Wednesday, March 22, 2017

ဘေကင်ဆိစား ပါးစပ်သုတ်(မျိုးမြင့်ချို)

0 comments
ဇနီးက မနေ့က ဘေကင် ခရမ်းချဉ်သီးစိမ်း ကြက်သွန်စိမ်း မျိုးနီစ် ဆလပ်ရွက် စတာတွေနဲ့ ဆင်းဒဝခ်ျလုပ်တယ်။ ဘေကင်ကို ဒယ်အိုးထဲထည့် အပူတိုက်တော့ အသားထဲက အဆီတွေထွက်တယ်။ လုပ်နေတုန်း ဘေးကနေရင် အနံ့တော်တော် ညှော်တယ်။

ဟိုးအရင်တုန်းက အုတ်ကျင်းအနောက်ဖက်တကြော ကန်စွန်းခင်းတွေပတ်လည်နဲ့ ဆင်မလိုက်တဝိုက်က ဝတ်ဆီဖတ်ကြော်တဲ့ တဲကြီးတွေဆီကထွက်တဲ့အနံ့နဲ့ တထေရာတည်းပဲ။

နောက်တော့ သူ့နေ့လည်စာ သူထည့်သွားပြီး ကျနော့်အတွက်လည်း ချန်ထားခဲ့တယ်။ ကျနော်က အဲ့ဒီ ဘေကင်ကို အနံ့ကို ကို မကြိုက်တာ။ အရသာကလည်း ငန်ငြိငြိနဲ့။ စားဖြစ်ရင်တောင် ဘေကင်တွေဖယ်ပြီး အမဲကြိတ်သားပြား ဒါမှမဟုတ် ကြက်ဆင်ရင်ပုံလှီးသားကို ပြောင်းထည့်ပြီးစားတယ်။ ခုန ကျနော် နန်းကြီးသုတ်ပွဲတော်ခေါ်ဖို့လုပ်တော့ မီးဖိုပေါ်မှာ ဘေကင်အဆီတွေခဲနေတဲ့ သံကြွပ်ဒယ်အိုးပြန့်ကိုတွေ့တယ်။ 

အဲ့အချိန်မှာ ခွေးလေး ၂ ကောင်ကလည်း ဗိုက်ဆာလို့ အနားလာပြီး ပွတ်သီးပွတ်သပ် လုပ်ကြတယ်။ ဒါနဲ့ အိုးထဲက ထမင်း ယောက်မ ၃ ကော် စာလောက်ကော်ယူပြီး ဘေကင်ဆီတွေခဲနေတဲ့ ဒယ်အိုးထဲထည့်တယ်။ အချိုမှုန့်လေး နည်းနည်းဖြူးတယ်။ နယ်လိုက်တော့ ထမင်းအပူဆိုတော့ အဆီတွေက ချက်ခြင်းပျော်ပြီး ထမင်းမှာ မရွှဲတရွှဲလေး လူးသွားတယ်။ တကောင်တဝက်စီ အစာခွက်ထဲ ထည့်ပေးလိုက်တော့ အဲ့ဒီ ပူပူလောလောကြီးကို အငမ်းမရစားကြတာများ မသိရင် ကျနော်တို့ကပဲ သူတို့ကို ထမင်းမကျွေးပဲ အငတ်ထား ထားတာကြနေတာပဲ။ 

စားလည်းပြီးရော အဇ္ဇီက ထုံးစံအတိုင်း အနားလာပြီး သူ့ပါးစပ်ထိုးပေးတယ်။ ဒါနဲ့ အဝတ်စနဲ့ သုတ်ပေးရတယ်။ ရောကီကတော့ ဧည့်ခန်းထဲက ကော်ဇောပေါ် ဘယ်ပြန်ညာပြန်လူးလှိမ့်ပြီး ပါးစပ်တွေသုတ်တော့တာပဲ။
မတ်ခ်ျ ၂၁၊ ၂ဝ၁၇

0 comments:

Post a Comment