Thursday, August 22, 2019

ရန္သူငါးပါး...တဲ့

0 comments
(ရန္သူ ငါးပါးတဲ့)
ချက်မြုပ်မြေမှာ သဘာဝဘေးအန္တရာယ်ဒဏ် လူတွေခံရတာမြင်တိုင်း ရင်ထဲဆို့ဆို့တက်လာတယ်။ တချို့ဘေးအန္တရာယ်တွေက တိုင်းပြည်ကလည်းချမ်းသာ၊ အစိုးရကလည်း အာဏာသုံးရပ်အပြည့်ပိုင်တဲ့အစိုးရ၊ ခေတ်မီနည်းပညာတွေလည်းရှိရင် ကြိုတင်ကာကွယ်တာမျိုး၊ ဘေးလွတ်ရာ ကြိုရွှေ့ပေးထာတာမျိုး၊ အချိန်နဲ့အညီ သတင်းထုတ်ပြန်သတိပေးတာမျိုးတွေ လုပ်လို့ရပါတယ်။ ခက်တာက ရွှေပြည်ကြီးဟာ အဲ့ဒီ ၃ မျိုးစလုံး စံမမီတဲ့အခြေအနေဖြစ်နေတယ်။
ဖြစ်ပြီဟေ့ဆိုလည်း အစိုးရကယ်ဆယ်ရေးဌာနတွေက တမဟုတ်ချင်းလုပ်ဆောင်နိုင်တာက နည်းတယ်။ ကယ်ဆယ်ရေးလုပ်ငန်းတွေကြန့်ကြာနေတော့ အသက်တွေ ပိုဆုံးရှူံးရ ပိုထိခိုက်ပျက်စီးကြရတာတွေလည်း မြင်နေရတယ်။ အဲ့သလို အရေးပေါ်အခြေအနေတွေဆို စစ်တပ်၊ ရဲတပ်၊ မီးသတ် စတာတွေကို အစိုးရက အမိန့်ပေးပြီး ဝန်ကြီးဌာနတွေရဲ့ညွှန်ကြားချက်နဲ့အညီ ပူးပေါင်းလုပ်မှရမှာပါ။
စစ်အုပ်စုက သူ့အကျိုးစီးပွားတိုက်ရိုက်ရှိတဲ့နေရာနဲ့ သူဝါဒဖြန့်ရမယ့်ကိစ္စမျိုးတွေက လက်သွက်ခြေသွက်ရှိသလောက် သူ့တိုက်ရိုက်အကျိုးစီးပွား မရှိတဲ့နေရာမှာ ဘာဖြစ်နေဖြစ်နေ အလေးမထားတာကတော့ ပြေးကြည့်စရာမလိုပဲတောင် သိနေပါတယ်။ စစ်အုပ်စုက တောက်လျှောက်ပြောလာခဲ့တာမှာ “အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်မယ်“ပဲပြောတာ။ အစိုးရအမိန့်နာခံမယ်လို့ တခါမှ မပြောဖူးဘူး။ သူတို့ပြောသလို ပူးပေါင်းဆောင်ရွက်မယ်ဆိုတောင် ဒီလို သဘာဝဘေးအန္တရာယ်ကိစ္စတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ ကောင်းတာပဲ။
တခါ ကယ်ဆယ်ရေးလုပ်ငန်းတွေပြီးလို့ ပြန်လည်နေရာချထားရေးတွေကြည့်တော့လည်း ဝန်ကြီးဌာနတခုတည်းက မနိုင်မနင်းတွေလုပ်နေရတာမြင်ရတယ်။ ဒါတောင် ဒေသခံပြည်သူတွေရဲ့ အကူအညီနဲ့အင်အားက သေးလှတာမဟုတ်ဘူး။ ဒေသခံတွေသာမပါရင် အတော့ကို ချည့်ချည့်နဲ့နဲ့ဖြစ်မယ့်သဘောပဲ။ ဒီနေရာမှာလည်း စစ်အုပ်စု ဝင်မကူဘူး။ ဝင်ကူဖို့လည်း အစိုးရက အမိန့်ပေးနိုင်ပုံမရဘူး။ ပေးလည်း မနာခံပဲနေလို့ရတဲ့အနေအထား ယူထားတာပဲ။ ဒီတော့ ခံစရာရှိတာမှန်သမျှ ပြည်သူတွေက ရင်စည်းခံ ခါးစည်းခံ ခံကြရတာပဲ။
