Tuesday, June 30, 2020

ခေတ်သစ်မြန်မာ့သမိုင်း - ၃၆ ဒေါက်တာသန်းထွန်းရေးတဲ့ A MODERN HISTORY OF MYANMAR 1752 - 1948 ကို ဘာသာပြန်တာပါ။

0 comments
ခေတ်သစ်မြန်မာ့သမိုင်း - ၃၆ ဒေါက်တာသန်းထွန်းရေးတဲ့ A MODERN HISTORY OF MYANMAR 
1752 - 1948 ကို ဘာသာပြန်တာပါ။
အခန်း(၁).
#ကုန်းဘောင်ခေတ်နိုင်ငံရေး
အင်္ဂလိပ်မြန်မာဆက်ဆံရေး
အဲဒီအချိန်မှာ ဘုရင်က လင်းဘတ်ပို့လိုက်တဲ့စာကိုရပြီး တောင်းဆိုချက်တွေကို ကျေလည်အောင်လုပ်ပေးဖို့ ချက်ချင်းအမိန့်ထုတ်လိုက်တယ်။ ၁၈၅၂ ခုနှစ် ဇန်နဝါရီလမှာ မြို့ဝန်မောင်အုပ်ကို ပြန်ခေါ်တယ်။ သူ့နေရာမှာ မောင်မှုန်ကို အစားထိုး ခန့်လိုက်တယ်။ အင်္ဂလိပ်အရာရှိတွေရဲ့ မောက်မာတဲ့သဘောထားကို မြို့ဝန်အသစ်က သတိထားပါတယ်။ အမျက်ဒေါသ ချောင်းချောင်းထနေတဲ့ လင်းဘတ်ဟာ ရန်ကုန်ဆိပ်ကမ်းကို ပိတ်ဆို့ထားလိုက်တယ်။ မြန်မာစစ်သင်္ဘောကို သိမ်းလိုက်တယ်။မြို့ဝန်မောင်မှုန်က စစ်ပြေငြိမ်းဖို့ ကမ်းလှမ်းတယ်။ ဒါပေမဲ့ လင်းဘတ်က မြို့ဝန်ကို ဝန်ချတောင်းပန်ဖို့ပဲ တောင်းဆိုတယ်။ မြို့ဝန်က မတောင်းပန်ဘူး။ ၁၈၅၂ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့မှာ မြန်မာက အင်္ဂလိပ်သင်္ဘောတွေကို ပစ်ခတ်တယ်။ လင်းဘတ်က ရန်ကုန်ဆိပ်ကမ်းကို အမြောက်နဲ့ထုပြီး တုန့်ပြန်တယ်။ ရန်ကုန်ဆိပ်ကမ်းကို အတိုင်းအဆမရှိ ပျက်စီးစေတဲ့ လင်းဘတ်ရဲ့ မောက်မာမှုက အင်္ဂလိပ်မြန်မာ ဒုတိယစစ်ပွဲကို ဖြစ်စေခဲ့တယ်။ ၁၈၅၂ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့မှာ လင်းဘတ်က ကာလကတ္တားကို လှည့်ပြန်သွားတယ်။ ၁၈၅၂ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့မှာ နောက်ထပ် အမိန့်ယူလာပြီး လျော်ကြေးပေး တောင်းပန်ဖို့ အထက်စီးနဲ့ တောင်းဆိုတယ်။ ၁၈၅၂ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့မှာ တိုက်ပွဲ ပြန်စတယ်။ ဒါပေမဲ့ ၁၈၅၂ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ထပ်ဆွေးနွေးတယ်။ ၁၈၅၂ ခုနှစ် ဧပြီလ ၁ ရက် မတိုင်ခင် ရူပီး ၁၀ သိန်းပေးဖို့ တောင်းဆိုတယ်။ ဒါက တရားဝင် စစ်ပွဲဖြစ်ပွားနိုင်လောက်တဲ့ ရာဇသံတမျိုးပါပဲ။ ရန်ကုန်မြို့ဝန်က အမရပူရမှာရှိတဲ့ ဘုရင့်ဆီ အစီရင်ခံရဦးမှာပါ။ ဧပြီလ ၁ ရက်မတိုင်ခင် အကြောင်းပြန်ဖို့ မဖြစ်နိုင်ဘူး။ အင်္ဂလိပ်က မြန်မာကို စစ်ကြေညာလိုက်တယ်။ ဒုတိယစစ်ပွဲက ပထမစစ်ပွဲနဲ့ လုံးဝ မတူဘူး။ ပထမစစ်ပွဲတုန်းက မြန်မာတွေကလည်း စစ်တိုက်ဖို့ ပြင်းပြထက်သန်တယ်။ ဒုတိယစစ်ပွဲမှာ အဲသလို မထက်သန်ဘူး။ အင်္ဂလိပ်က လက်ဦးမှု ယူလိုက်တာပါ။
ရန်ကုန် ရွှေတိဂုံကုန်းမြင့်မှာ ရဲမက် ၁၀.၀၀၀ တပ်စွဲလိုက်တယ်။ အမြောက် ၂၄ လက် ဆင်ထားတယ်။ ဘုရားရဲ့ တောင်ဘက် အနောက်ဘက်နဲ့ အရှေ့ဘက်မှာ အမြောက် ၈ လက်စီ ချိန်ထားတယ်။ မြောက်ဘက်ကို အကာအကွယ်မယူဘဲ ချန်ထားတယ်။ မြို့ဝန်အိမ်မှာတော့ စက်သေနတ်ကြီး ၁၄ လက်ပဲ ရှိတာပါ။ ရွှေတိဂုံဘုရားရဲ့ တောင်ဘက်ခြမ်းမှာ ခံတပ် အခိုင်အမာဆောက်တယ်။ ရှေးခေတ် အဆင့်အတန်းအရတော့ ဒီခံတပ်ဟာ အကောင်းစားပါပဲ။ ဒါပေမဲ့ အင်္ဂလိပ်တွေပိုင်တဲ့ ခေတ်မီလက်နက်တွေရဲ့ဒဏ်ကို မခံနိုင်ဘူး။ တစ်ဖက်ကလည်း အင်္ဂလိပ်ဟာ စစ်ပွဲအတွက် ကောင်းကောင်းကြီး ပြင်ဆင်လာတယ်။ ပထမစစ်ပွဲက အမှားမျိုး ထပ်ပြီး မကျူးလွန်တော့ဘူး။ သူတို့က ရခိုင်နဲ့ တနင်္သာရီကို ပိုင်နေပြီဖြစ်တဲ့အတွက် ရှေ့တန်းကို အချိန်မီ ရိက္ခာထောက်ဖို့ နဲ့ အင်အားဖြည့်တင်းဖို့ အများကြီးကို ပိုလွယ်နေပါပြီ။ 
ဗိုလ်ချုပ်ကြီး ဂေါ်ဒွင်က အင်္ဂလိပ်စစ်တပ်ရဲ့ သေနာပတိပါ။ ရေတပ်ဗိုလ်ချုပ်ကြီး အော်စတင်ရဲ့အောက်မှာ စစ်သင်္ဘော ၁၅ စင်း ရောက်လာတယ်။ ကုန်းကြောင်းချီတက်မှုက ၁၈၅၂ ခုနှစ် ဧပြီလ ၅ ရက်မှာ မော်လမြိုင်က စထွက်ပြီး မုတ္တမကို သိမ်းတယ်။ ၁၈၅၂ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်မှာ အင်္ဂလိပ်စစ်တပ်တွေဟာ ရန်ကုန်မြို့နားမှာ ကမ်းတက်လာတယ်။ မြို့ကို တောင်ဘက်ကနေ ဝင်တိုက်တယ်။ အဲဒီမတိုင်ခင်နေ့အထိ မြို့တောင်ခြမ်းက အမြောက်တပ်ဟာ ငြိမ်နေတုန်းပဲ။ ၁၈၅၂ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့က ဆိပ်ကမ်းက အမြောက်တပ်ဟာ အသံတောင်မထွက်ခဲ့ဘူး။ ၁၈၅၂ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့ကျတော့ အင်္ဂလိပ်တပ်ဖွဲ့တွေဟာ ရန်ကုန်ကမ်းနားကို ထပ်ပြီးတက်လာတယ်။ ရုတ်ခြည်းပဲ ခံတပ်ကနေ ထပြီး ပစ်ခတ်တယ်။ အင်္ဂလိပ်စစ်တပ်တွေက အရှေ့ဘက်ကနေ ချီလာတယ်။ ၂၄ ပေါင် အမြောက်ကြီးတွေရဲ့ ပစ်အားကြောင့် အဓိကခံတပ် ပျက်စီးသွားတယ်။ တပြိုင်တည်းဆိုသလို အင်္ဂလိပ်စစ်တပ်တွေဟာ သိမ်ဖြူ၊ ကန်တော်ကြီးနဲ့ ကန်တော်ကလေးတို့ကနေ ရွှေတိဂုံဘုရားဆီ ချီတက်လာတာပါ။ ၁၈၅၂ ခုနှစ် မတ်လ ၁၄ ရက်နေ့မှာ မြန်မာတွေဟာ ရွှေတိဂုံဘုရားမှာ အဝိုင်းခံလိုက်ရတယ်။ တကယ်တော့ ဒါဟာ ရန်ကုန်မြို့ကြီး ရန်သူ့လက် ကျသွားပြီဆိုတဲ့ သဘောပါပဲ။ ပထမစစ်ပွဲမှာ အင်္ဂလိပ်စစ်တပ်က ရန်ကုန်သိမ်းတော့ လူတစ်ယောက်မှ မဆုံးရှုံးဘူး။ ဒီတစ်ကြိမ်မှာတော့ ၁၆ ဦးသေ ၁၃၃ ဦး ဒဏ်ရာရတယ်။ ရန်ကုန်တိုက်ပွဲပြီးတဲ့နောက် မြန်မာဘက်ကလည်း အင်္ဂလိပ်ကျူးကျော်ရေးသမားတွေ ရပ်တန့်သွားအောင် တကယ်တန်း မကြိုးစားခဲ့ဘူး။ ၁၈၅၂ ခုနှစ် ဒီဇင်ဘာလထဲမှာ အင်္ဂလိပ် ပဲခူးနယ်လို့ခေါ်တဲ့ အောက်မြန်မာပြည်ကို သိမ်းလိုက်တယ်။ ဒီနောက် စာချုပ် ချုပ်ဖို့အတွက် မြန်မာဘုရင်ကို ကမ်းလှမ်းတယ်။ ငြင်းတဲ့အခါမှာ အောက်မြန်မာပြည်ကို အိန္ဒိယအင်ပါယာထဲ သွင်းလိုက်ပြီလို့ ကြေညာတယ်။ လော့ဒ်ဒါလဟိုဇီကိုယ်တိုင် ရန်ကုန်ကို ရောက်လာတယ်။ အောက်မြန်မာပြည်ကို ပဲခူးနယ်လို့ အမည်ပြောင်းတယ်။ ဗြိတိသျှအင်ပါယာရဲ့ ပြည်နယ်သစ်ဖြစ်တဲ့ ပဲခူးနယ်ကို အုပ်ချုပ်ဖို့ ဘုရင်ခံတစ်ဦးတည်းကိုသာ နာခံရတဲ့ ကော်မရှင်နာမင်းကြီးတစ်ဦး ခန့်အပ်တယ်။ ဆာအာသာ ပါဗက်ဇ် ဖယ်ယာကို ကော်မရှင်နာမင်းကြီး ခန့်တယ်။ အောင်လံမြို့ကိုဖြတ်ပြီး နယ်နိမိတ်သတ်မျဉ်းဆွဲတယ်။ အောင်လံရဲ့တောင်ဘက်ခြမ်းဟာ အဲဒီအချိန်ကစပြီး ဗြိတိသျှနယ် ဖြစ်သွားတာပဲ။ နယ်ခြားမှတ်တိုင်မှာ ဒီလို ရေးထားတယ်။
ဤမှတ်တိုင်သည်
ဗြိတိသျှ ပဲခူးနယ်၏ မြောက်ပိုင်း
နယ်နိမိတ် အမှတ်အသားဖြစ်၍
အိန္ဒိယ ဘုရင်ခံချုပ်
သူရဲကောင်းနယ်စား ဒါလဟိုဇီကိုယ်တိုင်
စစ်ဆေးအတည်ပြုပြီး
ပဲခူးစစ်တပ်၏ စစ်ဦးစီးထောက်ပံ့ရေး
ဒုတိယတန်း အရာရှိများက
၁၈၅၃ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင်
စိုက်ထူခဲ့သည်။
နယ်နိမိတ်မျဉ်းသည် အရှေ့ဘက်၌
ဤ အမှတ်မှသည်
လာဒူးကွေးရှိကရင်နီမြစ်နှင့်
ရိုးမတောင်တန်းကြီးကို ဖြတ်သန်းလျှက်
ရခိုင်ဖိုးခေါင်တောင်ဦးတောင်ထိပ်အထိ
စစ်တောင်မြစ်ကမ်းပါးမယ်ဟိုင်ကျေးရွာနှင့်
အရှေ့ဘက်ဒေသအားလုံး
ပန်းလောင်မြစ်၏ထိပ်ဖျား
လတ္တီတွဒ် ၁၉ ဒီဂရီ ၂၉ မိနစ် ၃စက္ကန့်ရှိ
နယ်နိမိတ်သတ် တောင်ရိုးကြီးများ
ပါဝင်သည်။
အိပ်ချ်ဒဗလျူ ဘီလင် စကပ်ဖ်
မြန်မာဘုရင်က ရူပီး ၉၀၀၀ ပေးဖို့ ငြင်းတဲ့အတွက် အောက်မြန်မာပြည်ကိုသိမ်းတဲ့ ဒါလဟိုဇီရဲ့ ရန်လိုမှုကို အင်္ဂလန်မှာရှိတဲ့ နိုင်ငံရေး ခေါင်းဆောင်တချို့က ပြစ်တင်ဝေဖန်တယ်။ ဒါပေမဲ့ အများစုက ဒါလဟိုဇီကို ထောက်ခံကြတာပါပဲ။ ဒါလဟိုဇီက မြန်မာတစ်နိုင်ငံလုံးကို သိမ်းနိုင်ပါတယ်။ ဒါပေမဲ့ တစ်ဝက်ပဲသိမ်းပြီး သူ့ခရီးကို ရပ်ဖို့ စဉ်းစားတယ်။ အကြောင်းကတော့ အိန္ဒိယမှာ နောက်ထပ် ပြဿနာကြုံနေလို့ပါပဲ။
အောက်မြန်မာပြည်ကို သိမ်းလိုက်တာက အနှေးနဲ့အမြန် တစ်နိုင်ငံလုံးကို သိမ်းဖို့ သေချာတဲ့ လုပ်ရပ်ပါ။ မြန်မာဘုရင်ဟာ တိုင်းပြည်ဝင်ငွေ အများဆုံးရတဲ့ သူ့နိုင်ငံရဲ့အရေးအပါဆုံး ဒေသကို ဆုံးရှုံးသွားပါပြီ။ ကမ္ဘာ့ထွက်ပေါက်ကိုလည်း အပိတ်ခံထားရပြီ။ အခုဆိုရင် ကုန်းတွင်းပိတ်နိုင်ငံ ဖြစ်သွားပါပြီ။ ဒါကြောင့် အရင်လို စစ်ရေး စီးပွားရေး အင်အားမျိုး မရှိတော့ဘူး။ ကျွန်နိုင်ငံ ဘဝရောက်ဖို့ သေချာသလောက်ရှိနေတာပါ။ ဒါကြောင့်လည်း အင်္ဂလိပ်မြန်မာ တတိယစစ်ပွဲဟာ ဒီဒုတိယစစ်ပွဲရဲ့ အဆက်အဖြစ် သဘာဝကျကျ ပေါ်ပေါက်ခဲ့ရတာပါ။ ဒီအချိန်မှာမှ မြန်မာပြည်မှာ ဘုရင်အပြောင်းအလဲက ဖြစ်ရပြန်တယ်။ ၁၈၅၃ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာပဲ မင်းတုန်းမင်းက ပုဂံမင်းကို ပုန်ကန်ပြီး ထီးနန်းသိမ်းပိုက်လိုက်တယ်။

