Thursday, March 16, 2017

ငါးပိ(မျိုးမြင့်ချို)

0 comments
ဒီနေ့ ကိုယ့်ကားမရှိတာနဲ့ အပြင်လည်းထွက်စရာပေါ်တာနဲ့ ဇနီးလည်း အိမ်မရှိတာနဲ့ ကိုအောင်လွင့်ကို အကူအညီလှမ်းတောင်းပါသည်။ ရတယ်ကိုမျိုးမြင့် ခနလေးစောင့် ကျနော် ထွက်လာခဲ့မယ် သမီးကျောင်းအပြန်စောင့်နေလို့ဟုပြောပြီး ၁၅ မိနစ်လောက်ကြာတော့ ပေါက်ချလာပါသည်။

ကျနော် သွားရမည့်နေရာလိုက်ပို့ပေးပြီး အပြန်မှာ သူ့အိမ်ခနဝင်ရအောင်ဟုပြောသဖြင့် ဝင်ခဲ့ပါသည်။ သူ့အိမ်က ပြန်မထွက်ခင် ကိုမျိုးမြင့် ငါးပိရည်ကျိုတို့ဘာတို့စားလားဟု မေးပါသည်။ သူ ဤသို့မေးသည်မှာ ကျနော့်ရုပ်က ကုလားဆင်ဖြစ်နေတာလည်းပါမည်။ မိန်းမက အမေရိကန်အဖြူ အိုင်းရစ်ရှ်မဖြစ်နေတာလည်း ပါလိမ့်မည်။ ကျွေးချင်ပေးချင်သော်လည်း အားနာနာနှင့်မေးမှန်း ကျနော်လည်းသိပါသည်။ စိတ်ထဲလည်း တမျိုးခံစားရပါသည်။ ကျနော်က စားတာပေါ့ ကိုအောင်လွင်ရယ် ဘယ့်နှယ်ပြောလိုက်တာပါလိမ့်ဆိုတော့ မသိပါဘူးဗျာ မစားများ မစားဘူးလားထင်လို့ဟု ပြုံးပြုံးရယ်ရယ်ပြောပါသည်။ ဒါပေမယ့် အိမ်မှာတော့ ကျိုမစားဘူး။ ကျနော် ငါးပိတို့စရာနဲ့ဆို ဟင်းလွတ်တယ်ဗျဟုပြောတော့ ဒါဆို ကျနော် ငါးပိရည်ကျိုထားတာရှိတယ် ထည့်ပေးလိုက်မယ်ဟု ပြောလည်းပြော ထည့်လည်းပေးလိုက်ပါသည်။ အိမ်လှော်ထောင်း ငရုပ်သီးမှုန့်လေးခတ်ရင်း အချိုမှုန့်စားလားဟု ထပ်မေးပါသည်။ ကျနော်က အချိုမှုန့်စားရင် ဘာဖြစ်မယ်ညာဖြစ်မယ်တွေတော့ ပြောကြကြတာပေါ့ဗျာ ဒါပေမယ့် မွေးကတည်းက စားလာရတဲ့ကောင်ဆိုတော့ ဖြစ်ခါမှဖြစ်ရော နောင်ခါလာနောင်ခါဈေး သဘောထားပြီး စားပါတယ်ဗျဆိုတော့ ဟဲဟဲ ငါးပိရည်ကျိုလေးက အချိုမှုန့်မပါရင် သိတ်မချိုဘူးဗျုပြောကာ အချိုမှုန့်လေးပါ ခတ်ပေးလိုက်ပါသည်။ တို့စရာရော ယူဦးမလားဆိုတော့ တို့စရာတွေကတော့ ကျနော့်ခြံထဲမယ် အများကြီးပဲ။ သူများတွေ လာပြထားလို့ ဒါလေးလည်းစားရတယ် ဟိုဟာလေးလည်းစားရတယ်ဆိုပြီး သိထားပြီဗျ။ မပေးနဲ့တော့ ကျနော့်ဘာသာ ခြံထဲဆင်းခူးမယ်။ ပြီးတော့ ကန်စောင်းမှာ ကနဖေါ့လိုဟာလေးတွေလည်း ပြန်ထွက်နေပြီဟုဆိုကာ ငါးပိရည်ကျိုတခွက် ယူခဲ့ပါသည်။

