(နဝတ)လက်ထက်
စစ်ဗြူရိုကရက် အရင်းရှင်စနစ်ပုံစံ(ရန်သူကြီး ၃ ဦး)မှ နောက်ဆုံးလက်ကျန်အပိုဒ်ပါခင်ဗျား။
“ဦးပိုင်လီမီတက်” ပြီးလျှင် (နဝတ)အပူတပြင်းလုပ်နေသည်မှာ
‘အခြေခံဥပဒေ’ ဖြစ်သည်။ ၉ဝ ခုနှစ် ရွေးကောက်ပွဲ တွင် ‘တစည’ သာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နိုင်ခဲ့သလို နိုင်ခဲ့လျှင် ‘အခြေခံဥပဒေ’ ပြဿနာကို (နဝတ)က ယခု လောက်အရေးတကြီးထားမည်မဟုတ်ပါ။ ယခုတော့
စစ်အုပ်စု၏သေရေးရှင်ရေးပြဿနာအဖြစ်ဖြင့် ‘အခြေခံဥပဒေ’ကိစ္စကို အလေးထားနေပါသည်။ သူတို့မှလွဲလျှင် မည်သူမျှ မရေးဆွဲရဟု
အမိန့်ထုတ်နေသည်။
‘အခြေခံဥပဒေ’ ရေးဆွဲရာတွင်အခြေခံရမည့်မူများ ချမှတ်နေသည်ဟုဆိုကာ ‘အမျိုးသားညီလာခံ’
ဟုခေါ်သော အစည်းအဝေးတခုကို ကျင်းပနေသည်မှာကြာပါပြီ။ မည်သို့ နိဂုံးချုပ်အဆုံးသတ်ရမည်မသိဖြစ်နေပုံရပါသည်။
အထူသဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က
သပိတ်မှောက်လိုက်သောအခါ ပိုပြီးပွင့်ကျသွားသဖြင့်လည်း အခက်ပိုတွေ့ပုံရပါသည်။
စစ်အုပ်စုသည် ‘အခြေခံဥပဒေ’ကို သူကလွဲ၍ မည်သူမျှ မရေးဆွဲစေချင်ပါ။ တဖက်ကလည်း
သူ့တွင် ‘အခြေခံဥပဒေ’ ရေးဆွဲပိုင်ခွင့် မရှိကြောင်းကိုသိကာ
မလုံမလဲဖြစ်နေသည်။ ‘အမျိုးသားညီလာခံ’ ဟုခေါ်သောအစည်းအဝေးက ‘အခြေခံဥပဒေ’ ၏ ‘မူ’ ဆိုသည်များကို
သူ့အကြိုက်လိုက်ကာ ဆုံးဖြတ်ပေးမှာဖြစ်ကြောင်း သိသည်။ သို့သော် ဤမျှနှင့် ပြီးလိုက်၍မရပါ
။ မည်သူက အတည်ပြုပေးမည်နည်းဟူသော သော့ချက်ပြဿနာကျန်နေသည်။ ‘နဝတ က အတည်ပြုသည်’ ဟုလုပ်လျှင်
မည်သူကမျှလက်ခံမည်မဟုတ်ပါ။ ပြည်သူကို အကြိမ်ကြိမ် စော်ကားနေခြင်းဟုခံစားကာ အုံကြွဆန့်ကျင်ကြမည်ဖြစ်သည်။
“အမျိုးသားညီလာခံကဆုံးဖြတ်၍ (နဝတ)အတည်ပြုသည်” ဆိုသောနည်းကိုမလုပ်ပဲ
ရွေးကောက်ထားသည့် လွှတ် တော်ကအတည်ပြုသော နည်း။ ပြည်သူ့ဆန္ဒခံယူပွဲလုပ်သောနည်းများကိုရော
လုပ်ဝံ့ပါမည်လော။ လွှတ်တော် (၉ဝ ခုနှစ် လွှတ်တော်) က အတည်ပြုရေးကို ယနေ့ အခြေအနေအရဆိုလျှင်