(ဗဟိုတရားရုံး အဆုံးအဖြတ်)

0 comments
(ဗဟိုတရားရုံး အဆုံးအဖြတ်)
အမေရိကန်မှာ ဗဟိုတရားရုံးချုပ်တရားသူကြီးတွေဟာ သမ္မတတွေကအမည်စာရင်းတင်သွင်းပြီး လွှတ်တော်တွေက ထောက်ခံအတည်ပြုပေးလို့ဖြစ်လာတာပါ။ သမ္မတတွေကလည်း လူရွေးပြီဆိုကတည်း သူ့ပေါ်လစီတွေနဲ့ သူ့ပါတီပေါ်လစီတွေဘက် လိုက်နိုင်သမျှလိုက်လိမ့်မယ်၊ သူတို့ဘက် မျက်နှာသာပေးလိမ့်မယ်လို့ မျှော်လင့်ပြီးရွေးတာပါ။ လူရွေးတဲ့အခါတိုင်းလိုလို အတိုက်အခံပါတီနဲ့ အငြိအပြုတွေလည်း ရှိတတ်ပါတယ်။ ဒါပေမဲ့ များသောအားဖြင့်တော့ အာဏာလက်ရှိသမ္မတတင်တဲ့လူပဲ နောက်ဆုံးတော့ တရားသူကြီးတွေဖြစ်သွားကြပါတယ်။ တကယ့်လက်တွေ့မှာ ဗဟိုတရားရုံးအထိတင်ပြီး အဆုံးအဖြတ်ယူရမယ့်ကိစ္စကြီးတွေရှိတဲ့အခါ သူတို့မျှော်လင့်သလိုဖြစ်တာတွေရှိခဲ့သလို မဖြစ်ခဲ့တာတွေလည်းရှိပါတယ်။ ပုံမှန်အားဖြင့်တော့ လစ်ဘရယ်လ်ဒီမိုကရေစီရဲ့အနှစ်သာရဖြစ်တဲ့ အာဏာသုံးရပ် ပိုင်းခြားကန့်သတ်ထားတဲ့အပြင် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအပေါ်လည်း စောင့်သိရိုသေကြတော့ တရားစီရင်ရေးမဏ္ဍိုင် ရုပ်ပျက်ဆင်းပျက် ယိုင်ယွဲ့သွားတာတော့ မရှိသေးပါ။ တရားသူကြီးတွေဟာ ဘက်လိုက်မှုကင်းတယ်လို့ လုံးလုံးဆိုမရတောင် တတ်နိုင်သမျှ အဂတိကင်းကင်း ဖြောင့်ဖြောင့်မတ်မတ် တရားမျှတမှုရှိရှိ စီရင်ဆုံးဖြတ်ကြတာဖြစ်ပါတယ်။ တရားသူကြီးတွေရဲ့ ဂုဏ်နဲ့ဒြပ်နဲ့အဟပ်မိအောင် ကျင့်ကြံကြတာများပါတယ်။
ခု ထရမ့်လက်ထက်မှာလည်း သူ့ ခေါင်ကေက်ရွေးထားတဲ့ ကေဗန်နော့ကို အမည်စာရင်းတင်သွင်းပြီး လွှတ်တော်ရဲ့ထောက်ခံချက်နဲ့ ဗဟိုတရားရုံးတရားသူကြီးဖြစ်လာအောင် အတော်လေးတွန်းတွန်းတိုက်တိုက် လုပ်ခဲ့တာပါ။ ဗဟိုတရားရုံးချုပ် တရားသူကြီး ၉ ဦးအနက် ၅ ဦးဟာ ကွန်ဆားဗတစ်တွေဖြစ်ပြီး ၄ ဦးကသာ လစ်ဘရယ်လ်ဆိုတဲ့ ဒီမိုကရက်ဆန်သူတွေဖြစ်ပါတယ်။ ဒါ့ကြောင့် တခုခုကိုဆုံးဖြတ်ဖို့မဲခွဲမယ်ဆိုရင်၊ တရားသူကြီးတွေကလည်း ကိုယ့်ကိုတင်ခဲ့တဲ့သမ္မတပါတီရဲ့ပေါ်လစီဘက်ကို မျက်နှာသာပေးချင်တယ်ဆိုရင် ရီပတ်ဘလီကင်န်ပါတီဘက်က တနည်းပြောရရင် သမ္မတထရမ့်ဘက်က အလိုလိုနေရင်း ၅ မဲ ၄ မဲနဲ့ အသာစီးရနေတာပါ။ အကြောင်းကြီးငယ်တွေဟာ နိုင်ငံရေးနည်းအရမကြေလည်ကြလို့၊ လွှတ်တော်နဲ့သမ္မတကြား ဖြေရှင်းမရလို့၊ ဒါမှမဟုတ် ဗဟိုတရားရုံးအဆုံးအဖြတ်ကို ခံကိုခံယူရမှာဖြစ်လို့ သမ္မတက ဗဟိုတရားရုံးတင်ပြီး အဆုံးအဖြတ်ခံယူမယ်ဆိုရင် ရီပတ်ဘလီကင်န်တွေတင်ခဲ့တဲ့တရားသူကြီးတွေအများစုရှိရာတရားရုံးမှာ ရီပတ်ဘလီကင်န်တွေ(ကွန်ဆားဗတစ်တွေ)ဘက်ကပဲ အနိုင်ရစရာရှိမှာပဲလို့ တွေးစရာရှိပါတယ်။ 
ခုထရမ့်လက်ထက်မှာ လောလောလတ်လတ် ဗဟိုတရားရုံးတင်ပြီး အဆုံးအဖြတ်ခံယူခိုင်းထားတဲ့ကိစ္စ ၃ ခုရှိပါတယ်။ ကိစ္စတွေကလည်း ကြီးပါတယ်။ တခုက အမေရိကန်ကို ကလေးငယ်လေးတွေဘဝနဲ့မိဘများနဲ့အတူ တရားမဝင် ရောက်လာပြီး နေထိုင်နေကြသူတွေကို နေရင်းနိုင်ငံကိုပြန်ပို့မယ်မပို့ဘူး ကိစ္စပါ။ ဒီမိုကရက်သမ္မတ အိုဘားမားလက်ထက်က အဲ့ဒီကလေးငယ် ၇ သိန်းလောက်ကို ပြန်မပို့ပဲ အမေရိကန်မှာပဲနေထိုင်ခွင့်ပေးပြီး တချိန်ချိန်ကျနိုင်ငံသားတွေအဖြစ်ပါသွတ်သွင်းဖို့ဆိုပြီး ဆုံးဖြတ်နေထိုင်စေခဲ့တာပါ။ သူတို့ကို Dreamers တွေလို့ခေါ်ပါတယ်။ (ဒါကို နောက်အလျဥ်းသင့်တဲ့အခါ ဖြည်ဖြည်ဖြန့်ဖြန့်လေးရေးပါ့မယ်)။ သမ္မတထရမ့်ကိုသူတို့ကို မိခင်နိုင်ငံတွေဆီပြန်ပို့ဖို့အတွက် ဗဟိုတရားရုံးအဆုံးအဖြတ်ရယူဖို့တင်တာပါ။ နောက်တကိစ္စက LGBTs တွေကို အလုပ်ခေါ်ရာ အလုပ်လျှောက်ရာတွေမှာ ဘာခွဲခြားမှုမှမထားပဲ အားလုံးနဲ့တန်းတူရည်တူ လျှောက်ထားခွင့် ခန့်ခွင့်ရရေးပါ။ ဒီကိစ္စမှာလည်း ဒီမိုကရက်တွေက LGBTs တွေဘက်က ရပ်ခံတောင်းဆိုနေတာပါ။ ရီပတ်ဘလီကင်န်တွေက ခွဲခြားခွဲခြားလုပ်ချင်နေတာပါ။ နောက်ဆုံးတခုကတော့ ကိုယ်ဝန်ဖျက်ချခွင့်ဖြစ်ပါတယ်။ ကိုယ်ဝန်ဖျက်ချခွင့်လိုလားသူတွေကို Pro-Choice တွေလို့ခေါ်ပြီး မလိုလားသူတွေကို Pro-Life လို့ခေါ်ပါတယ်။ ရီပတ်ဘလီကင်န်တွေနဲ့ ရှေးရိုးဆန်တဲ့ကွန်ဆားဗတစ်တွေက ပရိုလိုက်ဖ်တွေဖြစ်ပါတယ်။
ဆိုတော့ ကိစ္စ ၃ ခုလုံးက ရီပတ်ဘလီကင်န်နဲ့ဒီမိုကရက်ပြဿနာ ဒါမှမဟုတ် ကွန်ဆားဗတစ်တွေနဲ့ လစ်ဘရယ်လ်တွေရဲ့ပြဿနာလို့ ယေဘုယျပြောရမှာပါ။ ရီပတ်ဘလီကင်န်သမ္မတက ဒီကိစ္စတွေကို ကွန်ဆားဗတစ်တွေစီးထားတဲ့ ဗဟိုတရားရုံးကိုတင်ပြီးအဆုံးအဖြတ်ခံယူမယ်ဆိုတော့ အဆုံးဖြတ်ခံကြရမယ့်ကာယကံရှင်တွေ ရင်တမမဖြစ်ကြရသလို ပရိတ်သတ်သဘောနေကြတဲ့ သာမန်ပြည်သူတွေကြားမှာလည်း စိတ်စောနေကြတာအမှန်ပါ။ ရီပတ်ဘလီကင်န်တွေ ကွန်ဆားဗတစ်တွေကတော့ သူတို့ဘက်မျက်နှာသာပေးတဲ့ဆုံးဖြတ်ချက်တွေပဲ ထွက်လာမှာပါလို့ စိတ်ချလက်ချလိုလိုရှိနေကြတာပါ။ သဘောက Dreamers တွေကိုလည်း ပြန်ပို့စေ၊ LGBTs တွေကိုလည်း အလုပ်အကိုင်အခွင့်အလမ်းတွေမှာခွဲခြားစေ၊ ကိုယ်ဝန်ဖျက်ချခွင့်လည်းမရှိစေရ စတဲ့ဆုံးဖြတ်ချက်တွေထွက်လာဖို့ အပိုင်တွက်သူတွေ တွက်ကြတာမျိုးဖြစ်ပါတယ်။
ခုတရားရုံးက Dreamers တွေလည်း နေမြဲနေစေ၊ LGBTs တွေကိုလည်း အလုပ်အကိုင်အခွင့်အလမ်းတွေမှာ မခွဲခြားရ၊ ကိုယ်ဝန်ဖျက်ချခွင့်လည်း မတားမြစ်ရဆိုပြီး ဆုံးဖြတ်ချက်တွေ ထွက်လာပါတယ်။ ထင်သလိုမဖြစ်ခဲ့တော့ ရီပတ်ဘလီကင်န်တွေနဲ့ ကွန်ဆားဗတစ်တွေ ရင်ကွဲပက်လက်ဖြစ်ကြရပါတယ်။ ဗဟိုတရားရုံးချုပ်က သူ့ဆုံးဖြတ်ချက်ကို ဖွဲ့စည်းအုပ်ချုပ်ပုံအ​ြေခခံဥပဒေနဲ့အညီ တရားသူကြီးများရဲ့ဆင်ခြင်တုံတရားအပေါ်အ​ြေခခံ ချခဲ့တာလည်းဖြစ်ပြန် ထပ်ပြီးအယူခံဝင်စရာ သူ့ထက်မြင့်တဲ့တရားရုံးလည်းရှိတော့ဆိုတော့ တရားရှုံးသူတွေ ယူကြုံးမရဖြစ်မယ်ဆိုလည်းဖြစ်စရာပါ။
ဒါ ခုရက်ပိုင်းအတွင်းဖြစ်ခဲ့တဲ့ အမေရိကန်ဗဟိုတရားရုံးနဲ့ပတ်သက်တဲ့သတင်းတွေထဲက ကြားခဲ့သမျှအချက်အလက်လေးတွေကို စာ ပြန်စီပြတာပါခင်ဗျား။ ပြောရမယ်ဆိုရင် အသေးစိတ်တွေလည်း များလွန်းပါ်တယ်။
မျိုးမြင့်ချို
၃၀ ဇွန်၊ ၂၀၂၀

Friday, June 26, 2020

(ပုလိပ်ကြီးရဲ့ ပုလိပ်လေး)

