အစို့သစ်လေးတွေ အရွက်တိုင်း၏အနားသတ်မှာ ပုရစ်ဖူးနေကြပြီ။ ဂျပန်သက်ကြီးပင်ပုလေးလည်း ရွက်သစ်လေးတွေထွက်နေပြီ။ အရွက်တွင်အာဟာရလှောင်သည့် ရွက်ထူထူပင်လေးလည်း ရွက်နုတွေထိုးနေပြီ။ သစ်ခွတွေကို သေချာ အနီးကပ်ကြည့်မိပါသည်။ စုစုပေါင်း ထိုတနေရာတည်းတွင် သစ်ခွ ၅ အိုးရှိပါသည်။ ထူးထူးဆန်းဆန်း ၅ အိုးလုံး ၅ ပင်လုံးပွင့်နေတာတွေ့သဖြင် မှင်တက်မိသည်။

သစ်ခွဆိုသည်မှာ များသောအားဖြင့် ဘာရနံ့မှမရှိတတ်ပါ။ အဆင်း၏အလှသက်သက်သာဖြစ်ပါသည်။ သို့သော် ဇနီးသည် မနှစ်ကဝယ်ချလာသည့် သစ်ခွတမျိုးမှာမူ အနံ့ပြပြလေးထွက်ပါသည်။ အနံ့လေးမျာ ချစ်စရာအလွန်ကောင်းပါသည်။ မွှေးရနံ့မဟုတ်ပါ။ အပွင့်လေးနား နှာခေါင်းကပ်ပြီး သေချာမွှေးကြည့်လျှင် လောကတွင်မရှိသည့်ရနံ့တခုခုကို ရှူရှိုက်မိသလို ခံစားမှုဖြစ်ပါစေသည်။

နောက်တအိုးမှာ အပင်ကသာ လေးလက်မခန့်ရှိသော်လည်း ခရမ်းနုရောင် မရမ်းနုရောင် အပွင့်ဖားဖား အပွင့်ကားကားကြီးတွေပွင့်တတ်သည့် သစ်ခွဖြစ်ပါသည်။ ထိုသစ်ခွအား ဇနီးသည်က ဝယ်ပြီးကတည်းက တနှစ်လောက် ဧည့်ခန်းထဲက ကော်ဖီစားပွဲပေါ်ထားပါသည်။ အပင်သေးသေးလေးမှာ အပွင့်ဖားကြီးတွေ တဝေဝေနှင့်မို့ အိမ်လာလည်သူတိုင်း ကောက်ကိုင်ကြည့်ကြပါသည်။

သူ့ပန်းအိုးလေးမှာ တရုတ်ကြွေသားအစစ်ဖြင့်လုပ်ထားသည့် ၃လက်မခန့်မြင့်ပြီး အဝကျယ် ၂ လက်မသာရှိသည့် ပိစိကွေးလေးဖြစ်ပါသည်။ လက်တဆုပ်ပင်မပြည့်ပါ။ သို့သော် ထိုလက်တဆုပ်မပြည့်သည့်အိုးလေးထဲက လေးလက်မခန့်အပင်လေးမှာ ၂ လက်မကျော်သည့် ပန်းပွင့်တွေ တပင်လုံး တအိုးလုံးသိပ်ကာ ပွင့်နေကြသည်မှာ ထူးဆန်းသလိုဖြစ်သဖြင့် လူ့အာရုံအဆွဲဆောင်နိုင်ဆုံးဖြစ်ခဲ့ပါသည်။ သူ့တွင် ဘာရနံ့မှမရှိပါ။ သို့သော် သူသည် သဏ္ဍန်အရ အရောင်အရ ဖြစ်တည်မှုအရ လောကကို အလှဆင်ပါသည်။ လူတွေ အာရုံကိုဖမ်းစားနိုင်ပါသည်။ တနှစ်လောက်ကြာတော့ သူ့အပွင့်တွေလည်း ခြွေလို့ကုန်ပါပြီ။ သူလည်း ညှိုးလျော်ခြောက်သွေ့သွားပါသည်။ သူ့ဘဝနှင့် သူ့အလှက တနှစ်ခံသာဖြစ်သည်ဟု ဇနီးကပြောကာ ထိုပန်းအလှလေးအား ခုနကျနော်ပြောသည့် လက်ဆေးကန်အထက်ကစင်ပေါ် တင်ထားလိုက်ပါသည်။ ကျနော် စိတ်မကောင်း ဖြစ်ရပါသည်။

