Tuesday, June 18, 2019

မင်းဖို့ ကျည်ဆန်တစ်တောင့် (ဘာသာပြန်သူ - မောင်ထင်)

0 comments
မင်းဖို့ ကျည်ဆန်တစ်တောင့် (ဘာသာပြန်သူ - မောင်ထင်)ကျွန်တော်တို့သည် အမည်မဖော်လိုသော မြို့ကလေး တစ်မြို့တွင် စခန်း ချကြပါသည်။ စစ်ဖက်အရာရှိတို့၏ ဘဝဟူသည်မှာ အများ သိတော်မူကြသည့် အတိုင်းပင် ဖြစ်ပါသည်။ နံနက်၌ စစ်ရေးပြ၍ မြင်းစီးကြသည်။ ညနေ၌ တပ်မှူးနှင့်အတူ ညစာ စားကြသည်။ ထိုမြို့ကလေးတွင် ကျွန်တော်တို့အား လက်ခံမည့် အိမ်ဟူ၍ တစ်အိမ်မျှပင် မရှိပါ။ လက်ထပ်ရန် အရွယ်ရှိသော မိန်းကလေး ဟူ၍လည်း တစ်ယောက်တလေမျှပင် မရှိပါ။ ကျွန်တော်တို့ အချင်းချင်း၏ စစ်တန်းလျား အခန်းတို့တွင် တစ်လှည့်စီ စုဝေးတွေ့ဆုံ ကြရပါသည်။ ယင်းသို့ ဆုံမိကြရာ၌ ကြည့်ရှုစရာဟူ၍ ကျွန်တော်တို့ ဝတ်စား ဆင်ယင်ထားသော ဆင်တူဝတ်စုံသာ ရှိပါသည်။
ကျွန်တော်တို့အထဲတွင် စစ်ဖက်အမှုထမ်း မဟုတ်သူ တစ်ယောက်သာ ရှိပါသည်။ သူသည် အသက် သုံးဆယ့်ငါးနှစ်ခန့် ရှိပြီဖြစ်၍ သူ့ကို ကျွန်တော်တို့က လူကြီးဟု ယူဆပါသည်။ ထိုသူမှာ အတွေ့အကြုံ ဗဟုသုတ များသဖြင့် ကျွန်တော်တို့ထက် သာပါသည်။ ထိုမှတစ်ပါးလည်း မှုန်တေတေ နေတတ်သော အကျင့်၊ ကြမ်းတမ်းသော အမူအရာနှင့် ပါးစပ်ပေါက်ဆိုးသော အပြောတို့ကြောင့် ကျွန်တော်တို့ ကဲ့သို့သော လူငယ်များအပေါ်၌ အတော်ပင် လွှမ်းမိုးနိုင်ပေသည်။ သို့သော် သူ့ဘဝမှာ လျှို့ဝှက်ချက် တစ်ရပ် ဖြစ်နေသည်။ သူသည် ရုရှလူမျိုး ဖြစ်တန်ရာ၏။ သို့သော် သူ့အမည်မှာ တိုင်းတစ်ပါးသား၏ အမည်ဖြစ်သည်။ တစ်ချိန်က မြင်းတပ်တွင် ထူးထူး ချွန်ချွန် အောင်အောင်မြင်မြင်နှင့် အမှုထမ်းခဲ့ဖူးသည်။ သို့သော် ထို အမှုထမ်းဘဝမှ နှုတ်ထွက်၍ ယခုကဲ့သို့ နုံချာသော မြို့ကလေးတွင် နေထိုင်ကာ ဆင်းပင် ဆင်းရဲလျက်နှင့် သုံးစွဲနိုင်သော အခြေရှိသည်။ ညစ်ထေးသော စုတ်ပြတ်နေသော ဝတ်ရုံအကျႌကို ဝတ်၍ ခြေကျင်လျှောက် နေရလျက်နှင့် ကျွန်တော်တို့ တစ်တပ်လုံးရှိ အရာရှိ အရာခံတို့အား ပြုစုကျွေးမွေးနိုင်သော အခြေလည်း ရှိသည်။ ဤအချက်ကို မည်သူမျှ မည်သို့ကြောင့်ဟု တပ်အပ်သေချာစွာ မပြောနိုင်ကြချေ။ သူ ကျွေးသော ထမင်းပွဲ၌ ဟင်းလျာမှာ နှစ်မျိုး သုံးမျိုးထက် မပိုပါ။ ချက်ကျွေးသူ မှာလဲ စစ်ပြန်ရဲဘော် တစ်ယောက် ဖြစ်ပါသည်။ သို့ရာတွင် ထမင်းပွဲ၌ ရှမ်ပိန် အရက်မှာမူ အဆီးအတား မရှိ ဒလဟော စီးဆင်း နေဘိသို့ ရှိလေသည်။ သူ၏ ဥစ္စာပစ္စည်းနှင့် ဝင်ငွေ မည်မျှရှိသည်ကို မည်သူမျှ မသိကြပါ။ ထိုအကြောင်းနှင့် စပ်လျဉ်း၍လည်း သူ့ကို မည်သူမျှ မမေးဝံ့ကြချေ။ သူ့ထံ၌ သေနင်္ဂဗျူဟာ ဆိုင်ရာ စာအုပ်၊ ဝတ္ထုစာအုပ် စသည်တို့ အများဆုံး ပါဝင်သော စာအုပ် အမျိုးမျိုး ရှိသည်။ ယင်းတို့ကို သူတစ်ပါးအား ငှါးရန်လည်း ဝန်မလေး။ ငှါးလိုက်သော စာအုပ်ကို ပြန်တောင်းသည် ဟုလည်း မရှိ။ သူကိုယ်တိုင် ကလည်း သူတစ်ပါးပိုင် စာအုပ်ကို ငှါးဖတ်ပြီးလျှင် ပြန် မပေးတတ်။ သူ၏ အဓိက လုပ်ငန်း တစ်ရပ်ကား ပစ်စတို သေနတ်ပစ်ခြင်း ဖြစ်၏။ သူ၏ အခန်းနံရံမှာ ပျားသလက်များ၌ အပေါက် အပေါက် ရှိသကဲ့သို့ သေနတ်ရာများဖြင့် ပြည့်နှက် နေလေသည်။ သူနေထိုင်ရာ ရွှံ့မံထားသော တဲအိမ်၌ ပစ်စတို သေနတ်မျိုးစုံကို စုဆောင်း ထားရှိသည့် အရာ၌သာ စည်းစိမ်ရှင်တို့၏ အနေအထိုင်နှင့် တူသယောင်ယောင် ရှိသည်။ သေနတ် ပစ်ရာ၌ သူမတူအောင် လက်တည့်လှသည်။
တစ်စုံတစ်ယောက်သော သူ၏ ဦးခေါင်းထက်၌ သစ်သော့သီးကို တင်၍ သေနတ်ပစ် ပြမည်ဟု သူက ဆိုလိုက်လျှင် ကျွန်တော်၏ တပ်ထဲတွင် ယင်းသို့ သေနတ်ပစ် ခံရန် ဦးခေါင်း ထိုးပေးမည့်သူ မရှားချေ။ သေနတ် ပစ်ရာ၌ ဤမျှ ကျွမ်းကျင်လှ ပါပေသည်။ ကျွန်တော်တို့ စကားလက်ဆုံ ကျသည့်အခါ သေနတ်ချင်း ယှဉ်ပစ်သည့် အကြောင်းသို့ ရောက်သွား တတ်ပါသည်။ သို့သော် ဆစ်လဗီယိုသည် (သူ့ကို ကျွန်တော် ယင်းသို့ပင် ခေါ်ပါရစေတော့။) ထိုအကြောင်းအရာများ ပြောသည့် အထဲတွင် ဘယ်အခါမျှ ဝင်၍မပြောချေ။ “သေနတ်ချင်း ယှဉ်ပြိုင် ပစ်ဖူးပါသလား” ဟု သူ့ကို မေးကြည့်လျှင် “ပစ်ဖူးပါရဲ့” ဟု ခပ်တိုတိုပင် ပြန်ပြောတတ်သည်။ အကျယ်ဝိတ္ထာရကိုမူ ဘယ်နံရော အခါမျှ ပြောမပြဘူးပါ။ အသေးစိတ် ပြောခိုင်းပါလျှင်လည်း သူ မကြိုက်သည်မှာ သိသာလှပါသည်။ တစ်ရံရောအခါက သူ့လက်စွမ်းကြောင့် သူတစ်ပါး ဒုက္ခရောက်ဖူး ပေလိမ့်မည်။ ထို့ကြောင့် သူ စိတ်မလုံဘဲ ရှိပေလိမ့်မည်။ ကျွန်တော်တို့ကား ဤကဲ့သို့သာ တွေးမိပါသည်။ သူ့၌ သူရဲဘော နည်းသောစိတ် ရှိလိမ့်မည်ဟူ၍ ဒွိဟဖြစ်ဖွယ်ရာ အချက်မျိုးကို ကျွန်တော်တို့ ဘယ်နံရော အခါမျှ မတွေ့မိပါ။ ပုဂ္ဂိုလ် တစ်ဦးတစ်ယောက် သူရဲဘော နည်း မနည်း ဆိုသည်ကို အပြင်ပန်း အမူအရာဖြင့် အကဲ မခတ်နိုင်ပါ။ သို့သော် ကျွန်တော်တို့ကို အံ့အားသင့်စေသည့် ကိစ္စ တစ်ရပ်သည် ပေါ်ပေါက် လာပါသည်။
တစ်နေ့သ၌ ကျွန်တော်တို့ အရာရှိထဲမှ ဆယ်ဦးခန့်သည် ဆစ်လဗီယို၏ နေအိမ်တွင် ညစာ စားကြပါသည်။ ကျွန်တော်တို့ ခါတိုင်းကဲ့သို့ပင် အရက် သောက်ကြသည်။ ခါတိုင်းကဲ့သို့ သောက်သည် ဆိုသည်မှာ များများ သောက်သည်ကို ဆိုလိုပါသည်။ ညစာ စားပြီးသော အခါ အိမ်ရှင်အား ဘဏ်ကစားရန် တောင်းပန်ပါသည်။ ထိုအခါ အိမ်ရှင် ဆစ်လဗီယိုက အတန်ကြာမျှ ငြင်းဆန်နေပါ၏။ သို့ရာတွင် နောက်ဆုံး၌ သူသည် ဖဲထုတ်ကို ယူခိုင်းပြီးလျှင် ရူဘယ်ဒင်္ဂါး တစ်ဆယ်တန် ငွေစက္ကူ အချပ် ငါးဆယ်လောက်ကို စားပွဲပေါ်တွင် ပြန့်ကျဲလျက် လက်သည် အဖြစ်ဖြင့် ဖဲကို ဝေပါသည်။ ကျွန်တော်တို့လည်း သူ့အနားသို့ ဝိုင်းလာပြီးလျှင် ဖဲကစားကြပါသည်။ ဖဲချသည့်အခါ ဆစ်လဗီယိုသည် စကားအလျှင်း မပြောပါ။ ငြင်းလည်း မငြင်းတတ်ပါ။ သူတစ်ပါးက ငြင်းလျှင်လည်း ပြန်မဖြေတတ်ပါ။ ဤကား သူ့ဝါသနာ ဖြစ်ပါသည်။ လောင်းသူများက မှားသွားလျှင် ဆစ်လဗီယိုသည် စိုက်၍ လျော်လိုက လျော်ပါသည်။ သို့တည်းမဟုတ် ပိုသွားသော ငွေကို စာရင်းတွင် တို့၍ ထားတတ်ပါသည်။ ဤအချက်ကို ကျွန်တော်တို့ ကောင်းကောင်း သိပြီးဖြစ်၍ သူ့စည်းကမ်း စနစ်အတိုင်း လုပ်ချင်သလို လုပ်ရန် ကျွန်တော်တို့က ခွင့်လွှတ် ထားပါသည်။ သို့သော် ကျွန်တော်တို့ထဲတွင် မကြာမီကမှ တပ်ထဲသို့ ပြောင်းလာသော အရာရှိတစ်ဦး ရှိပါသည်။ ထိုအရာရှိသည် ကစားနေရင်း မတ်တတ်က မေ့မေ့လျော့လျော့နှင့် ဘဏ်မှား၍ ခေါ်ပြီးလျှင် လောင်းကြေးကို ပိုထည့်ပါသည်။ ထိုအခါ ဆစ်လဗီယိုသည် သူ၏ ထုံးစံအတိုင်း မြေဖြူခဲ တစ်ခုကို ယူ၍ လောင်းကြေးကို အမှန်သို့ ရောက်အောင် ရေးမှတ်ပါသည်။ ဤသည်တွင် ဆစ်လဗီယို မှားသည်ထင်၍ အဆိုပါ အရာရှိက ရှင်းပြပါသည်။ သို့သော် ဆစ်လဗီယိုကား စကားမပြောဘဲ ဆက်၍သာ ကစားပါသည်။ အရာရှိလည်း စိတ်မရှည်နိုင်သဖြင့် သူမှားသည် ထင်သည့် ဂဏန်းကို ဖျက်လိုက်ရာ ဆီလဗီယိုသည် မြေဖြူခဲကို ကောက်၍ကိုင်ပြီး သူမှန်သည် ထင်သော ဂဏန်းကို ပြန်ရေးပါသည်။ အရာရှိသစ်မှာ အရက်ကြောင့် လည်းကောင်း၊ ဖဲကြောင့် လည်းကောင်း၊ အများက ဝိုင်း၍ ရယ်ကြခြင်းကြောင့် လည်းကောင်း သွေးဆူ လာပြီးလျှင် သူ့ကို စော်ကားသည်ဟု ယူဆကာ ဖယောင်းတိုင် ထွန်းသော ကြေးတံရှည်ကို စားပွဲပေါ်မှ ဆွဲယူပြီးလျှင် ဆစ်လဗီယိုကို ပေါက်လိုက်လေသည်။ ဆစ်လဗီယိုမှာ လွတ်အောင် ရှောင်နိုင်ရုံမျှ ရှိလေသည်။ ကျွန်တော်တို့ အားလုံး စိတ်နှလုံး တုန်လှုပ် သွားကြပါသည်။ ဆစ်လဗီယိုကား ဒေါသကြောင့် မျက်နှာထား ညိုကာ မျက်စိတို့လည်း ဝင်းဝင်းတောက် လာပြီးလျှင် ထိုင်ရာမှ ထ၍ “ကိုင်း၊ ရဲဘော် တဆိတ်ကလေး ပြန်ပါတော့ဗျာ။ ကျုပ်အိမ်မှာ ဒီလိုဖြစ်ရတာ ခင်ဗျားအတွက် ဘုရား မတယ်လို့ပဲ အောက်မေ့ လိုက်ပါတော့” ဟု ပြောလိုက်လေသည်။
ယခုကဲ့သို့ ဖြစ်ရသည့် အကြောင်းကြောင့် အကျိုး မည်သို့ ရှိလိမ့်မည်ကို ကျွန်တော်တို့ တပ်အပ် သေချာစွာ သိပါသဖြင့် ကျွန်ုပ်တို့၏ ရဲဘော်သစ်ကို သေရွာသို့ လားမည့်သူဟု အမှတ်ပြု လိုက်ကြပါ၏။ ကျွန်တော်တို့၏ ရဲဘော်ကမူ ဘဏ်တွင် လက်သည်ကိုင်သူ အိမ်ရှင် ဆစ်လဗီယို ကြိုက်သည့် အချိန်အခါတွင် ယခုကဲ့သို့ စော်ကားလိုက်သည့် အခြင်းအရာကို လက်တုံ့ ပြန်ရန် အသင့်ရှိကြောင်း ပြောပြပြီးလျှင် ထွက်သွားပါသည်။ ထို့နောက် မိနစ် အတန်ငယ်မျှ ဖဲကို ဆက်၍ ကစားကြပါသည်။ သို့သော် ကျွန်တော်တို့အား ဧည့်ခံသူ အိမ်ရှင်သည် ဖဲတွင် စိတ်မဝင်စားတော့သည်ကို သိရှိ ရိပ်မိကြသည့် အလျောက် ကျွန်တော်တို့သည် တစ်ယောက်ပြီး တစ်ယောက် ထွက်လာခဲ့ကြ ပြီးလျှင် ဆိုင်ရာ ဆိုင်ရာ စစ်တန်းလျားသို့ ပြန်ကြ၍ စစ်တန်းလျား၌ မကြာမီ လူတစ်ယောက် လျော့မည့် အရေးကို ဆွေးနွေး ပြောဆိုကြသည်။
နောက်တစ်နေ့တွင် မြင်းစီးကျင့်သော ကျောင်း၌ ကျွန်တော်တို့သည် ဗိုလ်မှူးကလေးမှာ လောက၌ ရှိမှရှိပါ ဦးမည်လောဟု တစ်ဦးကိုတစ်ဦး မေးမြန်း ပြောဆိုနေကြစဉ် ဗိုလ်မှူးကလေးသည် ရုတ်ခြည်းပင် ဝင်လာပါသည်။ ထို့ကြောင့် ကျွန်တော်တို့ မေးမြန်းနေသည့် အကြောင်းကို သူ့အား မေးကြည့် ပါသည်။ သူက ဆစ်လဗီယိုထံမှ ဘာအကြောင်းမျှ မပြန်သေးဟု ပြောပြပါသည်။ ကျွန်တော်တို့ များစွာ အံ့အားသင့်မိသည်။ ထို့နောက် ကျွန်တော်တို့ ဆစ်လဗီယိုအိမ်သို့ သွားသောအခါ ဆစ်လဗီယိုသည် ခြံတံခါးတွင် ချိတ်ထားသော ညှင်းတစ် ဖဲတစ်ချပ်ကို ညှင်းတည့်တည့် ခွဲအောင် ထပ်ကာ ထပ်ကာ သေနတ်ပစ်၍ နေသည်ကို တွေ့ရလေသည်။ သူသည် ယမန်နေ့က အဖြစ်အပျက် အကြောင်းကို တစ်ခွန်းတစ်ပါဒမျှ မပြောဘဲ ကျွန်တော်တို့အား ခါတိုင်းကဲ့သို့ပင် ဧည့်ခံပါသည်။ သို့နှင့်ပင် သုံးရက်တိတိ ကုန်ခဲ့သည်။ ဗိုလ်မှူးကလေးကား အသက်ရှင်တုန်းပင်။ ကျွန်တော်တို့ကား အံ့အားသင့်စွာဖြင့် ဆစ်လဗီယိုသည် သေနတ်ချင်း ယှဉ်၍ ပစ်ရန် ကြံမှ ကြံရွယ်ပါ ဦးမည်လောဟု တစ်ဦးကိုတစ်ဦး မေးမြန်းမိသည်။ ဆစ်လဗီယိုသည် ယခုတိုင် သေနတ်ချင်းယှဉ်၍ မပစ်သေး၊ ဗိုလ်မှူးကလေးအား အနည်းအကျဉ်း တောင်းပန်၍ သင့်မြတ် ကြေအေး လိုက်ပါသည်။
ဤကိစ္စမှာ လူငယ်များအဖို့ ဆိုလျှင် ဆစ်လဗီယို အပေါ်၌ အတော်ပင် အထင်သေး အမြင်သေး ဖြစ်သွားစေဟန် တူပါသည်။ သတ္တိရှိသူ၌ အပြစ်မရှိဟု ယူဆကြသော လူငယ်တို့အဖို့ သတ္တိကြောင်ခြင်းကို အလွယ်နှင့် ခွင့်လွှတ်နိုင်ကြသည် မဟုတ်ပါ။ သို့ရာတွင် တဖြည်းဖြည်း ဆိုသလို ဤကိစ္စ အလုံးစုံကို မေ့ပစ် လိုက်ကြလေသော် ဆစ်လဗီယိုလည်း ခါတိုင်းကဲ့သို့ပင် လူငယ်များ အပေါ်၌ ဩဇာရှိမြဲ ရှိလာပါသည်။
သို့သော် ကျွန်တော်တစ်ဦးတည်းသာ ဤကဲ့သို့ သူ့ကို အလွယ်နှင့် မေ့မပစ်နိုင် ဖြစ်မိပါသည်။ ကျွန်တော့်သဘာဝမှာ စိတ်ကူးယဉ်တတ်သော သဘာဝဖြစ်၍ ယခင်ကပင်လျှင် ဆစ်လဗီယိုကို အာဇာနည် ပုဂ္ဂိုလ်တစ်ဦးဟု ယုံမှတ်လျက် သူ့ကို အလွန် သိရခက်သော လူစားမျိုးဟူ၍ ယူဆထားလေရာ သူ့ကို ကျွန်တော်သည် သူတစ်ပါးတို့ထက် ကြည်ညိုမိပါ၏။ သူလည်း ကျွန်တော့် အပေါ်မှာ သံယောဇဉ် ကြီးခဲ့ပါ၏။ အမှန်မှာ သူသည် ကျွန်တော် တစ်ဦးတည်း ကိုသာလျှင် စိတ်နာလောက်အောင် ရန်စခြင်း မပြုဘဲထား၍ ဆွေးနွေးစရာ အကြောင်းရပ်များကို ရိုးသားစွာနှင့် အထူးသိမ်မွေ့စွာ ဆွေးနွေးလေ့ ရှိပါသည်။ သို့သော် ထိုကံအကြောင်း မလှသော တစ်နေ့၌ သူ၏ဂုဏ်ကို သူမဆယ်ဘဲ နေခဲ့သည့်အတွက် သူ့အား ကျွန်တော် မေ့ပစ်၍ မရပါ။ ထို့ကြောင့် သူ့ကို ခါတိုင်းကဲ့သို့ ဆက်ဆံရန် အတွက် နောက်တွန့် နေပါသည်။ ကျွန်တော်သည် သူနှင့် မျက်နှာချင်း ဆိုင်ရန်ပင်လျှင် ရှက်သလိုလို ဖြစ်မိသည်။ ဆစ်လဗီယိုမှာ အတွေ့အကြုံနှင့် အလိမ္မာတရား ပြည့်စုံပြီးသူ ဖြစ်လေရာ ဤအချက်ကို ဂရုမထားဘဲ မနေပါ။ အကြောင်းရင်းကို တွေးမိပါသည်။ ဤသို့ တွေးမိသောကြောင့် သူ စိတ်မကောင်းဟန် တူသည်။ အမှန်မှာ သူသည် ကျွန်တော့်အား သူ့စိတ်ထဲ ရှိသမျှကို ဖွင့်ပြောရန် ဆန္ဒရှိသည်ကို ကျွန်တော် တစ်ခါ၊ နှစ်ခါလောက် ဂရုပြုမိသည်။ သို့သော် ကျွန်တော်က ဤသို့ ပြောခွင့် မပေးခဲ့သဖြင့် ဆစ်လဗီယိုသည် ကျွန်တော့်အား ကျွန်တော့် အတွေးနှင့် ကျွန်တော် နေစေရန် လျစ်လျူရှုခဲ့ပါသည်။ ထိုအချိန်မှစ၍ ကျွန်တော်သည် သူ့အား တွေ့ဆုံမည့်အစား ကျွန်တော်၏ ရဲဘော်ရဲဘက် အပေါင်းနှင့်သာ တွေ့ဆုံ ပါတော့သည်။ ထို့ကြောင့် ရှေးယခင်က ပွင့်ပွင့်လင်းလင်း ပြောဆိုခဲ့ခြင်းများသည် ဤတွင် တစ်ခန်းရပ် ပါတော့သည်။