0 comments
(ပုလိပ်ကြီးရဲ့ ပုလိပ်လေး)
ဂျော့ဖလွိုက်ကိစ္စကြောင့် ပုလိပ်တပ်ဖွဲ့ပြုပြင်ရေးPolice Reform ဥပဒေတခု ပြဌာန်းနိုင်ဖို့ အမေရိကပြည်ထောင်စုအောက်လွှတ်တော်မှာ ဒီမိုကရက်အမတ်တွေကပြင်ဆင်နေကြတာ သတိထားမိကြမှာပါ။ ဒီလိုပြင်ဆင်နေချိန်မှာပဲ သမ္မတထရမ့်က နံမည်ကောင်းရရေးအတွက် နိုင်ငံရေးလက်ဦးမှုယူပြီး ရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲရေး လုပ်မယ်ဆိုတဲ့ သမ္မတအမိန့်စာတခု လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့ပါတယ်။ အဲ့သလိုထုတ်ပြန်ခွင့်ရှိတာမှန်ပေမယ့် သွားနေတဲ့လမ်းကြောင်းက ဖြစ်ရိုးဖြစ်စဉ်အတိုင်းဆို လွှတ်တော်တွေက ဥပဒေပြုကြ သမ္မတကလက်မှတ်ထိုးအတည်ပြုပေးလိုက်မှ အဲ့ဒီဥပဒေအသက်ဝင်သွားတာဖြစ်ပါတယ်။ သမ္မတအမိန့်ဟာ ဥပဒေလိုမဟုတ်တဲ့ အကန့်အသတ်တွေရှိပါတယ်။ သူသာ လက်မှတ်ထိုးထုတ်ပြန်လိုက်ပေမယ့် ဒါဟာ နိုင်ငံရေးလက်ဦးမှုယူတာမှန်းသိလို့ ဘယ်သူကမှတော့ အရေးတယူစကားလုပ်ပြောနေကြတာမရှိပဲ အောက်လွှတ်တော်က ဒီမိုကရက်တွေတင်လာမယ့် ဥပဒေမူကြမ်းကိုပဲ လူတွေစိတ်ဝင်စားနေတကြတာပါ။ အခြေအနေက အဲ့သလိုဖြစ်နေတုန်း အထက်လွှတ်တော် ရီပတ်ဘလီကင်န်တွေက တစခန်းထလာပြန်ပါတယ်။ အောက်လွှတ်တော်မှာက ဒီမိုကရက်တွေအများစုနဲ့ အထက်လွှတ်တော်(ဆီးနိတ်)မှာက ရီပတ်ဘလီကင်န်အများစုမှန်း သိထားကြမှာပါ။ အထက်လွှတ်တော် လူများစုခေါင်းဆောင် တနည်းပြောရရင် သဘာပတိက မစ်ချ်မက်ကောနယ်လ်(ရီပတ်ဘလီကင်န်)ဖြစ်ပြီး အောက်လွှတ်တော်သဘာပတိကတော့ နန်စီပလိုဆီ(ဒီမိုကရက်)ဖြစ်ပါတယ်။
အထက်လွှတ်တော် ရီပတ်ဘလီကင်န်အမတ်တွေကြာ ရှားရှားပါးပါး တဦးတည်းသော အာဖရိကန်အမေရိကန် လူမည်းအမျိုးသား Tim Scott ဆိုသူရှိပါတယ်။ ခု အဲ့ဒီ အထက်လွှတ်တော်အမတ် (ဆီနိတ်တာ)တင်မ်စကော့တ်က ပုလိပ်တပ်ဖွဲ့ပြုပြင်ရေးဥပဒေကြမ်းတခု ဆီးနိတ်မှာ အဆိုတင်လာပါတယ်။ အထက်လွှတ်တော်ဒီမိုကရက်ဆီးနိတ်တာတွေက ဒီအဆိုတင်လာတာကို Block ပိတ်ဆို့တားမြစ်လိုက်ပါတယ်။ အဆိုမအောင်မြင်ပါ။ အကြောင်းပြချက်က ၍ဥပဒေကြမ်းမှာ အားနည်းချက် ချို့ယွင်းချက်တွေအပြည့်ဖြစ်နေလို့ လို့ ဆိုပါတယ်။ ခုလိုမျိုး အဆိုတင်လာတာဟာ အောက်လွှတ်တော်မှာ ပူးလီးစ်ရီဖောမ်းကိစ္စဆွေးနွေးနေမှန်းသိသိနဲ့ အထက်လွှတ်တော်မှာ ရီပတ်ဘလီကင်န်တွေက နိုင်ငံရေးလက်ဦးမှုယူတာလို့ အကဲဖြတ်တွေကဆိုပါတယ်။ သမ္မတအမိန့်ထုတ်ပြန်ချက်က ဘာမှမထိရောက်လို့ တခြားနည်းနဲ့ လှည့်ပတ်ကြံစည်တဲ့ နိုင်ငံရေးမသမာမှုလို့ ဆိုသူတွေ ဆိုပါတယ်။ အောက်လွှတ်တော်က မူကြမ်းကိစ္စမပြီးပြတ်သေးခင်မှာ အထက်လွှတ်တော်ကနေ ခုလို မူကြမ်းတင်လာကို ဒီမိုကရက်တွေ ပိတ်ဆို့ရတာက သူတို့တင်မယ့်မူကြမ်းထက်စောပြီး ဥပဒေတခုခုဖြစ်မသွားစေချင်လို့ မရရအောင်အချိန်ဆွဲတဲ့လုပ်ရပ်လို့ ဆိုသူတွေလည်းရှိပါတယ်။
အမေရိကန် အနီးခေတ်နိုင်ငံရေးမှာ ထရမ့်လက်ထက်လောက် ပါတီကြီး ၂ ပါတီအကြားတင်မက ပြည်သူတွေကြားမှာပါ သဘောထားတွေကွဲလွဲကြ အပြန်အလှန်ဆန့်ကျင်ကြ ပုတ်ကြခတ်ကြ တိုက်ကြခိုက်တွေ ဘယ်တုန်းကမှမရှိခဲ့ပါ။ တချို့ကဆို အမေရိကန်ဟာ နှစ်ခြမ်းကွဲနေတဲ့အိမ်ကြီးလို့တောင် ဆိုကြတာပါ။
ဘာပဲဖြစ်ဖြစ်ပါ ဂျော့ဖလွိုက်အရေးအကြောင်းပြုပြီး အမေရိကန်ပုလိပ်တပ်အတွင်းမှာ အခြေခံကစပြီးပြုပြင်ပြောင်းလဲမှုတွေမလုပ်နိုင်ဦးတောင် အပေါ်ယံဆန်တဲ့အတန်အသင့်ပြပြင်ပြောင်းလဲမှာ တချို့တော့ရှိလာမှာ ကျိန်းသေပါတယ်။ အမေရိကန်ပုလိပ်တွေမှာ သူတို့သတ်မှတ်ထားချက်တွေကို လွန်ဆန်လာတယ်လို့ယူဆရင် ပစ်သတ်ခွင့်အထိရှိထားပါတယ်။ ဖမ်းဆီးတဲ့အခါမှာလည်း အကြမ်းပတမ်းနိုင်လွန်းလို့ သေရကြေရတာတွေ မနည်းပါ။ ပုလိပ်လုပ်ပိုင်ခွင့်ဟာ ဥပဒေအရကို အလွန်ကြီးပါတယ်။ တချို့ကဆို အမေရိကန်ပုလိပ်သားလေးတွေမှာတောင် တရားဝင်လူသတ်လိုင်စင်ရှိထားပြီးသားဆိုတာအထိ ပြောကြပါတယ်။
ဆိုဗီယက်ယူနီယံပြိုကျသွားချိန်က အမေရိကန်ဟာ ကမ္ဘာ့ပုလိပ်ကြီး World Police လုပ်ရတော့မယ်ဆိုပြီး ပြောကြဆိုကြရေးကြသားကြတာတွေရှိပါတယ်။ အမေရိကန်နိုင်ငံက တကယ့်ပုလိပ်သားတွေရဲ့လုပ်ရပ်နဲ့ လုပ်ပိုင်ခွင့်ကိုကြည့်ပြီး ကမ္ဘာ့ပုလိပ်ကြီးဖြစ်တဲ့အမေရိကန်ရဲ့လုပ်ရပ်နဲ့လုပ်နေတာကို မှန်းဆကြည့်နိုင်ကြမှာပါ။
မျိုးမြင့်ချို
၂၆ ဇွန် ၂၀၂၀

Monday, June 22, 2020

ခေတ်သစ်မြန်မာ့သမိုင်း - ၃၅ ဒေါက်တာသန်းထွန်းရေးတဲ့ A MODERN HISTORY OF MYANMAR 1752 - 1948 ကို ဘာသာပြန်တာပါ။

