Wednesday, June 19, 2019

(ကျန်တာအကုန်ရှိဦး မရှိတာတွေရှိနေတုန်း)

0 comments
(ကျန်တာအကုန်ရှိဦး မရှိတာတွေရှိနေတုန်း)
အမေရိကန်နဲ့ဥရောပက အဝတ်အထည်လုပ်ငန်းရှင်တွေစကားဝိုင်းမှာ ကုန်သွယ်စစ်အကြောင်းက အဓိကနေရာက ရှိနေပါတယ်။ အခြေခံအဆောက်အဦး၊ ငွေကြေးခိုင်မာမှု၊ ရင်းနှီးမြှုပ်နှံမှုဥပဒေ၊ ပတ်ဝန်းကျင်သဘာဝထိန်းသိမ်းရေးဥပဒေ၊ နိုင်ငံရေးတည်ငြိမ်မှု၊ မြေယာကိစ္စ၊ အလုပ်သမားဥပဒေ၊ လုပ်ခလစာ၊ လျှပ်စစ်လို့ဆိုတဲ့ “အခြေခံကျတဲ့ကိစ္စတွေ“ကို ခနဘေးချိတ်ပြီးပြောကြတာပါ။ ပညာရှင်စကားဝိုင်းမဟုတ်ပါ။ စီးပွားရေးသမားတွေရဲ့ အတွက်အချက်ဆိုတဲ့အထိုင်က ပြောကြတာပါ။ မန်နေဂျာတွေ၊ စီအီးအိုတွေရဲ့ စကားဝိုင်းမဟုတ်တော့ စီမံခန့်ခွဲ့မှုတွေ ဘဏ္ဏာရေးကိစ္စတွေ၊ အလုပ်သမားကိစ္စတွေလည်း ပါတယ်ဆိုရုံလောက်ပါ။ ပညာရှင်ဆန်ဆန် စကားလုံးကြီးတွေ၊ အရပ်သားနားမလည်တဲ့ ကိန်းဂဏန်းနဲ့အတွက်အချက်တွေ၊ ဟောကိန်းတွေမပါတော့ စကားဝိုင်းကသွက်ပြီး နားထောင်သူတိုင်း တထိုင်တည်းသဘောပေါက်တာမို့ ရောက်လွယ်တယ်လို့ဆိုရမှာပါ။