သူ စဉ်းစားမည်မဟုတ်ပါ။ ပြည်သူ့ဆန္ဒခံယူပွဲလုပ်လျှင်လည်း (၉ဝ) ခုနှစ်ရွေးကောက်ပွဲလုပ်စဉ်က
တွက်ကိန်းလွဲ သွားသည်ထက် ပိုဆိုးသွားမည်ဖြစ်၏ ။
ဤသို့ ဘေးကျပ်နံကျပ်ဖြစ်နေ၍ပင် ဒေါ်အောင်ဆန်းစုကြည်အပေါ်
အလွန်အမင်းဒေါသထွက်ကာ အပုပ်ချနေခြင်းဖြစ်၏။ ဒေါ်အောင်ဆန်းစုကြည်ကို
လွှတ်မပေးခင်က (မဒဖ) နှင့် အစဉ်ပြေနေပါလျှက်
သူလွတ်လာမှ ပွဲဖျက်သည်ဟု ယူဆပုံရသည်။
အမှန်မှာ ပြည်သူများသည်လည်းကောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တက်ကြွသည့်အဖွဲ့ဝင်များသည်လည်းကောင်း
“အမျိုးသား ညီလာခံ” လုပ်နေပုံကို အစမှအဆုံး လုံးဝမကျေနပ်ခဲ့၊ အချိန်ကောင်းကို
စောင့်နေခြင်းသာဖြစ်သည်။ ပြည်သူ့ဆန္ဒကို ဒေါ်အောင်ဆန်း စုကြည်က မှန်ကန်စွာစုစည်းပေးလိုက်သောအခါ သူ့ကိုဝိုင်းပြီးထောက်ခံကြခြင်းသာ
ဖြစ်သည်။
(နဝတ)သည် ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(မဒဖ)ကို
ဖိနှိပ်အပုပ်ချသည်နှင့်တချိန်တည်းတွင် (မဒဖ) က သူတို့အလိုကျ လိုက်လျောပေးစေချင်ကြောင်းအချက်ပြမှုအချို့ကို
မရဲတရဲ လုပ်လေ့ရှိသည်။ သူတို့ရေးဆွဲထားသော ( အဓိက အပိုင်းများ ရေးဆွဲပြီးပြီ၊ ယခုတမင်တကာ
အချိန်ဆွဲနေခြင်းဖြစ်သည် ) ‘အခြေခံဥပဒေ’ကို လက်ခံစေချင်သည်။
သူတို့ရေးဆွဲထားသည့် ‘အခြေခံဥပဒေ’ဆိုသည်မှာ “အမျိုးသားနိုင်ငံရေးကို စစ်အုပ်စုကခေါင်းဆောင်ရေး”
ဆိုသောစာပိုဒ်ကို အခိုင်အမာ အချက်အလက်များဖြင့် အကျယ်ချဲ့ထားခြင်းဖြစ်သည်။ (ဥပမာ သမ္မတ အာဏာပိုင်စနစ်၊ သမတရွေးချယ်ပုံစနစ်နှင့် ရှိရမည့်အရည်အချင်းများ၊
အမတ်၂၅ % စစ်အုပ်စုက ခန့်ရေးစသည့် စသည့်အချက်များဖြစ်သည်)
စစ်အုပ်စု၏ခေါင်းဆောင်မှုကို လက်ခံရေးလက်မခံရေးကိစ္စမှာ “မူ” ပြဿနာဖြစ်သည်။
အလျှော့ပေးနိုင်သည့်အရာ မဟုတ်ပေ။ စစ်အုပ်စု၏ “အကြွင်းမဲ့” ခေါင်းဆောင်မှုကြောင့် တိုင်းပြည်နှင့်ပြည်သူများ နှစ်ပေါင်း (၃ဝ) ကျော် နစ်နာခဲ့ရပြီးပြီ။
ယခု စစ်အုပ်စုက ခေါင်းဆောင်မှုတွင် “ပါဝင်ရေး” တောင်းဆိုနေသည်။