0 comments
ခေတ်သစ်မြန်မာ့သမိုင်း - ၃၅ ဒေါက်တာသန်းထွန်းရေးတဲ့ A MODERN HISTORY OF MYANMAR 
1752 - 1948 ကို ဘာသာပြန်တာပါ။
အခန်း(၁).
#ကုန်းဘောင်ခေတ်နိုင်ငံရေး
အင်္ဂလိပ်မြန်မာဆက်ဆံရေး
သာယာဝတီမင်းက သူ့ရဲ့ အဓိကတာဝန်ဟာ မြန်မာပြည်ကို ဗြိတိသျှ အထိန်းချုပ်ခံ နယ်မြေ ဖြစ်မသွားအောင် ကာကွယ်ဖို့ပဲလို့ စဉ်းစားတယ်။ သူက မင်းသားငယ်ဘဝကတည်းက ဒီပြဿနာကို အသေအချာသတိထားမိတယ်။ ဘုရင်ဖြစ်လာတော့ မြန်မာ့လွတ်လပ်ရေးကို ထိန်းသိမ်းဖို့ ပိုပြီး စိုးရိမ်ပူပန်လာတယ်။ သူ့ရဲ့ နိုင်ငံခြားရေး မူဝါဒအားလုံးဟာ ဒီအယူအဆကို ဗဟိုပြုပါတယ်။ 
ဒါပေမဲ့ သာယာဝတီမင်းဟာ သံတမန်ကောင်း မဟုတ်ဘူး။ သူရွေးချယ်တဲ့နည်းလမ်းတွေက အားလုံး အမှားချည့်ပါပဲ။ သူက နေပြည်တော်မှာ ဗြိတိသျှသံကိုယ်စားလှယ်ရုံး မရှိစေချင်ဘူး။ တချိန်တည်းမှာ ရန္တပိုစာချုပ် သဘောတူညီချက်တွေကို မျက်ကွယ်ပြုဖို့ ကြိုးစားတယ်။ ရန္တပိုစာချုပ်ကို သူချုပ်ခဲ့တာ မဟုတ်တဲ့အတွက် လက်တွေ့ အသိအမှတ်ပြုဖို့ ငြင်းဆန်တယ်။ ဒါပေမဲ့ သူက အင်္ဂလိပ်နဲ့ နောက်ထပ် စစ်မဖြစ်ချင်ပါဘူး။ဒါကြောင့် ဗြိတိသျှ သံကိုယ်စားလှယ်နဲ့ ဆက်ဆံရာမှာ သတိကြီးကြီး ထားပါတယ်။ ဗြိတိသျှ သံကိုယ်စားလှယ်နဲ့ နောက်လိုက် ၅၀ ကို နေပြည်တော်မှာ နေခွင့်ပေးတယ်။ ဒါပေမဲ့ သူတို့ရဲ့ တည်ရှိမှုကို တမင်သက်သက် ဥပေက္ခာပြုထားတယ်။ ညီလာခံတောင် တက်ခွင့် မပေးပါဘူး။ တစ်ဖက်ကလည်း စစ်တပ်ကို တိုးချဲ့တယ်။ ကာကွယ်ရေးအကြောင်းပြပြီး စစ်ရေးပြင်ဆင်မှုတွေ လုပ်တယ်။ မစ္စတာဗင်ဆင်က ၁၈၃၈ ခုနှစ်မှာ သံကိုယ်စားလှယ် ဖြစ်လာတယ်။ 
ဘုရင်က သံကိုယ်စားလှယ်နဲ့ နောက်လိုက် ၅၀ ကို ကျန်မာရေးနဲ့ အလွန်ကို မညီညွတ်တဲ့နေရာမှာ နေထိုင်စေတယ်။ အင်္ဂလိပ်တွေ ရန္တပိုစာချုပ် ဖောက်ဖျက်တာကို စောင့်ကြည့်နေတယ်။ သံလွင်မြစ်ဝက ဘီလူးကျွန်းနဲ့ အာသံပြည်နယ်တွေကို ပြန်ပေးဖို့လည်း တောင်းဆိုတယ်။ အာသံရာဇာ ခန့်ထားရေးကိုလည်း မြန်မာ့လုပ်ပိုင်ခွင့်ထဲမှာ ထားဖို့ တောင်းဆိုတယ်။ မဏိပူရအရေးမှာ အင်္ဂလိပ်က ကျူးကျော်စွက်ဖက်တာ မတရားဘူးလို့ ထောက်ပြတယ်။ မြန်မာဆိပ်ကမ်းတွေမှာထက် ကာလကတ္တားမှာ အင်္ဂလိပ်က အခွန်ပိုကောက်နေတယ်လို့ စွပ်စွဲတယ်။ အင်္ဂလိပ်တွေကလည်း စီးပွားရေးပဋိညာဉ် သဘောတူညီချက်နဲ့အညီ မဆောင်ရွက်ပါဘူး။ နှစ်နိုင်ငံစလုံးက အကောက်ခွန်နှုန်း ဆတူကောက်မှသာ အဆင်ပြေမှာပါ။ ဒါတွေက အင်္ဂလိပ်တွေကို မြန်မာဘက်က ပြန်ထောက်ပြတဲ့အချက်တွေပါပဲ။ 
သာယာဝတီမင်းရဲ့ နောက်ဆုံး ရည်မှန်းချက်က အောင်မြင်သွားတယ်။ ၁၈၄၀ ပြည့်နှစ်မှာ မြန်မာနိုင်ငံက ဗြိတိသျှသံကိုယ်စားလှယ်ရုံးကို ရုပ်သိမ်းသွားရတယ်။ ကိုယ့်မြေပေါ်မှာပေါက်နေတဲ့ ကိုယ်မလိုချင်ဆုံးအပင်ကို အမြစ်ကနေ ဆွဲနှုတ်ပစ်လိုက်နိုင်တာမို့ တနိုင်ငံလုံး မဟာအောင်ပွဲကြီးလို သဘောထားကြတယ်။ ဒါပေမဲ့ ရေရှည်မှာတော့ ကြေကွဲဖွယ်ရာ အရှုံးနဲ့ ရင်ဆိုင်ကြရတာပါ။ သံကိုယ်စားလှယ်ရုံးမရှိတော့ နယ်စပ်ဒေသအငြင်းပွားမှုနဲ့ ကုန်သွယ်ရေးပဋိပက္ခတွေကို အေးအေးချမ်းချမ်း မဖြေရှင်းနိုင်တော့ဘူး။ နောက်ဆုံးတော့ ၁၂ နှစ် ထပ်ကြာပြီးတဲ့ အချိန်မှာ အင်္ဂလိပ်မြန်မာ ဒုတိယစစ်ပွဲကို တိုက်ခဲ့ကြရတယ်။
နိုင်ငံခြားရေးမူဝါဒမှာ ပုဂံမင်းကလည်း သူ့ဘိုးဘေးတွေနည်းတူ နိုင်ငံခြားဆန့်ကျင်ရေးပါပဲ။ အင်္ဂလိပ်နဲ့ သံတမန်ဆက်ဆံရေးအားလုံးကို ၁၈၄၀ ပြည့်နှစ်ကတည်းက ရပ်ဆိုင်းထားတယ်။ ဒါကို ပြန်ဖွင့်ဖို့ ကြိုးပမ်းဆောင်ရွက်တာ တစ်ခုမှ မရှိပါဘူး။ ရန်ကုန်မှာရှိတဲ့ အင်္ဂလိပ် ကျေးတော်မျိုးကျွန်တော်မျိုးတွေက 'မြန်မာလို ရန်မူတတ်တဲ့နိုင်ငံဟာ ထပ်ပြီး အရှက်ကွဲဦးမှာပဲ။ မြန်မာပြည်မှာ အင်္ဂလိပ်အကျိုးစီးပွားတွေ ဖြစ်ထွန်းဦးမှာပေါ့' လို့ ထောက်ခံပြောဆိုကြတယ်။ သူတို့ရဲ့ နစ်နာချက်တွေကို အိန္ဒိယအစိုးရဆီ တင်ပြတယ်။ မြန်မာအစိုးရကို ဖိအားပေးပြီး လျော်ကြေးတောင်းဖို့ ပြောကြတယ်။ မြန်မာအစိုးရရဲ့ အားနည်းချက်တွေကို အိန္ဒိယအစိုးရက သတိထားမိပါတယ်။ စစ်အင်အား အတော်အသင့် စုစည်းအသုံးချလိုက်တာနဲ့ တစ်နိုင်ငံလုံးကို လွယ်လင့်တကူ သိမ်းနိုင်မယ်ဆိုတာလည်း သိပါတယ်။ 
အင်္ဂလိပ်ကုန်သည်တွေ တင်ပြတဲ့ နစ်နာချက်တွေမှာ အမှန်တချို့ပါပေမဲ့ မှားနေတာတွေကိုလည်း သူတို့ တွေ့ပြီးသားပါ။ မြန်မာဘက်မှာတော့ သာမန်ပြည်သူတွေက စစ်ကိုမုန်းတယ်။ စစ်ပွဲပြီးတဲ့နောက် စစ်လျော်ကြေး အကောက်ခံနေရတယ်။ ဝန်ကြီးတချို့က အင်္ဂလိပ်ရဲ့ အင်အားကြီးတာကို သိတယ်။ ဒါပေမဲ့ ငြိမ်းချမ်းရေးမူဝါဒ ချမှတ်နိုင်တဲ့ သြဇာရှိပုဂ္ဂိုလ်တွေကို နားချဖို့တော့ သူတို့ ပျက်ကွက်တယ်။ 
တစ်ဖက်မှာက နယ်ချဲ့သမားကြီး လော့ဒ် ဒါလဟိုဇီက ဘုရင်ခံချုပ် ဖြစ်လာနေပြီ။ ဘုရင်ခံချုပ်ဟောင်းကတော့ ကုန်သည်တွေ စေဒကတက်နေတာဟာ ပုဂ္ဂိုလ်ရေး နစ်နာချက်တွေပဲလို့ သတိပြုမိပါတယ်။ လော့ဒ်ဒါလဟိုဇီကတော့ ပုံစံတမျိုးနဲ့ မြင်တယ်။ သူကတော့ မှားမှားမှန်မှန် အင်္ဂလိပ် ကျေးတော်မျိုး ကျွန်တော်မျိုးတွေကို ဘယ်အာရှသားကမှ မစော်ကားရဘူးဆိုတဲ့ အယူအဆရှိသူပါ။ သူ့နိုင်ငံနဲ့ ကျေးတော်မျိုး ကျွန်တော်မျိုးတွေရဲ့ ဂုဏ်သိက္ခာကို ကာကွယ်ဖို့အတွက်ဆိုရင် စစ်ကြေညာဖို့လည်း ပြင်ပြီးသားပါ။ ဒီအချိန်မှာ အင်္ဂလိပ်တွေကို ပိုပြီး ရန်လိုလာစေတဲ့ နောက်ထပ်အင်္ဂလိပ်လူမျိုး အုပ်စုတစ်ခုလည်း ရှိပါသေးတယ်။ သူတို့ကတော့ ကရာချိကနေ စင်္ကာပူအထိ အိန္ဒိယသမုဒ္ဒရာ ကမ်းရိုးတန်း တစ်ခုလုံးကို စိုးမိုးထားရမယ်ဆိုတဲ့ မူဝါဒနဲ့ စင်္ကာပူမှာ အခြေစိုက်စခန်းဖွင့်ထားကြသူတွေပါ။ ဧရာဝတီမြစ်ဝကျွန်းပေါ် သိမ်းပိုက်ရေးဟာ သူတို့အစီအစဉ်ရဲ့ တစ်စိတ်တစ်ဒေသပါပဲ။ ရန်ကုန်ဆိပ်ကမ်းဟာ အရှေ့တိုင်းရဲ့ အရေးအပါဆုံး ကုန်သွယ်ရေးဌာနတွေထဲက တစ်ခုဖြစ်လာဖို့ အခွင့်အလမ်းတွေ အများကြီး ရှိပါတယ်။ သူတို့က ဒီဒေသကိုသိမ်းပြီး ဖွံ့ဖြိုးအောင် လုပ်ချင်တယ်။ ဒါပေမဲ့ စစ်စတိုက်ဖို့ အကြောင်းအချက် မခိုင်လုံဘူး။ 
ရန်ကုန်မှာ ကပ္ပတိန်ရှက်ပတ်နဲ့ လူးဝစ်ဆိုတဲ့ အင်္ဂလိပ် ၂ ယောက်က လူသတ်မှုကျူးလွန်တယ်။ ဒါကြောင့် မြန်မာနန်းတော်က ၁၇၀၅ ရူပီး ဒဏ်ရိုက်တယ်။ ကပ္ပတိန်တွေက ဘုရင်ခံချုပ်ဆီ အသနားခံတယ်။ သူတို့ ငွေအညှစ်ခံနေရပါတယ်ပေါ့။ ဘုရင်ခံချုပ်ကလည်း ဝင်ရောက်စွက်ဖက်ဖို့စဉ်းစားပြီး စုံစမ်းစစ်ဆေးတယ်။ စုံစမ်းရေးကော်မရှင်ကလည်း ကပ္ပတိန်တွေဘက်ကလိုက်ပြီး အစီရင်ခံတယ်။ အိန္ဒိယအစိုးရကလည်း ကပ္ပတိန်တွေကိုယ်စား နစ်နာကြေး ရူပီး ၉၂၀၀ တောင်းတယ်။ မြန်မာအစိုးရရဲ့ ပြန်ကြားချက်ကိုတောင် မစောင့်ပါဘူး။ ဘုရင်ခံချုပ်က ရေတပ်ဗိုလ်မှူးချုပ်လင်းဘတ်ကို စစ်သင်္ဘောတစ်စီးနဲ့ ရန်ကုန်လွှတ်ပြီး နစ်နာကြေးအမြန်ပေးဖို့ ဖိအားပေးစေတယ်။ လင်းဘတ်က ဘုရင်ခံချုပ်ဆီက စာ ၂ စောင် ယူလာတယ်။ တစ်စောင်က ဘုရင့်အတွက်ဖြစ်ပြီး နောက်တစ်စောင်က ရန်ကုန်မြို့ဝန်အတွက်ပါ။ ၁၈၅၁ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်မှာ လင်းဘတ် ရန်ကုန်ကို ရောက်လာတယ်။ ရောက်ပြီး ၂ ရက်အကြာမှာ လင်းဘတ်က သူ့ရဲ့ အရာရှိငယ်တွေကို မြို့ဝန်မောင်အုပ်ဆီ လွှတ်လိုက်တာပဲ။ 
အဲဒီအရာရှိတွေ ပြန်လာတော့ သူတို့ကို မချေမငံဆက်ဆံတယ်လို့ တိုင်တယ်။ ချက်ချင်းပဲ ကပ္ပတိန်လင်းဘတ်က အငြင်းပွားတဲ့ ပြဿနာကို အမြန်ဆုံး ဖြေရှင်းပေးရမယ်လို့ တောင်းဆိုတယ်။ ဒါပေမဲ့ ဒီလိုအရေးပါတဲ့ အငြင်းပွားမှုကို ဖြေရှင်းပေးဖို့ အခွင့်အာဏာက ရန်ကုန်မြို့ဝန်ဆီမှာ မရှိပါဘူး။ သူက ဗဟို အာဏာပိုင်အဖွဲ့ကို တင်ပြရဦးမှာပါ။ အင်္ဂလိပ်တွေက ဒီလို စောင့်ရတာကို စိတ်မရှည်ဘူး။ မြန်မာတွေရဲ့ ရုံးစနစ်ကို နားမလည်ဘဲ သူ့ကိုရော သူ့အစိုးရကိုပါ စော်ကားတဲ့အနေနဲ့ အချိန်ဆွဲနေတာလို့ လင်းဘတ်က ယူဆတယ်။
ရန်ကုန်မြို့ဝန်က ကိုယ့်ကိုယ်ကိုယ် ကာကွယ်တဲ့အနေနဲ့ စစ်ရေးပြင်ဆင်မှု လုပ်တယ်။ အရေးပေါ်အခြေအနေအတွက် ဘုရင့်သင်္ဘောတွေထဲက တစ်စီးကို အသင့်လုပ်ထားတယ်။ ဒါက ရန်ကုန်မှာနေတဲ့ အင်္ဂလိပ်ကုန်သည်တွေကို တပ်လှန့်လိုက်သလိုပါပဲ။ အဲဒီကုန်သည်တွေက အင်္ဂလိပ် အရာရှိတွေကို မြန်မာတွေက စစ်တိုက်ဖို့ ပြင်နေပြီလို့ သတင်းပေးလိုက်တယ်။

ခေတ်သစ်မြန်မာ့သမိုင်း - ၃၄ ဒေါက်တာသန်းထွန်းရေးတဲ့ A MODERN HISTORY OF MYANMAR 1752 - 1948 ကို ဘာသာပြန်တာပါ။

0 comments
ခေတ်သစ်မြန်မာ့သမိုင်း - ၃၄ ဒေါက်တာသန်းထွန်းရေးတဲ့ A MODERN HISTORY OF MYANMAR 
1752 - 1948 ကို ဘာသာပြန်တာပါ။
အခန်း(၁).
#ကုန်းဘောင်ခေတ်နိုင်ငံရေး
အင်္ဂလိပ်မြန်မာဆက်ဆံရေး
#အင်္ဂလိပ်မြန်မာပထမစစ်ပွဲ
အင်းဝရောက်ဗြိတိသျှသံကိုယ်စားလှယ်များ
#ရစ်ချတ်ဗင်ဆင် (၁၈၃၇ - ၁၈၃၉)
ဘာနေးက ၁၈၃၇ ခုနှစ် အလယ်ပိုင်းမှာ အင်းဝက ပြန်တယ်။ အကြောင်းကတော့ ဘုရင်အသစ်က ဘာနေးကို နေပြည်တော်မှာ ဆက်နေခွင့်ပြုပေမဲ့ သံတမန်အရာရှိအဖြစ် အသိအမှတ် မပြုလို့ပါ။ ဒါက ရန္တပိုစာချုပ်ကို ဖောက်ဖျက်တာ၊ အင်္ဂလိပ်လူမျိုးတွေကို စော်ကားတာလို့ ဘာနေးက ယူဆပါတယ်။ ဒါကြောင့် သံကိုယ်စားလှယ်ရုံးကိုပိတ်ပြီး ချက်ချင်းစစ်ကြေညာဖို့ ဘာနေးက တင်ပြလိုက်တယ်။ 
အန္ဒိယအစိုးရကတော့ မြန်မာနိုင်ငံကို စစ်ကြေညာဖို့ ဘယ်လိုမှ အသင့်မဖြစ်သေးပါဘူး။ ဒါကြောင့် စစ်ပွဲကို ရွှေ့ဆိုင်းလိုက်ပြီး ရစ်ချတ်ဗင်ဆင်ကို သံကိုယ်စားလှယ်အဖြစ် စေလွှတ်လိုက်တယ်။ သာယာဝတီမင်းက ဗင်ဆင်နဲ့ တရားဝင်ဆက်ဆံဖို့ကိုလည်း ငြင်းပြန်တယ်။ ဒါကြောင့် အငြင်းခံရတဲ့ ဗင်ဆင်ကလည်း စစ်ပွဲသာ တစ်ခုတည်းသော နည်းလမ်းလို့ ထောက်ခံပါတယ်။ ဒါပေမဲ့ အိန္ဒိယအစိုးရက ဗင်ဆင်ရဲ့ အကြံပေးချက်ကိုလည်း ပယ်ချပါတယ်။ ဗင်ဆင်ဟာ ကျန်းမာရေးအခြေအနေကြောင့် ၁၈၃၉ ခုနှစ် ဧပြီလမှာ အင်းဝကပြန်သွားတယ်။
ဗင်ဆင်ရဲ့နေရာကို ကပ္ပတိန် ဝီလျှံမက္ကလွိုက်က ဆက်ခံတယ်။ သူက သံကိုယ်စားလှယ်အဖြစ် ၄ လပဲ လုပ်ခဲ့တာပါ။ သာယာဝတီမင်းကတော့ စစ်ရေးပြင်ဆင်မှုတွေတောင် စလုပ်နေပါပြီ။ သံကိုယ်စားလှယ်ရဲ့ အသက်တောင် အန္တရာယ်ရှိတယ်ဆိုတဲ့ ကောလဟာလကလည်း ရှိနေပါတယ်။
မက္ကလွိုက်က ပြန်ဆုတ်ဖို့ ဆုံးဖြတ်လိုက်တယ်။ ကနဦးတော့ ဘုရင်က ဆုတ်ခွင့် မပြုပါဘူး။ အကြောင်းကတော့ စစ်ဖြစ်မှာ စိုးလို့ပါ။ ဒါပေမဲ့ နောက်တော့ ခွင့်ပြုလိုက်တယ်။ ဒါကြောင့် သံကိုယ်စားလှယ်ရုံးက ပထမတော့ ရန်ကုန်ကို ရွှေ့သွားတယ်။ ရန်ကုန်မြို့ဝန်က ဗြိတိသျှသံကိုယ်စားလှယ်ကို ဖော်ဖော်ရွေရွေ လက်ခံပါတယ်။ ဒါပေမဲ့ ၁၈၃၉ ခုနှစ် နိုဝင်ဘာလမှာ ရန်ကုန်မြို့ဝန် အသစ်ခန့်တယ်။ အရာရှိသစ်နဲ့ အလုပ်လုပ်ဖို့ မက္ကလွိုက် အကြပ်ရိုက်လာတယ်။ ဒါကြောင့် ၁၈၄၀ ပြည့်နှစ် သြဂုတ်လမှာ မြန်မာနိုင်ငံက ဗြိတိသျှသံကိုယ်စားလှယ်ရုံးကို တရားဝင် ဖျက်သိမ်းလိုက်ပါတယ်။ 
၁၈၆၂ ခုနှစ်အထိ မြန်မာပြည်အစိုးရနဲ့ နောက်ထပ်သံတမန်ဆက်ဆံရေး ဖွင့်ဖို့ အင်္ဂလိပ်ဘက်က ကြိုးပမ်းလုပ်ဆောင်တာ မရှိတော့ဘူး။ ဒါကြောင့် ၁၈၅၂ ခုနှစ် အင်္ဂလိပ်မြန်မာ ဒုတိယစစ်ပွဲဟာ ငြိမ်းချမ်းစွာ ငြင်းခုန်ဆွေးနွေးဖို့ ကြားခံမရှိဘဲ ဖြစ်ခဲ့ရတယ်။ 

