Wednesday, March 22, 2017

ရဲရဲငြီးငြီးမီးချုံပုတ်များ(မျိုးမြင့်ချို)

0 comments
(ရဲရဲငြီးငြီးမီးချုံပုတ်များ)ကျနော့်အိမ်ကနေ တမိနစ်သာသာလောက်မောင်းလျှင်ရောက်သည့် အိမ်တအိမ်ရှေ့တွင် ဖလိမ်းမင်န်းဘုရှ်ခေါ် ခြုံပုတ်ပင်များ အိမ်ရှေ့ခြံစည်းရိုးတလွှား စိုက်ထားပါသည်။

ကျနော်က သူတို့ကို ရဲရဲငြီးငြီးမီးချုံပုတ်များဟု ကိုယ့်ဘာသာ အမည်ပေးထားပါသည်။ ခြုံအပုတ်တိုင်းမှာ လူ့လက်တဖေါင်ကျော်ခန့်မြင့်ပြီး လူ့လက်လေးဝိုင်းခန့်ပြန့်ပါသည်။ ထိုခြုံပုတ်ပင်များသည် ဆောင်းရာသီရောက်လျှင် ထုံးစံအတိုင်း ရိုးတံကျဲကျဲပင်အိုတွေဖြစ်ကာ ဘယ်တော့မှ သားမပေါက်တော့မည့် အမြုံမလိုလိုနေပါသည်။ နွေဦးလေးပေါက်၍ ရာသီလေးများနွေးလာပလားဆို ခုချက်ခြင်း မှော်ဆရာ ကောက်အသက်သွင်းလိုက်သလို ဝုန်းကနဲထ သက်ဝင်လာပါသည်။ 

ခနနေလျှင် ရွက်သစ်နုဖူး ပုရစ်ဦးလေးများ ထွက်လာပါသည်။ ခနနေလျှင် ရွက်ညွန့်ဖါးဖါးလေးများဖုံးကာ သူ့ကိုယ်သူ အရှက်လုံအောင်ဖုံးသည့်အပျိုမနှယ် မလုံမလဲဖြစ်နေတတ်ပါသည်။ နောက်တော့ သိတ်မကြာပါ ဇူလိုင် သြဂတ်စ်လောက်တွင် တကိုယ်လုံးနီနေအောင် သူ့ဖာသာ ချုံလိုက်ပါသည်။ 

သူ့အနီသည် ထူးခြားပါသည်။ ဘာအနီနှင့်မှ မတူပါ။ ပန်းချီဆရာပဲ ထိုအနီမျိုးရအောင် ဆေးစပ်တတ်မည်ထင်ပါသည်။ ထိုအချိန်တွင် ထိုခြုံပုတ်ပင်များမှာ မီးတဟုန်းဟုန်းတောက်နေသည့် သို့မဟုတ် မီးကို ကိုယ်တိုင် တောက်လောင်နေသည့် မီးနတ်နှင့်ဆင်ပါသည်။ သို့သော် သူတို့ကိုကြည့်ရသည်မှာ မီးစွဲလောင်ခံနေရသည်နှင့် တစက်မှမတူပါ။ သူတို့ကိုယ်တိုင် မီးထတောက်နေသည့်သဘောဖြစ်ပါသည်။ ထိုအချိန်များဆို ကျနော် သူတို့ရှေ့က ဖြတ်တိုင်း ကား ရပ်ရပ်ကြည့်ပါသည်။ အနည်းဆုံး ရပ်မကြည့်မိတောင် လှမ်းကြည့်ဖြစ်ပါသည်။ သူတို့ အတော်လှပါသည်။ သူတို့ မီးလိုတောက်နေကြပါသည်။ 

ယခုနှစ်တွင် ကျနော် ထိုပန်းခြုံပင်များ အိမ်ရှေ့တွင်စိုက်ပါမည်။ ဗင်းဆင့်ဗင်ဂိုးက ခြုံပင်တချို့ကို မီးတောက်တွေလို အနီဆန်းဆန်းဖြင့်ရေးခဲ့သည်မှာ ထိုအပင်တွေ၏ အနီဆန်းပုံကြောင့်ဖြစ်မည် ထင်ပါသည်။ အနီတိုင်း မနီပါ။ အနီခြင်းအတူတူ အသွေးကွဲပါသည်။ နီတိုင်းလည်း မီးလို ရဲရဲငြီးငြီးမရှိနိုင်ပါ။
မတ်ခ်ျ ၁၉၊ ၂ဝ၁၇

0 comments:

Post a Comment