ဆင်းရဲနွမ်းပါးမှုအကြောင်း (2011+publishing)မှ ကူးယူဖော်ပြတာဖြစ်ပါတယ်)
ကမ္ဘာလုံးဆိုင်ရာ ဆင်းရဲနွမ်းပါးမှု အခြေအနေ
ကမ္ဘာ့လူဦးရေ ၇၆၉ သန်းဟာ တစ်နေ့ ၁.၉ ဒေါ်လာထက်နည်းတဲ့ ဝင်ငွေနဲ့
ရပ်တည်နေတာ ဖြစ်တယ်လို့ ၂၀၁၃ မှာ World bank က ကြေငြာချက်ထုတ်ခဲ့ပါတယ်။
စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးရည်မှန်းချက်ပန်းတိုင် ၁.၁ က သက္ကရာဇ် ၂၀၃၀ မှာ
အလွန်အမင်းဆင်းရဲမွဲတေမှု ပပျောက်ရေး ဖြစ်ပြီး၊ အဲသည်မှာ
ဆင်းရဲနွမ်းပါးမှုမျဉ်းကို လူတစ်ဦး တစ်နေ့ ၁.၉ ဒေါ်လာ ဝင်ငွေနဲ့
သတ်မှတ်ခဲ့ပါတယ်။ အပြည်ပြည်ဆိုင်ရာ ဆင်းရဲနွမ်းပါးမှုမျဉ်းအရ တစ်ရက်ဝင်ငွေ
၁.၉ ဒေါ်လာထက်နည်းရင် အလွန်အမင်း ဆင်းရဲမွဲတေတယ်လို့ သတ်မှတ်ပါတယ်။ ဒါပေမဲ့
တစ်ရက် ၁.၉ ဒေါ်လာဆိုတာ အနိမ့်ဆုံး အကန့်အသတ်ဖြစ်ပြီး နိမ့်လွန်းပါတယ်။
ဒါနဲ့တောင် သည်အနိမ့်ဆုံး အကန့်အသတ်ထဲမှာ တချို့လူတွေ ရှိနေပါသေးတယ်။
သည်ကနေ့ ကမ္ဘာ့လူဦးရေရဲ့ ၁၀% ဟာ အလွန်အမင်း ဆင်းရဲမွဲတေမှုမှာ ရှိနေပါတယ်။
၁၉၉၀ တုန်းကတော့ ၃၇% ရှိခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀ လောက်ကတော့
ကမ္ဘာပေါ်ကလူတိုင်းနီးပါး အလွန်အမင်း မွဲတေတဲ့အဆင့်မှာ ရှိခဲ့ကြပါတယ်။
ကမ္ဘာလုံးဆိုင်ရာ ဆင်းရဲနွမ်းပါးမှုမျဉ်းက ဘယ်လိုပေါ်ထွက်လာသလဲ
အရင်ဆုံး လူတစ်ဦး အာဟာရပြည့်ဝစွာ စားနိုင်၊ ဝတ်နိုင်၊ နေနိုင်ဖို့
အနိမ့်ဆုံးလိုအပ်တဲ့ ငွေပမာဏ နေရာမှာ နိုင်ငံရဲ့
ဆင်းရဲနွမ်းပါးမှုမျဉ်းအဖြစ် ထားရှိတာနဲ့ စပါတယ်။ ဒါပေမဲ့ ကမ္ဘာပေါ်မှာ
အလွန်အမင်းဆင်းရဲနေတဲ့ လူဦးရေ ဘယ်လောက်ရှိသလဲဆိုတာကို ဆန်းစစ်တဲ့အခါမှာ
နိုင်ငံတစ်ခုချင်းစီရဲ့ ဆင်းရဲနွမ်းပါးမှုနှုန်းကို ပေါင်းယူသလိုမျိုး
လွယ်လွယ်နဲ့ မလုပ်နိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ နိုင်ငံအသီးသီးကနေ
ဆင်းရဲနွမ်းပါးမှုကို တိုင်းတာရာမှာ မတူတဲ့ ပေတံတွေ သုံးထားလို့ပါ။
ဒါကြောင့်မို့ တစ်ကမ္ဘာလုံးက ဆင်းရဲနွမ်းပါးမှုကို တိုင်းတာဖို့ စံတစ်ခု
လိုအပ်နေပါတယ်။
၁၉၉၀ မှာတော့ ကမ္ဘာ့ဘဏ်ကနေ အဆင်းရဲဆုံးနိုင်ငံတွေရဲ့ စံနှုန်းကို
အသုံးပြုပြီး တစ်ကမ္ဘာလုံးရဲ့ ဆင်းရဲနွမ်းပါးမှုအခြေအနေကို တိုင်းတာဖို့
အဆိုပြုခဲ့ပါတယ်။ အဆင်းရဲဆုံးနိုင်ငံရဲ့ ဆင်းရဲနွမ်းပါးမှုမျဉ်းကို