Saturday, June 20, 2020

(ဇာတာ စန်း လဂ်တို့ရဲ့အနာဂတ်)

0 comments
(ဇာတာ စန်း လဂ်တို့ရဲ့အနာဂတ်)
ခုအချိန်ဟာ အမေရိကန်ဒေါ်လာရဲ့ အခန်းကဏ္ဍဟာ အနာဂတ်မှာ ဘယ့်လောက်ရေရာမယ် မရေရာဘူး အပ်ချမတ်ချပြောဖို့ ခက်နေချိန်ပါ။ တချိန်ကဆို အမေရိကန်ဗဟိုဘဏ်ကထုတ်ထားတဲ့ ငွေတိုက်စာချုပ်တွေဟာ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်မို့ နိုင်ငံတွေ အလုအယက် ဝယ်ကြစုကြ ကိုင်ထားကြတာပါ။ တချိန်ချိန် ငွေပြန်ဖော်လည်း လွယ်တယ်၊ ရွှေနဲ့ ဖလှယ်လည်း အလျော့တွက်တွေ အပွန်းအပဲ့တွေမရှိဘူးလို့ ယုံယုံကြည်ကြည်ရှိခဲ့ကြတာပါ။ အမေရိကန်ဟာ ဒေါ်လာငွေကို ကမ္ဘာသုံးငွေသဘော ဖန်တီးထားရင်း တပြိုင်တည်းမှာ ဒေါ်လာကို လက်နက်အဖြစ်လည်း သုံးနေတာပါ။ ထိလည်း တကယ်ထိရောက်ခဲ့ပါတယ်။ နိုင်ငံခြားအရန်ငွေကို ဒေါ်လာအစား တခုခုပြောင်းထားရင်၊ ကုန်သွယ်ကြတဲ့နေရာမှာ ဒေါ်လာအစား အခြားငွေကြေးတခုခု ဒါမှမဟုတ် မိမိတို့ ကုန်သွယ်ဘက်ချင်း သူ့ငွေကိုယ့်ငွေသုံးပြီး ကုန်သွယ်ကြရင်(တနည်းပြောရရင် အမေရိကန်ဒေါ်လာကို ကြားခံငွေအဖြစ်မသုံးတာ) အမေရိကန်ဟာ ရက်ရက်စက်စက် လုပ်တတ်တာကို အီရတ်ကဆက်ဒမ် လစ်ဗျားက ကဒါဖီတို့ကိုကြည့်ရင် မြင်နိုင်ပါတယ်။
ခုကိုဗစ်နိုင်တင်န်းကိစ္စမတိုင်ခင်ကတည်း တရုတ်ငွေတန်ဖိုးမြှင့်မပေးတာကိုအကြောင်းပြုပြီး ဒေါ်လာဈေး မကျ ကျအောင်ရည်ရွယ်ချက်နဲ့ အမေရိကန်ဟာ ဒေါ်လာငွေစက္ကူသစ်တွေ ထရီလီယံနဲ့ချီရိုက်ထုတ်ပြီး ကမ္ဘာ့ငွေကြေးဈေးကွက်ထဲသွန်ချခဲ့တာပါ။ ငွေစက္ကူပုံနှိပ်ခ တရွက်ချင်းကုန်ကျမှုကအတူတူမို့ ကမ္ဘာကိုဒေါ်လာအသစ်တွေဖြန့်တာမှာ တရာတန်တွေချည်းရိုက်ပြီးဖြန့်ပါတယ်။ တရာတန်ပဲရိုက်ရိုက် ၂ ဆယ်တန်ပဲရိုက်ရိုက် တရွက်ချင်းရိုက်နှိပါခအပါအဝင် အရပ်ရပ်ကုန်ကျငွေဟာ ဆင့် ၃ ဆယ်လောက်ပဲကျတာပါ။ နှစ်ဆယ်တန်တွေချည်းရိုက်ရင် တရာဘိုးမှာ ၅ ရွက်ရိုက်ရတာမို့ ကုန်ကျစရိတ်များ ၅ ဆပိုပါတယ်။ ဒါ့ကြောင့် တရာတန်ချည်းရိုက်တာပါ။ သဘောက တရွက်ကို ပြားသုံးဆယ်ပဲတန်တဲ့ ငွေစက္ကူကို ကျနော်တို့က ဒေါ်လာတရာအဖြစ်သုံးနေရတာပါ။ ငွေစက္ကူသစ်တွေအတွက် ရွှေပေါင်(ရွှေနဲ့ချိန်စက်အာမခံ)ထားတယ်ဆိုပေမယ့် အမေရိကန်ဗဟိုဘဏ်ရဲ့ အရန်ရွှေဆိုလှောင်မှုဟာ ဘယ်လောက်အာမခံချက်ရှိမှန်းလည်း သိတ်တော့မရေရာပါ။ နောက်တချက်က ငွေကြေးမခိုင်မာတော့လို့ အာမခံထားတဲ့ရွှေတွေထုတ်ရောင်းမယ်ဆိုလည်း ဝယ်သူကဒေါ်လာငွေကြေးနဲ့ပဲပြန်ဝယ်ရမယ့်သဘောမို့ လုံးလည်ချာလည်လိုက်နေမှာပါ။ ကိုယ့်ငွေတန်ဖိုး နိမ့်နေတယ်ဆို ကိုယ့်ကုန်ပစ္စည်းတွေ ဈေးနိမ့်တာမို့ ဈေးကွက်မှာအဝယ်လိုက် အရောင်းသွက်ပါတယ။ တချိန်က ငွေတန်ဖိုးမြင့်တာဟာ ဂုဏ်ယူစရာဖြစ်ခဲ့တာမှန်ပေမယ့် ဂလိုဘယ်လ်လိုက်ဇေးရှင်န်းခေတ် ကုန်သွယ်ရေးနဲ့ ရောင်းရေးဝယ်တာတွေမှာ ငွေတန်ဖိုးနိမ့်တာဟာ အားသာချက်ပါ။ တရုတ်ထုတ်ကုန်တွေ ဈေးသက်သာတာမို့ ကမ္ဘာ့နိုင်ငံအများကဈေးကွက်တွေမှာ တွင်ကျယ်နေတာပါ။ စကားဘေးချော်သွားမစိုးလို့ လိုရင်းပြန်ကောက်ပါရစေ.
ခု အမေရိကန်ဟာ ငွေစက္ကူသစ်တွေ ထရီလီယံချီရိုက်နေချိန်မှာပဲ အမေရိကန်အစိုးရရသုံးခန့်မှန်းခြေစရိတ်( ဘတ်ဂျက်)လိုငွေပြမှုကကလည်း မိုးထိုးနေတာပါ။ အစိုးရမှာ အကြွေးတွေနဲ့လည်ပတ်နေရတာပါ။ ဒီနေရာမှာ အစိုးရက ငွေချေးတယ်ဆိုတာကို ဗဟိုဘဏ်ကိုငွေစက္ကူသစ်တွေရိုက်နှိပ်ခိုင်းတာပါ။ ခု အမေရိကန်အစိုးရကိုယ်၌ရဲ့အကြွေးပြီးရင် အမေရိကန်ပေးရမယ့်အကြွေးအများဆုံးပြည်ဟာ ဂျပန်ပါ။ ဒါကို ရောက်လွယ်အောင်ပြောရရင် အမေရိကန်ဗဟိုဘဏ်ရဲ့ ငွေတိုက်စာချုပ်တွေအများဆုံးကိုင်ထားတဲ့ အမေရိကန်ရဲ့အကြီးဆုံးမြီရှင်ဟာ အမေရိကန်ပြီးရင် ဂျပန်ပါ။ တရုတ်မဟုတ်တော့ပါ။ တရုတ်က ဒီအလားအလာတွေမြင်လို့များ သူ့ နိုင်ငံခြားအရန်ငွေကို အမေရိကန်ဒေါလာအပြင် တခြားငွေကြေးတွေလည်း မျှပြီးထားသ။လို ရွှေလည်း အကြီးအကျယ်လှောင်ထားတာလားတော့ မပြောတတ်ပါ
တလောက်က အမေရိကန်ဘက်က အသံတသံထွက်ပါတယ်။ သူတို့ ငွေတိုက်စာချုပ်တွေနှစ်စေ့လို့ ငွေပြန်အမ်းရတော့မယ်ဆိုရင် အချိန်ဆက်ဆွဲဖို့ ဒါမှမဟုတ် လုံးဝပြန်မအမ်းတော့ဖို့ဆိုတဲ့အသံပါ။ ကမ္ဘာ့နိုင်ငံတွေမှာ အဲ့သလိုလုပ်ခွင့်မရှဗိပေမယ့် ဒေါ်နယ်လ်ထရမ့်လက်ထက် အပမေရိကန်မှာ ဘာမဆို မိုက်ရူးရဲတဇောက်ကမ်းမလုပ်ဘူးမပြောနိုင်ပါ။ အဲ့ဒီအသံထွက်တုန်းကလည်း တရုတ်ကိုရည်ရွယ်မှန်း သိသာပါ်တယ်။ တရုတ်က သူ့လက်ထဲမှာ အမေရိကန်ငွေတိုက်စာချုပ်တွေ သိတ်မကိုင်ထားတော့ လုပ်ရကိုင်ရခက်နေပုံပါ။ တကယ်လို့ အဲ့သလိုသာ စွတ်ရွတ်လုပ်လိုက်ရင် အထိအနာဆုံးဖြစ်မယ့်နိုင်ငံက ဂျပန်ပါ။
နိဂုံးချုပ်အနေနဲ့ တင်ပြချင်တာက ခုချိန်မှာ အမေရိကန်တွေအကြောက်ဆုံးက ကမ္ဘာ့အနှံ့အပြားမှာ ပြန့်နှံ့နေတဲ့ ငွေတိုက်စာချုပ်တွေနဲ့ အမေရိကန်ဒေါ်လာတွေ အမေရိကန်ကိုပြန်ဝင်လာပြီး ရွှေနဲ့လဲခိုင်းမှာပဲဖြစ်ပါတယ်။ အဲ့သလိုဖြစ်လာရင်(အချိန်အနည်းငယ် နှစ်အနည်းငယ်အတွင်းတော့ မဖြစ်နိုင်သေးပါ) အမေရိကန်ကြီး ရမ်းရမ်းကားကား ကမူးရှူးထိုး တဇွတ်ထိုးတဇောက်ကန်းလုပ်လာနိုင်တယ်ဆိုတာပါ။ အကြွေးပြန်မဆပ်ရအောင် စစ်ပွဲတွေဖန်တီးလာနိုင်တာပါ။ လက်နက်အားကိုးနဲ့ မီးကုန်ယမ်းကုန် ကြမ်းလာနိုင်တာပါ။
မျိုးမြင့်ချိဒ
၂၉၊ ဇွန်၊ ၂၀၂၀

Friday, June 19, 2020

ခေတ်သစ်မြန်မာ့သမိုင်း - ၃၃ ဒေါက်တာသန်းထွန်းရေးတဲ့ A MODERN HISTORY OF MYANMAR 1752 - 1948 ကို ဘာသာပြန်တာပါ။