ငါးပါးအာရုံ ကာမဂုဏ်၌ နစ်မွန်း နေကြရသော မြို့ကြီးသားတို့မှာ ကျေးလက် တောနယ်၌ နေထိုင်ကြသူတို့ ခံစားအပ်သော ဒုက္ခ သုခ ဝေဒနာတို့ကို သဘောပေါက်လိမ့်မည် မဟုတ်ပါ။ ဥပမာ တောနယ်၌ စာရောက်မည့် နေ့ကို မျှော်ရသည်မှာ မြို့ကြီးသားတို့ နားလည် နိုင်လိမ့်မည် မဟုတ်ပါ။ အင်္ဂါနေ့နှင့် သောကြာနေ့ ကျလျှင် စစ်တပ်ဌာနချုပ်၌ အရာရှိ အရာခံဗိုလ်များ ပြည့်နှက်လျက် ရှိပါသည်။ အချို့မှာ ငွေရောက်မည်ကို မျှော်ကြသည်။ အချို့ကား စာကို မျှော်ကြသည်။ အချို့ကား သတင်းစာကို မျှော်ကြသည်။ စာများကို တစ်ထိုင်တည်းတွင် ဖောက်ကြည့်ပြီးလျှင် ရရှိသော သတင်းစကားတို့ကို အလဲအလှယ် ဖောက်သည် ချကြသည်။ ထို့ကြောင့် ဌာနချုပ် အသက်ဝင် လှုပ်ရှား၍ လာတတ်သည်။ ဌာနချုပ်မှတဆင့် စာရလေ့ရှိသော ဆစ်လဗီယိုသည်လည်း ထုံးစံအားဖြင့် ထိုနေရာတွင် ရှိတတ်ပါသည်။ တစ်နေ့သောအခါ သူသည် စာတစ်စောင်ရ၍ စာအိတ် ချိပ်ပိတ် ထားသည်ကို ကမန်းကတန်း ဖောက်ပါသည်။ စာပါ အကြောင်းရပ် များကို ခပ်သုတ်သုတ် ဖတ်ရာ၌ သူ၏ မျက်စိသည် အရောင် တလျှမ်းလျှမ်း တောက်လာပါသည်။ အရာရှိတို့မှာ မိမိတို့၏ စာကိုသာ မဲ၍ ဖတ်နေခြင်းကြောင့် ဘာမျှ ဂရုမစိုက်မိကြပါ။
ထိုအတွင်း ဆစ်လဗီယိုက “ရဲဘော်တို့၊ အချက်ပေါ်လာတော့ ကျုပ် ဒီက အမြန် ထွက်ခွါသွားဖို့ ဖြစ်လာပြီ။ ကျုပ် ဒီည သွားရလိမ့်မယ်။ ဒီတော့ ခင်ဗျားတို့ ကျုပ်အိမ်မှာ ညစာစားဖို့အတွက် ငြင်းကြလိမ့်မယ်လို့ မယူဆ ပါဘူး။ ခင်ဗျားတို့ကို မျှော်နေမယ်ဗျာ” ဟု အားလုံးကို ပြောရင်း ကျွန်တော့်အား “ခင်ဗျား လာရမယ်နော်” ဟု ဆိုပါသည်။ ဤသို့ ပြောပြီးလျှင် သူသည် ဌာနချုပ်မှ ထွက်သွားပါသည်။ ကျန်ရစ်သူ ကျွန်တော်တို့မှာ ဆစ်လဗီယိုအိမ်၌ ဆုံကြရန် သဘောတူ တိုင်ပင်ပြီးလျှင် အသီးသီး မိမိလိုရာသို့ သွားကြပါသည်။
ချိန်းထားသော အချိန်၌ ဆစ်လဗီယိုအိမ်သို့ ကျွန်တော် ရောက်သွားသော အခါ စစ်တပ် တစ်တပ်လုံးကိုပင် စုဝေးလျက် ရှိကြပါပြီ။ ဆစ်လဗီယို၏ အဝတ်အစား ပစ္စည်းတို့မှာ ထုပ်ပိုးထားပြီး ဖြစ်သည်။ ကျည်ဆန် မှန်ထားသော နံရံမှတစ်ပါး ဘာမျှ မကျန်တော့ပြီ။ ကျွန်တော်တို့လည်း စားပွဲ၌ ဝင်၍ ထိုင်ကြပါသည်။ ဧည့်ခံမည့်သူမှာ အလွန်ပင် စိတ်ရွှင်လန်း နေပါသည်။ ဤသို့ အားရဝမ်းသာ ဖြစ်နေခြင်းသည် သူ၏ ဧည့်သည်များထံသို့ ကူးစက် သွားပါသည်။ ကျွန်တော်တို့ကလည်း ခရီးထွက်မည့်သူ၌ ကံကောင်းပါစေဟု မရပ်မနား ဆုတောင်းဆဲတွင် ပုလင်းဖွင့်သံများ အဆက်မပြတ်တော့ပါ။ ဝိုင်အရက်မှာ အမြှုပ်စီစီ ပုစွန်ဆိတ်ခုန်ရင်း ပလုံ ပလုံ မြည်နေပါသည်။ ကျွန်တော်တို့ ထမင်းစားဝိုင်း သိမ်းသောအခါ ညဉ့်အတော် နက်ပြီ။ ပြန်ရန်အတွက် မိမိ ဦးထုပ်ကို မိမိတို့ ယူကြသောအခါ ဆစ်လဗီယိုသည် ကျွန်တော်တို့အား တစ်ဦးစီ တစ်ဦးစီ နှုတ်ဆက်ပါသည်။ ကျွန်တော် ပြန်မည် ပြုသောအခါ သူက ကျွန်တော့်လက်ကို ဖမ်း၍ ဆွဲထားပြီးလျှင် “ခင်ဗျားကို ကျုပ် ပြောစရာ ရှိတယ်” ဟု တိုးတိုး ပြောပါသည်။ ထို့ကြောင့် ကျွန်တော်သည် နောက်ချန်၍ နေရစ်ခဲ့ပါသည်။
ဧည့်သည်များ ပြန်ကုန်ကြပြီ။ သူနှင့်ကျွန်တော် နှစ်ဦးသား စကား မပြောဘဲ ဆေးတံကို မီးညှိပြီးလျှင် မျက်နှာချင်းဆိုင် ထိုင်၍နေကြပါသည်။ ဆစ်လဗီယိုသည် အတွေးနယ်ထဲဝယ် နစ်မျော၍ နေပါသည်။ ယခင်က ဗြုန်းစား ပေါ်လာသော အားရဝမ်းသာ အမူအရာတို့ ဘယ်ရောက်ကုန်သည် မသိပါ။ သုန်မှုန်၍ ဖြူဖပ်ဖြူရော် နေသော မျက်နှာထားနှင့် တောက်ပသော မျက်လုံးအပြင် သူ့ပါးစပ်မှ ထွက်လာသော မီးခိုးလုံးတို့မှာ သူ့အား ကြောက်မက်ဖွယ်ရာ ဘီလူးနှင့် တူအောင် ဖန်ဆင်း၍ ပေးနေကြပါသည်။ မိနစ် အနည်းငယ်ခန့် ကြာလတ်သော် ဆစ်လဗီယိုသည် တိတ်ဆိတ်ခြင်းကို ခွင်းလိုက်လေသည်။
“ကျုပ်တို့တော့ နောက်ထပ် တစ်ယောက်နဲ့ တစ်ယောက် မတွေ့ရတော့ဘူးလို့ ထင်ပါရဲ့။ ဒါကြောင့် လူချင်းမခွဲခင် ခင်ဗျားကို တစ်ခု ပြောချင်တယ်။ ကျုပ်ကို သူတစ်ပါးက ဘာထင်ထင် ကျုပ် ဂရုမစိုက်ဘူး။ အဲသလို ခင်ဗျားကို တစ်ခါတုန်းက ပြောခဲ့ဖူးပါလိမ့်မယ်။ နို့ပေမယ့် ခင်ဗျားကို ကျုပ်က ခင်တယ်ဗျာ့။ ဒီတော့ ကျုပ်အပေါ်မှာ အထင်အမြင် မှားပြီး ကျန်ရစ်အောင် ခင်ဗျားကို ကျုပ် မလုပ်ချင်ဘူး” သူက ဤသို့ ပြောပါ၏။
သူသည် တအောင့်လောက် ရပ်၍ ဆေးဆုံထဲ ဆေးထည့်ပြန်ပါသည်။
ကျွန်တော်ကား စကားတစ်ခွန်းမျှ မတုံ့ပြန်သေးဘဲ စောင့်ကြည့်နေပါသည်။
သူက ဆက်၍ ပြောပါသည်။
“ကျုပ်ဟာ ဟိုအကောင် အရူးအမူးကို လူချင်းချိန်းပြီး မချတဲ့အတွက် ခင်ဗျားက အဆန်းလို့ ထင်နေမှာပဲ။ ခင်ဗျားလဲ နားလည်ပါလိမ့်မယ်။ ကျုပ်က ကျုပ်ကြိုက်တဲ့ လက်နက်ကို ရွေးပိုင်ခွင့် ရှိနေတယ်။ ကျုပ်မှာတော့ ဘာမှ မဖြစ်နိုင်ဘူး။ သင်းရဲ့ အသက်ကတော့ ကျုပ်လက်ခုပ်ထဲမှာ ရှိနေပြီ။ ဒီတော့ ကျုပ်က အလျှော့ပေး လိုက်တာကို ခင်ဗျားကတော့ ကျုပ် သဘောထား ကြီးလွန်းလို့လို့ ထင်မလား မပြောတတ်ဘူး။ နို့ပေမယ့် ကျုပ်က ခင်ဗျားကို လိမ်မပြောချင်ဘူး။ ကျုပ်မှာ မှည့်တစ်ပေါက်မျှ မစွန်းရဘဲ သူ့ကို ကောင်းကောင်း ဆုံးမနိုင်မယ် ဆိုရင် ကျုပ် သူ့ကို ချမ်းသာ မပေးဘူး”
ကျွန်တော်သည် ဆစ်လဗီယိုကို အံ့အားသင့်စွာဖြင့် ကြည့်မိပါသည်။ သူ ယခုကဲ့သို့ ဖွင့်ပြောလိုက်တော့ ကျွန်တော့်မှာ မှင်တက်မိ နေရပါတော့သည်။
သူက ဆက်၍ “ဟုတ်တယ်လေ၊ ကျုပ်ကိုယ်ကို ကျုပ် မှဲ့တစ်ပေါက်စွန်း ခံနိုင်တဲ့အခြေ မရှိဘူး။ လွန်ခဲ့တဲ့ ခြောက်နှစ်လောက်တုန်းက ကျုပ် ပါးရိုက် ခံရဖူးသဗျာ့။ အဲဒီ ပါးရိုက်တဲ့အကောင် ကျုပ်ရန်သူဟာ ယနေ့ထိ အသက်ရှင် နေသေးတယ်” ဟု ပြောသည်။
ကျွန်တော့်၌ သိချင်သောစိတ် ထက်သန်လာပါသည်။ “ဒါနဲ့တောင် ခင်ဗျားက ပြန်မချဘူးလား။ အင်း အခြေအနေကြောင့် ခင်ဗျားလဲ ပြန်မလုပ်ခဲ့ရဘူးနဲ့ တူတယ်” ဟု ကျွန်တော်က မေးသည်။
“သင်းကို ဆော်ခဲ့တာပေါ့။ ကြည့်လေ၊ ဟောဒီမှာ သူနဲ့ နှစ်ယောက်ချင်း ချကြတဲ့ အမှတ်အသား ရှိတယ်” ဟု ဆစ်လဗီယိုက ပြန်ဖြေပါသည်။
ဆစ်လဗီယိုသည် ထိုင်ရာမှ ထ၍ စက္ကူသေတ္တာ တစ်ခုထဲမှ ရွှေပန်းပွါးချ ပိုးချည်ထိုး ဦးထုပ်နီ တစ်လုံးကို ထုတ်ယူ၍ သူ့ဦးခေါင်းထက်၌ ဆောင်းပြပါသည်။ နဖူးစအထက် တစ်လက်မခန့် အကွာတွင် ဦးထုပ်၌ သေနတ်ရာ တစ်ခု ရှိသည်ကို တွေ့ရပါသည်။
