(နဝတ)လက်ထက်
စစ်ဗြူရိုကရက် အရင်းရှင်စနစ်ပုံစံ(ရန်သူကြီး ၃ ဦး)မှ
(နဝတ) သည် ဂတိခံဝန်ချက်များဖြင့် တက်လာခြင်းဖြစ်သည်။ ၁၉၆၂ ခုနှစ်က တော်လှန်ရေးကောင်စီ
တက်လာပုံမျိုးမဟုတ်။ ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲလုပ်ပေးပါမည်။ အစိုးရကြာကြာမလုပ်ပါဆိုသော
ဂတိခံဝန်ချက်ဖြင့်တက်လာခြင်း ဖြစ်သည်။ ဘယ်လို ပါတီစုံနှင့် ဘယ်လိုရွေးကောက်ပွဲမျိုးလုပ်ခဲ့သည်၊ “အစိုးရကြာကြာမလုပ်” ဆိုသည်မှာ ဘယ်လောက်ကြာကြာလဲဆိုသည်များကို
အကျယ် မတင်ပြ တော့ပါ။ ယခုတင်ပြလိုသည်မှာ (နဝတ)က စစ်ဗြူရိုကရက်အရင်းရှင်စနစ်ကို
မည်သည့်ပုံစံ မည်သည့်နည်းလမ်းဖြင့် ထိန်သိမ်းရန်ကြိုးစား နေသည်ဆိုသည့်
အချက်ဖြစ်ပါသည်။
(နဝတ)တက်လာပြီးမကြာခင်မှာပင်
“မြန်မာ့စီးပွားရေး ဦးပိုင်လီမီတက်” ကို ဖွဲ့စည်းပါသည်။ ဤလီမီတက်၏ အရင်းအနှီးအားလုံးသည်
တိုင်းပြည်ဘဏ္ဍာများဖြစ်သည်။ စစ်အုပ်စုကဦးစီးချုပ်ကိုင်သည့် စီးပွားရေးလက်ဝါးကြီးအုပ်လုပ်ငန်း
ဖြစ်သည်။ ဘီ အီး ဒီ စီ ပုံစံသို့ ပြန်သွားခြင်းဟု ပြောလျှင်တော့ဖြစ်သည်။ သို့သော် ဘီ အီး ဒီ စီ ပုံစံနှင့် တထေရာတည်း တူသည်မဟုတ်။ ဘီ အီး ဒီ စီ
ထက်လည်းပို၍ တွင်ကျယ်သည်။ (နဝတ)ကို နိုင်ငံရေးအရ ဝိုင်းပယ်ခံနေရခြင်းကြောင့်သာ မျှော်မှန်းသလောက် အလှမ်းမကျယ်နိုင်သေးခြင်းဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်က စီးပွားရေးဦးပိုင်လီမီတက်ကို ဖွင့်ချဝေဖန်လိုက်သောအခါ (နဝတ)ဆတ်ဆတ်ခါသွားသည်။ စစ်အုပ်စု၏ အသက်ဗူးလည်းဖြစ်၊ အထိမခံနိုင်ဆုံးသော အရာလည်းဖြစ်သည့်
စစ်ဗြူရိုကရက်အရင်းအနှီးကို တိုက်ရိုက်ထိသွားသောကြောင့်ဖြစ်သည်။
“စီးပွားရေးဦးပိုင်လီမီတက်” ကို နှိုက်နှိုက်ချွတ်ချွတ်လေ့လာပြီင်္း
ဆက်တုက်ဖွင့်ချရေးသည် ပြည်သူတို့၏ အရေးအကြီးဆုံး အလုပ်တခု ဖြစ်သည်။