0 comments
ခေတ်သစ်မြန်မာ့သမိုင်း - ၃၃ ဒေါက်တာသန်းထွန်းရေးတဲ့ A MODERN HISTORY OF MYANMAR 
1752 - 1948 ကို ဘာသာပြန်တာပါ။
အခန်း(၁).
#ကုန်းဘောင်ခေတ်နိုင်ငံရေး
အင်္ဂလိပ်မြန်မာဆက်ဆံရေး
ရန္တပိုစာချုပ်က နယ်နိမိတ်ပြတ်သားအောင်လုပ်ဖို့ ပျက်ကွက်တယ်။ ဒါကြောင့်လည်း နယ်စပ်ဒေသ အငြင်းပွားမှုတွေ ဖြစ်ခဲ့ရတာပါ။ မြန်မာနယ်စပ်ဒေသ အရာရှိတွေဟာ နေပြည်တော်နဲ့ ဝေးလံတဲ့နေရာက ပြည်သူတွေအပေါ် အမှန်တကယ်မထိန်းချုပ်ဘူး။ ဒီအရာရှိတွေက တဗိုလ်တမင်း လုက်နေကြတာပါ။ တချို့အမှုအခင်းတွေမှာ နယ်စပ်ဒေသ အရာရှိတွေပါ ပူးပေါင်းကြံစည်ပြီး ခိုးရာပါပစ္စည်းတွေကို ခွဲဝေယူနေကြတယ်။ ဓါးပြအများစုဟာ သူတို့ဆီမှာပဲ စတည်းချပြီး မြန်မာပိုင်နက်ထဲကနေ အင်္ဂလိပ်ပိုင်နက်ထဲကို ဝင်လုကြတယ်။ ပြသာနာအများစုက တနင်္သာရီတိုင်းအင်္ဂလိပ်ကော်မရှင်နာမင်းကြီးဆီက လာတာပါ။ ဒါပေမဲ့ မြန်မာအစိုးရကတော့ ဒါကို လျစ်လျူရှုထားတယ်။ ဒါကြောင့် ၁၈၂၉ခုနှစ်မှာ အင်္ဂလိပ်စစ်တပ်က မြန်မာနယ်ထဲကိုဝင်ပြီး ဓားပြတွေကို လိုက်ဖမ်းတယ်။ မုတ္တမ ဘုရင်ခံဟာ ဓားပြတွေနဲ့ ပေါင်းနေတယ်လို့ သံသယဖြစ်တဲ့အတွတ် မုတ္တမနဲ့အနီးဝန်းကျင် ရွာတွေကို မီးရှို့ဖျတ်ဆီးတယ်။ ဒါဟာ အင်္ဂလိပ်ဘက်က ရန္တပိုစာချုပ်ကိုဖောက်ဖျတ်တာဖြစ်ပြီး မြန်မာ အစိုးရက စောဒကတက်လို့ ကောင်းသွားတဲ့ကိစ္စပါ။ တပြိုင်တည်းမှာ ရခိုင်ကော်မရှင်နာ မင်းကြီးကလည်း မြန်မာဘက်က သူခိုးဓားပြတွေ သူ့နယ်ထဲဝင်လာတယ်လို့ စောဒကတက်ပြန်တယ်။ ဒါပေမဲ့ မြန်မာအစိုးရက ဒီအခြေအနေတွေကို ရပ်တန့်မပစ်ခဲ့ဘူး။ ၁၈၈၅ခုနှစ် မြန်မာတစ်နိုင်ငံလုံးကို သိမ်းတဲ့အထိ တစ်နယ်ကနေ အခြားတစ်နယ်ကို ဓားပြဝင်တိုက်တာတွေ ဆက်ဖြစ်နေတုန်းပါ။ မော်လမြိုင်မှာ ပထမဆုံးကော်မရှင်နာမင်းကြီးက ဆာအာချီ ဘောလ်ဒ်ကမ်းဘဲလ်ပါ။ သူကမင်းကြီးဘွဲ့ကို နောက်လူ ဘလန်ဒယ်ဆီ လွှဲခဲ့တယ်။ ဘလန်ဒယ်က မြန်မာနဲ့စစ်တိုက်ဖို့ စိတ်အားထက်သန်ပါတယ်။ ဒါပေမဲ့ အိန္ဒိယအစိုးရကတော့ သတိရှိပါတယ်။ တနင်္သာရီဒေသဟာ သယံဇာတမရှိဘူး။ လူနေကျဲတယ်။ လုံလောက်တဲ့ အုပ်ချုပ်ရေးအသုံးစရိတ်လည်း ပြန်မရဘူး။ နှစ်စဉ် အိန္ဒိယအစိုးရက ရူပီတစ်သိန်းခွဲလောက် သူ့အတွတ်ပိုကုန်နေတယ်။ သူတို့က တနင်္သာရီကို အရှုံးနဲ့ ထိန်းထားတာပါ။ ဒါကြောင့် ၁၈၂၆ခုနှစ်မှာ ထိန်းချုပ်ရေးဘုတ်အဖွဲ့က ဒီဒေသကိုလက်လွှတ်ဖို့ ဆုံးဖြတ်လိုက်တယ်။ ပထမတော့ ထိုင်းကိုရောင်းဖို့ စဉ်းစားတယ်။ ထိုင်းက မဝယ်ချင်ဘူး။ ဒုတိယ လွတ်လပ်တဲ့ မွန်နိုင်ငံထူထောင်ပေးဖို့ စဉ်းစားတယ်။ လုံခြုံရေးအာမခံမယ့်သူ မရှိဘူး။ တတိယကတော့ စစ်ကိုင်းမင်းကို ပြန်ပေးဖို့ပါပဲ။ ဘုရင်က ငွေကြေးပမာဏတစ်ခု ပေးမယ်ဆိုရင်ပဲဖြစ်ဖြစ် မြစ်ဝကျွန်းပေါ် ဆိပ်ကမ်းတစ်ခုခုနဲ့ လဲမယ်ဆိုရင်ဘဲဖြစ်ဖြစ် တနင်္သာရီကိုပြန်ရနိုင်ပါတယ်။ ဒီဒေသကို မြန်မာအစိုးရဆီ ပြန်ပေးဖို့ ဘာနေးက ကြိုးစားပြီး ဆွဲဆောင်တယ်။ ဒါပေမဲ့ ဒီလိုလုပ်ဖို့ သဘောမတူကြဘူး။ နောက်ဆုံးမှာတော့ ဘယ်လောက်ဘဲ ကုန်ကျစရိတ်များပါစေ။ တနင်္သာရီကို ဆက်ထိန်းထားရမယ်ဆိုတဲ့အမိန့် အင်္ဂလန်က ရောက်လာတယ်။ အိန္ဒိယအစိုးရက ကုန်သွယ်ရေးနဲ့ သံခင်းတမန်ခင်းအရ စစ်တွေကနေ အင်းဝကို ကုန်းလမ်းဖွင့်ချင်တယ်။ ၁၈၃၀ ပြည့်နှစ် စက်တင်ဘာလမှာ ဘာနေးက အမ်းတောင်ကြားလမ်းကို ဖွင့်ခဲ့တယ်။ ဒါပေမဲ့ ရေလမ်းနဲ့ ဆက်သွယ်ရတာက ပိုလွယ်တာကိုတွေ့ရတယ်။ ဒါကြောင့် စီမံကိန်းကို လက်လျှော့လိုက်တယ်။ ဘာနေးက အကောက်ခွန်နှုန်း သတ်မှတ်ဖို့ မြန်မာအစိုးရကို အကြိမ်ကြိမ် တိုက်တွန်းခဲ့တယ်။ ဒါကြောင့်လဲ ၁၈၃၀ ပြည့်နှစ်မှာ ဘုရင့်အမိန့်နဲ့ အကောက်ခွန်နှုန်း သတ်မှတ်ခဲ့တာပါ။ သွင်းကုန် ပစ္စည်းတန်ဖိုးအပေါ်မှာ ဘုရင်အတွတ် ၁၀ ရာခိုင်နှုန်းနဲ့ အရာရှိတွေအတွတ် ဝ.၅ ရာခိုင်နှုန်း သွင်းကုန်ခွန် စည်းကြပ်တယ်။ ပို့ကုန်ခွန်က လေးပဲနဲ့ ဆန်တစ်တင်း ၈၂ ပေါင်မှာ တစ်တင်းရဲ့ ၁၀ ပုံ ၁ ပုံ ၇.၅ ပေါင်နှုန်း ဖြစ်တယ်။ ၁၈၃၀ပြည့်နှစ် နိုဝင်ဘာလမှာ ပတ္တမြားရောင်းရငွေရဲ့ ၅.၅ ရာခိုင်နှုန်း ပိတ်စတစ်စ သကြားတစ်ပန်းကန်စီ အတွင်းဝန်ကို ပေးရတယ်။ လူတစ်ယောက်လှေစီးရင် ငွေဒင်္ဂါးတစ်ပြားရဲ့ ၁၀ပုံ ၁ပုံ ဆန်တစ်တင်းရဲ့ ၁၀ပုံ၁ပုံ ၇.၅ ပေါင်နှုန်းပေးရတယ်။
၁၈၃၇ခုနှစ်မှာ မင်းသားကြီးက ထီးနန်းသိမ်းမှာစိုးတဲ့အတွက် သာယာဝတီမင်းသားက ရွှေဘိုကို ဆုတ်ခွာပြီး ပုန်ကန်တယ်။ ဘာနေးက အတိအကျ ကြားနေမယ်လို့ ကြေညာတယ်။ ဒါပေမဲ့ အခါအားလျော်စွာ စစ်ကိုင်းမင်းကို တိကျခိုင်မာတဲ့ အကြံဉာဏ်တွေ ပေးနေရပါတယ်။ သူ့ရုံးက စေ့စပ်ရေးလုပ်ပေးရတယ်။ သူပုန် မင်းသားကိုတွေ့ဖို့ ရွှေဘိုကို သွားရတယ်။ နောက်ဆုံးတော့ ၁၈၃၇ ခုနှစ် ဧပြီလ ၈ရက်မှာ စစ်ကိုင်းမင်း လက်နက်ချပြီး သာယာဝတီမင်း ဘုရင်ဖြစ်လာတယ်။ ဘာနေးသွားလိုက်တဲ့ အကျိုးကျေးဇူးက ပုန်ကန်မှု အမြန်ပြီးသွားတာပဲ။ နောက်တစ်နှစ် ၁၈၃၈မှာ ဘာနေး အိန္ဒိယကို ပြန်သွားတယ်။

ခေတ်သစ်မြန်မာ့သမိုင်း - ၃၂ ဒေါက်တာသန်းထွန်းရေးတဲ့ A MODERN HISTORY OF MYANMAR 1752 - 1948 ကို ဘာသာပြန်တာပါ။

0 comments
ခေတ်သစ်မြန်မာ့သမိုင်း - ၃၂ ဒေါက်တာသန်းထွန်းရေးတဲ့ A MODERN HISTORY OF MYANMAR 
1752 - 1948 ကို ဘာသာပြန်တာပါ။
အခန်း(၁).
#ကုန်းဘောင်ခေတ်နိုင်ငံရေး
အင်္ဂလိပ်မြန်မာဆက်ဆံရေး
၁၈၂၆ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက် ရန္တပိုစာချုပ် လက်မှတ်မထိုးခင် ပထမအရစ် စစ်လျော်ကြေးငွေ ၂၅ သိန်းကို ရန္တပိုမှာ ပေးခဲ့တယ်။ အဲဒီတော့မှ ကျူးကျော်လာတဲ့ ရန်သူဟာ ရန်ကုန်ကို ပြန်ဆုတ်သွားတယ်။ ဒုတိယအရစ်သွင်းငွေကို ၁၈၂၆ ခုနှစ် ဒီဇင်ဘာလ ၉ ရက်မှာ ပေးခဲ့တယ်။ အင်္ဂလိပ်စစ်တပ်တွေ ရန်ကုန်ကနေ မော်လမြိုင်ကို ရွှေ့သွားတယ်။ ဒီသွင်းငွေ နှစ်ကြိမ်က နိုင်ငံခြားကျူးကျော်သူတွေကို တိုင်းပြည်ထဲက ရှင်းထုတ်ချင်တဲ့အတွက် မြန်မာတွေက အလျင်စလို ပေးလိုက်ရတာပါ။ ဒါပေမဲ့ တတိယအရစ်နဲ့ စတုတ္ထအရစ် သွင်းငွေကို သတ်မှတ်ရက်အတိုင်း ပေးဖို့ ငြင်းဆိုတယ်။ တတိယအရစ် သွင်းငွေကို ၁၈၂၈ ခုနှစ် ဇူလိုင်လ ၁၄ ရက်အထိ မပေးရသေးဘူး။ တိုင်းပြည်ဟာ ဆင်းရဲချွတ်ခြုံကျပြီး မတတ်နိုင်တော့တဲ့အတွက် နောက်ဆုံးအရစ်သွင်းငွေကို မပေးနိုင်ဘူးလို့ မြန်မာဘက်က ရှင်းပြတယ်။
ဒီနောက် သိပ်မကြာခင် ၁၈၃၀ ပြည့်နှစ် ဇူလိုင်လ ၁၇ ရက်မှာ ဘာနေးက အင်းဝကို ရောက်လာပါတယ်။ သူက စတုတ္ထအရစ်ကို ဖြစ်နိုင်သမျှ အမြန်ဆုံးပေးဖို့ တောင်းဆိုတယ်။ စစ်လျော်ကြေး ကျန်ငွေက ရူပီး ၁၂ သိန်းပါ။ ဒီငွေကို အမြန်ပေးဖို့ ဝန်ကြီးတွေကို ဖိအားပေးတာက ဘာနေးရဲ့ တာဝန်ပါ။ မြန်မာဝန်ကြီးတွေက ဒီငွေပေးဖို့ လူထုကို ဖိအားပေးတယ်။ ဒါပေမဲ့ ကောက်ခံရရှိငွေ ရာခိုင်နှုန်းအများစုက သူတို့အိပ်ထဲ ရောက်ကုန်တယ်။ 
အဲဒီမှာ ငွေစင်အရည်အသွေး အငြင်းပွားပြန်တယ်။ အဲဒီအချိန်က မြန်မာတွေဟာ ငွေဒင်္ဂါးကို မသုံးသေးဘူး။ အင်္ဂလိပ်တောင်းတဲ့ ရူပီး တစ်ကုဋေက ငွေစင် ၇၅,၀၀၀ ပိဿာနဲ့ တန်ဖိုးညီတယ်။ ဒါပေမဲ့ မြန်မာတွေ သုံးနေတဲ့ ငွေစင်အမျိုးအစားက ၃၆ မျိုးတောင် ရှိတယ်။ အကောင်းဆုံးက ရွက်နီနဲ့ ဒေါင်းဒင်္ဂါးပါ။ ဒေါင်းဒင်္ဂါးက ရွက်နီဒင်္ဂါးထက် ၂၅ % ပိုသန့်စင်တယ်။ အဲဒီအချိန်အထိ ဒေါင်းဒင်္ဂါးနဲ့ ပေးရမယ် နားလည်ထားတာပါ။ ဒါပေမဲ့ မြန်မာအရာရှိတွေက ရွက်နီဒင်္ဂါးနဲ့ ပေးချင်တယ်။ ဒေါင်းနဲ့ ၆၀,၇၁၆ ပိဿာ ပေးချေပြီးသားပါ။ ဒါကို ရွက်နီနဲ့ ပြောင်းပြီး တန်ဖိုးသင့်လိုက်ရင် ၇၅,၈၈၅ ပိဿာ ဖြစ်လာတယ်။ နကိုတောင်းတာက ၇၅,၀၀၀ ပိဿာပါ။ ဒါကြောင့် မြန်မာအရာရှိတွေက သူတို့ကို ပေးတာ ၈၈၅ ပိဿာ ပိုနေပြီလို့ ဆိုပါတယ်။ စတုတ္ထအရစ်ငွေ ပေးရမယ့်အစား ၈၈၅ ပိဿာ ပြန်ပေးရမယ်လို့ တောင်းဆိုတယ်။ ငြင်းလို့ကို မဆုံးတော့ပါဘူး။ 
နောက်ဆုံးတော့ ဘာနေးက ဒါကို လျှော့မပေးဘူးဆိုရင် သူအငြိမ်းစားယူတော့မယ်လို့ ခြိမ်းခြောက်တော့တာပါပဲ။ သူအငြိမ်းစားယူပြီး သိပ်မကြာခင် စစ်ကြေညာတော့မှာပဲလို့ မြန်မာက သိပါတယ်။ မြန်မာဘက်က အကြောင်းမပြန်တော့ဘူး။ ဒီတော့ ဘာနေးက သူ့ပစ္စည်းတွေ ထုပ်ပိုးပြီး ရန်ကုန်ကို ဆင်းသွားတယ်။ သူ့ကို လမ်းကပြန်ခေါ်ပြီး ငွေပေးဖို့ ကတိပြုလိုက်ရတယ်။ ဒါကြောင့် နောက်ဆုံးအရစ်ကို ၇ နှစ်အကြာ ၁၈၃၃ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်မှာ ပေးခဲ့ရတယ်။ စစ်လျော်ကြေးက လူထုအပေါ် ဝန်ထုပ်ဝန်ပိုး ဖြစ်လာတယ်။ တချိန်တည်းမှာ အင်္ဂလိပ်ဆန့်ကျင်ရေး စိတ်ဓါတ်တွေ ပေါ်လာတယ်။ စစ်လျော်ကြေးပေးရာမှာ သုံးတဲ့ ငွေအများစုကို လူထုက ပေးရတာပါ။ ကောက်ခံတဲ့ နည်းလမ်းကလည်း ရက်စက်ပါတယ်။

ခေတ်သစ်မြန်မာ့သမိုင်း - ၃၁ ဒေါက်တာသန်းထွန်းရေးတဲ့ A MODERN HISTORY OF MYANMAR 1752 - 1948 ကို ဘာသာပြန်တာပါ။