ဒီတော့ ပရဟိတအဖွဲ့အစည်းတွေနဲ့ ပရဟိတသမားတွေက နေရာဝင်ယူလာတယ်။ အရေးပါလာတယ်။ သူတို့ရဲ့ကဏ္ဍက ကြီးသထက်ကြီးလာတယ်။ တွင်ကျယ်သထက်ကျယ်လာတယ်။ သြဇာရှိသထက်ရှိလာတယ်။ လူဟာ သြဇာရှိလာရင် အာဏာဘက် လှမ်းကြည့်တတ်တဲ့သဘောရှိပါတယ်။
ပရဟိတလုပ်ငန်းတွေဟာကောင်းတယ်၊ ရှိရမယ်၊ ဖြစ်သင့်တယ်ဆိုပေမယ့် အစိုးရတွေကိုယ်တိုင်လုပ်ရမယ့်အလုပ်တွေကို ချေးကအစသေးကအစလိုက်လုပ်နေရတာတော့ နေရာမကျဘူးထင်ပါတယ်။ အစိုးရကသာ တာဝန်ပြည့်ပြည့်ဝဝယူခဲ့ရင် ပရဟိတသမားတွေမလိုဘူး။ ဒါပေမယ့် ဘယ်လောက်ချမ်းသာတဲ့နိုင်ငံမှာဖြစ်ဖြစ် အစိုးရတွေက တာဝန်အပြည့်အဝယူနိုင်တာမျိုးတော့လည်း မဟုတ်ဘူး။
လူတွေ တယောက်ချင်းစီရဲ့ ရုပ်ဝတ္ထုပိုင်းဆိုင်ရာလိုအပ်ချက်တွေ၊ စိတ်ပိုင်း(ဘာသာရေးနဲ့ ဖြေသိမ့်စရာကိစ္စများ)ဆိုင်ရာ လိုအပ်ချက်တွေရှိပါတယ်။ ဒါတွေကို ပရဟိတသမားတွေက ဝင်ကူညီကြရတာမျိုးပါ။ ဗမာပြည်ကျတော့ အစိုးရ၊ စစ်တပ်၊ ရဲ၊ မီးသတ် ဘယ်တခုကမှ တာဝန်ပြည့်ပြည့်ဝဝမယူကြတော့ ဘေးဒဏ်ခံပြည်သူတွေမှာ လိုအပ်ချက်ကပိုကြီးပါတယ်။ ပိုကြီးတဲ့အလျှောက် ကူညီပေးမယ့် ပရဟိတအဖွဲ့အစည်းတွေ လူတွေရဲ့ကဏ္ဍက ပိုကြီးကြီးလာတယ်။ ပိုတွင်ကျယ်လာတယ်။
ပရဟိတသမား(အလှူရှင်သူဌေးကြီးတွေ)ဆိုတာက ထောင်မြင်ရာစွန့်သမားတွေများပါတယ်။ ဘာကိုယ်ကျိုးမှ မမြော်မြင်တဲ့သူကြွယ်ကြီးတွေလည်း ရှိပါတယ်။ နည်းပါတယ်။ အစိုးရ အကူအညီလိုနေချိန်မှာ မရှူနိုင်မကယ်နိုင်ဖြစ်နေချိန်မှာ ဝင်ကယ်တင်ရှင်လုပ်ပေးတဲ့အတွက် နောင်တချိန်မှာ အစိုးရကပြန်ပြီး သိတတ်ရတာတွေရှိပါတယ်။ စားပြီး နားလည်ရတာတွေ ရှိပါတယ်။ အဲ့ဒီအခါမျိုးမှာ နိုင်ငံ့ဘဏ္ဏာထဲဝင်ရမယ့် အခွန်အကောက်တွေမှာ သွားထိခိုက်ပါတယ်။ တိုင်းပြည်က မိအေး နှစ်ခါနာဖြစ်ရတာပါ။
နောက်တချက်က တခုခုဖြစ်ပလားဟေ့ဆိုတာနဲ့ နယ်ပယ်တခုခုမှာ နံမည်ရှိပြီးသား လူတယောက်ယောက်အမည်ခံပြီး အလှူငွေကောက်ခံတာမျိုးတွေ၊ ချက်ခြင်း အဖွဲ့တဖွဲ့ကောက်ဖွဲ့လိုက်ပြီး အလှူငွေကောက်ခံတာမျိုးတွေလည်း ရှိနေပါတယ်။ အဲ့သလို လူတွေ အဖွဲ့တွေရဲ့ ငွေကြေးအဝင်အထွက် အသုံးအစွဲစာရင်းဇယားတွေကိုရော အစိုးရက ဘယ်လိုကြပ်မတ်ပေးသလဲ မသိရပါ။ နိုင်ငံကြီးတွေမှာတော့ အလွန်တိကျတဲ့စနစ်တွေ အစီအစဉ်တွေ ဥပဒေတွေရှိပါတယ်။ ဒါတောင် လက်တလုံးခြား လုပ်တဲ့သူတွေလုပ်နေကြတာပါ။ ဗမာပြည်ဆို ပိုတောင်လုပ်မယ်ထင်ပါတယ်။