အိမ်ရောက်လို့ ထမင်းအိုးဖွင့်ကြည့်တော့ ထမင်းတွေကသိုးပြီး နံဟောင်နေပါသည်။ လွန်ခဲ့သည့် ၃ ရက်လောက်ကတည်းက ချက်ပြီး မစားဖြစ်သည့် ထမင်းတွေပါ။ ဒါနှင့် ထမင်းသိုးတွေသွန် ဆန်အသစ်ထည့်ပြီး နောက်တအိုးချက်ဖို့လုပ်နေတုန်း မိတ်ဆွေတယောက်ဆီက ဖုန်းဝင်လာပါသည် ဟေ့လူ အိမ်မှာလားဟုမေးပါသည်။ အေးဗျ အိမ်မှာဆိုတော့ ဘာလုပ်နေလဲဟု မေးပါသည်။ ငါးပိရည်ကျိုတခွက်ရလာလို့ စားမလို့ ထမင်းချက်ဖို့လုပ်နေတာဆိုတော့။ မချက်နဲ့တော့ ကျနော် အုန်းနို့ခေါက်ဆွဲအရည်နဲ့ဟာရော ခေါက်ဆွဲသုတ်ရော ယူလာခဲ့မယ်၊ အဲ့ဒါနဲ့ ဒီညကြိတ်ပေါ့ဗျာ။ တခုခုရော သောက်ဦးမလားဟု ဆက်မေးပါသည်။ ကျနော်က ကျနော့်မှာ သောက်စရာတွေ ရှိနေကြောင်း ခင်ဗျားပါ နည်းနည်းပါးပါးသောက်သွားလို့ရကြောင်း သို့သော် အသောက်များပြီး ကားမမောင်းဖို့နဲ့ ကားမတော်တဆမှုဖြစ်မှာတော့စိုးကြောင်းပြောတော့ ထိုမိတ်ဆွေက ကျနော်က ခုတောင် ချထားပြီးသားကြီး ရပါတယ်ဘာမှမဖြစ်ပါဘူး၊ ခင်ဗျားအိမ်ကြ တခွက်လောက်တော့ ထပ်ချမယ်လေ။ ဒါနဲ့ဟေ့လူ အာပြဲခြောက် ဆားပေါ့လေးတွေ ကြော်ထားတာလည်းရှိတယ် ဆွဲခဲ့မယ်ပြောပြီး ရောက်လာပါသည်။

ဤသို့ဖြင့် ကျနော်လည်း ထမင်းမချက်တောာ့ပါ။ ငါးပိရည်ကျိုနှင့်စားမည့် အစီအစဉ်လည်း ပျက်ပါသည်။ ခြံထဲဆင်း တို့စရာလည်း မခူးဖြစ်တော့ပါ။ ခုတော့ အုန်းနို့ခေါက်ဆွဲ အာပြဲခြောက်မိတ်ဆွေလည်း တခွက်တဖလားချပြီး ပြန်ပါပြီ။ ခွေးလေးတွေလည်း အစာတဝစားပြီး ကျနော့်အိပ်ယာပေါ် တက်နှပ်နေကြပါပြီ။ ကြက်မကြီးတွေလည်း အိပ်တန်းတက်ကုန်ကြပါပြီ။ ရာသီကလည်း ရေခဲအောင် ပြန်အေးနေပြန်ပါပြီ။ ဇနီးသည်လည်း လူမှုရေးပွဲ(အမျိုးထဲက) တပွဲရှိသဖြင့် ထွက်သွားပါသည်။ ဘယ်အချိန်ပြန်ရောက်မည် မသိပါ။ တအိမ်လုံး လူဆိုလို့ ကျနော်တယောက်တည်း ဘရန်ဒီခွက်လေးဘေးချရင်း ဤစာကို ထိုင်ရေးနေမိပါသည်။ ကျနော် မိတ်ဆွေတွေကိုချစ်ပါသည်။ ရန်သူတွေကိုမုန်းပါသည်။ သတ္တဝါအားလုံး ကျန်းမာချမ်းသာကြပါစေဟု တခါမှဆန္ဒမဖြစ်ဖူးပါ။
မတ်ခ်ျ ၁၁၊ ၂ဝ၁၇

0 comments:

Post a Comment