ကြည့်ရှုပြီး အဲသည်မျဉ်းကို ဝယ်ယူနိုင်စွမ်းအားအတွက် ငွေလဲလှယ်နှုန်း
(Purchasing Power Parity (PPP) exchange rates) အဖြစ် ပြောင်းလဲပြီး
နှိုင်းယှဉ်ခဲ့ပါတယ်။ နိုင်ငံအသီးသီးအတွက် တူညီတဲ့ ပမာဏရှိတဲ့
ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုတို့ကို အညီအမျှတန်ဖိုးသတ်မှတ်ပြီး
ဝယ်ယူစွမ်းအားအတွက် ငွေလဲလှယ်နှုန်း (PPP exchange rates) အဖြစ်
ဖန်တီးခဲ့ပါတယ်။ PPP ကို နိုင်ငံတကာအသုံးပြုတဲ့ ငွေကြေးနဲ့
ပြောင်းလဲပြီးတဲ့အခါ တွေ့ရတာကတော့ ဆင်းရဲလွန်းတဲ့ ၆ နိုင်ငံရဲ့
နိုင်ငံဆင်းရဲနွမ်းပါးမှုမျဉ်းဟာ လူတစ်ဦး တစ်နေ့ တစ်ဒေါ်လာ ဝင်ငွေမှာ
ရှိနေတာဖြစ်ပြီး အဲဒါကို နိုင်ငံတကာ ဆင်းရဲနွမ်းပါးမှုမျဉ်းအဖြစ် ပထမဆုံး
သတ်မှတ်ခဲ့ပါတယ်။
သက္ကရာဇ် ၂၀၀၅ ခုနှစ် မှာတော့ နိုင်ငံတကာကနေ နှိုင်းယှဉ်လို့ရတဲ့
ကုန်စျေးနှုန်း အမြောက်အများကို အသစ်ကောက်ယူပြီးနောက်မှာတော့
ကမ္ဘာ့အဆင်းရဲဆုံး ၁၅ နိူင်ငံရဲ့ ဆင်းရဲနွမ်းပါးမှုမျဉ်းတွေအပေါ်မူတည်လို့
နိုင်ငံတကာ ဆင်းရဲနွမ်းပါးမှုမျဉ်းကို ပြန်လည် စိစစ်ခဲ့ပါတယ်။ သည် မျဉ်း ၁၅
ခုရဲ့ ပျမ်းမျှက PPP အရ လူတစ်ဦး တစ်နေ့ ၁.၂၅ ဒေါ်လာ ဖြစ်သလို သည်ဂဏန်းဟာ
ပြန်လည်စိစစ်ထားတဲ့ နိုင်ငံတကာဆင်းရဲနွမ်းပါးမှုပြမျဉ်း ဖြစ်လာပါတယ်။
၂၀၁၅ ရောက်တဲ့အချိန်မှာလည်း ၂၀၀၅ ခုနှစ်က ကောက်ယူခဲ့တဲ့ အဆင်းရဲဆုံး ၁၅
နိုင်ငံရဲ့ ဆင်းရဲနွမ်းပါးမှုမျဉ်းအပေါ် အခြေတည်လို့
ပြန်လည်သုံးသပ်ခဲ့ရာမှာ ကမ္ဘာလုံးဆိုင်ရာ ဆင်းရဲနွမ်းပါးမှုမျဉ်းကို ၂၀၁၁
ရဲ့ ဝယ်ယူနိုင်စွမ်းအား (PPP) အရ လူတစ်ဦး တစ်နေ့ဝင်ငွေ ၁.၉ ဒေါ်လာနေရာမှာ
သတ်မှတ်ခဲ့ပါတယ်။
Myanmar Living Condition Survey 2017 (အကျဉ်း)
တလောက Myanmar Living Condition Survey 2017 ကို ဖတ်ခဲ့ရတယ်။
နိုင်ငံတဝှမ်းက အိမ်ထောင်စု ၁၃၇၃၇ ခုကို ၂၀၁၆ ဒီဇင်ဘာကနေ ၂၀၁၇
ဒီဇင်ဘာအတွင်း စစ်တမ်းကောက်ယူထားတာ ဖြစ်တယ်။ စစ်တမ်းအရ ၂၀၀၅ ခုနှစ်ကနေ ၂၀၁၇
အတွင်း ဆင်းရဲသားဦးရေဟာ သိသိသာသာ ကျဆင်းသွားတယ်။ နိုင်ငံရဲ့
ဆင်းရဲနွမ်းပါးမှုမျဉ်းအောက်မှာ ရောက်နေသူဟာ ၂၀၀၅ ခုနှစ်တုန်းက ၄၈.၂%
ရှိရာက ၂၀၁၇ မှာ ၂၄.၈% သာ ရှိတော့တယ်။ အကြောင်းရင်းက မြန်မာဟာ
အဲသည်ကာလအတွင်း စီးပွားရေးတိုးတက်မှု ရှိခဲ့တဲ့အတွက် ဖြစ်တယ်။ မြန်မာဟာ
ဂျီဒီပီတိုးတက်မှုနှုန်း ၇.၈% နဲ့ အရှေ့တောင်အာရှမှာ အမြင့်ဆုံးဖြစ်တယ်။