“ခင်ဗျားလဲ သိမှာပေါ့၊ ကျုပ်အရင်တုန်းက မြင်းတပ်မှာ လုပ်ဖူးတယ် ဆိုတာ ခင်ဗျားအသိပဲ။ ပြီးတော့ ကျုပ်စိတ်လဲ ခင်ဗျားသိမှာပေါ့။ ကျုပ်က ဘယ်နေရာမှာ ဖြစ်ဖြစ် ရှေ့ဆုံး ထိပ်တန်းကချည်း နေလေ့ ရှိခဲ့တယ်။ ကျုပ်ငယ်ငယ်က ဆိုရင် ဒီလို ထိပ်တန်းကချည်း နေရဖို့ အင်မတန် ဝါသနာ ကြီးတယ်။ ကျုပ်တို့ခေတ်တုန်းက ဆူဆူပူပူ ရန်ဖြစ်တယ် ဆိုတာ အင်မတန် ခေတ်စားတာပဲ။ တပ်ထဲမှာဆိုရင် ကျုပ်ဟာ နှစ်ယောက်ချင်း ယှဉ်ပြီး တိုက်ရ ခိုက်ရမယ်ဆိုရင် ဝိတ်ပဲ။ ပြီးတော့ ဟိုတုန်းက အရက်မူးရတာကိုပဲ ဂုဏ်ယူကြ သဗျာ့။ ပြင်သစ်နဲ့ တိုက်ရတဲ့ အမျိုးသား စစ်ပွဲမှာ နာမည် ကျော်ကြားခဲ့တဲ့ မျိုးချစ် တပ်မတော်သား တစ်ဦးနဲ့ ကျုပ်ဟာ စားပွဲခုံအောက်မှာ အပြိုင် သောက်ခဲ့တာ ကျုပ် အနိုင်ရခဲ့တယ်။ ကျုပ်တို့ တပ်ထဲမှာဆိုရင် နှစ်ယောက်ချင်း ဓားချင်း ယှဉ်ခုတ်တာ၊ သေနတ်ချင်း ယှဉ်ပစ်တာဟာ မိနစ် မလပ်ပါဘူး၊ ခဏခဏပဲ။ အဲဒီပွဲတိုင်းမှာ ကျုပ်ဟာ ဦးဆောင်တဲ့လူလဲ ဖြစ်ရမယ်။ ဒါမှမဟုတ် သူများတကာ ရန်ဖြစ်တဲ့အထဲ ဝင်ကူတဲ့လူ ဖြစ်ရမယ်။ ကျုပ်ရဲဘော်တွေ ဆိုရင် ကျုပ်ကို အာဇာနည်လို ကိုးကွယ်ခဲ့ကြတာပေါ့။ ဒါပေမယ့် တပ်ဦးစီး အရာရှိတွေကတော့ ကျုပ်ကို မတတ်သာလို့ တွေ့ရတဲ့ လူဆိုးကြီးလို့ ယူဆကြသပေါ့ဗျာ”
“ဒီလိုနဲ့ပဲ ကျုပ်လဲ နာမည်ကြီး တစ်လုံးနဲ့ စိတ်ချလက်ချ နေခဲ့တာပေါ့။ ဒါပေမယ့် တကယ်တော့ ကိုယ့်ကိုယ်ကို တယ်ပြီး စိတ်မချရသေးဘူးဗျာ့။ ဘာကြောင့်ဆိုတော့ တစ်နေ့မှာ ပစ္စည်းဥစ္စာ ချမ်းသာတဲ့ လူငယ်တစ်ယောက် တပ်ထဲ ဝင်လာတယ်။ သူ့မျိုးရိုးက အတော်ပဲ ကောင်းတယ်၊ အမည်နာမကိုတော့ ကျုပ် မပြောပါရစေနဲ့တော့။ ကျုပ်တော့ဖြင့် ဒီလောက် ကုသိုလ်ကံ ထောက်မပြီး ထက်မြက်တဲ့လူကို မကြုံဖူးသေးပါဘူး။ အရွယ်ကလဲ ကောင်းတုန်း၊ ဉာဏ်ကလဲ ထက်၊ ရုပ်ကလဲ မခေ၊ စိတ်ဓာတ်ကလဲ ရွှင်မြူး၊ သတ္တိလဲ ကောင်း၊ နာမည်လဲ ကြီး၊ ပိုက်ဆံလဲ ဖော၊ ဖောလိုက်တဲ့ ပိုက်ဆံ ကုန်တယ်လို့ကို မရှိ။ ကိုင်း ဒါတွေကိုသာ စဉ်းစားကြည့်တော့။ ဒီတော့ သူဟာ ကျုပ်တို့အပေါ်မှာ ဘယ်လောက် အထင်ကြီးစရာ ဖြစ်တယ်ဆိုတာ စဉ်းစားလို့သာ ကြည့်ပေတော့။ ကျုပ်က တပ်ထဲမှာ နာမည်ကြီး တစ်လုံးနဲ့ နေခဲ့သမျှ အလကား ဖြစ်သွားတာပေါ့။ ကျုပ် နာမည်ကြီးမှန်း သိလို့ သူက ကျုပ်ကို ပထမစပြီး မိတ်ဖွဲ့ပါတယ်။ ဒါပေမယ့် ကျုပ်က သူ့ကို အဖက် မလုပ်ဘူး။ ဒီတော့ သူက ကျုပ်ကိုရှောင်တယ်၊ ကျုပ်နဲ့ အသိ မလုပ်ရလို့လဲ သူ့မှာ အရေးမကြီးဘူး ဆိုတဲ့ သဘောပေါ့လေ။ အဲဒီတော့ ကျုပ်က သူ့ကို အမုန်းကြီး မုန်းတာပဲ။ တပ်ထဲမှာ သူ နာမည် ကျော်လာလေလေ၊ မိန်းမတွေထဲမှာ သူ့နာမည် ကြီးလာလေလေ၊ ကျုပ်လဲ ပိုပြီးတော့ ဒေါသ ဖြစ်မိလေလေပဲ။ ကျုပ်လဲ သူနဲ့ ရန်ဖြစ်ရအောင်လို့ ရန်စတယ်၊ ကျုပ်က ခနဲ့ရင် သူက ပြန်ပြီး ခနဲ့တယ်။ သူ ခနိုးခနဲ့ ပြောတာက ကျုပ်ထက်ပိုပြီး ထိတယ်။ ပိုပြီး ထက်ထက်မြက်မြက် ရှိတယ်။ ပိုပြီးတော့ ရယ်စရာလဲ ကောင်းတယ်။ သူကတော့ ပျော်စေဆိုတဲ့ သဘောလောက်ပါပဲ။ ကျုပ်ကတော့ သူ့ကို စရင် နာကြည်းအောင် ဆွပေးတယ်။ တစ်နေ့တော့ ပိုလန်လူမျိုး မြေပိုင်ရှင်တစ်ဦးက တစ်ညနေမှာ ကပွဲတစ်ခု ကျင်းပတယ်။ အဲဒီအိမ်မှာ ကျုပ်နဲ့ ဖြစ်ပျက်နေတဲ့ မိန်းကလေး တစ်ယောက် ရှိတယ်။ ကပွဲမှာဆိုရင် အဲဒီ မိန်းကလေးနဲ့အတူ အားလုံးသော မိန်းမတစ်တွေဟာ သူ့ကို မျက်စိ ကျကြတယ်။ ဒါနဲ့ ကျုပ်က ရိုင်းရိုင်းပျပျနဲ့ ရန်စ စကားကို သူ့နားကိုကပ်ပြီး တိုးတိုး ပြောလိုက်တယ်။ သူလဲ မျက်နှာကြီး နီလာပြီး ကျုပ်ကို ပါးရိုက်တယ်။ ကျုပ်တို့လဲ ကိုယ့်ဓား ကိုယ် ဆွဲကြတာပေါ့၊ မိန်းမတစ်တွေဟာ ကြောက်လန့်တကြားနဲ့ မေ့သူမေ့ မြောသူမြောပဲ။ ကျုပ်တို့ နှစ်ဦးကိုလဲ ဝိုင်းပြီး လူချင်း ခွဲပေးကြတယ်။ ဒါနဲ့ အဲဒီ ညတွင်းချင်းမှာ သူနဲ့ ကျုပ်နဲ့ နှစ်ယောက် သေနတ်ချင်း ယှဉ်ပစ်ဖို့ ချိန်းလိုက်တယ်”
“ဒီအချိန်ကတော့ ရောင်နီလာတဲ့ အချိန်ပဲ၊ ကျုပ်လဲ ကျုပ်အဖော် သုံးယောက်နဲ့ ချိန်းတဲ့နေရာမှာ စောင့်တယ်။ ကျုပ်ရန်သူကို ကျုပ်စောင့်ရတာ စိတ်ကို မရှည်နိုင်ဘူး။ ရာသီကလဲ နွေဦးပေါက်ရာသီ ဆိုတော့ နေကလည်း စောစော ထွက်တယ်။ ဒါကြောင့် မိုးသောက်လို့ ဆိုပေမယ့် နေအတော်ပြင်းပြီ။ သူ ဝေးဝေးက လာတာကို ကျုပ်မြင်တယ်၊ သူ လမ်းလျှောက်လာတယ် သူ့ အပေါ်အကျႌက သူ့ဓားပေါ်မှာ ဖုံးနေတယ်။ သူ့မှာ အဖော် တစ်ယောက်လည်း ပါတယ်။ ကျုပ်တို့လဲ သူ့ကို ခရီးဦးကြို ပြုကြတာပေါ့။ သူကတော့ ချယ်ရီသီးတွေ ထည့်ထားတဲ့ သူ့ဦးထုပ်ကိုင်ပြီး ကျုပ်တို့ဆီကို လာတယ်။ ကျုပ်တို့ကို ကူမယ့် အဖော်တွေက ကျုပ်တို့ နှစ်ဦးကို တစ်ဦး တစ်ဦး ခြေလှမ်း ၁၂ လှမ်း ကွာမှာ နေကြဖို့ နေရာချပေးတယ်။ ကျုပ်က သူ့ကို အရင်ပစ်ရဖို့ စည်းကမ်း သတ်ကြတယ်။ နို့ပေမယ့် ကျုပ်ကတော့ ဒေါသကြောင့် ဆတ်ဆတ် တုန်နေတော့ ကျုပ် လက်ငြိမ်ပါ့မလားလို့ စိတ်မချ ဖြစ်မိတယ်။ ဒါကြောင့် သူက အရင်စပြီး ပစ်ပစေလို့ ပြောလိုက်တယ်။ ဒါပေမယ့် ကျုပ်နဲ့ ယှဉ်ပစ်ရမယ့် တစ်ဖက်က ရန်သူက ဒါကို သဘောမတူဘူးလို့ ငြင်းတယ်။ ဒီတော့ မဲချဖို့ ဖြစ်လာတယ်။
သင်းက ကျုပ်နဲ့ ယှဉ်ရင် အင်မတန် ကံကောင်းတဲ့လူ ဆိုတော့ သူအရင် ပစ်ဖို့ မဲကျတယ်။ ဒါနဲ့ သူလဲ သေသေချာချာ ချိန်ပြီး ပစ်လိုက်တာ ကျုပ် ဦးထုပ်ကို သေနတ် လာမှန်တယ်။ ကိုင်း ဒီတော့ ကျုပ်ပစ်ဖို့ အလှည့်ရောက်ပြီ။ သူ့ အသက်ဟာ ကျုပ်လက်ခုပ်ထဲမှာ။ ကျုပ်က သူဟာ သူ့အသက်ကို ဘယ်လောက် စိုးရိမ်နေသလဲလို့ သူ့ကို စိုက်ပြီး ကြည့်လိုက်တယ်။ ဘသားချောက သူ့ဦးထုပ်ထဲက ချယ်ရီသီးတွေကို ရွေးစားပြီးတော့ ကျုပ် သေနတ်ကို မျက်နှာချင်းဆိုင် ရပ်နေတယ်။ သူ ဒီလို မတုန်မလှုပ် နေတာကို ကျုပ်က ပိုပြီး ဒေါသထွက်မိတယ်။ ကိုယ့်အသက်ကို ကိုယ် တန်ဖိုး မထားတဲ့ လူရဲ့ အသက်တစ်ချောင်းကို ဖျက်ဆီးဖို့ဆိုရင် ဘာအရသာ ရှိတော့မှာလဲ။ အဲဒီလို ကျုပ် ပက်ပက်စက်စက် တွေးမိတယ်။ ဒါနဲ့ပဲ ချိန်ထားတဲ့ သေနတ်ပြောင်းဝကို အောက်စိုက်ချပြီးတော့ ကျုပ်က ပြောတယ်။