ရန်ကုန်တွင်နေစဉ်က အမေက စပိုက်ဒါ ဘာညာအပါအဝင် သစ်ခွတွေစိုက်ပါသည်။ သစ်ခွဆိုတာ အုတ်နီခဲရယ် မီးသွေးရယ် အုန်းဆံဖတ်ရယ်ထည့်ပြီး သားစိမ်းငါးစိမ်းရည်လောင်းပေးရင် သူများနဲ့မတူဘူး အပွင့်လည်းပိုကြီး အသွေးလည်းပိုလှတယ်ဟုပြောဖူးသည်ကို နားထဲပြန်ကြား စိတ်ထဲပြန်မြင်သဖြင့် ထိုပန်းအလှလေးကို အိုးပေါက်စနလေးထဲမှထုတ်ကာ အောက်တွင် ကျောက်စရစ်ခဲလေးသုံးလေးလုံး ဗမာကုန်စုံဆိုင်မှ တောင်းလာသည့်အုန်းဆံဖတ်လေး တဖတ်နှဖတ် မီးသွေးခဲလေးတစနှစထည့်ကာ ပြန်စိုက်လိုက်ပါသည်။

အဇ္ဇီနှင့်ရော့ကီတို့အတွက် အမဲရိုးမပြုတ်ခင်တိုင်း အရိုးတွေကိုရေဆေးချပြီး ထွက်လာသည့်အရည်ကိုခံပြီး လောင်းလောင်းပေးပါသည်။ အရည်ပိုများကို လေလုံပိတ်ဗူးတွင်ထည့်ကာ ရေခဲသေတ္တာထဲ သိမ်းထားပါသည်။ ၃ ရက် တခါလောက် အမဲသားစိမ်းရည်လေး ဖျန်းဖျန်းပေးပါသည်။ ၂ လလောက်ရှိတော့ သူ ထူထူထူထောင်ထောင် ပြန်ဖြစ်လာပါသည်။ မျက်နှာလေး ပြန်လန်းလာပါသည်။ ကျနော်လည်း ပျော်ပါသည်။ အပင်လေးလန်းလာသဖြင့် ကျနော်လည်း သြော် သူပြန် အသက်ရှင်သွားပြီကိုးဟုစိတ်ဖြင့် သိတ်လှည့်မကြည့်ဖြစ်တော့ပါ။ သားစိမ်းရည်လည်း မလောင်းဖြစ်တော့ပါ။

ဒီနက်က ကျနော် သူတို့အထက်ကမီးချောင်းဖွင့်ပြီး သူတို့အားလုံးကို စေ့စေ့ငုငုကြည့်နေချိန်တွင် ဇနီးက အနားလာပြီး ကျေးဇူး မျိုး။ ဒီသစ်ခွဟာ တသက်မှာ တခါပဲပွင့်တယ်၊ တနှစ်ခံမျိုးပဲဖြစ်တယ်။ ဒါပေမယ့် တို့အိမ်မှာ နောက်တခါပြန်ပွင့်တယ်၊ ဘယ်လောက်လှလဲ ကြည့်ပါဦးဆိုကာ ထိုပိစိကွေးသစ်ခွပန်းအိုးလေးအား ကျနော့်မျက်စေ့ရှေ့ ဆွဲထုတ်ပြပါသည်။

ဟာ သူ့တပင်လုံး အပွင့်တွေဖုံးနေပါလား၊ သူပြန်ပွင့်ပြီလားဟု အာမေဋိတ်ပင်ဖြစ်ရပါသည်။ ဇနီးက အပင်လေးကို တယုတယကိုင်ရင်း အပွင့်လေးတွေကိုတမြတ်တနိုးနမ်းရင်း Well, I will move and place it in living room ဟုပြောပြီး ဧည့်ခန်းထဲက ကော်ဖီစားပွဲပေါ်ပြန်တင်လိုက်ပါသည်။

သို့ဖြင့် တနှစ်သာအချစ်ခံရမည့်ပန်းအပွင့်များသည် ၂ နှစ်စာ ချစ်စရာဖြစ်ရပါသည်။ ကျနော်လည်း ဤ ခရမ်းဖျော့မရမ်းဖော့အပွင့်လေးတွေကြည့်ရင်း အမေ့ကိုသတိရနေပါသည်။ အမေသည် ပန်းအသက်ကိုမျှမက သားသမီးတို့အသက်ကိုပါ ဆက်ပေးသူဖြစ်ပါသည်။

0 comments:

Post a Comment