မြန်မာရဲ့ ဆင်းရဲနွမ်းပါးမှုဟာ ပထဝီဒေသအပေါ်မူတည်ပြီး ကွဲပြားမှုရှိတယ်။
ဆင်းရဲနွမ်းပါးမှု ရာခိုင်နှုန်း အမြင့်ဆုံးက ချင်းပြည်နယ် (၅၈%)၊ ဒုတိယက
ရခိုင်ပြည်နယ် (၄၁.၆%)၊ တနင်္သာရီ၊ မန္တလေးနဲ့ ရန်ကုန်တိုင်းတို့မှာ
ဆင်းရဲနွမ်းပါးမှုက အနည်းဆုံးဖြစ်တယ်။
ဆင်းရဲသားဦးရေအများဆုံးက ဧရာဝတီတိုင်းဒေသကြီး (၁.၈ သန်း)၊ ပြီးရင်နောက်ကလိုက်တာ ရှမ်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ ကယားပြည်နယ်က ဆင်းရဲသားဦးရေ ၉၁၀၀၀ နဲ့ အနည်းဆုံး။
ဆင်းရဲသားဦးရေအများဆုံးက ဧရာဝတီတိုင်းဒေသကြီး (၁.၈ သန်း)၊ ပြီးရင်နောက်ကလိုက်တာ ရှမ်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ ကယားပြည်နယ်က ဆင်းရဲသားဦးရေ ၉၁၀၀၀ နဲ့ အနည်းဆုံး။
ထပ်ပြီး ပြောထားတာက တချို့သူတွေဟာ ဆင်းရဲသားလို့ သတ်မှတ်ခံရတဲ့အထဲမှာ
မပါပေမယ့် သူတို့ဟာ ဆင်းရဲနွမ်းပါးမှုမျဉ်းအောက်ကို အလွယ်တကူ ရောက်နိုင်တဲ့
အနေအထားမှာ ရှိနေတယ်။ non-poor insecure လို့ ခေါ်တယ်။ သည်နေ့
မဆင်းရဲပေမယ့် နောက်ရက် ဆင်းရဲသားဖြစ်သွားနိုင်တဲ့သူမျိုးပေါ့။ နိုင်ငံမှာ
ဆင်းရဲနွမ်းပါးမှု ကျဆင်းလာတယ်ဆိုပေမယ့် non-poor insecure ရော non-poor
secure ပါ အရွယ်အစား ကြီးလာနေတယ်။ စားသောက်ကုန်စျေးနှုန်း တက်မှု၊
နာမကျန်းဖြစ်၊ ထိခိုက်ဒဏ်ရာရမှု၊ စိုက်ပျိုးထုတ်ကုန် စျေးနှုန်းကျဆင်းမှု၊
ရေကြီး၊ မိုးများ စတဲ့ အကြောင်းတွေဟာ ဆင်းရဲသားတွေနဲ့ အားနည်းတဲ့ အုပ်စုကို
ပိုပြီး ထိခိုက်စေတယ်။
သိကြတဲ့အတိုင်း မြန်မာမှာ ဆင်းရဲနွမ်းပါးမှုဟာ ကျေးလက်မှာ ပိုများတယ်။
ကျေးလက် ၃၀.၂%၊ မြို့ပြ ၁၁.၃%၊ ဆင်းရဲသားဦးရေဟာလည်း မြို့ပေါ်ထက်
ကျေးလက်မှာ ၆.၇ ဆ ပိုများတယ်။ နိုင်ငံရဲ့ ဆင်းရဲသား ၈၇% ဟာ ကျေးလက်မှာ
နေထိုင်တယ်။ စိုက်ပျိုးရေးလုပ်ငန်းနဲ့ အသက်မွေးတဲ့သူတွေဟာ ဝင်ငွေနည်းပြီး
ဆင်းရဲနွမ်းပါးမှုနဲ့ ဆက်စပ်နေတယ်။ စိုက်ပျိုးရေးလုပ်ငန်းကနေ ပြောင်းလဲ
လုပ်ကိုင်တဲ့သူတွေဟာ နေထိုင်မှု အခြေအနေ ပိုကောင်းတယ်။
စိုက်ပျိုးရေးလုပ်တဲ့ အထဲမှာမှ မြေယာပိုင်ဆိုင်တဲ့လူတွေက အခြေအနေ
ပိုကောင်းတယ်။ စိုက်ပျိုးရေးလုပ်တဲ့ မိသားစုဝင်တွေရှိတဲ့ အိမ်ထောင်စုက
ပိုဆင်းရဲတယ်။ ကလေးများတဲ့ အိမ်ထောင်စု၊ အိမ်ထောင်ဦးစီးက မသန်စွမ်းရင်၊
ပညာနည်းနည်းပဲ တတ်ရင် ပိုဆင်းရဲတယ်။