'မင့်မှာ သေဖို့အရေးကို မတွေးနိုင်လောက်အောင် အလုပ်များနေဟန် တူတယ်။ မင်း နံနက်စာ မစားရသေးလို့ စားချင်သပ ဆိုရင်လည်း ငါ မနှောင့်ယှက်ပါဘူး' အဲသလို ကျုပ်ကပြောတော့ သူက ပြန်ပြောတယ်။ 'မင်း ငါ့ကို အနှောင့်အယှက် ပေးတယ်လို့ သဘောမထားပါဘူး။ မင်း ပစ်မှာသာ ပစ်ပါ။ မင်း သဘောပါပဲ။ မင်းက ငါ့ကို သေနတ်နဲ့ တစ်ချက်ပြန်ပစ်ဖို့ အခွင့်ရှိနေတယ်။ ဘယ်အချိန် ဘယ်အခါမှာ ပစ်ပစ်၊ ငါ မင်းအတွက် အဆင်သင့်ပဲ'။
ဒီလို သူက ပြန်ပြောတော့ ကျုပ်က ကျုပ်အဖော်တွေဘက် လှည့်ပြီး 'ကျုပ် အခု မပစ်ချင်သေးဘူး' လို့ ပြောပြလိုက်တယ်။ ဒါနဲ့ပဲ ဒီရန်ပွဲ ဒီတွင် ပြီးကရော။
“ကျုပ်လဲ တပ်ထဲက ထွက်လိုက်တယ်။ ပြီးတော့ ဒီနေရာမှာ လာပြီး ခိုနေတာပဲ။ အဲဒီကတည်းက စပြီး ဘယ်လို လက်စားချေရ ပါ့မလဲလို့ ကျုပ် နေ့တိုင်း တွေးခဲ့တယ်။ ဟော အခု ကျုပ်အချိန် ကျလာပြီ”
ဆစ်လဗီယိုသည် နံနက်က ရသော စာကို သူ့အိတ်တွင်းမှ ဆွဲထုတ်၍ ကျွန်တော့်အား ဖတ်ရန် ပေးပါသည်။ သူ၏ ရှေ့နေနှင့်တူသော ပုဂ္ဂိုလ်တစ်ဦးက တစ်စုံတစ်ယောက်သော သူသည် လှပသော မိန်းကလေး တစ်ဦးနှင့် လက်ထပ်တော့မည်ဟု မော်စကိုမြို့မှ နေ၍ အကြောင်း ကြားလိုက်သော စာ ဖြစ်ပါသည်။
ဆစ်လဗီယိုက “ကိုင်း တစ်စုံတစ်ယောက်သောသူ ဆိုတာ ဘယ်သူလဲ ဆိုတာ ခင်ဗျား သိရောပေါ့။ သူ လက်ထပ်မယ့် နေ့မှာ တစ်ခါတုန်းက ချယ်ရီသီး ဦးထုပ်ထဲက နှိုက်စားရင်း သေဘေးကို ရင်ဆိုင်ရဲသလို ဒီတစ်ခါ မတုန်မလှုပ်နဲ့ ရင်ဆိုင်ဝံ့ပါ့မလား ဆိုတာ ကျုပ်တို့ သိရတော့မှာပေါ့ဗျာ” ဟု ပြောလိုက်ပါသည်။
ဤသို့ ပြောပြီးနောက် ဆစ်လဗီယိုသည် ထိုင်ရာမှ ထ၍ သူ့ဦးထုပ်ကို ကြမ်းပေါ်သို့ ပစ်ချပြီးလျှင် လှောင်အိမ်ထဲ မိနေသော ကျားကြီးပမာ အခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက် နေပါသည်။ ကျွန်တော်ကား မလှုပ်မယှက် ငြိမ်သက်စွာဖြင့် သူပြောချင်သမျှ စကားကို ပြီးအောင် နားထောင်ရင်း ရင်တွင်း၌ အမျိုးမျိုးသော စိတ်လှုပ်ရှားမှု၏ ဒဏ်ကို ခံစားလျက် နေရပါ၏။
ဤအတွင်း ခရီးထွက်ရန် မြင်းများ အရန်သင့် ရှိကြောင်းကို အစေအပါးတို့က လာ၍ ပြောကြပါသည်။ ဆစ်လဗီယိုသည် ကျွန်တော်၏ လက်ကို အားပါးတရ ဖမ်းကိုင် နှုတ်ဆက်ပါသည်။ ကျွန်တော်တို့ နှစ်ဦးသား ဖက်ယမ်း နှုတ်ဆက်သေး၏။ ထို့နောက် သူသည် မြင်းရထားပေါ်သို့ တက်သွားပါသည်။ ရထားထဲတွင် သေတ္တာနှစ်လုံး ရှိသည်။ တစ်လုံးမှာ သူ၏ အဝတ်သေတ္တာ ဖြစ်သည်။ ကျန်တစ်လုံးမှာ သူ၏ သေနတ်သေတ္တာ ဖြစ်ပါသည်။ ကျွန်တော်တို့သည် နောက်ထပ်တစ်ဖန် တစ်ဦးနှင့်တစ်ဦး နှုတ်ဆက်ကြပြန်သည်။ ထို့နောက်၌ကား မြင်းများသည် ကဆုန်ပေါက်၍ ပြေးကြပြီ ဖြစ်ပါသည်။
နှစ်တို့သည် လွန်၍ သွားချေပြီ။ အိမ်တွင်းရေး ကိစ္စတို့ကြောင့် ကျွန်တော်သည် အမည်မဖော်လိုသော ခရိုင်တစ်ခုရှိ ဆင်းရဲသော ကျေးရွာ တစ်ရွာတွင် နေထိုင်ရပါသည်။ ကျွန်တော် ပိုင်ဆိုင်သော ပစ္စည်းပစ္စယတို့ကို ထိန်းသိမ်း စီမံနေရာမှ ယခင်က အပူအပင်မရှိ ဟစ်အော် ပျော်ရွှင်ကာ နေခဲ့ရသော ဘဝကို တမ်းတမိပါသည်။ ဆောင်းဦးနှင့် ဆောင်းရာသီတွင် အလွန်အမင်း တိတ်ဆိတ်လှသော ညနေခင်းများဖြင့် အချိန်ကုန်ရသည်မှာ ကျွန်တော်သည် မခံနိုင်အောင် ဖြစ်ရပါသည်။ သို့သော် ညစာမတိုင်မီ တစ်နည်းနည်းဖြင့် အချိန်ဖြုန်းရန် အလို့ငှါ ရွာခေါင်းနှင့် စကားစမြည် ပြောခြင်း၊ ကျွန်တော့ ပိုင်နက်အတွင်း လုပ်ငန်းတို့ကို လှည့်လည် ကြည့်ရှုခြင်း၊ လုပ်ငန်းသစ် ရှိရာ သွားရောက်ခြင်း စသည်တို့ကို ပြုလုပ်ရပါသည်။ သို့ပါလျက် နှင့်လည်း ညချမ်းအချိန် ရောက်လျှင် ကျွန်တော် ဘာလုပ်ရမှန်း မသိတော့ဘဲ ရှိရှိသမျှသော အိမ်ခန်းနှင့် ပစ္စည်းထားခန်းတို့တွင် ရှိရှိသမျှသော စာအုပ်တို့ကို ဖတ်ရှုရင်းနှင့် စာပါ အကြောင်းအရာများကို အလွတ်နီးနီး အာဂုံဆောင်ပြီး ဖြစ်ပါသည်။ အိမ်တွင်းမှု ထိန်းသိမ်းသူ ကီရိလဗ္ဗနာ ဆိုသော မိန်းမကြီးမှာလည်း သူ ပြောလေ့ပြောထ ရှိသော ပုံဝတ္ထု မှန်သမျှကို ကျွန်တော့်အား ထပ်ကာ ထပ်ကာ ပြောပြ၍ ကုန်ပါပြီ။ အခြားမိန်းမများက သီဆိုပြသော သီချင်းတို့သည်လည်း ကျွန်တော့်အား စိတ်ညစ်အောင်သာ ဖန်တီးနိုင်ပါတော့သည်။
အရက်သောက်လွန်း၍ ခေါင်းမကိုက်ဟု ဆိုလျှင် ကျွန်တော် အရက်ကို ဖိ၍ သောက်မိပါလိမ့်မည်။ သို့သော် ပျင်းရိငြီးငွေ့သော အကြောင်း တစ်ခုကြောင့် အရက်သမား ဖြစ်ရမည်ကို စိုးရိမ်မိကြောင်း ကျွန်တော် ဝန်ခံရပါမည်။ ဤအကြောင်းကြောင့် အရက်သမား ဖြစ်ရခြင်းသည် အလွန် ဆိုးပါသည်။ ကျွန်တော် နေထိုင်ခဲ့ရာ ဒေသတွင် ဤသို့ဖြစ်ရခြင်း နမူနာတို့ကို ကျွန်တော် တွေ့ခဲ့ဖူးလှပါပြီ။ ကျွန်တော်နှင့် အိမ်နီးပါးချင်း ဆို၍ ကျွန်တော့်လို လူမျိုး နှစ်ယောက် သုံးယောက်မျှသာ ရှိပြီးလျှင် အားလုံးဆုံ၍ စကားဝိုင်း ဖွဲ့မိကြလျှင် သက်ပြင်းချ၍ ချောင်းတဟန့်ဟန့်နှင့် ပြီးကြရပါသည်။ စင်စစ် ဤကဲ့သို့သော သူများနှင့် အတူ နေရသည်ထက် တစ်ဦးတည်း အဖော်မဲ့သည့် ဘဝက ပို၍ ကောင်းလိမ့်ဦးမည်။
သုံးမိုင်ခန့် အကွာတွင် မြို့စားကတော် တစ်ဦး၏ မြေယာများ ရှိပါသည်။ သို့သော် ထိုမြေယာပေါ်တွင် စောင့်ထိန်းသူ တစ်ဦးက လွဲ၍ မည်သူမျှ မနေပါ။ မြို့စားကတော် ဆိုသူမှာ အိမ်ထောင်ကျစ နှစ်တွင် တစ်ခါလောက်သာ လာရောက်ပြီး တစ်လ ပြည့်အောင်မျှပင် မနေခဲ့ပါ။ သို့သော် ကျွန်တော် တစ်ဦးတည်း နေထိုင်၍ နွေဦးပေါက်ရာသီ နှစ်ခါလည်မျှ ရှိသောအခါ နွေရာသီ အတွင်းတွင် မြို့စားကတော်သည် သူ၏ ခင်ပွန်းနှင့်အတူ လာရောက်လိမ့်မည်ဟု သတင်းစကား ကြားသိရပါသည်။ ဇွန်လသို့ ရောက်သောအခါ သူတို့ နှစ်ဦး အကယ်ပင် ဆိုက်ရောက်လာကြပါသည်။
တောနေလူထု အဖို့ အိမ်နီးချင်း လူချမ်းသာတစ်ဦး ရောက်လာသည် ဆိုမှဖြင့် သူတို့၏ ဘဝတစ်သက်တာတွင် အခါကြီး ရက်ကြီး တစ်ရက်ပင် ဖြစ်ပါတော့သည်။ သူတို့ ရောက်မလာမီ နှစ်လခန့်က ကြိုတင်၍ မြေပိုင်ရှင်နှင့် ခြွေရံသင်းပင်းတို့သည် သူတို့ရောက်မည့် အကြောင်းကို ပြောဆိုကြ၍ သူတို့ ပြန်သွားပြီးနောက် သုံးနှစ် အတွင်းတွင် သူတို့ အကြောင်းကို ပြောမကုန်နိုင် ဖြစ်ရပါသည်။ ကျွန်တော့် အဖြစ်ကို ဖွင့်ဟ အစီရင်ခံရပါမူ ငယ်ငယ်ရွယ်ရွယ်နှင့် လှလှပပ ရှိသူ အိမ်နီးချင်းတို့ ရောက်လာလိမ့်မည် ဟူသော သတင်းသည် ကျွန်တော့်အား အတော်ပင် လွှမ်းမိုးခဲ့သည်ကို ဝန်ခံရပါမည်။ ကျွန်တော်သည် မြို့စားကတော်ကို တွေ့ချင်ဇောဖြင့် သူရောက်ပြီးနောက် တနင်္ဂနွေနေ့၌ ညစာ စားပြီးလျှင် ပြီးချင်း သူနေထိုင်ရာ ရွာကလေးသို့ ထွက်လာခဲ့ပြီးလျှင် အရှင်နှစ်ပါးတို့၏ အိမ်နီးချင်း ဖြစ်သော ကျွန်တော်မျိုးသည် ဂါရဝတရား ရှေ့ထားသောအားဖြင့် အရှင်တို့၏ အကျိုးကို သည်ပိုးမည့် အကြောင်း ပြောဆို မိတ်ဖွဲ့မိပါသည်။