ကျနော်တို့ ဗမာလူမျိုးကလည်း လှူပဟေ့ဆို နိဗ္ဗာနပစ္စယောဟောတုလုပ်တာမျိုး၊ စေတနာသုံးတန်ပြတ်သားပြီးလှူတာမျိုးများတော့ ကိုယ့်အလှူဘယ်နားရောက်သွား ဘယ်သူစားသွား ဘယ်နားပျောက်သွားမှန်း စိတ်လည်းမဝင်စား တွေးလည်း မတွေးကြတာများပါတယ်။ အဲ့လိုဆိုတော့ ပရဟိတအမည်ခံ “လုပ်စားသမားတွေ“ ပို စားသာပါတယ်။ ကျနော်ကိုယ်တိုင်လည်း နာဂစ်တုန်းကတခါ၊ ပထမအကြိမ် မြစ်ဆုံကိစ္စ Save the Irrawaddy (သမ္မတဘုန်းကြီးသိန်းစိန်ခေတ်ဦး)က လှူခဲ့တာတွေရှိပါတယ်။ စာရင်းပျောက်အင်းပျောက်လှူတာမို့ ဘယ်ရောက်သွားသွားသဘော ကြိုထားခဲ့ပါတယ်။
ဗမာပြည်မှာကလူမှုကူညီရေး အင်န်ဂျီအိုတွေ၊ တသမတ်ရှိနေတဲ့ပရဟိတအဖွဲ့အစည်းတွေ၊ အရေးပေါ် ပေါ်လာတဲ့ ပရဟိတအဖွဲ့တွေ၊ လူတွေက အလွန်များပါတယ်။ များရတာကလည်း သဘာဝကျနေတယ်။ ကျရတာကလည်း အစိုးရက အဖြစ်မရှိ၊ နိုင်ငံ့အာဏာကို စစ်အုပ်စုက ထင်တိုင်းချည်လှယ်၊ ရှိသမျှစီးပွား လက်ဝါးကြီးအုပ်၊၊ တိုင်းပြည်ကဲ၊ လူတွေကဆင်းရဲနေတဲ့ ဂျာအေး သူ့အမေရိုက်ဇာတ်လမ်းဖြစ်နေလို့ပါ။
ဖြစ်နေတာတွေကို ဥုံဖွအပ်ချလောင်းနဲ့လည်း ပြောင်းလဲလို့မရ၊ ကြိတ်မှိတ်ပြီး ဖြစ်သမျှဒဏ်ခံနေရတာက ပြည်သူဆိုတဲ့ “ငဝက်“တွေပါ။ ဒီကြားထဲ ပရဟိတသမားတွေ၊ အဖွဲ့တွေကိုလည်း ဘဏ္ဏာရေးအရ စစ်စစ်စီစီမလုပ်နိုင်ဆိုတော့ တဦးချင်း လှူကြတန်းကြသူတွေရဲ့ ငွေကြေးနဲ့စေတနာတွေကပါ အဟောသိကံဖြစ်ကုန်တာပါ။ ဒီတော့ အစိုးရအနေနဲ့ ပရဟိတသမားတွေ၊ အဖွဲ့တွေ၊ အလှူရှင်တွေရဲ့ ငွေကြေးဆိုင်ရာလည်ပတ်မှုတွေကို ကျကျနနစစ်ဆေးတာ ကြပ်မတ်တာ အရေးယူတာတွေလုပ်ဖို့ တိကျတဲ့ဥပဒေတွေ စည်းမျဉ်းစည်းကမ်းတွေ လုပ်စေ့ချင်ပါတယ်။ လုပ်ပြီးသားတွေလည်း ရှိမယ်ထင်ပါတယ်။ ရှိတယ်ဆိုရင်လည်း ပြန် update လုပ်တန်လုပ်၊ သေချာ ကြပ်မတ်ကွပ်ကဲပြီး ဥပဒေတည်အောင် လုပ်စေချင်ပါတယ်။ ဥပဒေဆိုတာ ပြဌာန်းပြီးတည်အောင်လုပ်မှ လူနာခံပါတယ်။
မျိုးမြင့်ချို
သြဂုတ် ၁ဝ၊ ၂ဝ၁၉

0 comments:

Post a Comment