မကြာခင်က လုပ်သွားသော သတင်းစာရှင်းလင်းပွဲတွင် “ဦးပိုင်လီမီတက်”
၏ အနေအထားကိုမေးသောအခါ စစ်အုပ်စုဝင်တဦးက မဆိုင်တာကို ဖြေသွားသည်။
ဦးပိုင်လီမီတက်၏ စက်မှုကဏ္ဍနှင့်ကုန်သွယ်ကဏ္ဍမှ လက်ဝါးကြီးအုပ်အနေအထားကိုဖြေရမည့်အစား (ဂျီ ဒီ ပီ) ပြည်တွင်း
ထုတ်လုပ်မှု စုစုပေါင်းတွင်ပါဝင်သည့် နိုင်ငံပိုင်အချိုးအစားကိုသာ ဖြေသွားသည်။ ပုဂ္ဂလိက
၇၆% နိုင်ငံပိုင် (ဦးပိုင်လီမီတက်ဟု အတိအကျမဆို) ၂၂ % နှင့် သ/မ ပိုင် ၂ % ဟုဖြေသွားသည် ။
ပုဂ္ဂလိကထုတ်လုပ်ရေးမှ အများတကာ့အများစုကြီးဖြစ်သော လယ်ယာကဏ္ဍကိုပါရောထည့်ပြီးတွက်ပြလျှင်
“နိုင်ငံပိုင်” ၏ အချိုးအစားသည် နည်းနည်းသာရှိမည်။ လယ်ယာကဏ္ဍကို ဖယ်ပြီး၊ စက်မှုနှင့်ကုန်သွယ်ကဏ္ဍတွင်ပါဝင်မှုအချိုးကိုတွက်ပြပါက အချိုးအစားမြင့်တက်သွားမည် ဖြစ်သည်။ “ဦးပိုင်လီမီတက်” သည် လယ်ယာထုတ်လုပ်မှုကို
အဓိကထုတ်လုပ်နေသည်မဟုတ်ပါ။ အဓိကလုပ်သည်မှာ ကုန်သွယ်ရေး၊ ငွေရေးကြေးရေး၊ စက်မှုထုတ်လုပ်ရေးတို့တွင်
ဖြစ်သည် ။
မည်သို့ပင်ဖုံးကွယ်ထားပါစေ စစ်အုပ်စုပိုင် “ဦးပိုင်လီမီတက်”
သည် လက်ဝါးကြီးအုပ်အနေအထားတွင်ရှိသည်မှာ ထင်ရှားသည်။
ဘီ အီး ဒီ စီ လုပ်ခဲ့စဉ်က ဘီ အီး ဒီ စီ ဘာတွေလုပ်နေသည်ဆိုသည်ကို ပြည်သူတို့သိခွင့်ရခဲ့သည်။ ပါလီမန်ဒီမိုကရေစီခေတ်ဖြစ်၍ ပါလီမန်တွင်မေးလျှင်
သက်ဆိုင်ရာဝန်ကြီးက ဖြေရသည်။ ပါလီမန်တွင် အတိုက်အခံရှိနေ၍ စစ်ဗြူရိုကရက် အရင်းအကြောင်း
မေးနိုင်ကြခြင်းလည်းဖြစ်သည်။ ယခု ဦးပိုင်လီမီတက် ဘာတွေလုပ်နေသည်ဆိုသည်ကို အတိအကျမသိရတော့။ ယခုဖြေသည်မှာလည်း ဂျပန်သတင်းထောက်ကမေး၍သာ မတတ်သာ၍ ဖြေခြင်းဖြစ်သည်။
ပြည်သူ့ဘဏ္ဍာငွေဖြင့်လုပ်သောအလုပ်ဟူသမျှကို ပြည်သူတို့မုချ သိသင့်သည်။ စစ်အုပ်စုသည် မေးလာသည့်မေးခွန်းတိုင်းကို လှီးလွှဲမဖြေဘဲ တည့်တည့်ဖြေရမည်။
လွတ်လပ်ရေးရပြီးကတည်းက တိုင်းပြည်၏စီးပွားရေးစနစ်သည် အခြေခံအပြောင်းအလဲ