မြို့စားကြီး၏ မင်းလုလင်သည် ကျွန်တော့်အား မြို့စားကြီး၏ အခန်းသို့ ခေါ်ဆောင် သွားပြီးလျှင် ကျွန်တော် လာရောက်ကြောင်း ပြောကြား၍ အခန်းမှ ထွက်သွားပါသည်။ အခန်းကျယ်ကြီးမှာ စည်းစိမ်ရှင်တို့၏ အိမ်ထောင် ပရိဘောဂဖြင့် မွမ်းမံထားပါသည်။ နံရံတွင် စာအုပ်များ ပြည့်နှက်နေသော စာအုပ်စင်များ ရှိ၍ ထိုစင်များပေါ်၌ ကိုယ်တစ်ပိုင်း ကြေးရုပ်များ ရှိပါသည်။ ကျောက်ဖြင့်ပြီးသော မီးလင်းဖို၏ အပေါ်ဆင့်၌ မှန်တစ်ချပ် တပ်ဆင် ထားပါသည်။ ကြမ်းပြင်၌မူကား ကော်ဇောစိမ်းကြီး ခင်းထား၍ ထိုကော်ဇော ပေါ်၌လည်း အခင်းများ ပြန့်ကျဲလျက် ရှိပါသည်။
ဤကဲ့သို့ ခမ်းနားသည့် စည်းစိမ်တို့မှ ဝေးရာ တဲစုတ်ငယ်၌ နေခဲ့ရသော ကျွန်တော့်မှာ တစ်ပါးသူတို့၏ စည်းစိမ်ချမ်းသာ ကိုလည်း မတွေ့ကြုံဘူး သည်မှာ ကြာပြီဖြစ်၍ အတန်ငယ် ရွံ့မိသောကြောင့် တောနယ်မှ အမှုသည် တစ်ဦးသည် ဝန်ကြီးတစ်ပါးကို တွေ့ရမည်ကဲ့သို့ မြို့စားကြီး ထွက်လာမည်ကို စောင့်မျှော်မိပါသည်။ တံခါးပွင့် လာသောအခါ အသက် သုံးဆယ်နှစ်နှစ်ခန့် ရှိသော အလွန်တရာ လှပတင့်တယ်သည့် ပုဂ္ဂိုလ်တစ်ယောက် ထွက်လာပါသည်။ မြို့စားကြီးသည် ခင်မင်ရင်းနှီးသော မိတ်ဆွေတို့၏ အမူအရာဖြင့် ကျွန်တော့် အပါးသို့ တိုးလာပါသည်။ ကျွန်တော့်မှာ မိမိ၏ ဣန္ဒြေကို ဆည်ရင်း ကျွန်တော် မည်သူမည်ဝါ ဖြစ်ကြောင်း ပြောကြားမည်အပြုတွင် မြို့စားကြီးက ကျွန်တော့်ကို နှုတ်ခွန်း ဆက်ပါသည်။ ကျွန်တော်တို့ နှစ်ဦးသား ထိုင်ပြီးလျှင် စကားပြောကြသော အခါ ကျွန်တော် တစ်ကိုယ်ရေ တစ်ကာယ နေခဲ့ရခြင်းကြောင့် ရှက်ကြောက်တတ်သော အမူအရာတို့မှာ သူ၏ ယဉ်ကျေးဖွယ်ရာ ပြောကြားသော စကားတို့ကြောင့် ပပျောက် သွားပါသည်။ ကျွန်တော် အတော်ကလေး နေသားထိုင်သား ကျသောအခါ မြို့စားကတော် ထွက်လာပါသည်။ ထိုအခါ ကျွန်တော့်မှာ ယခင်ကထက်ပင် ပို၍ အနေရ အထိုင်ရ ခက်လာ ပါတော့သည်။ မြို့စားကတော်မှာ အမှန်ပင် လှပယဉ်ကျေး ပါဘိသည်။ မြို့စားကြီးက မြို့စားကတော်ကို ကျွန်တော်နှင့် မိတ်ဆက် ပေးပါသည်။ ကျွန်တော်ကား အခြေ မပျက်အောင် ဘာမျှ မတုန်လှုပ်သည့် ဟန်ဖြင့် ဣန္ဒြေဆောင်လေလေ၊ ပို၍ ဣန္ဒြေပျက်လေလေ ဖြစ်ရပါတော့သည်။ မတွေ့ဘူး မကြံုဘူးသေးသော သူတို့နှင့် ရင်းနှီးမှု ရှိလာလေအောင် ကျွန်တော် သတိလက်လွတ် ဖြစ်သည်ကိုလည်း ပြန်၍ ဣန္ဒြေ ဆည်နိုင်လေအောင် သူတို့ လင်မယား နှစ်ဦးသား စကားစမြည် ပြောကြ၍ ကျွန်တော့်အား ကိန်းကြီး ခန်းကြီး မလုပ်ဘဲ အိမ်နီးချင်း မိတ်ဆွေကောင်း သဖွယ် ဧည့်ခံကြပါသည်။ ဤအတွင်း ကျွန်တော်ကား ထိုမှ ဤမှ ခေါက်တုံ့ခေါက်ပြန် လျှောက်ပြီး စာအုပ်များ၊ ပန်းချီကားများကို ကြည့်ရှုပါသည်။ ကျွန်တော်သည် ပန်းချီကားများ အကြောင်းကို ဘာမှ မသိပါ။ သို့သော် ကားတစ်ချပ်ကို ကျွန်တော် အလွန် မျက်စိကျမိပါသည်။ ထိုပန်းချီကားမှာ ဆွစ်ဇာလန်နိုင်ငံ၏ ရှုခင်းတစ်ခုကို ခြယ်ထားသော ကားတစ်ချပ်မျှသာ ဖြစ်ပါ၏။ သို့သော် ကျွန်တော့်စိတ်ကို ဆွဲဆောင်သည်မှာ ထိုရှုခင်း မဟုတ်ပါ။ ကားချပ်ပေါ်တွင် သေနတ်ရာနှစ်ခု တစ်ခုပေါ်တစ်ခု ထပ်နေသည့် အချက်သည်သာလျှင် ကျွန်တော့်စိတ်ကို ဆွဲဆောင်ခဲ့ခြင်း ဖြစ်ပါ၏။ ကျွန်တော်သည် မြို့စားကြီးဘက်သို့ လှည့်၍ “တယ်ဖြောင့်တဲ့ လက်ပဲ” ဟု ပြောလိုက်မိပါသည်။ မြို့စားကြီးက “ဟုတ်တယ်၊ အင်မတန် ဖြောင့်တဲ့ လက်ပဲ။ ခင်ဗျား သေနတ်ပစ် လက်ဖြောင့်ရဲ့လား” ဟု ကျွန်တော့်အား မေးပါသည်။
ကျွန်တော်သည် ကျွန်တော့်ဝမ်းထဲ၌ အနှစ်သက်ဆုံး ဖြစ်သော အကြောင်းကို ပြောဆိုခွင့် ကြုံလာ၍ ဝမ်းသာအားရ ဖြစ်ပြီးလျှင် ကျွန်တော်မှာ သေနတ်ပစ်ရာ၌ ပထမစွဲသူ ဖြစ်ကြောင်းကို ပြောပြလိုက်ပါ၏။ “ကျွန်တော် ပစ်နေကျ သေနတ်နဲ့သာ ပစ်ရမယ်ဆိုရင် ဖဲတစ်ချပ်ကို ခြေလှမ်း သုံးဆယ်လောက် အကွာက မလွတ်တမ်း ပစ်နိုင်ပါရဲ့” ဟု ကျွန်တော်က ပြောပြပါသည်။
ထိုအခါ မြို့စားကတော်သည် ကျွန်တော့်စကားကို အလွန် အာရုံစိုက်သော အမူအရာဖြင့် “တကယ်လားရှင့်” ဟု မေးပြီးလျှင် သူ၏ ခင်ပွန်းအား “ကိုကိုရယ်၊ ရှင် သူ့လို ခြေလှမ်း သုံးဆယ်ကွာက နေပြီး ဖဲချပ်ကို မှန်အောင် ပစ်နိုင်ပါ့မလား” ဟု မေးလေသည်။
မြို့စားကြီးကမူ “အေးကွယ် ... တစ်နေ့ကျတော့ စမ်းပြီး ပစ်ကြည့် သေးတာပေါ့” ဟု ဆိုပြီးလျှင် “ကျုပ်ခေတ်တုန်းက ဆိုရင် ကျုပ်ဟာ သေနတ်ပစ် မညံ့ခဲ့ပါဘူး။ ဒါပေမယ့် သေနတ်ကို မကိုင်တာ လေးနှစ်လောက် ရှိသွားပြီ” ဟု ကျွန်တော့်အား ပြောပြပါသည်။
ထိုအခါ ကျွန်တော်က “ဟာ ဒီလိုဆိုရင် အရှင်ဟာ ခြေလှမ်း နှစ်ဆယ်ကွာက နေပြီး ဖဲချပ်ကို မှန်အောင် ပစ်နိုင်ဖို့ ဝေးပါသေးတယ်။ ခြောက်လုံးပြူး သေနတ် ပစ်တယ်ဆိုတာ အကျင့်ရှိမှ ခင်ဗျာ့။ ကျွန်တော်က တွေ့ဖူး ကြုံဖူးလို့ သိတာပါ။ ကျွန်တော့် စစ်တပ်ထဲမှာ ဆိုရင် ကျွန်တော်ဟာ လက်အတည့်ဆုံးပါပဲ။ ဒါပေမယ့် တစ်ခါက ကျွန်တော့် သေနတ်ကို ပြင်နေရလို့ တစ်လလုံးလုံး သေနတ်ကို မကိုင်ခဲ့မိဘူး။ အဲဒီတော့ အရှင့်နှယ် ဘာဖြစ်သွားတယ် ထင်သလဲ။ ကျွန်တော် အဲဒီနောက် ပထမဆုံး သေနတ်ပစ် ကြည့်တယ် ဆိုရင်ပဲ ခြေလှမ်းနှစ်ဆယ် အကွာကနေပြီး ပုလင်း ထောင်ထားတာတောင် မှန်အောင် မပစ်နိုင်တော့ဘူး။ ကျွန်တော်တို့ အထဲမှာ အင်မတန် ပျော်တတ်ပြီး ခပ်ရွှန်းရွှန်း ဗိုလ်ကြီးတစ်ယောက် ရှိတယ်။ သူကတောင် ကျွန်တော့်ကို အေးကွယ် ... မင်းဟာ ပုလင်းကိုတောင်မှ သေအောင် သေနတ်နဲ့ မပစ်ချင်ဘူးဆိုတာ ဒို့သိပါတယ်လို့ ပြောင်ပြောသေးတယ်။ ဒီတော့ အရှင် မြို့စားကြီး ခင်ဗျား။ သေနတ်ပစ် ကျင့်တာကို လက်လွှတ်ပြီး ပေါ့ပေါ့တန်တန် မနေပါနဲ့။ မကြာခင် လက်ပျက် သွားပါလိမ့်မယ်။ ကျွန်တော်သိဖူးတဲ့ သေနတ်ပစ် လက်တည့်သူ မိတ်ဆွေ တစ်ယောက်ကတော့ နေ့တိုင်း သေနတ်ပစ် လက်တည့် စမ်းတာပဲ။ အနည်းဆုံး ညစာထမင်းစားချိန် မတိုင်မီ သုံးခါလောက် သေနတ်ပစ် ကျင့်တယ်။ သူ့အတွက်တော့ ထမင်းမစားခင် အရက်တစ်ခွက် သောက်သလို အကျင့် ဖြစ်နေတော့တာပါပဲ”