နိုင်ငံရဲ့ ဆင်းရဲနွမ်းပါးမှုမျဉ်းကို အရွယ်ရောက်ပြီးသူတစ်ဦးအတွက် ၁၅၉၀
ကျပ်နဲ့ သတ်မှတ်တယ်။ လူတစ်ဦး အသက်ရှင်ရပ်တည်ဖို့ အနည်းဆုံး လိုအပ်ချက်အပေါ်
အခြေတည်ပြီး တွက်တယ်။ မြန်မာပြည်မှာ လူတစ်ဦးဟာ အသက်ရှင်ရပ်တည်ဖို့
တစ်နေ့ကို ၁၅၉၀ ကျပ် (သို့မဟုတ်) အဲထက်နည်းရင် ဆင်းရဲသားလို့ သတ်မှတ်တယ်။
မြန်မာပြည်မှာ ဆင်းရဲနွမ်းပါးမှုမျဉ်းအောက် ရောက်နေတာ ၂၄.၈% ဆိုတော့
လူဦးရေရဲ့ လေးပုံတစ်ပုံလောက် ရှိတယ်။
Well-being နဲ့ ပတ်သက်လို့ ငွေကြေးမဟုတ်တဲ့ တိုင်းတာချက်တွေ
ပါဝင်ပါသေးတယ်။ လျှပ်စစ်မီးအသုံးပြုနိင်မှုတွေ မြင့်တက်လာသလို
မိုဘိုင်းဖုန်း ပိုင်ဆိုင်မှု၊ ပညာရေး ပြီးမြောက်မှု၊
အိမ်တွင်းသုံးပစ္စည်းဖြစ်တဲ့ မော်တော်ဆိုင်ကယ်၊ TV ထမင်းပေါင်းအိုး
ပိုင်ဆိုင်မှုတွေ မြင့်လာတယ်။
သုံးသပ်ချက်
Measurement ျပသနာ
ဆင်းရဲနွမ်းပါးမှုအကြောင်းပြောတိုင်း measurement မှာ ပြသနာရှိတယ်ဆိုတာ သိလာရတယ်။
ဆင်းရဲနွမ်းပါးမှုနဲ့ ပတ်သက်လို့ စာတမ်းတွေ အစောင်စောင် ဖတ်ခဲ့ရာမှာ နိုင်ငံတကာရဲ့ ဆင်းရဲနွမ်းပါးမှုမျဉ်းက လူတစ်ဦး တစ်ရက်ဝင်ငွေ ၁.၉ ဒေါ်လာနဲ့ သတ်မှတ်ပါတယ်။ မြန်မာငွေနဲ့ဆို ၃၀၀၀ ဝန်းကျင်ပေါ့။ မြန်မာရဲ့ ဆင်းရဲနွမ်းပါးမှုမျဉ်းက ၁၅၉၀ ဆိုတော့ နိုင်ငံတကာ ဆင်းရဲနွမ်းပါးမှုမျဉ်းထက် နှိမ့်ပြီး တိုင်းတာထားတာ ဖြစ်တဲ့အတွက် ဆင်းရဲသားဦးရေ နည်းမှာပါပဲ။
ကျွန်မ သိချင်တာက ကမ္ဘာ့ဘဏ်ဟာ တစ်ကမ္ဘာလုံးအတွက်
ဆင်းရဲနွမ်းပါးမှုမျဉ်းကို ၁.၉ ဒေါ်လာနဲ့ သတ်မှတ်ထားပေမယ့် ဘာကြောင့်
မြန်မာနိုင်ငံမှာတော့ ၁၅၉၀ ကျပ်နဲ့ပဲ တိုင်းတာသလဲ ဆိုတာပါ။ သူတို့ကတော့
အာဟာရ ပြည်ဝစွာ စားသောက်နေထိုင်နိုင်တဲ့ ပမာဏလို့ ဆိုပါတယ်။ ဒါပေမဲ့ basic
needs ဆိုတာမျိုးက တသမတ်တည်း မဟုတ်ပါဘူး။ ဥပမာ- နိုင်ငံတွေချမ်းသာလာရင်
အခြေခံလိုအပ်ချက်လည်း မြင့်မားလာသလို လုပ်ငန်းခွင်ဝင်ရောက်ဖို့အတွက်
လိုအပ်ချက်လည်း ကွဲပြားပါသေးတယ်။ ဆင်းရဲတဲ့နိုင်ငံမှာ အလုပ်သွားဖို့အတွက်
အဝတ်နဲ့ စားစရာပဲ လိုပါတယ်။ နိုင်ငံတွေ ချမ်းသာလာရင်တော့
လုပ်ငန်းခွင်ဝင်ဖို့ အင်တာနက်၊ မော်တော်ယာဉ်၊ ဖုန်း စတာတွေ လိုအပ်လာပါတယ်။
ကျွန်မတို့နိုင်ငံရဲ့ National poverty line က ၁၅၉၀ ကျပ် ဖြစ်တယ်။
Officail poverty rate က ၂၄.၈%။ Internationl poverty line အရ