ယခင်က ခေါင်းဆောင်မှုကို “လုယူ” ခဲ့ခြင်းဖြစ်ပြီး၊
ယခု “တောင်းယူ” နေခြင်းဖြစ်၏။ “တောင်းယူ”သည်ကို ပေးလိုက်မိပါက အတွေး အခေါ်အရပါ အရှုံးပေးရခြင်းဖြစ်၏။
“လုယူခြင်း” ခံရသည်က မတတ်သာ၍ ဆုံးရှုံးရခြင်းဖြစ်သဖြင့် ရုပ်ပိုင်းအရ ဆုံးရှူံးခြင်းသာဖြစ်သော်လည်း “တောင်းယူ”သည်ကို ပေးမိပါက ရုပ်ရော၊
စိတ်ပါ အရှုံးပေးရခြင်းဖြစ်သွားပေမည်။
ဘာကြောင့် စစ်အုပ်စုက
ခေါင်းဆောင်မှုကို အသေအလဲရယူလိုပါသနည်း။ တခွန်းတည်းဖြင့်ပြောလျှင်
“ဗြူရိုကရက် အရင်းရှင်စနစ်”ကို ထိန်းသိမ်းထားကာ
တိုးချဲ့သွားချင်သောကြောင့်ဖြစ်သည်။
ဤနေရာတွင် “ဗြူရိုကရက်အရင်းရှင်စနစ်” ဟု “စစ်” ဟူသောအထူးပြုမှုစကားလုံးမပါဘဲ
သုံးလိုက်ပါသည်။ အဘယ့်ကြောင့်ဆိုသော် အရပ်သားနှင့် စစ်ဗြူရိုကရက်ဟုခွဲ၍မရအောင် တထပ်တည်ကျနေပြီဖြစ်သောကြောင့်ပင်။
ဖဆပလ အစိုးရခေတ်က အရပ်သားဗြူရိုကရက်နှင့် စစ်သားဗြူရိုကရက်ဟူ၍ ခွဲ၍ရခဲ့သည်။ မဆလခေတ်လို “ဗိုလ်” က “ဦး” ဖြစ်တာတွေ များလာသဖြင့် တဖြည်းဖြည်းလျော့ရဲလာခဲ့သည်။ သို့သော်ခွဲ၍ရသေး၏။ ဗိုလ်နေဝင်း(ဦးနေဝင်း)၊ ဗိုလ်စန်းယု(ဦးစန်းယု)၊
ဗိုလ်စိန်လွင်( ဦးစိန်လွင်) စသူတို့မှာ ‘ဗိုလ်’ က ‘ဦး’ ဖြစ်သွားသူများဟု သိနိုင်၏။
ယခုတော့ ခွဲရခက်ပြီ။
“ဗိုလ်” က “ဦး” ပြောင်းထားတာလား “ဦး” စစ်စစ်လား ခွဲရခက်နေသည်။
အိမ်စောင့်အစိုးရတက်စဉ်က စစ်တပ်မှအရပ်ဘက်သို့ အုပ်ချုပ်ရေး၊
စီးပွားရေးပညာသွားယူသူများသာ ရှိခဲ့သည်။ “ဦး” အဖြစ် ပြောင်းခြင်း မဟုတ်၊ မဆလခေတ်တွင်
စစ်တပ်မှ အရပ်ဘက်ပြောင်းသွားသူများရှိလာသည်။ ( “ဗိုလ်” မှ “ဦး” ဖြစ်သူများ) အနှစ်
၃ဝ ကျော်ကြာသောအခါ အရေးပါသည့်အုပ်ချုပ်ရေးဌာနတိုင်း၏ အကြီးအကဲတိုင်းသည် “ဗိုလ်” မှ
“ဦး” ဖြစ်လာသူတွေသာ ဖြစ်နေ၏။ နိုင်ငံရေးရာထူးများတွင်ကား ရာနှုန်းပြည့်လောက် “ဗိုလ်”
မှ “ဦး” ဖြစ်လာသူတွေသာဖြစ်ခဲ့ပြီ။ ထို့ကြောင့် ဗြူရိုကရက်အရင်းရှင်ကို စစ်သားလား
အရပ်သားလား ခွဲစရာ မလိုသလို ဖြစ်နေပြီ။