ဥပမာတခု ပြောပြပါရစေ။ နံမည်ကြီး အမျိုးသားဝတ်ရှပ်အင်္ကျီထုတ်တဲ့ ဥရောပကုမ္ဗဏီပိုင်ရှင်တယောက်ကပြောတဲ့ဟာပါ။ “တရုတ်မှာက ဝါဂွမ်းကနေလုပ်တဲ့ပိတ်စဖြစ်ဖြစ် တခြားဓာတုပစ္စည်းကနေထုတ်တဲ့ပိတ်စဖြစ်ဖြစ် ထုတ်လို့ရတယ်၊ ယက်ကန်းစက်တွေရှိတယ်၊ အထည်အလိပ်စက်ရုံတွေရှိတယ်၊ ဆေးဆိုးပန်းရိုက်လုပ်ငန်းရှိတယ်၊ အပ်ချည်လုံး ကြယ်သီး၊ အမာသား Sticks တွေထုတ်တယ်၊ ကော်ရှိတယ်၊ အထည်ချုပ်စက်ရုံရှိတယ်၊ ဆိုတော့ ခင်ဗျား အဲ့ဒီမှာ အင်္ကျီတထည်ဖြစ်ဖို့လိုတာ အကုန်ရှိတယ်၊ နိုင်ငံခြားကနေ သတ်သတ် တခုစီလိုက် တင်သွင်းနေစရာမလိုဘူး၊ တထိုင်တည်းနဲ့ ကိစ္စအကုန်ပြီးတယ်၊ ခင်ဗျား တရုတ်ပတ်လည်ကနိုင်ငံတွေမှာ သွားထုတ်မလား၊“အခြေခံကျတဲ့ကိစ္စတွေ“အကုန် တရုတ်နဲ့တူနေတယ်ထားဦး တရုတ်မှာလို အကုန်ရှိပြီး တထိုင်တည်းနဲ့မပြီးဘူး၊ အလုပ်ပိုများမယ်၊ အချိန်ပိုကုန်မယ်၊ အမေရိကန်ပို့လို့ သွင်းကုန်ခွန်ပေးရတာနဲ့ ပြန်ချိန်ကြည့်တော့ မထေမိဘူး၊ ပိုတောင်ဆိုးတယ်၊ ဒီတော့ ၂၅ ရာခိုင်နှုန်း သွင်းကုန်ခွန်တိုးကောက်လည်း တရုတ်ကနေ ထုတ်ရတာကပိုတွက်ခြေကိုက်တယ်၊ ကုန်ဈေးနှုန်းဆိုတာက တက်ချင်တိုင်းတက်လို့မရတာ မှန်ပေမယ့် စီးပွားရေးသမားအတွက် သိတ်စကားလုပ်ပြောနေရမယ့်ကိစ္စမဟုတ်ပါဘူး၊ လူတွေအနေနဲ့ကလည်း လိုတဲ့ပစ္စည်းသာဖြစ်ရိုးမှန်ရင် ပစ္စည်းဈေးတက်လည်း ဝယ်ရမှာဘဲ၊ တရုတ်ကလာရုံမကလို့ ဘယ်ကဘဲလာလာပေါ့၊ လာတာလည်း သူ့ဆီကပဲလာနေတာ မဟုတ်လား၊ ဈေးကြီးတယ်ဆိုပြီး အင်္ကျီမဝတ်ဘဲနေလို့မှ မရတာ၊ ဈေးတွေကြီးလွန်းလို့ လူတွေမကျေမနပ်ဖြစ်လာရင် နိုင်ငံရေးကိစ္စဘဲ၊ နိုင်ငံရေးသမားတွေ ရှင်းရမယ့်ပြဿနာဘဲ၊ စီးပွားရေးသမားက အနေသာကြီး၊ အဲ့ဒါမှ အစိုးရက ဈေးနှုန်းတွေ လာကန့်သတ်ရင် မထုတ်ဘဲနေလိုက်ရုံဘဲ၊ တခြားကိုက်တာ တခုပြောင်းလုပ်ရုံဘဲဟာ၊ လက်ထဲ ပိုက်ဆံသာရှိပေ့စေ အရင်းအနှီးလုပ်ပြီး ဒီ့ပြင်နေရာမှာ စီးပွားရေးလုပ်လို့ရတာဘဲလေ“တဲ့။ ဒါသူပြောတဲ့စကားတွေကို အနှစ်ချုပ်ပြီးပြန်ပြောပြတာပါ။

ကျနော်တို့က တရုတ်ဘက်နေ ကဖြဲကရုန်းဖြစ်ပြီး ကိုယ့်ဘက်လျှံကျလာမယ့် အထည်ချုပ်လုပ်ငန်းတွေကို မျှော်လင့်နေချိန်မှာ အဲ့ဒါတွေက များများစားစား ထွက်ချမလာသေးပါဘူး။ ထွက်လာသမျှလေးကျတော့လည်း ဘင်္ဂလားဒေ့ရှ်ဘက်နဲ့ ဗီယက်နမ်ဘက်ရောက်သွားပါတယ်။ ထိုင်းလည်း အထိုက်အလျှောက်ရပါတယ်။ လာအိုတောင် အဖျားအနားလေးရပါတယ်။

အပေါ်ကလူပြောတာကနေ ကောက်ချက်ဆွဲရရင် ကျနော်တို့ဆီမှာ အဝတ်အထည်လုပ်ငန်းအတွက် ဘင်္ဂလားဒေ့ရှ်လောက် ဗီယက်နမ်လောက်တောင် အဆင်သင့်ဖြစ်မနေပါဘူး။ “အခြေခံကျတဲ့ကိစ္စတွေ“ လည်း မပြည့်စုံပါဘူး။ ပြည့်စုံတယ်ထားဦး တရုတ်လို “တထိုင်မတည်းနဲ့မပြီးဘူး“ဆိုတဲ့ အခြေအနေမှာပါလားလို့ တွေးစရာအစထွက်လာပါတယ်။

ဒီကနေ အမေရိကန်တရုတ် အပြန်အလှန်ကုန်သွယ်ခွန်ကောက်တာရဲ့ အကျိုးသက်ရောက်မှုကိုကြည့်ပြီး သာမန်လူတယောက်ရဲ့ အပေါ်ယံကျတဲ့ကောက်ချက်လေးဆွဲဖို့ မြင်ထောင့်တခုတော့ ရတန်ကောင်းတယ်ထင်လို့ ပြောပြတာပါ။
မျိုးမြင့်ချို
ဇွန် ၁၉ ၊ ၂ဝ၁၉

0 comments:

Post a Comment