ဤသို့ ကျွန်တော် စကားအမျှင်မပြတ် ပြောနေလေရာ မြို့စားနှင့် မြို့စားကတော်တို့မှာ ယခုမှ ကျွန်တော် စကားစ ရှာ၍ တွေ့သည်နှင့် ဝမ်းမြောက်လျက် ရှိကြဟန် တူပါသည်။
“ကျုပ်ကို အဲဒီ သေနတ်ပစ်တဲ့ အကြောင်း ပြောပြစမ်းပါဗျာ” ဟု မြို့စားကြီးက စကားစပါသည်။ ထိုအခါ ကျွန်တော်က “ပြောပြဆို ဒီလိုပါ အရှင်၊ တစ်ခါ တစ်ခါမှာ အုတ်နံရံပေါ်မှာ ယင်တစ်ကောင် နားနေတာကို သူ တွေ့ရတယ်။ ဪ ... မြို့စားကြီး ကတော်က ကျွန်တော် ဒီလို ပြောပြတော့ ရယ်မိမှာပဲ။ နို့ပေမယ့် ကျွန်တော် အမှန်အတိုင်း ပြောတာပါ။ ဘုရားစူး ကျိန်ဝံ့ပါတယ်။ အဲ ... သူ ဒီလို ယင်တစ်ကောင်ကို မြင်ရင်ပဲ သူ့တပည့်ကို အော်ခေါ်ပြီး သေနတ်တောင်းတယ်။ သူ့တပည့်ကလဲ ယမ်းထိုးပြီးသား ခြောက်လုံးပြူးကို ပေးတယ်။ ပြီးတော့ ဒိုင်းခနဲ ဆိုရင်ပဲ ယင်ကောင်ကလေးဟာ နံရံမှာ ကြေမွပြီး ကပ်သွားတာပဲ” ဟူ၍ ပြောလိုက်ပါသည်။
ထိုအခါ မြို့စားကြီးက “တယ်ဟုတ်ပါကလား၊ သူ့နာမည်က ဘယ်သူတဲ့တုံး” ဟု မေးပါ၏။ ကျွန်တော်က “အရှင်ရယ် သူ့နာမည်ကတော့ ဆစ်လဗီယို ပါပဲ” ဟု ပြန်ပြော လိုက်သောအခါ မြို့စားကြီးသည် “ဆစ်လဗီယို” ဟု အော်ကာ ထခုန်လိုက်ပါသည်။
“မင်း ဆစ်လဗီယိုကို သိသလား”
“သိတာပေါ့ အရှင်၊ သူနဲ့ ကျွန်တော်ဟာ အင်မတန် ခင်တဲ့ မိတ်ဆွေ ဖြစ်ပါတယ်။ သူဟာ ကျွန်တော်တို့ တပ်ထဲမှာ ဆိုရင် ကျွန်တော်တို့ရဲ့ တပ်သားတစ်ဦးလိုပဲ အင်မတန် အရေးပေး ကြပါတယ်။ ဒါပေမယ့် ဒီနေ့အထိ ငါးနှစ်လောက် ရှိသွားပါပြီ။ သူ့အကြောင်းကို မကြားရတာ။ ဪ ဒါထက် အရှင်ကလဲ သူ့ကို သိသကိုး”
“သိပါတယ်၊ သူ့ကို ကျုပ်သိသမှ သိပ်သိတာပေါ့ဗျာ။ သူက ခင်ဗျားကို ... အင်း ဖြစ်နိုင်မယ်တော့ မထင်ပါဘူး။ သူက ခင်ဗျားကို သူ့အကြောင်း ထူးထူးခြားခြား အဖြစ်အပျက် တစ်ခုခုများ ပြောပြဖူးသလား”
“အရှင် ပြောချင်တာက သူ့ကို လူပေါ်ကြော့ တစ်ယောက်က ပါးရိုက်ဖူးတဲ့ အကြောင်းလား”
“အဲဒီ လူပေါ်ကြော့ ဆိုတဲ့ လူရဲ့နာမည်ကို ခင်ဗျားကို ပြောဖူးသလား”
“ပြောတော့ မပြောဖူးပါဘူး၊ အရှင်ရယ်”
သည်တွင်မှ ကျွန်တော်လည်း အမှန်ကို ရိပ်မိပါတော့သည်။
“အို ... ဖြစ်မှ ဖြစ်ရပလေ ... အရှင်ရယ်၊ ကျွန်တော့်ကို ခွင့်လွှတ်ပါ၊ ကျွန်တော်က အရှင်မှန်း မရိပ်မိပါဘူး။ အရှင်ပါပဲလား”
မြို့စားကြီးလည်း စိတ်မချမ်းမြေ့စွာဖြင့် “ဟုတ်တယ်၊ ကျုပ်ပဲဗျာ” ဟု ပြန်ပြောပါသည်။ ပြီးတော့လည်း “ဟောဟိုမှာ ရှိတဲ့ ပန်းချီကားရဲ့ အပေါက်ဟာ သူနဲ့ ကျုပ်နဲ့ နှစ်ဦးသား နောက်ဆုံးအကြိမ် တွေ့ရတဲ့ အထိမ်းအမှတ်ပဲဗျာ့” ဟု ဆက်၍ ပြောပါသေးသည်။
ဤတွင် မြို့စားကတော်က “အချစ်ရယ် ဒီအကြောင်း မပြောပါနဲ့တော့။ ကျွန်မ တောင်းပန်ပါရစေ။ ဒီအကြောင်းပြောရင် ကျွန်မ ရင်တုန်လွန်းလို့ပါ။ ရှင် အသိသားနဲ့” ဟု ဝင်၍ ပြောပြန်ပါသည်။
“ဟာ ဒါပေမယ့် ငါ အားလုံးကို ပြောပြမယ်။ သူက သူ့မိတ်ဆွေကို ငါ ဘယ်လို စော်ကားမော်ကား လုပ်မိတယ်ဆိုတာ သိသွားပြီ။ ဒီတော့ ငါ့ကို ဆစ်လဗီယိုက ဘယ်လို လက်စားချေတယ် ဆိုတာ ငါ ပြောပြ လိုက်တော့မယ်” ဟု မြို့စားကြီးက ပြောရင်း ကျွန်တော် ထိုင်ရန် ကုလားထိုင် တစ်လုံးကို ဆွဲယူ လိုက်ပါသည်။ ကျွန်တော်လည်း အောက်ပါ အဖြစ်အပျက်ကို သိချင်ဇောဖြင့် ကောင်းစွာ နားထောင်မိပါသည်။
“ဟိုလွန်ခဲ့တဲ့ ငါးနှစ်လောက်က ကျုပ် အိမ်ထောင်ကျတယ်။ အိမ်ထောင်ကျစ ပထမလမှာ ကျုပ် ဒီရွာကို လာပြီး နေတယ်။ ကျုပ်တစ်သက်မှာ ကျုပ် ဒီအိမ်မယ် နေရတာ ပျော်လဲ အပျော်ဆုံးပဲ။ တွေးလိုက်တိုင်း ဝမ်းနည်းစရာလဲ အကောင်းဆုံးပဲ။
တစ်ညနေမှာ ကျုပ်တို့ လင်မယား နှစ်ယောက် မြင်းစီး ထွက်ကြတယ်။ ကျုပ်မိန်းမ စီးတဲ့ မြင်းဟာ ဂနာမငြိမ်ဘူး။ ဒါကြောင့် သူက ကြောက်ရွံ့ လာပြီးတော့ မြင်းဇက်ကြိုးကို ကျုပ်လက်ထဲ ထည့်ခဲ့ပြီး အိမ်ကို ခြေကျင်ပြန်တယ်။ ကျုပ်ကတော့ သူ့အရင် အိမ်ရောက်အောင် မြင်းနှင်ခဲ့တယ်။ အိမ်ရောက်တော့ အိမ်ဝင်းထဲမှာ မြင်းရထားတစ်စီး ဆိုက်ရောက်နေတာ တွေ့ရတယ်။ လူတစ်ယောက်က ကျုပ်နဲ့ ကိစ္စရှိလို့တဲ့။ သူ့နာမည်ကိုလဲ မပြောဘူးတဲ့။ ကျုပ်ရဲ့ စာကြည့်ခန်းထဲမှာ စောင့်နေတယ် ဆိုပဲ။ ဒါနဲ့ ကျုပ်လဲပဲ အခန်းထဲ ဝင်သွားတယ်။ မီးလင်းဖိုရဲ့ ဟောဒီအနားလောက်မှာ ဖုန် အလိမ်းလိမ်းနဲ့ အမွေးအမှင် မသရသေးတဲ့ လူတစ်ယောက်ကို မှောင်ရိပ်ထဲမှာ မြင်လိုက်ပါတယ်။ ဒါနဲ့ ကျုပ်ကလဲ အနားကပ်ပြီး သူ ဘယ်သူပါလိမ့်မလဲလို့ သတိရအောင် စဉ်းစားနေမိတယ်။
သူက အသံတုန်တုန်နဲ့ 'ဟေ့ မြို့စားကြီးရဲ့၊ ငါ့ကို မသိတော့ဘူးလား' လို့ မေးလိုက်တယ်။
ကျုပ်ကလဲပဲ 'ဆစ်လဗီယို' လို့ အော်ခေါ်လိုက်မိတယ်။ ကျုပ် မှန်တဲ့အတိုင်း ဖွင့်ပြောလိုက်မယ်။ ကျုပ် ဘယ်လောက် ကြောက်သလဲ ဆိုရင် ကြက်သီး မွေးညင်းတွေ ထလာတယ်။
'ဟုတ်ပါတယ်၊ ငါ ဆစ်လဗီယိုပဲကွ။ မင်းကို သေနတ်နဲ့ ပစ်ဖို့ ငါ့အလှည့် ရောက်လာပြီလေ။ ဒါကြောင့် လာခဲ့တာပဲ။ မင်း အဆင်သင့် ဖြစ်ပလား' သူက အဲသလို မေးလိုက်တယ်။
သူ့ရင်ပတ် အကျႌအိတ်ထဲက ခြောက်လုံးပြူး သေနတ်ကြီး ထွက်နေတယ်။ ကျုပ်ကလဲ ခြေလှမ်း ဆယ့်နှစ်လှမ်းတိတိ လှမ်းပြီး အခန်းထောင့်နားမှာ ကပ် နေလိုက်တယ်။ 'ကျုပ်မိန်းမ ပြန်မလာခင် မြန်မြန် ပစ်စရာရှိတာ ပစ်ပါ' လို့ မြန်မြန်သာ ကိစ္စတုံးစေဖို့ အတွက် သူ့ကို တောင်းပန်ပါတယ်။ သူက မီးထွန်း ပေးရဦးမယ် ဆိုပြီး အချိန်ကြာအောင် လုပ်နေတယ်။ ကျုပ်လဲပဲ ဖယောင်းတိုင်ကို ယူပေးတယ်။ အခန်းတံခါးကိုလဲ သော့ပိတ်ပြီး အပြင်က ဘယ်သူမှ ဝင်မလာဖို့ အမိန့်ပေးပြီး 'မြန်မြန်သာ ပစ်ပါလိုက်ပါတော့' လို့ သူ့ကို ပြောတယ်။ သူလည်း သေနတ်ကို ထုတ်ယူလိုက်ပြီး ကျုပ်ကို ချိန်တယ်။ ကျုပ်လဲပဲ ကုန်သွားတဲ့ အချိန်ကို တစ်စက္ကန့် နှစ်စက္ကန့်နဲ့ ရေကြည့်တယ်။ ကျုပ်မိန်းမကို သတိရမိတယ်။ ဒါနဲ့ပဲဗျာ စိတ်ထဲမှာ အင်မတန် ကြောက်စရာ ကောင်းတဲ့ မတင်မကျ အချိန်တွေဟာ လွန်သွားလိုက်တာ နောက်ဆုံးတော့ ဆစ်လဗီယိုက သူ့သေနတ်ကို ပြန်ချပြီး ...