တွက်ချက်ထားတဲ့ ကိန်းဂဏန်းမရှိဘူး။ တိုင်းတာချက်က အစိုးရရဲ့
ဖူလုံရေးပေါ်လစီအတွက် အရေးကြီးပါတယ်။ ဒါပေမဲ့ အမေရိကလိုနိုင်ငံမျိုးရဲ့
ဆင်းရဲနွမ်းပါးမှုကို တစ်ကမ္ဘာလုံး တပြေးညီသတ်မှတ်တဲ့
တစ်နေ့ဝင်ငွေနှုန်းနဲ့ တိုင်းလို့မရပါဘူး။ သူ့နိုင်ငံ အခြေအနေနဲ့
လိုက်လျောညီထွေဖြစ်မယ့် ကိန်းဂဏန်းတစ်ခု သတ်မှတ်ပြီး တိုင်းတာမှ
သင့်လျော်တာမျိုးမို့ပါ။ အများအားဖြင့် ချမ်းသာတဲ့နိုင်ငံတွေမှာ လူတွေဟာ
အသက်ပိုရှည်ကြတယ်၊ ကျန်းမာကြတယ်။ အများစုမှာ သန့်ရှင်းတဲ့ သောက်သုံးရေရတယ်၊
အစားအသောက်က အန္တရာယ်ကင်းတယ်၊ နေရာတိုင်းဟာ သန့်ရှင်းမှုရှိတယ်၊
ရောဂါတချို့အတွက် ဆေးကုသမှုဟာ လူတိုင်းအတွက်ဖြစ်တယ်။ မြန်မာမှာက အခမဲ့
ပညာရေး၊ ကျန်းမာရေး (ရောဂါအားလုံးမဟုတ်)၊ သက်ကြီးရွယ်အို ထောက်ပံ့ကြေး
စသဖြင့် ထည့်ပြောရင်တော့ ရပါတယ်။ ဒါပေမဲ့ ပမာဏ နည်းပါးလွန်းပြီး အမြဲတမ်း
ရနေတာမျိုး မဟုတ်တော့ မြန်မာရဲ့ welfare policy က insecure လို့
ပြောလို့ရမယ့် အနေအထားပါ။
တိုင်းတာတဲ့နည်းလမ်း
Score card တွေက အလုပ်ဖြစ်ရဲ့လား။ အာဖရိကရဲ့ ဆင်းရဲနွမ်းပါးမှုလေ့လာတဲ့
စစ်တမ်းတစ်ခုမှာ ပြီးခဲ့တဲ့ တစ်ပတ်အတွင်း ငှက်ပျောသီးအမှည့် စားသုံးခဲ့လား
ဆိုတဲ့မေးခွန်းပါပါတယ်။ ဥပမာ- ကင်ညာမှာ လူတွေ ငှက်ပျောသီး
ပုံမှန်စားကြပေမယ့် လတ်တလောမှာ ငှက်ပျောကို နိုင်ငံခြား တင်ပို့ရတဲ့အတွက်
ပြည်တွင်းမှာ ငှက်ပျောသီး စျေးတက်တယ်။ သည်တော့ လူတွေက တခြားအသီးကို
ပြောင်းစားကြမယ်၊ အဲလိုဆိုရင် score card ထဲမှာ ငှက်ပျောသီး မစားထားဘူး၊
သို့မဟုတ် အစားနည်းမယ်။ အဲလို PPI အခြေခံပြီးတွက်တဲ့အခါမှာ ကင်ညာဟာ
ဆင်းရဲနွမ်းပါးမှု ၁၃% တက်သွားနိုင်ပါတယ်။
နောက်ထပ်ဥပမာပေးရရင် လယ်ယာထွက်ကုန် စီမံချက်တွေရဲ့ အကျိုးသက်ရောက်မှုကို
အသုံးပြုတဲ့ PPI ဆိုပါစို့။ စီမံချက်က အလုပ်ဖြစ်တယ်၊ ဒါကြောင့်
လယ်ယာထွက်ကုန်တွေ စျေးနှုန်းကျတယ်။ အိမ်ထောင်စုတွေဟာ
ငှက်ပျောသီးစားမယ့်အစား စျေးချိုတဲ့ ဆန်၊ ဂျံုကို ပြောင်းစားကြမယ်ဆိုရင်
ငှက်ပျောသီးစားသုံးမှု ကျဆင်းမှာပဲ။ တကယ်တမ်းမှာတော့ သီးနှံအထွက်တိုးလို့
လယ်သမားတွေဝင်ငွေတိုးလာတာရယ်၊ ကုန်စျေးနှုန်း ကျဆင်းတာရယ်ကြောင့်
ဆင်းရဲနွမ်းပါးမှုက ကျဆင်းနေပေမယ့် ရလဒ်က ဆင်းရဲသားတွေ များနေတယ်လို့
ဖြစ်ပါတယ်။ အဲသည်လို ရလဒ် အမှားမျိုးတွေလည်း ရှိနိုင်ပါတယ်။