0 comments
ခေတ်သစ်မြန်မာ့သမိုင်း - ၃၁ဒေါက်တာသန်းထွန်းရေးတဲ့ A MODERN HISTORY OF MYANMAR 
1752 - 1948 ကို ဘာသာပြန်တာပါ။
အခန်း(၁).
#ကုန်းဘောင်ခေတ်နိုင်ငံရေး
အင်္ဂလိပ်မြန်မာဆက်ဆံရေး
#အင်္ဂလိပ်မြန်မာပထမစစ်ပွဲ
အင်းဝရောက်ဗြိတိသျှသံကိုယ်စားလှယ်များ
ဘာနေးက မင်းညီမင်းသားတွေနည်းတူ မူးကြီးမတ်ရာတွေနဲ့လည်း အကျွမ်းဝင်ဖို့ ကြိုးပမ်းတယ်။ သူက နန်းတွင်းမှာ အရေးပါသူမှန်သမျှကို လက်ဆောင်ပဏ္ဍာဆက်သတယ်။ ဝန်ကြီးတွေကိုလည်း အခါအားလျော်စွာ ညစာဖိတ်ကျွေးတယ်။ ဘုရင့်ဆီ မကြာခဏသွားပြီး မျက်နှာရအောင် ကြိုးစားတယ်။ အတုံ့အလှည့်အနေနဲ့ နန်းတွင်း ပွဲသဘင်အများစုမှာ သူ့ကို အဖိတ်ခံရတယ်။ ဒီလို ပွဲတက်ရာမှာ သူက လိုက်လျောညီထွေ နေတတ်တယ်။ ဦးထုပ် မဆောင်းဘူး။ ဒူးထောက်ထိုင်တယ်။ ဖိနပ်မစီးပဲ လမ်းလျှောက်တယ်။ အကြောင်းကတော့ မြန်မာ့ နန်းတွင်းဓလေ့က ဘုရင့်ရှေ့တော်မှောက်မှာ ဦးထုပ်၊ ထီး၊ ဖိနပ်တို့ကို သုံးစွဲခွင့် မပြုဘူး။ ခါးမတ်ပြီးတော့လည်း မထိုင်ရဘူး။ သိပ်မကြာခင်ပဲ ဘုရင်က သူရှိနေတာကို သဘောကျသွားတယ်။ ဒါပေမဲ့ သူ့ခမျာ နိုင်ငံရေးစကား မပြောဝံ့သေးဘူး။ စစ်ကိုင်းမင်းက ၁၈၂၄- ၁၈၂၆ အင်္ဂလိပ်မြန်မာစစ်ပွဲမှာ အရှက်ကွဲခဲ့တာကို မမေ့နိုင်သေးဘူး။ သံကိုယ်စားလှယ်ရုံးရှိနေတာကိုတောင် ဘုရင်က မနှစ်မြို့ဘူး။ မြန်မာအရာရှိတွေက ဗြိတိသျှ သံကိုယ်စားလှယ်ကို ငြင်းခုန်စောဒကတက်တာမျိုး ဘယ်တော့မှ မလုပ်ဘူး။ အကြောင်းကတော့ သံကိုယ်စားလှယ်ရုံးကို သူတို့က မသုံးလို့ပဲ။ အင်္ဂလိပ်ဘက်မှာသာ ဆင်ခြေတက်သူ အများဆုံးပါ။ ဘာနေးက ဘုရင့်နန်းတော်ရဲ့ အကြံပေးအဖြစ် သူ့ကို အသုံးတည့်အောင် နေတယ်။ အခြေအနေကို အကောင်းဆုံးချိန်ညှိ ထိန်သိမ်းဖို့ ကြိုးပမ်းတယ်။ မြန်မာတွေက ပြင်ပကမ္ဘာကြီးနဲ့ သီးခြားနေဖို့ ဆုံးဖြတ်ထားတာပါ။ ဒါပေမဲ့လည်း တပြိုင်နက်တည်းမှာ သူတို့ဟာ ဗြိတိသျှရဲ့ နောက်ထပ်ကျူးကျော်မှုကို ခုခံကာကွယ်ချင်တယ်။ ကံဆိုးတာက မြန်မာဝန်ကြီးတွေဟာ သူတို့ရဲ့ လွတ်လပ်တဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်ကို သုံးနိုင်တဲ့အင်အား အမှန်တကယ် မရှိဘူး။ အရေးကြီး ကိစ္စမှန်သမျှ ဘုရင်ဆီ ထိုးအပ်လိုက်ကြတယ်။ ဝန်ကြီးတွေဟာ ဘုရင် မကြိုက်တာ လုပ်မယ်စိတ်ကူးရင် လုံးဝ အဖယ်ရှားခံရတယ်။ ဒါကြောင့် ဘာနေးက မြန်မာအစိုးရဘက်က လိုအပ်နေလို့ သံကိုယ်စားလှယ်ရုံးရှိနေတာ ဖြစ်အောင်လုပ်ဖို့ ကြိုးစားတယ်။ အင်းဝနဲ့ဆက်ဆံရာမှာ အထက်စီးကနေဖို့ အိန္ဒိယအစိုးရကို ဘာနေးက အကြံပေးတယ်။ ဒါမှသာ အဆင်ပြေချောမွေ့အောင် သူက ဝင်စွက်ဖက်ဖို့ အခွင့်အရေးရမှာပါ။ ဒီလိုသာဖြစ်ရင် ဘုရင်က သံကိုယ်စားလှယ်ရုံးကို ဆက်ရှိနေစေချင်မှာပါ။ မငြင်းနိုင်တာကတော့ အင်္ဂလိပ်တွေရဲ့ ရည်ရွယ်ချက်က မြန်မာပြည်ကို လက်အောက်ခံနိုင်ငံအဖြစ်ထားဖို့၊ ဒါမှမဟုတ် လက်အောက်ခံ မဟာမိတ်အဖြစ် သွတ်သွင်းဖို့ အဓမ္မဆောင်ရွက်နေတယ် ဆိုတာပါပဲ။ ဒီလိုမှ မဟုတ်ရင်လည်း တိုင်းပြည်ဟာ ဗြိတိသျှအင်ပါယာထဲ အသိမ်းခံရပြီး ပျက်စီးကိန်းဆိုက်ရမှာပါ။ ဒါပေမဲ့ မြန်မာတွေဟာ ဒီအခြေအနေကို သတိမထားမိပါဘူး။ ဘုရင်ကသာ လက်အောက်ခံမဟာမိတ်အဖြစ်လက်ခံပြီး နေနိုင်မယ်ဆိုရင် တိုင်းပြည်ရဲ့နယ်မြေကို ထိန်းသိမ်းထားနိုင်ဦးမယ်။ အင်းဝမှာ သံကိုယ်စားလှယ်ရုံးစိုက်ပြီး နှစ်အနည်းငယ်အကြာမှာပဲ ဘာနေးဟာ သူ့ရဲ့မူဝါဒက ပုံပျက်ပန်းပျက် ကျဆုံးနေပြီဆိုတာ သဘောပေါက်လာတယ်။ အထူးသဖြင့် သာယာဝတီမင်း ထီးနန်းဆက်ခံလိုက်တဲ့ အချိန်မှာပါ။ ဘာနေးက သံကိုယ်စားလှယ်ရုံးကို ရုပ်သိမ်းပြီး တိုင်းပြည်ကို ချက်ချင်းသိမ်းပိုက်လိုက်ဖို့ သူ့အစိုးရကို အကြံပေးတယ်။ အခြားနည်းလမ်း မရှိတော့ဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့ ဘုရင်ခံချုပ်က သူ့အကြံအစည်ကို လက်မခံဘူး။ တကယ်တော့ ဘာနေးဘက်က လုံးဝမှန်ပါတယ်။ အကြောင်းကတော့ သံကိုယ်စားလှယ်ရုံးကို ၁၈၄၈ ခုနှစ်မှာ ရုပ်သိမ်းခဲ့ရပြီး ၁၈၅၂ ခုနှစ်မှာပဲ စစ်ကြေညာခဲ့ရတာပါ။ ပထမပြဿနာက ဘာနေးဟာ ကဘော်ချိုင့်ဝှမ်းပြဿနာနဲ့ ထိပ်တိုက်ရင်ဆိုင်ခဲ့ရတယ်။ ကဘော်ချိုင့်ဝှမ်းဟာ မဏိပူရနဲ့ ချင်းတွင်းမြစ်ကြား ကုန်းရိုးတန်းကမ်းမြှောင်ကလေးပါ။ တောင်းရိုးကြီးတွေဝန်းရံပြီး နယ်နိမိတ်သတ်ထားတယ်။ မြန်မာနဲ့ မဏိပူရီတွေ မကြာခဏလက်ပြောင်းပြီး အငြင်းပွားနေတဲ့ ဒေသပါ။ ၁၈၂၄ ခုနှစ်က ဒီဒေသဟာ မြန်မာ့လက်အောက်မှာ ရှိတယ်။ ဒါပေမဲ့ ၁၈၂၄ - ၂၆ ခု စစ်ပွဲမှာ ရှုံးနိမ့်တော့ အင်္ဂလိပ်က မဏိပူရရာဇာကို ဒီဒေသ ပြန်ပေးလိုက်တယ်။ ကဘော်ချိုင့်ဝှမ်းပြဿနာက ရန္တပိုစာချုပ်မှာ မပါခဲ့ဘူး။ ဒါကြောင့် ဒီဒေသကို ပြန်တောင်းဖို့ မြန်မာတွေမှာ အမြဲတမ်း အခွင့်အရေး ရှိနေတယ်။ 
၁၈၃၀ ပြည့်နှစ်မှာ အိန္ဒိယ အစိုးရက မြန်မာကို ကဘော်ချိုင့်ဝှမ်း ပြန်မပေးသင့်ဘူးလို့ ဆုံးဖြတ်တယ်။ စစ်ကိုင်းမင်းက အင်မတန်ဒေါသထွက်တယ်။ ဒီဒေသကို ပြန်ရဖို့ အင်အားသုံးမယ်တောင် စဉ်းစားခဲ့တာပါ။ ဒါပေမဲ့ ဝန်ကြီးတွေက ဘာနေးပြန်လာတဲ့အထိ စောင့်ပါဦးလို့ ဘုရင်ကို နားချတယ်။ စီးပွားရေးအရဆိုရင် ကဘော်ချိုင့်ဝှမ်းက သုံးမရသလောက်ပါပဲ။ မြန်မာက ဒီဒေသကို ပြန်လိုချင်တယ်ဆိုတာ ဂုဏ်သိက္ခာအတွက်ပါ။ မြန်မာကို ကတိပေးမထားပေမဲ့ ကဘော်ချိုင့်ဝှမ်းကို ပြန်ပေးရမှာပဲလို့ ဘာနေးက သူ့အစိုးရကို လျှို့ဝှက် ထောက်ခံထားတယ်။ သူက ကာလကတ္တားကို သံတမန်လွှတ်ဖို့ ရိုးရိုးပဲ အကြံပေးတယ်။ ရည်ရွယ်ချက်ကတော့ အိန္ဒိယမှာရှိတဲ့ ကုမ္ပဏီရဲ့ အင်အားကို သံအရာရှိတွေ လေ့လာမိစေချင်တာပါ။ မြန်မာသံတမန်တွေ ကာလကတ္တားကို ရောက်နေတုန်း သူလည်း ပြန်လာပြီး ဘုရင်ခံကို တွေ့တယ်။ ကဘော်ချိုင့်ဝှမ်းကို ပြန်ပေးဖို့ ရှင်းပြတယ်။ ဘုရင်ရဲ့ စိတ်ကျေနပ်မှုကိုရနိုင်ပြီး ဒါကတဆင့် ကောင်းမွန်တဲ့ဆက်ဆံရေး ဖွံ့ဖြိုးလာနိုင်တယ်။ ဘုရင်ခံက ဒီအကြံကို လက်ခံဖို့ အဆင်သင့် မဖြစ်ပါဘူး။ ဒါပေမဲ့ နောက်ပိုင်းမှာ ဘုရင်ခံက ချင့်ချိန်သုံးသပ်ပြီး ပြန်ပေးလိုက်ဖို့ ပြောပါတယ်။ မဏိပူရရာဇာကိုတော့ လျော်ကြေးအနေနဲ့ တစ်လကို ရူပီး ၅၀ ပုံမှန်ထောက်ပံ့တယ်။ သူ့ရဲ့ ဆက်ခံသူတွေကိုပါ အကျုံးဝင်စေတယ်။ ၁၈၈၅ ခုနှစ်မှာ အထက်မြန်မာပြည်ကို သိမ်းတော့ ရာဇာက ကဘော်ချိုင့်ဝှမ်းကို သူ့ကို ပြန်ပေးဖို့ ပြောသေးတယ်။ ဒါပေမဲ့ မရတော့ပါဘူး။

ခေတ်သစ်မြန်မာ့သမိုင်း - ၃၀ ဒေါက်တာသန်းထွန်းရေးတဲ့ A MODERN HISTORY OF MYANMAR 1752 - 1948 ကို ဘာသာပြန်တာပါ။