'ဟေ့ ... ငါ့သေနတ်ထဲမှာ ချယ်ရီစေ့တွေ ထည့်ထားတာ မဟုတ်ဘူးကွ။ ကျည်ဆန်တွေ ... ကျည်ဆန်တွေ။ အင်မတန် အလေးချိန်စီးတဲ့ ကျည်ဆန်တွေ ဆိုတော့ ယခုလို ပစ်ရတာ နှစ်ယောက်ချင်း တိုက်ပွဲမျိုး မဟုတ်ဘဲ သက်သက် လူကို သတ်သလို ဖြစ်နေတယ်။ ဒါဟာ ဝမ်းနဲစရာပဲ၊ ငါကလဲ လက်နက် မပါတဲ့လူကို သေနတ်နဲ့ ချိန်တတ်တဲ့ လူစားမျိုး မဟုတ်တော့ ခက်သကွာ။ မင်းနဲ့ ငါနဲ့ ဟိုအရင် တစ်ခါတုန်းက လိုပဲ၊ ပထမ ဘယ်သူကစပြီး ပစ်ရမယ်ဆိုတာ မဲနှိုက်ရင် ကောင်းမယ်'
ဆစ်လဗီယိုက အဲသလို ပြောတော့ ကျုပ်ဦးနှောက်ဟာ ပတ်ချာ လည်သလို ဖြစ်သွားတာပဲ။ ကျုပ် မှတ်မိသရွေ့တော့ သူပြောတာကို ကျုပ် သဘောမတူဘူး။ နို့ပေမယ့် နောက်ဆုံးမှာ ကျုပ်လဲ သေနတ် တစ်လက်ကို နောက်ထပ် ယူပြီး ကျည်ဆန် ထည့်တော့ပါပဲ။ ပြီးတော့ မဲလိပ်နှစ်လိပ် လိပ်တယ်။ လိပ်ပြီးတော့ အရင်တုန်းက ကျုပ်သေနတ်နဲ့ ပစ်လို့ အပေါက် ပေါက်နေတဲ့ သူ့ဦးထုပ်ထဲကို မဲထည့်တယ်။ ဒီအကြိမ်မှာလဲ ကျုပ်ပဲ ကံကောင်းတယ်။ ပထမ စ ပစ်ဖို့ မဲကျတယ်။
'ဟေ့ ... မြို့စားရဲ့၊ မင်း ဒီတစ်ခါလဲ ကံကောင်းတာပဲ' လို့ ဆစ်လဗီယိုက ပြုံးပြီး ပြောတယ်။ သူပြံုးပုံမျိုးကို ကျုပ် တစ်သက်လုံး မမေ့နိုင်ပါဘူး။ ကျုပ်တော့ ဘယ်လိုဖြစ်သလဲ မပြောတတ်တော့ပါဘူး။ သူ စေရာကို ကျုပ် လိုက်လုပ်မိတော့ တာပဲ။ ဒါနဲ့ပဲ သူ စီမံတဲ့အတိုင်း ကျုပ်က စတင်ပြီး ပစ်တယ်။ ဟောဟိုမှာသာ ကြည့်ပါတော့။ ကျုပ်ကျည်ဆံက အဲဒီ ပန်းချီကားကို သွားမှန်တယ်။
(ဤနေရာတွင် မြို့စားကြီးသည် သေနတ်ကျည်ဆံ ဖောက်ထွင်းထားသော ပန်းချီကားရှိ အပေါက်ကို ကျွန်တော့်အား ပြသပါသည်။ သူ၏ မျက်နှာမှာ နီမြန်းလျက် ရှိပါ၏။ မြို့စားကတော်၏ မျက်နှာကား သူြုခုံထားသော စောင်ဖြူထက်ပင် ဖြူဖပ်ဖြူရော် ရှိနေသည်။ ကျွန်တော်ကား 'ဟယ်' ဟူသော အာမေဋိတ်သံကိုမျှပင် ပြုရန် သတိမရနိုင်ပါ။ မြို့စားကြီးကား ဆက်လက်၍ ပြောပြန်ပါသည်။)
ကျုပ်က သေနတ်နဲ့ ပစ်လိုက်ပေမယ့် ဘုရားသိကြား မလို့ မထိဘူးဗျာ။ ဒီတော့ ဆစ်လဗီယိုကတော့ အင်မတန် ကြောက်စရာကြီးပဲဗျို့။ သူက ကျုပ်ကို ပစ်ဖို့ ချိန်တယ်။ အဲဒီအခါမှာ ဗြုံးခနဲဆို တံခါးပွင့်လာတယ်။ ပွင့်လာပြီး ကျုပ်ဇနီး မာရှာ ပြေးဝင်လာတယ်။ ပြေးရင်းနဲ့ အော်ပြီး ကျုပ်ပခုံးကို ဖက်တွယ်ထားတယ်။ သူ့ကို မြင်တော့မှပဲ ကျုပ်လဲ တင်္ခဏုပ္ပတ္တိဉဏ်ကလေး ဘာကလေး ရလာပြီး 'အချစ်ရယ်၊ ငါတို့ ကျီစား နေကြတာကို မင်း မမြင်ဘူးလား။ မင်း ဘယ့်နှယ် ဖြစ်လာတာတုံး။ သွား သွား ရေကလေး တစ်ပေါက်လောက် သောက်ပြီးမှ တို့ဆီကို ပြန်လာခဲ့။ ပြီးမှ ငါ မင်းကို ဟောဒီက မိတ်ဟောင်းဆွေဟောင်း ရဲဘော်ဟောင်းနဲ့ မိတ်ဆက်ပေးမယ်'
အဲဒီလို သူ့ကို ကျုပ်က ပြောတယ်။ မာရှာကတော့ ကျုပ်ပြောတာ မယုံချင်ဘူး။ ဒါနဲ့ပဲ ကြောက်စရာ ကောင်းလှတဲ့ ဆစ်လဗီယို ဘက်ကို လှည့်ပြီး 'ရှင်တို့နှစ်ယောက် ကျီစား နေကြတယ် ဆိုတာ အဟုတ်ပဲလား' လို့ ကျုပ်ဇနီးက မေးတယ်။
ဆစ်လဗီယိုက 'ခင်ဗျား ခင်ပွန်းသည်ဟာ ဒီလိုချည်းပဲ ကျီစား နေကျပဲဗျာ။ ဟိုအခါတုန်းက သူဟာ ကျုပ်ပါးကို ကျီစားရင်းနဲ့ ရိုက်ခဲ့တယ်။ ပြီးတော့ ကျုပ်ဦးထုပ်ကို ပေါက်သွားအောင် ကျီစားရင်းနဲ့ သေနတ်နဲ့ ပစ်သဗျာ။ ယခုလဲပဲ ကျုပ်ကို ကျီစားရင်းနဲ့ သေနတ်နဲ့ မထိအောင် ပစ်သဗျာ့။ ဒီတော့ ကျုပ်လဲပဲ သူ့ကို ကျီစားချင်တဲ့စိတ် ပေါက်လာတယ်' လို့ ပြောပါလေရော။
အဲသလို ပြောပြီး သူက ကျုပ်ဇနီးသည်ရှေ့မှာ သေနတ်နဲ့ ပစ်တော့မလို ချိန်ပြန်ပါကရော။ ဒီတော့ မာရှာက သူ့ရှေ့မှာ တောင်းပန်တဲ့ သဘောနဲ့ ကိုယ်ကို ပစ်လှဲလိုက်တယ်။ ကျုပ်ကလဲ တုန်တုန်လှုပ်လှုပ်နဲ့ 'မာရှာ၊ ရှက်စရာကြီးကွယ်၊ ထ ထ' လို့ ပြောပြီး ဆစ်လဗီယိုဘက် လှည့်လို့မို့ 'ကိုင်း ... ဒီမယ် ခင်ဗျားဟာ ကံအကြောင်း မလှတဲ့ မိန်းမသားတစ်ဦး အပေါ်မှာ ဒီလိုပဲ ပြောင်ရ လှောင်ရ သလားဗျာ။ ကိုင်း ကျုပ်ကို ပစ်ချင်သလား၊ မပစ်ချင်ဘူးလား' အဲဒီလို မေးလိုက်တယ်။
ဒီတော့ ဆစ်လဗီယိုက ပြန်ပြောသဗျာ့။
'ငါ ကျေနပ်ပြီ။ ငါ မပစ်ချင်ဘူး။ ငါဟာ မင်း ထိတ်လန့် ကြောက်ရွံ့ပုံကို မြင်ရပြီ။ မင်း ငါ့ကို သေနတ်နဲ့ ပစ်အောင် ငါလုပ်ခဲ့ပြီ။ တော်ပါပြီ။ မင်း ငါ့ကိုသာ သတိရစမ်းပါ။ မင်းကိုတော့ မင်း အသိတရားနဲ့ မင်း ငါထားရစ်ခဲ့မယ်'
အဲဒီလို ပြောရာက သူပြန်မယ် လုပ်တယ်။ နို့ပေမယ့် တံခါးဝ ရောက်တော့ ကျုပ် သေနတ်နဲ့ မှန်တဲ့ ပန်းချီကားကို လှမ်းကြည့်ပြီး မချိန်ဘဲနဲ့ ပစ်လိုက်တယ်။ ပြီးတော့ သူလဲ ဘယ်ပျောက်သွားမှန်း မသိဘူး။ ကျုပ်ဇနီးလည်း တစ်ခါတည်း မေ့မျော သွားတာပဲ။ ကျုပ်အစေခံတွေလဲ ဆစ်လဗီယိုကို မဟန့်တားဝံ့ကြဘဲ ကြောက်အား လန့်အားနဲ့ ဒီအတိုင်း ကြည့်နေကြတယ်။ သူလည်း ဆင်ဝင်ဘက်ဆီကို သွားပြီး သူ့ရထားသမားကို သူခေါ်တယ်။ ပြီးတော့ ကျုပ်ဟာ ဘာဖြစ်သွားမှန်း မသိခင် ဆစ်လဗီယိုလည်း ထွက်သွားပါလေရော။
မြို့စားကြီးသည် နောက်ထပ် စကားကို မဆက်တော့ပါ။ ဤနည်းဖြင့် ကျွန်တော်လည်း အစတွင် အလွန် စိတ်ဝင်စားစေသော ဇာတ်လမ်း၏ အဆုံးသတ်ပုံကို တွေ့ရှိ ကြားသိခဲ့ရပေပြီ။ ကျွန်တော်သည် ဤဇာတ်လမ်း၏ ဇာတ်လိုက်ဖြစ်သူကို နောက်ထပ် မတွေ့ရတော့ပါ။ ဆစ်လဗီယိုသည် ဗိုလ်ချုပ် အယ်လက်ဇန္ဒာ အစ်ပဆီလန္တီ ဆိုသူ ကြီးမှူးသော စစ်ပွဲတစ်ပွဲတွင် ဝင်ရောက် တိုက်ခိုက်ရာ စကူလျာနီ တိုက်ပွဲ၌ ကျဆုံးသည်ဟုသာ ကြားသိရ ပါတော့သည်။
(The Shot by Alexander Pushkin)
-----------
မောင်ထင်
မြဝတီ မဂ္ဂဇင်း၊ စက်တင်ဘာ၊ ၁၉၅၆။
(မုန်တိုင်းထဲကနဖူးစာနှင့် အခြားဝတ္ထုတိုများ

0 comments:

Post a Comment