ထည့်သွင်းစဉ်းစားရမယ့် အချက်များ
ဝင်ငွေ တစ်ခုတည်းနဲ့ well-being ကို ပြောဖို့ကလည်း ခက်ပါတယ်။
ဆင်းရဲနွမ်းပါးမှုကို ဘက်စုံတိုင်းတာမှုစနစ်မှာ ပညာရေး လျှပ်စစ်၊ ရေ၊
မိလ္လာစနစ် စတဲ့ အခြေခံဝန်ဆောင်မှု တွေကို လက်လှမ်းမီ၊ မမီ စတာတွေကို
ထည့်သွင်း တွက်ချက်ပါတယ်။ ပြီးတော့ အိမ်ထောင်စုအတွင်းမှာလည်း ဘယ်သူက
အဆင်းရဲဆုံးလဲ ရှာဖွေပါသေးတယ်။ သည်အတွက် သတင်းအချက်အလက်တွေရဲ့ ကွာလတီက
အရေးကြီးပါတယ်။ မဟုတ်ရင်တော့ ဆက်လက်လုပ်ဆောင်ရမယ့်အပိုင်းမှာ ခက်ခဲပါတယ်။
စာတွေထဲမှာ ဖတ်ရတာက အမေရိကန်လိုနိုင်ငံမျိုးမှာ official poverty rate ကို
ဖော်ပြသည့်တိုင် ဆင်းရဲသားတွေအတွက် အစိုးရရဲ့ welfare အတွက်
ဆောင်ရွက်ပေးမှုတွေ၊ အမေရိကရဲ့ facility တွေ (ရေ၊ အိမ်သာ) စသည်ဖြင့်
ထည့်သွင်းစဉ်းစားရမယ် ဆိုတယ်။ အမေရိကန်က ဆင်းရဲသားတစ်ယောက်ဟာ
အီသီယိုးပီးယားနဲ့ နီပေါက ဆင်းရဲသားတစ်ယောက်လောက်တော့ မဆင်းရဲပါဘူး။
အရေးကြီးတဲ့အချက်က ဝင်ငွေမြင့်၊ အအေးဓါတ်လွန်ကဲ၊ မြို့ပြဆန်ပြီး
သီးခြားဟန်နဲ့ ရပ်တည်နေတဲ့ နိုင်ငံမှာနေတဲ့လူရဲ့ လိုအပ်ချက်နဲ့
ဆင်းရဲတဲ့နိုင်ငံမှာနေတဲ့ လူရဲ့ လိုအပ်ချက်တွေ မတူညီဘူးဆိုတာပါ။ World bank
ဟာ ကုန်စျေးနှုန်းကို ထိန်းညှိတွက်ချက်တဲ့နည်းနဲ့
သက်ဆိုင်ရာတိုင်းပြည်အသီးသီးရဲ့ ဆင်းရဲမှုကို ခန့်မှန်းခဲ့ပေမယ့်
တိုင်းပြည်တစ်ခုနဲ့တစ်ခု လိုအပ်ချက်မတူတာကိုတော့ လျစ်လျူရှုခဲ့ပါတယ်။ ဥပမာ
အိန္ဒိယမှာနေတဲ့ ရွာသားတစ်ယောက်ဟာ အိမ်၊ အနွေးဓါတ်နဲ့
ကလေးငယ်စောင့်ရှောက်ဖို့အတွက် ကုန်ကျစရိတ် မရှိသလောက် နည်းမှာဖြစ်သလို
သမပိုင်းနိုင်ငံတစ်ခုက ဆင်းရဲသားလယ်သမားတစ်ယောက်အတွက် အဝတ်အစားနဲ့
ယာဉ်လိုအပ်ချက်က နည်းပါးလွန်းမှာပါ။ အမေရိကန်မှာတောင် နယူးယောက်ထက်
ပိုပြီးပူနွေးတဲ့ လော့စ်အိန်ဂျလိစ်မှာ အိုးမဲ့အိမ်မဲ့တွေ
လမ်းပေါ်အိပ်နေတာတောင် ပြသနာမရှိပါဘူး။ ဆင်းရဲခြင်းဟာ ဘယ်တိုင်းပြည်မှာ
ပိုဆိုးတယ်ဆိုတာ ခန့်မှန်းဖို့ ခက်ပါတယ်။ ကုန်ကျစရိတ်နဲ့
နေထိုင်မှုအခက်အခဲက အမေရိကန်အများအပြားအတွက် ခြောက်အိပ်မက်ပါ။ အဆိုးဆုံးက
သည်ကုန်ကျစရိတ်ကို World bank က ထည့်မစဉ်းစားခဲ့ဘူးဆိုတဲ့ ဝေဖန်မှုတွေလည်း
ရှိပါတယ်။
နှိုင်းယှဉ်ဖို့ absolute poverty line
အောက်စ်ဖို့ စီးပွားရေးပညာရှင် ရောဘတ်အယ်လင်ကတော့