စစ်အုပ်စုအနေဖြင့် “ခေါင်းဆောင်မှု” နေရာလက်လွတ်သွားပါက အနှစ် ၃ဝ
ကျော် အပေါ်စီးယူခဲ့သမျှအားလုံး ရေစုန်မျှော လိုက်သလို ဖြစ်သွားမည်။ ဤအဖြစ်ကို စစ်အုပ်စုအဖြစ်မခံနိုင်သဖြင့် အသေအလဲရုန်းကန်နေခြင်းဖြစ်သည်။
သို့သော် ခေတ်ကပြောင်းနေသည်။ ပြည်သူများနိုးကြားနေသည်။ ဓါးပြတိုက်နေသလို
“လုယူ” ထား၍မရတော့ သဖြင့် “တောင်းယူ”
နေခြင်း ဖြစ်သည်။ သူတောင်းစားတောင်း တောင်းခြင်းတော့မဟုတ်
ပြန်ပေးဆွဲထားကာတောင်းနေခြင်း မျိုးတောင်းနေသည်။ “အာဏာကို ရေရှည် မယူထားပါ” ဟူသောအပြော၏
နောက်ကွယ်ကအဓိပ္ပါယ်မှာ အာဏာကို ပြန်ပေးဆွဲထားခြင်းပါဟုပြောနေခြင်းနှင့် တသဘောတည်းဖြစ်၏။
၂၅ % ဖြင့်တော့ အစိုးရမဖွဲ့နိုင်ပါဟူသော
ဆင်ခြေကိုလည်း (နဝတ)က ပေးလေ့ရှိသည်။ သူတို့သည် အင်္ဂလိပ်နယ်ချဲ့သမားထံမှ
ပညာယူထား ဟန်ရှိသည်။ အင်္ဂလိပ်နယ်ချဲ့သမားသည် ဥပဒေပြုလွှတ်တော်တွင်
သူ့လူ ၂၅ % မျှပင် ထည့်မ ထားပါ။ နည်းနည်းပဲ ထည့်ထားပါသည်။ သို့သော် အစိုးရအဖွဲ့ကို
သူ့စိတ်ကြိုက်ဖွဲ့နိုင်ခဲ့သည်။ ဒေါက်တာဗမော်၊ သာယာဝတီဦးပု၊ ဂဠုံဦးစော
တယောက်မကောင်း တယောက်ပြောင်း လုပ်နိုင်ခဲ့သည်။ စစ်အုပ်စု၏ ၂၅ % က ပို၍ပင်လုပ်နိုင်လိမ့်မည်။
အင်္ဂလိပ်နယ်ချဲ့က ဘုရင်ခံကို ဗီတိုအာဏာပေးထားသလို စစ်အုပ်စုက
သမ္မတ သို့မဟုတ် စစ်ဦးစီးချုပ်ကို ဗီတိုအာဏာပေးထား၏။ ၂၅% တခုတည်းဖြင့်စိတ်မချနိုင်၍ဖြစ်သည်။
ဗြူရိုကရက်အရင်းရှင်စနစ်ကြောင့် တိုင်းပြည်နှင့်ပြည်သူများ နစ်နာခဲ့လှပြီ။
ဤစနစ်ကို ဖျက်သိမ်းနိုင်မှသာ ဗမာပြည်သည် ဖွံ့ဖြိုးရေးလမ်းပေါ် သို့ စတင်ခြေချနိုင်မည်ဖြစ်သည်။ ဗြူရိုကရက်အရင်းရှင်စနစ်ကိုဖျက်သိမ်းရေးသည် အရင်းရှင်စနစ်တခုလုံး
ဖျက်သိမ်းရေးမဟုတ်ကြောင်း ကိုကား အထူးပြောစရာလိုမည်မဟုတ်ပါ။ ဗမာပြည်၏ လက်ရှိဒီမိုကရေစီတော်လှန်ရေးအဆင့်တွင် နယ်ချဲ့ဆန့်ကျင်ရေး၊ ပဒေသရာဇ် မြေရှင် စနစ်နှင့် ဗြူရိုကရက်အရင်းရှင်စနစ်ဖျက်သိမ်းရေးတို့သည်သာ
အဓိကတာဝန်ကြီး (၃)ခု ဖြစ်ပေတော့သည် ။ ။
0 comments:
Post a Comment