Thursday, March 16, 2017

အလုပ် လုပ်ရင်း ရင်းနှီးသူများ(မျိုးမြင့်ချို)

0 comments
မနက်ဖြန် အလုပ်သွားရပါမည်။ အိုရီယင်တေးရှင်းပေးချိန် ၄ နာရီဖြစ်ပြီး ထမင်းစား မိနစ် ၂ဝ အနားရပါမည်။ ပြီးလျှင် အလုပ်သမားသစ်များ မိမိတို့ အလုပ်လုပ်ရမည့်နေရာများကို တပတ်လှည့်လည်ကြည့်ရှုရာတွင် လိုက်ပါရှင်းလင်းပြပေးရပါမည်။ ပြီးလျှင်ပြီးပါသည်။

ထိုအလုပ်သမားသစ်များအား သန်ဘက်ခါမှစ၍လုပ်ငန်းခွင်ဆိုင်ရာ ထရိန်နင်များ(ထိရိန်နာတယောက် ထရိနီးတယောက်နှုန်းဖြင့်)ပေးကြပါလိမ့်မည်။ ကျနော်နှင့် မဆိုင်တော့ပါ။

ဒီနေ့ ထမင်းစားနားချိန်တွင် ကိုဖိုးနဲဆိုသည့် ကရင်အမျိုးသားလူပျော်ကြီးက ကျနော့်ကို သူ့ထမင်းဘူးလေးထဲမှ ခွဲကျွေးပါသည်။ အမှန်ပြောရလျှင် ထိုအချိန်တွင် ကျနော် ဘာမှ စားလိုစိတ်မရှိသလို ဗိုက်လည်းဆာမနေပါ။ သို့သော် သူ့ စားစေချင်သည့်စေတနာနှင့် သူ့မျှစ်ချဉ်ပေါင်ကြော်က ကျနော့်အား ဟန်လုပ်မရအောင် ဖမ်းစားသွားပါသည်။ သို့ဖြင့် ဆယ့်လေးငါးလုပ်ခန့် သူနှင့်အတူ စားဖြစ်သွားခဲ့ပါသည်။ ကိုယ့်ဆရာ မနက်ဖြန်လည်း တာလပေါ ချက်လာခဲ့မယ် စားမလားဟုမေးပါသည်။ ကျနော်သည် တာတပေါ အလွန်ကြိုက်သူဖြစ်ပါသည်။ ထို့ကြောင့် ဟန်ဆောင်မနေပဲ စားမယ်ကိုဖိုးနဲ ချက်ခဲ့ဟုပြောလိုက်ပါသည်။
ကျနော်တို့စားနေတုန်း ကိုအောင်လွင်တို့ လင်မယားကလည်း ဟင်းတွေ လာချပေးပါသည်။ ချယ်ရတီဆေးဆိုသည့် ကရင်မလေးကလည်း ငါးဟင်းဆီပြန်ချက်ထားတာ လာပေးပါသည်။ ဂျူရယ်လ်ဒူလီဆိုသည့် ကရင်မလေးကလည်း ငါးပိကောင်ကြော်တွေ ကျနော်တို့အား လာချပေးရင်း စပ်တော့ အတော်စပ်တယ်ဆရာ ကုလားအော်သီးနဲ့ဟုပြောပါသည်။ သူတို့ ကျနော့်အပေါ်ထားသည့် ကျွေးချင်မွေးချင်သည့် စိတ်စေတနာကို ရာနှုန်းပြည့်အသိအမှတ်ပြု စိတ်ထဲကြည်နူး သက်ဝင်မှုရှိသော်လည်း မစားဖြစ်ပါ။

တစားပွဲလုံး ငါးပိကောင်ကြော်နံ့ ငါးဟင်းဆီပြန်နံ့လေးများ အလွန်မွှေးပျံ့ပါသည်။ ဘေးဝိုင်းတွေမှ မက္ကဆီကန်နှင့် အဖြူတချို့ကတော့ နှာခေါင်းရှုံ့ပွရှုံ့ပွ လုပ်ကြပါသည်။ အရေးလုပ်စရာမရှိပါ။ သူတို့လည်း သူတို့အစာ သူတို့စားခြင်းဖြစ်ပြီး ကျနော်တို့လည်း ကိုယ့်အစား ကိုယ်စားခြင်းဖြစ်ပါသည်။ သူတို့ပန်းကန်ထဲ ကိုယ့်ဟင်းတွေ လိုက်ထည့်နေခြင်းမဟုတ်သလို သူတို့ကိုလည်း တဝိုင်းတည်း လာစားပါဟုခေါ်နေခြင်းမဟုတ်ပါ။ တခုတော့ သတိထားရပါသည် ကျနော့်တို့ ဗမာစာများမှာ အနံ့နည်းနည်းပြင်းပါသည် (ဆနွင်းရောင် ငရုပ်သီးရောင်)အရောင်လည်း နည်းနည်းပြင်းပါသည်။ ထမင်းစားခန်းရှိ အများသုံးမိုက်ခရိုဝေ့ဖ်များတွင် ကျနော်တို့ ဟင်းတွေနွှေးလိုက်ပါက တခန်းလုံး အနံ့တွေမိုးမွှန်ကုန်ပါသည်။ ထိုတခု ဆင်ခြင်လျှင် ဘာပြသနာမှမရှိပါ။

ကျနော်သည် ဟင်းတခွက်ရှိလျှင် လုံလောက်သူဖြစ်ပါသည်။ ထို့ကြောင့် ဘယ်ဟင်းခွက်ဘက်မှ လက်မရောက်လိုက်ခဲ့ပါ။ သို့သော် သူတို့စေတနာတရားသည် သူတို့ဟင်းနံ့ကြွေးနံ့များထက် ပိုမွှေးပျံ့ကြောင်း ကျနော်သိခဲ့ရပါပြီ။ ကျနော့်အား ဆရာဟုခေါ်သည်ကိုတော့ ကျနော်မကြိုက်ပါ။ မကြိုက်ကြောင်းလည်း အတန်တန်ပြောပါသည်။ သို့သော် သူတို့ ခေါ်ပါသည်။
မတ်ခ်ျ ၁၃၊ ၂ဝ၁၇

0 comments:

Post a Comment