ဆင်းရဲတဲ့တိုင်းပြည်တွေအတွက် needs-based absolute poverty line ကို ၁.၉
ဒေါ်လာနဲ့ သတ်မှတ်ပြီး ချမ်းသာတဲ့နိုင်ငံတွေအတွက် ၄ ဒေါ်လာနဲ့
သတ်မှတ်တိုင်းတာပြီး နှိုင်းယှဉ်ခဲ့ပါတယ်။ အမေရိကန်နဲ့ အိန္ဒိယတို့ရဲ့
absolute poverty ကို နှိုင်းယှဉ်ရာမှာ အမေရိကန်အတွက် ၄ ဒေါ်လာ၊
အိန္ဒိယအတွက် ၁.၉ ဒေါ်လာနဲ့ သတ်မှတ် နှိုင်းယှဉ်တာမျိုးပါ။
အလွန်အမင်းဆင်းရဲမွဲတေမှု ပပျောက်ရေး လမ်းကြောင်းပေါ်ကို ရောက်နေပြီလား
Martin Ravallion ကတော့ ဖွံ့ဖြိုးဆဲနိုင်ငံတွေဟာ ၁.၉ ဒေါ်လာမျဉ်းအောက်မှာ
ရှိနေတဲ့ ဆင်းရဲသားတွေအတွက် လုံလောက်တဲ့ အားထုတ်မှု မလုပ်နိုင်ဘူး။
ဆင်းရဲသားဦးရေ ကျဆင်းလာတာမှန်ပါတယ်။ ဒါပေမဲ့ တိုးတက်မှုကို
ကမ္ဘာ့အဆင်းရဲဆုံး လူတွေဆီ ဝေမျှနိုင်စွမ်း မရှိသေးဘူး။
လုပ်ရိုးလုပ်စဉ်တွေက SDG 1.1 ကို ပြည့်မီစေ မှာ မဟုတ်ဘူး။
လုပ်ရိုးလုပ်စဉ်အတိုင်းသွားရင်တော့ နောက်ထပ် အနှစ် ၂၀၀ ထပ်စောင့်ရအုံးမယ်။
အဆင်းရဲဆုံးလူတွေဆီရောက်နိုင်မယ့် ကြီးကြီးမားမား အားထုတ်မှုက အသေအချာ
လိုအပ်နေပါတယ်လို့ ပြောခဲ့ပါတယ်။
သည်အချက်က ဆင်းရဲနွမ်းပါးမှုအကြောင်းမှာ no one left behind နဲ့
ပတ်သက်လို့ အကောက်အယူလွဲတာကို သူ က ထောက်ပြတာပါ။ တချို့က no one left
behind ကို ဆင်းရဲနွမ်းပါးတဲ့တိုင်းပြည်၊ တိုးတက်မှုနည်းတဲ့တိုင်းပြည်မှာ
နိုင်ငံခြားအကူအညီတွေ မမျှတတာ၊ အလှူရှင်တွေ ပိုပြီးအားထည့်ဖို့လိုတာလို့
ယူဆကြတယ်။ တကယ်တော့ no one left behind ဆိုတာ တိုးတက်တဲ့နိုင်ငံထဲမှာ
ရှိနေပေမယ့် အဆင်းရဲဆုံးလူတွေဆီရောက်ဖို့ အားထုတ်ဖို့
လိုနေသေးတာလည်းပါကြောင်း သူက ပြောပါတယ်။ ဥပမာ- တလောက သူ မလေးရှားကို
သွားလည်ခဲ့တယ်။ မလေးရှားဟာ ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေးမှာ
အောင်မြင်တယ်။ နိုင်ငံစီးပွားတိုးတက်တယ်။ ဝင်ငွေမညီမျှမှု နည်းအောင်
ထိန်းထားတယ်။ အဲလိုတွေကြားကပဲ အောက်ခြေတွေရဲ့ တိုးတက်မှုက မြန်သင့်သလောက်
မမြန်ဘူးတဲ့။ အဆင်းရဲဆုံးလူတွေအတွက် လုပ်စရာတွေ အများကြီး ကျန်နေသေးတယ်တဲ့။
အဲလိုမှ မဟုတ်ရင်တော့ SDG 1 အတွက် နောက်ထပ် အနှစ် ၂၀၀ ထပ်စောင့်ရုံပဲတဲ့။
နိဂံုုး