မရှိခဲ့ပါ။ ရှိသည့်အပြောင်းအလဲတိုင်းသည် အပေါ်ယံ အပြောင်းအလဲသာဖြစ်ပါသည်။
ဖက်စပ်ကော်ပိုရေးရှင်း၊ ပြည်သူပိုင်ကော်ပိုရေးရှင်း၊ ဦးပိုင်လီမီတက် မည်သို့ပင်အမည်တပ်ပါစေ
အနှစ်သာရ က တခုတည်းပါ။ ဗြူရိုကရက်အရင်းရှင်စနစ်ဖွံ့ဖြိုးရေးချည်းသာ ဖြစ်သည်။
နိုင်ငံတော်အာဏာရယူထားသူ အပြောင်းအလဲသည် အပေါ်ယံသဏ္ဍာန်အပြောင်းအလဲ
ဖြစ်သည်။ အခြေခံက ပြောင်းလဲပစ်လိုလျှင် ဗြူရိုကရက်အရင်းရှင်စနစ်ကို ဖျက်သိမ်းရမည်။
သို့မှသာ အခြေခံကစ၍ ပြောင်းလဲသွားပါမည်။
သယံဇာတ အရင်းအမြစ်ကိုထုတ်ရောင်း၊ လယ်ယာထွက်သီးနှံကို ထုတ်ရောင်း၊
စက်မှုထွက်ကုန်ချောကို တင်သွင်းနေခြင်းဖြင့် တိုင်းပြည်ဖွံ့ဖြိုး မလာနိုင်ပါ။ အမှီခိုကင်းသည့်
အမျိုးသားစီးပွားရေးလုပ်ငန်းများလည်းပေါ်လာမည် မဟုတ်ပါ။
အမှီခိုကင်းဘို့ နေနေသာသာ (နဝတ)လက်ထက်တွင် ပို၍ပင်လျှော့ဈေးဖြစ်နေပါသည်။ (နဝတ)စစ်အစိုးရကို လူရာသွင်းဆက်ဆံလျှင်ပင် ဒူးပြေးဖက်ကာ စီးပွားရေးလုပ်နေရသည့်
အခြေအနေဖြစ်ပါသည်။
အမေရိကန်နယ်ချဲ့သမားအပါအဝင် နယ်ချဲ့သမားပေါင်းစုံသည် (နဝတ)၏အားနည်းချက် (ပြည်သူနှင့်ကင်းကွာမှု)ကို သိနေကြသည်။ အထူးသဖြင့် (နဝတ)၏ ဧရာမ အတွက်အချက်လွှဲမှုကြီး (၉ဝခုနှစ် ရွေးကောက်ပွဲ) ဖြစ်ပြီးနောက်တွင်
ပို၍သိနေကြသည်။ (နဝတ)၏ အတွက်အချက်လွဲမှုသည် ပွတ်ကာသီကာ လွဲချော်မှုမဟုတ်ဘဲ။ ဧရာမလွဲချော်မှုဖြစ်၍လည်း
အားနည်းချက်မှာ ပိုပြီးပေါ်လွင်နေခြင်းဖြစ်သည်။ ဤအခြေအနေကို အားလုံးကသိပြီး ကိုယ်နည်းဖြင့်ကိုယ် အမြတ်ထုတ်နေကြခြင်းကို ဗမာပြည်လှိမ့်ခံနေရပါသည်။
တဆက်တည်း တင်ပြလိုသည်မှာ သယံဇာတကိစ္စဖြစ်သည်။ “သယံဇာတ ပေါကြွယ်ဝ”
သည်ဆိုသောစကားကို ဖန်တရာတေအောင် ကြားနေရပါသည်။ ကာရံမိပြီး ပြောကောင်း၍ပြောခြင်းဖြစ်လျှင် ကိစ္စမရှိပါ။ တကယ့်အစစ်အမှန်ဟုယူဆလျှင်
