Monday, June 24, 2019

(ဘာမှမရှိရင် ဘာမှလုပ်မရပါ)

0 comments
(ဘာမှမရှိရင် ဘာမှလုပ်မရပါ) မ်ိဳးျမင့္ခ်ိဳ
ရခိုင်နဲ့ချင်းမှာ အင်တာနက်ဖြတ်တဲ့ကိစ္စ အင်္ဂျင်နီယာချုပ်ဦးမျိုးဆွေရှင်းတာက မရှင်းဘူး။ အော်ပရိတ်တာတွေကတော့ ထားတော့ ဝန်ကြီးဌာနက ညွှန်ကြားလို့ လိုက်နာရတယ်။ ဒါကရှင်းတယ်။ မရှင်းတာက အစိုးရအဖွဲ့ကသဘောတူလို့ ဖြတ်ရတာလို့ဆိုတယ်။ အစိုးရအဖွဲ့သဘောတူညီချက်နဲ့ ဝန်ကြီးဌာနကဆောင်ရွက်ရတယ်လို့ ထပ်ပြောတယ်။ “အစိုးရက၊ သမ္မတက ဝန်ကြီးဌာနကိုအမိန့်ပေးလို့ ဝန်ကြီးဌာနရဲ့ညွှန်ကြားချက်နဲ့အညီ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ဆောင်ရွက်ရတယ်၊ ဒါကို အော်ပရိတ်တာတွေက လိုက်နာရတယ်“ဆိုရင်ကတမျိုး။ ဖြစ်ရမှာကလည်း အဲ့ဒီအတိုင်း။
အမေးရှိတာက အစိုးရက ဘယ်သူနဲ့သဘောတူရတာလဲ။ ခုပြောတဲ့ပုံက ဆက်သွယ်ရေးဝန်ကြီးက အင်တာနက်တွေဖြတ်ချင်တယ်၊ အစိုးရအဖွဲ့က သဘောတူတယ် အဲ့သလိုဖြစ်နေတယ်။ အစိုးရအဖွဲ့တွင်းမှာ သဘောတူညီချက်ယူရတာပါလို့လည်း ရှင်းရှင်းလင်းလင်းပြောတာမဟုတ်ဘူး။ ဦးမျိုးဆွေက အင်္ဂျင်နီယာချုပ်မို့ နိုင်ငံရေးရာထူး(ဝန်ကြီး/ဝန်ကလေး စသည်ဖြင့်)မဟုတ်တော့ ခုလို ခုလောက်ပဲပြောတာ နားလည်လို့ရတယ်ထားပါ။ အစိုးရတာဝန်ရှိသူက “ကျုပ်တို့အစိုးရအမိန့်ပေးတာ ညွှန်ကြားတာဖြစ်တယ်“လို့ ဘာ့ကြောင့် ဘွင်းဘွင်းမပြောတာလဲက တွေးစရာပါ။ တပ်ကခိုင်းလို့ လုပ်ရတာပါဆိုတဲ့သဘောရှိနေသလား။ ရှိနေလို့ အဲ့ဒါပေါ်သွားမှာ ကြောက်လို့ရှက်လို့ ဖုံးကွယ်ချင်တာလား စတာတွေက ဆက်တွေးစရာပါ။
နိုင်ငံရေးအာဏာဆိုတာ သေနတ်ပါမှဖြစ်ပါတယ်။ သေနတ်ပါမှဆိုတာက စစ်တပ်၊ ရဲတပ်စတဲ့ လက်နက်ကိုင်တွေကို အမိန့်ပေးနိုင်တာ၊ ထိန်းချုပ်နိုင်တာကို ဆိုလိုပါတယ်။ အဲ့ဒါတွေကို အမိန့်မပေးနိုင်ရင် အာဏာရအစိုးရလို့ ဘယ့်နှယ်ပြောနိုင်ပါ့မလဲ။ အဲ့ဒါကိုဘဲ “အာဏာဆိုတာ သေနတ်ပြောင်းဝမှာရှိတယ်၊ သေနတ်ပြောင်း(လက်နက်ကိုင်တပ်တွေကို) ပါတီကထိန်းကျောင်းရမယ်၊ တပ်ဟာ ပါတီ့လက်အောက်မှာရှိရမယ်၊ ပါတီ့စည်းကမ်းနဲ့အညီ တည်ဆောက်ရမယ်“လို့ မော်စီတုန်းကပြောတာ။ ဒါကို လိုသလောက်လေးဖြတ်ညှပ်ကပ်လုပ်ပြီး ဆန့်ကျင်ဘက်ဝါဒဖြန့်တော့ “အာဏာဆိုတာ သေနတ်ပြောင်းဝကထွက်တာကွ ဒိုင်းညှောင့် ဒိုင်းညှောင့်“ဆိုပြီး သေနတ်တလက်နဲ့ တွေ့ကရလူ လိုက်ပစ်သတ်တဲ့ နိုင်ငံရေးအောက်တန်းစား အောက်လုံးထိုးကာတွန်းတွေ ရုပ်ရှင်တွေ စာတွေဖြစ်လာတယ်။
ခု NLD ကို အာဏာရအစိုးရလို့ ပြောသူပြောကြတယ်။ သေနတ်မပါတပ်မပါအစိုးရမှာ ဘာဏာမျိုးရှိမလဲ။ သူ့ရှိတဲ့အာဏာက ဘာအမျိုးအစားနဲ့ ဘယ်လောက်အကန့်အသတ်ရှိလဲက လုပ်နေတဲ့သူတွေ ကျနော်တို့ထက် ပိုသိ ပိုခံစား ပိုမခံချိမခံသာဖြစ်နေတာလည်း နိစ္စဓူဝ မြင်နေကြားနေ သိနေရတယ်။ အစိုးရက တပ်ကို မပိုင်ဘဲ တပ်က အစိုးရကို ပိုင်နေတဲ့ “တပ်ပိုင်အစိုးရ“သဘောဖြစ်နေတယ်။
ပြန်ချုပ်ရရင် NLD မှာ တပ်ကိုသေနတ်ကို အမိန့်ပေးနိုင်တဲ့ပါဝါမရှိဘူး။ အဲ့ဒီပါဝါဟာ နိုင်ငံရေးအာဏာရဲ့သော့ချက်ပါ။ အဲ့ဒီသော့ချက် အစိုးရမှာမရှိရင် အဲ့ဒီအစိုးရမှာ ဘာမှမရှိပါ။ ဘာမှမရှိတဲ့အစိုးရဟာ ဘာမှလုပ်မရပါ။
စစ်အုပ်စုက အာဏာ ဘယ်နားမှာရှိမှန်းသိပါတယ်။
မျိုးမြင့်ချို
ဇွန် ၂၄၊ ၂ဝ၁၉

0 comments:

Post a Comment