ဆင်းရဲနွမ်းပါးမှုကို တိုင်းတာရတာ ခက်ခဲပါတယ်။ ဘာကြောင့်လဲဆိုတော့ သည်လူကတော့ ဆင်းရဲတယ်၊ သည်လူကတော့ မဆင်းရဲဘူးလို့ တိတိကျကျ ခွဲခြားပြဖို့ ခက်ခဲလို့ပါ။ မေးသင့်တာက ဆင်းရဲနွမ်းပါးမှုကျသွားတယ်ဆိုရာမှာ ဆင်းရဲနွမ်းပါးမှု ကန့်သတ်မျဉ်းကို နှိမ့်ပြီး တိုင်းတာခဲ့လို့များလား။ အပေါ်မှာ ပြောခဲ့တဲ့အချက်တွေ ကြည့်ရင်တော့ တစ်နေ့ဝင်ငွေ $ ၁.၉၀ နဲ့ တိုင်းတာရင် (မြန်မာကတော့ ၁၅၉၀ ကျပ်နဲ့ တိုင်းတာရင်) ကမ္ဘာလုံးဆိုင်ရာ ဆင်းရဲနွမ်းပါးမှုက ကျလာနေတယ်။ ဒါပေမဲ့ နိုင်ငံအများစုမှာ စားရမဲ့ သောက်ရမဲ့သူတွေ များနေတုန်းပဲ။ ပြီးတော့ ကမ္ဘာ့နေရာတချို့မှာ ခုထိ တိုးတက်မှု မရှိသေးဘူး။ ဒါကိုကြည့်ပြီး ဘာဆက်လုပ်ရမယ်ဆိုတာ စဉ်းစားရမှာပါ။
ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ဖို့ အစိုးရက ဆောင်ရွက်နိုင်တဲ့ Welfare
policy တွေကို ဥပမာပြရရင် အနိမ့်ဆုံးလုပ်အားခ သတ်မှတ်တာ၊ ပင်စင်လစာပေးတာ၊
အခမဲ့ ပညာရေး၊ အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု၊ အလုပ်လက်မဲ့ဖြစ်ချိန်
အကျိုးခံစားခွင့်၊ မသန်စွမ်းသူတွေအတွက် ထောက်ပံ့မှု စသည်ဖြင့်
အများကြီးပါပါတယ်။ အစိုးရရဲ့ မျှော်မှန်းချက်မှာ တိုင်းပြည်ကို ဘယ်လိုပုံစံ
တည်ထောင်မယ်ဆိုတာပါရင် မျှော်မှန်းတဲ့အတိုင်း လုပ်ဆောင်နိုင်တဲ့
ပေါ်လစီမျိုး ချမှတ်မှသာ ရည်မှန်းချက်ပြည့်မှာ ဖြစ်ပါတယ်။ ဒါ့အပြင်
ဆင်းရဲတဲ့နိုင်ငံတွေမှာ သဘာဝဘေး ဝင်ရောက်ရင် နာလန်မထူနိုင်ပါဘူး။
ငြိမ်းချမ်းမှုမရှိတဲ့ နိုင်ငံတွေမှာ ဆင်းရဲနွမ်းပါးမှုက ဆက်ရှိနေမှာပါ။
နယူးရော့ခ်တက္ကသိုလ်က ပရော်ဖက်ဆာ William Easterly ကတော့ နိုင်ငံတွေ
ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကမ္ဘာလုံးဆိုင်ရာ လွတ်လပ်တဲ့ ကုန်သွယ်မှု
စံနှုန်း ပျံ့နှံ့လာဖို့ရယ်၊ စွန့်ဦးတီထွင်မှုကို အားပေးမှုရယ်
လိုအပ်ကြောင်း ပြောခဲ့ပါတယ်။ သန့်ရှင်းတဲ့ သောက်သုံးရေ၊ ပညာရေးနဲ့
ကျန်းမာရေးတို့မှာ ကုလသမဂ္ဂရဲ့ မပူးပေါင်းတဲ့ ပူးပေါင်းမှု မပါဘဲ
ပုံမှန်ချီတက်ရင် ဆယ်စုနှစ် ၆ ခုလောက် ကြာအုံးမယ် ဆိုပါတယ်။
အစိုးရတွေဟာ အလုံးစုံလွှမ်းခြံုတဲ့ ကျန်းမာရေးစောင့်ရှောက်မှု၊
မူလတန်းပညာရေး စတာတွေမှာ မြှုပ်နှံပြီး လူသားအရင်းအနှီး တိုးတက်အောင်
လုပ်ဆောင်ပြီး ဆင်းရဲနွမ်းပါးမှုကို တိုက်ဖျက်သင့်ပါတယ်။
ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ဖို့အတွက် ကျွန်မတို့ လျှောက်ရမယ့်လမ်းက
အရှည်ကြီးပါ။
စုစုလင်း
0 comments:
Post a Comment