(အာဏာရလူတန်းစားက ယူဆပြီး လက်တွေ့လုပ်လျှင်) ရေရှည်တွင် ဒုက္ခတွေ့ပါလိမ့်မည်။
ဗမာပြည်၏ သဘာဝသယံဇာတများကို သိပ္ပံနည်းကျ မည်မျှလေ့လာပြီးပြီနည်း။
မည်သည့်ပစ္စည်း မည်မျှရှိနေသည်ကို ကွင်းဆင်းလေ့လာ ပြီးပြီလော။ ကမ္ဘာ့အဆင့်မပြောနှင့်၊ အာရှအဆင့်မပြောနှင့်၊ အရှေ့တောင်အာရှအဆင့်တွင်ပင် မည်သည့်ပစ္စည်းက မည်သည့်အဆင့်တွင် ရှိသနည်း။
“ရောင်းစရာရှိတာ အကုန်ရောင်း” ဆောင်ပုဒ်ဖြင့်လုပ်ခဲ့သည်မှာ ကြာပါပြီ။ နောက်ဆုံး ဖြူကာပြာကာကျကာမှ မှားမှန်းသိလျှင် ပြင်ချိန်
မရှိတော့ပါ။
သဘာဝသယံဇာတတိုင်းသည် အကန့်အသတ်ရှိကြသည်ချည်းဖြစ်၏။ ကုန်ခမ်းလျှင်အသင့်မဖြစ်တော့၊ မြေဆီမြေနှစ်၊ သစ်တောလို သယံဇာတက ချက်ချင်းအသစ်ပြန်မဖြစ်နိုင်၊
မြေကြီးရှိလျှင်၊ ရေရှိလျှင် စိုက်၍တော့ရသေးသည်ဟု ပြော၍မဖြစ်ပါ။ မြေဆီမြေသြဇာသည် သူ့အကန့်အသတ်နှင့် ရေသည်လည်း သူ့အကန့်အသတ်နှင့်ဖြစ်၏။
ရှိသည့်သယံဇာတ ထုတ်ရောင်းပြီး အရင်းအနှီးပြုကာ အခြားထုတ်လုပ်ရေးလုပ်ငန်းတွေ
အခြေခံပြောင်း၍လုပ်ကြသည့် တိုင်းပြည်များ ရှိပါသည်။ အောင်မြင်ကြသည်လည်းရှိပါသည်။ ဗမာပြည်တွင်
ဤစိတ်ကူးဖြင့် မည်မျှလုပ်ခဲ့ဖူးပါသနည်း။
ဆန်နှင့်သစ်ရောင်းပြီး (ကပစ)ဆိုသည့် စစ်ပစ္စည်းထုတ်သောစက်ရုံများသာ
ထူထောင်နေလျှင် ကြာကြာမခံပါ။
စစ်ပစ္စည်းကလည်း သူများတိုင်းပြည်မှတင်သွင်းသောကုန်ကြမ်းကို မှီခိုရသည်။
ကိုယ့်တိုင်းပြည်မှာ သံတွင်း၊ ကျောက်မီးသွေးတွင်း၊ သံရည်ကျို သံမဏိစက်ရုံ မရှိသလောက်ဖြစ်ပါသည်။
ဤကိစ္စသည် လက်ရှိမျိုးဆက်များအတွက် သေရေးရှင်ရေးပြဿနာ မဟုတ်သေးသော်လည်း
လာမည့်မျိုးဆက်များအတွက် ဖြစ်လာလိမ့်မည်။ ပြည်ချစ်စိတ်ဓါတ်ရှိသူတိုင်း ဤပြဿနာကို သတိပြုကြရပါမည်။ ယခုကစ၍ ပြင်ဆင်ရပါမည်။
စစ်ဗြူရိုကရက် အရင်းရှင်များကတော့ ဤပြဿနာကို တည်ရှိနေသည့် ပြဿနာဟုပင်
သဘောထားကြသည်မဟုတ်ပါ။
0 comments:
Post a Comment