Thursday, August 22, 2019

(ဆန္ဒပြနေလို့မပြီးပါ)

0 comments
(ဆန္ဒပြနေလို့မပြီးပါ)
ဟောင်ကောင်ဆန္ဒပြပွဲတွေမှာ ပါဝင်သူတွေက သူတို့မှာ ခေါင်းဆောင်မရှိဘူးလို့ ပြောသူပြောပါတယ်။ အားလုံးဟာ ခေါင်းဆောင်ချည်းပဲလို့ ပြောသူပြောပါတယ်။ စပါးတားကပ်စ်ရုပ်ရှင်တောင် ပြန်အမှတ်ရစရာပါ။
လူထုလှုပ်ရှားမှု တနည်းပြောရရင် အုံကြွမှုတိုင်းဟာ အချိန်ရော အရှိန်ပါရလာတဲ့အခါမှာ အားလုံးကိုသိမ်းကြုံးဦးဆောင်နိုင်တဲ့ ဗဟိုတခုပေါ်လာတတ်ပါတယ်။ အမှန်က အဲ့ဒီဗဟိုဆိုတာ “နဂို“ကတည်းက ရှိနေနှင့်ပြီးသားဖြစ်တာများပါတယ်။ (ဗမာပြည် ၈၈ မှာ အဲ့ဒီဗဟို မပေါ်ခဲ့ပါ။ ခေါင်းဆောင်တွေ နယ်ကန်ရင်း နောက်လိုက်တွေ လွင့်စင်ထွက်ကုန်တာပါ)
ခုဟောင်ကောင်မှာ ဗဟိုမရှိတာလား ဗဟိုတွေများနေတာလားတော့ မပြောတတ်ပါ။ ကြွေးကြော်သံတွေကလည်း ပြောင်းလိုက် ပြင်လိုက် တက်လာလိုက် ပြန်လျှောကျလိုက် ဖြစ်နေတာပါ။ တသမတ်တည်း ထောင်တက်သွားပြီး “တည်တိုက်“နေတာမဟုတ်ပါ။ တချက်တချက် “အချုပ်အခြာအာဏာပိုင်ဟောင်ကောင်“ဆိုတာထွက်လာပေမယ့် ပြန်ပျောက်သွားတာ သတိထားမိပါတယ်။
ခုလိုမျိုး မိုးမဆုံးမြေမဆုံး မပြီးနိုင်မစီးနိုင်ဆန္ဒပြနေရုံနဲ့ ဘာကိုမှပြီးမြောက်နိုင်မယ့်မထင်ပါ။ ဆန္ဒပြနေလို့ မပြီးပါ။ လမ်းမတွေထက်ဆန္ဒပြသူတွေထဲကပဲ တိကျတဲ့ဦးဆောင်မှု(တာဝန်)တခုခုကို ယူရမယ်ထင်ပါတယ်။ အဲ့ဒီဦးဆောင်တာဝန်ယူမှုက ဘာဖြစ်မလဲက ဆန္ဒပြသူတွေအပေါ် တည်ပါတယ်။
စခဲ့တာက “ရာဇဝတ်သားတွေ ပြည်မကြီးထံ လွှဲပြောင်းရေးဥပဒေ“ကိစ္စဖြစ်ပါတယ်။ ဆုံးတဲ့အထိယူရမယ့်တာဝန်က ဘာဖြစ်လာမလဲ။ ပီကင်းနဲ့ လုံးဝကင်းရှင်းတဲ့ ဟောင်ကောင်အုပ်ချုပ်ရေးစနစ်လား၊ ဟောင်ကောင်နိုင်ငံပေါ်ထွန်းရေးလား စသည်ဖြင့်တွေဖြစ်နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ်ပါ ဖြစ်တဲ့ဦးတည်ချက်ကို မရွဲ့မစောင်းတည့်မတ်ပေးရမယ့် “ဗဟို“ လိုပါတယ်။ အဲ့ဒီ ဗဟိုက အဲ့ဒီအထဲကပဲ ပေါ်လာမှဖြစ်မယ်ထင်ပါတယ်။ အဲ့လိုပေါ်လာတာမှမှန်သလို အဲ့ဒီ “ဗဟို“ ပေါ်လာရင် ဆန္ဒပြသူတွေလည်း ကျေကျေနပ်နပ် လက်ခံကြမယ်ထင်ပါတယ်။
ဘယ်နိုင်ငံငယ်တွေရဲ့ ဘယ်ပြည်တွင်းရေးကိစ္စမှာဖြစ်ဖြစ် အင်အားကြီးနိုင်ငံတွေရဲ့ အခန်းကဏ္ဍကရှိပါတယ်။ နိုင်ငံငယ်လေးတွေရဲ့ အစိုးရအတင်အချတွေ၊ မင်းပြောင်းမင်းလွှဲတွေ၊ အုပ်ချုပ်ရေးအလဲအလှယ်တွေမှာ အင်အားကြီးနိုင်ငံတွေရဲ့ ပယောဂ လုံးဝ(လုံးဝ) မပါပဲဖြစ်ခဲ့ရိုးမရှိပါ။ ကမ္ဘာရွာကြီးမကလို့ ကမ္ဘာရပ်ကွက်လေးပဲဖြစ်သွားဖြစ်သွား နိုင်ငံကြီးတွေရဲ့ သြဇာအာဏာဟာ အထင်အရှားရှိနေတာ ငြင်းမရပါ။
သေချာတာကတော့ ဟောင်ကောင်ဟာ ဆန္ဒပြနေလို့ပြီးမသွားပါ။
မျိုးမြင့်ချို
သြဂုတ် ၆၊ ၂ဝ၁၉

0 comments:

Post a Comment