0 comments
ခေတ်သစ်မြန်မာ့သမိုင်း - ၃၀ဒေါက်တာသန်းထွန်းရေးတဲ့ A MODERN HISTORY OF MYANMAR 
1752 - 1948 ကို ဘာသာပြန်တာပါ။
အခန်း(၁).
#ကုန်းဘောင်ခေတ်နိုင်ငံရေး
အင်္ဂလိပ်မြန်မာဆက်ဆံရေး
#အင်္ဂလိပ်မြန်မာပထမစစ်ပွဲ
အင်းဝရောက်ဗြိတိသျှသံကိုယ်စားလှယ်များ
#ဟင်နရီဘာနေး(၁၈၃၀ - ၃၈)
ဟင်နရီဘာနေးကို ဗြိတိသျှမိဘတွေက အိန္ဒိယမှာ မွေးတယ်။ သူက ကိုယ်ရည်ကိုယ်သွေး ကောင်းသူပါ။ အာရှတိုက်သားတွေကို ချစ်ခင်တယ်။ စစ်တပ်ထဲဝင်ခဲ့ပြီး မြန်မာပြည်လာတော့ ဗိုလ်ကြီး ဖြစ်နေပြီ။ မြန်မာပြည်မလာခင်က ထိုင်းမှာ နိုင်ငံရေးကိုယ်စားလှယ် လုပ်ဖူးတယ်။ ၁၈၂၉ ခုနှစ်တုန်းက ထားဝယ်သူပုန်ကိုလည်း နှိမ်နှင်းခဲ့ဖူးပါတယ်။ သူ့ရဲ့ စစ်မှုထမ်း အလုပ်က သံတမန်လုပ်ငန်းလိုပဲ ထိုင်းနိုင်ငံမှာ အောင်မြင်တယ်။ ဘုရင်ခံချုပ်က ဘာနေးကို သိပ်ပြီးတော့ သဘောကျ ကျေနပ်တာပါ။ အာရှတိုက်သားတွေအပေါ် နားလည်မှုရှိရာမှာတော့ အဲဒီခေတ်ရဲ့ အကောင်းဆုံး အင်္ဂလိပ်လူမျိုးတစ်ယောက်ပဲလို့ ဆိုရပါမယ်။ ဒါကြောင့် သူ့ကို မြန်မာပြည်မှာ သံကိုယ်စားလှယ်ခန့်ဖို့ ယုံကြည်မှုရတာပါ။ သူက စကားပြော ပွင့်လင်းတယ်။ ရိုးသားတယ်။ အမြော်အမြင်ရှိတယ်။ ဒါကြောင့်လည်း အိန္ဒိယအစိုးရက သူ့ကို လေးစားတယ်။ သူကတော့ အိန္ဒိယအစိုးရကို သိပ်မကြိုက်လှဘူး။
အိန္ဒိယအစိုးရက အမှားလုပ်တာကို ထောက်ပြဖို့ သူက ဝန်မလေးပါဘူး။ အင်းဝနန်းတော်မှာလည်း သိပ်မကြာခင် အရေးပါ အရာရောက်လာတယ်။ ဘုရင် မျက်နှာသာပေးတာကို ခံရတယ်။ သံတမန်ဆက်ဆံရေးကာလမှာ အကောင်းဆုံး အရည်အသွေးကို ဖော်ပြနိုင်ခဲ့တယ်။ ဒါပေမဲ့ အင်္ဂလိပ်တွေက သူ့ကို ထိုက်ထိုက်တန်တန် မချီးမြှင့်ပါဘူး။ မသိကျိုးကျွံပြုတာ ခံရတယ်။ မြန်မာပြည်မှာ စိတ်ရှည်လက်ရှည် တာဝန်ထမ်းတယ်။ ၁၈၄၅ ခုနှစ် အသက် ၅၀ အရွယ်မှာ ကွယ်လွန်တယ်။ မြန်မာပြည်ကို သူလာတဲ့ ရည်မှန်းချက် ၁၀ ခုရှိပါတယ်။ အဲဒါတွေက
၁။ အရစ်ကျပေးနေတဲ့ စစ်လျော်ကြေးငွေ စတုတ္ထနဲ့ နောက်ဆုံးအသုတ်ကို ပြီးစီးအောင် လုပ်မယ်။
၂။ ကဘော်ချိုင့်ဝှမ်း၊ ပုသိမ်ခရိုင်နဲ့ မုတ္တမခရိုင်တို့ရဲ့ နယ်နိမိတ်ကို သတ်မှတ်ပြီး ဘီလူးကျွန်းပိုင်ဆိုင်မှုကို ဆုံးဖြတ်မယ်။
၃။ တနင်္သာရီကို ဧရာဝတီမြစ်ဝကျွန်းပေါ်က နေရာတချို့နဲ့ လဲလှယ်ဖို့၊ ဒါမှမဟုတ် ငွေနဲ့ရောင်းချဖို့ အင်းဝနန်းတော်ကို ဆွဲဆောင်မယ်။ ဒီလိုလုပ်ရာမှာ ဗြိတိသျှဂုဏ်သိက္ခာ မထိခိုက်အောင် သတိကြီးကြီးနဲ့ ဆောင်ရွက်မယ်။ အကြောင်းကတော့ တနင်္သာရီကရတဲ့ အခွန်တော်ငွေဟာ အုပ်ချုပ်ရေးစရိတ်တောင် မကာမိလို့ပဲ။
၄။ နယ်စပ်ဒေသက ဓါးပြမှုတွေအတွက် မြန်မာမှာ တာဝန်ရှိကြောင်း ဖော်ထုတ်မယ်။ မြန်မာဘက်က ဓါးပြတွေဟာ အင်္ဂလိပ်ဘက်ကို ကြိမ်ဖန်များစွာ ရောက်တယ်။ မြန်မာအာဏာပိုင်တွေက နယ်စပ်ဒေသတလျောက်မှာ ဖြစ်နေတဲ့ အဲဒီဓါးပြမှုတွေကို အားပေးတယ်။ သို့မဟုတ် အရေးမယူ လျစ်လျူရှုတယ်ဆိုတဲ့ စွပ်စွဲချက်က ရှိနေတာပါ။
၅။ ကုန်တင်ပို့ဖို့နဲ့ စစ်ရေးမှာသုံးဖို့ အမ်းတောင်ကြားလမ်း ဒါမှမဟုတ် တောင်ကုတ်တောင်ကြားလမ်းကိုဖြတ်ပြီး စစ်တွေနဲ့အင်းဝ ကုန်းတွင်းလမ်းဖောက်မယ်။ ဘာနေးက ဖြစ်နိုင်ရင် လမ်းအူကြောင်းကို ကိုယ်တိုင်ဆင်းပြီး တိုင်းမှာပါ။
၆။ မြန်မာပြည်မှာ နိုင်ငံခြား ကုန်သည်တွေရဲ့ နစ်နာချက်တွေကို အမှန်အတိုင်းဖြစ်အောင် တောင်းဆိုဖို့ ပြောရေးဆိုခွင့်ရှိသူအဖြစ် ဆောင်ရွက်မယ်။
၇။ မြန်မာပြည်မှာ အင်္ဂလိပ်ကုန်သွယ်ရေး တိုးတက်အောင် နည်းလမ်းရှာမယ်။
၈။ မြန်မာပြည်ရဲ့ နိုင်ငံရေးနဲ့ လူမှုရေးအခြေအနေကို လေ့လာမယ်။
၉။ ငြိမ်းချမ်းရေးကို ထိန်းသိမ်းဖို့ ဘုရင်နဲ့ သူ့ရဲ့နန်းတော်ကို လိုက်လျောပြီး ဆက်ဆံမယ်။
၁၀။ အမြဲတမ်း သံတမန်ဆက်ဆံရေးရဲ့ အကျိုးရှိပုံကို ဘုရင်နဲ့ နန်းတွင်းက သိလာအောင် ဖျောင်းဖျမယ်။
မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးတွေမှာ ဝင်မစွက်ဖို့နဲ့ လိုအပ်ရင် သံကိုယ်စားလှယ်ရုံးကို သူ့ရဲ့ကိုယ်ပိုင် ဆုံးဖြတ်ချက်နဲ့ ပြန်ပြီးရုပ်သိမ်းခဲ့ဖို့ကိုလည်း သူ့ကို ညွှန်ကြားထားတယ်။ ဘာနေးက ဒီအမိန့်တွေကို ရန်ကုန်မှာ လက်ခံရရှိပြီး ၁၈၃၀ ပြည့်နှစ် ဇွန်လ ၁၇ ရက်မှာ အင်းဝကို ရောက်လာတယ်။ ပြဿနာပေါင်းစုံကို သူရောက်လာတဲ့အထိ ဆိုင်းထားကြတာပါ။ မြန်မာအရာရှိတွေက သူရောက်လာတော့ ပျော်သွားတယ်။ ရခိုင်နဲ့ တနင်္သာရီ ပြန်ပေးဖို့ ကိစ္စကို ထဲထဲဝင်ဝင် ဆွေးနွေးချင်လို့ပါ။ ဘာနေးက တစ်ဖက်သားကို အလေးထားတတ်သူပါ။ နောက်ပိုင်း သံကိုယ်စားလှယ်တွေကတော့ သူ့လို မဟုတ်ဘူး။ အဲဒီမှာ ဖိနပ်ပြဿနာလို့ လူသိများတဲ့ ကိစ္စ ဖြစ်လာရတာပါပဲ။

Wednesday, June 10, 2020

ခေတ်သစ်မြန်မာ့သမိုင်း - ၂၉ ဒေါက်တာသန်းထွန်းရေးတဲ့ A MODERN HISTORY OF MYANMAR 1752 - 1948 ကို ဘာသာပြန်တာပါ။

0 comments
ခေတ်သစ်မြန်မာ့သမိုင်း - ၂၉ဒေါက်တာသန်းထွန်းရေးတဲ့ A MODERN HISTORY OF MYANMAR 
1752 - 1948 ကို ဘာသာပြန်တာပါ။
အခန်း(၁).
#ကုန်းဘောင်ခေတ်နိုင်ငံရေး
အင်္ဂလိပ်မြန်မာဆက်ဆံရေး
#အင်္ဂလိပ်မြန်မာပထမစစ်ပွဲ
အင်းဝရောက်ဗြိတိသျှသံကိုယ်စားလှယ်များ
ရန္တပိုစာချုပ် ပုဒ်မခွဲ (၇) အရ ဗြိတိသျှ အရာရှိတစ်ဦးကို လက်နက်ကိုင် နောက်လိုက် ၅၀ နဲ့အတူ ဗြိတိသျှ အိန္ဒိယအစိုးရရဲ့ ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ဖို့ မြန်မာနန်းတော်မှာ အမြဲတမ်း အခြေစိုက် နေထိုင်ခွင့်ပြုထားတယ်။ မြန်မာနန်းတော်နဲ့ အင်္ဂလိပ်ကုန်သည်တွေကြားက ဆက်ဆံရေးဟူသမျှ သူ့ကိုဖြတ်ပြီး သွားရမှာပါ။ အဲဒီအရာရှိကို သံကိုယ်စားလှယ်လို့ခေါ်ပြီး သူ့ရုံးကို သံကိုယ်စားလှယ်ရုံးလို့ ခေါ်ပါတယ်။ 
မြို့တော်ကို အမရပူရကနေ အင်းဝကို ၁၈၂၄ ခုနှစ် မတ်လ ၃ ရက်မှာ ရွှေ့သွားတဲ့အတွက် ခရောဖတ်က အင်းဝရောက် ပထမဆုံး ဗြိတိသျှ သံကိုယ်စားလှယ်ပါ။ သူ့ကို လွှတ်လိုက်တဲ့ အဓိက ရည်ရွယ်ချက်က မြန်မာနဲ့ ကုန်သွယ်ရေးစာချုပ် ချုပ်ဖို့ပါ။ ဒါကလည်း ရန္တပိုစာချုပ်ရဲ့ ရည်မှန်းချက်တွေထဲက တစ်ခုပါ။ ရန္တပိုစာချုပ်အရ ကုန်သွယ်ရေးစာချုပ်ကို သီးသန့် အချိန်မဆိုင်းဘဲ အပြီးသတ် ချုပ်ဆိုရမယ်လို့ ဆိုထားပါတယ်။ ဒါ့ကြောင့် ဒီရည်ရွယ်ချက်ကို အကောင်အထည်ဖော်ဖို့ ခရောဖတ်ကို ၁၈၂၆ ခုနှစ်မှာ လွှတ်လိုက်တာပါ။ 
ခရောဖတ်က အခြေအနေအရ သူ့စကားပြန်အဖြစ် မစ္စတာဂျပ်ဆင်ကို ဆောင်ရွက်စေတယ်။ ဂျပ်ဆင်ဟာ မြန်မာနိုင်ငံမှာ ခရစ်ယာန် တရားဟောခွင့်ရဖို့ ဘုရင့်ဆီက ခွင့်ပြုချက်ရအောင် ကြိုးပမ်းနေတာပါ။ ခရောဖတ်က ပုဒ်မခွဲ ၂၂ ခုပါတဲ့ စာချုပ်မူကြမ်းကို ရေးတယ်။ ဘုရင်က ပြဿနာတွေကို ဆွေးနွေးငြင်းခုန်ဖို့ ကော်မရှင်နာမင်းကြီးတွေကို လွှဲအပ်တယ်။ ဆွေးနွေး ငြင်းခုန်ရင်းနဲ့ ပိုဒ်ခွဲ ၁၇ ခုကို ဖြုတ်ခဲ့ရတယ်။ အကြောင်းကတော့ ကူးသန်းရောင်းဝယ်ရေးဟာ မြန်မာတွေအတွက် အမှန်တကယ် အကျိုးရှိမှာမဟုတ်ဘူးလို့ မြန်မာအရာရှိတွေက ယူဆကြလို့ပါပဲ။ ဒီလိုနဲ့ နောက်ဆုံးတော့ ပိုဒ်ခွဲ ၅ ခုပဲ ကျန်ပါတော့တယ်။ အဲဒီပိုဒ်ခွဲတွေကတော့ 
၁။ အိန္ဒိယမြန်မာ နှစ်နိုင်ငံ လွတ်လပ်စွာ အပြန်အလှန် ကုန်သွယ်ရေးအတွက် ၂ နိုင်ငံကြားမှာ ကုန်သွယ်ရေး တိုးတက်မှုကို ပိတ်ဆို့ခြင်း မရှိစေရ။
၂။ ရွှေနဲ့ငွေ အဝင်အထွက် ၂ ဖက်စလုံးက တင်းကြပ်ထားတာကို ဖယ်ရှားပေးရမယ်။
၃။ ဆိပ်ကမ်းခွန် သတ်မှတ်ရမယ်။
၄။ နိုင်ငံအတွင်းမှာ ကုန်သည်တွေ သွားလိုတဲ့ နေရာမှန်သမျှ ခွင့်ပြုရမယ်။ သူတို့ နိုင်ငံက ပြန်ထွက်တဲ့အခါ မိသားစုတွေကိုပါ ခေါ်ယူခွင့်ပြုရမယ်။
၅။ သင်္ဘောပျက်တဲ့ သင်္ဘောသားတွေကို တိုးချဲ့ ထောက်ပံ့ရမယ် ဆိုတာတွေပါပဲ။
မြန်မာကော်မရှင်က အဖိုးတန်ကျောက်မျက်တွေ ပြည်ပတင်ပို့တာ သဘောတူဖို့ငြင်းသလို မြန်မာပြည်ကထွက်ရင် မိသားစုတွေ ခေါ်ခွင့်ပြုဖို့လည်း ငြင်းပါတယ်။ ဒီ ၂ ချက်နဲ့ ပတ်သက်ပြီး ခရောဖက်က အကောင်းဆုံး ကြိုးပမ်းပေမဲ့ အဆင်မပြေဘူး။ ကျန်တဲ့အပိုဒ်တွေကိုပဲ သဘောတူပြီး အထက်ကအတိုင်း လက်မှတ်ထိုးတယ်။ မြန်မာကော်မရှင်ကလည်း ဗြိတိသျှကို တောင်းဆိုတာတွေ ရှိပါတယ်။ မြန်မာဘက်က တောင်းဆိုတာတွေက
၁။ မုတ္တမခရိုင်ကို တနင်္သာရီရဲ့ အစိတ်အပိုင်းအဖြစ် ဗြိတိသျှက မှားယွင်း သိမ်းပိုက်ထားတယ်။ ဒါကြောင့် အဲဒီနယ်မြေ အစိတ်အပိုင်းကို မြန်မာဘက် ပြန်ပေးရမယ်။
၂။ ဖြစ်နိုင်ရင် ဘာအလဲအထပ်မှ မလုပ်ဘဲ ရခိုင်နဲ့ တနင်္သာရီကို မြန်မာဘုရင်က ပြန်လိုချင်တယ်။
၃။ အခု ဂမ်ဗီယာဆင်းရဲ့ လက်ထဲမှာ ရောက်နေတဲ့ ကဘော်ချိုင့်ဝှမ်းကို ပိုင်ရှင်အစစ်ဖြစ်တဲ့ မြန်မာကို ပြန်ပေးရမယ်။
၄။ စစ်လျော်ကြေးငွေ အရစ်ကျပေးချေဖို့ ကျန်နေတာကို အချိန်ရွှေ့ပေးရမယ်။ တိုင်းပြည်က စစ်ဒဏ်ကြောင့် နာလံမထူသေးဘူး ဆိုတာတွေပါ။
ဒီ ၄ ချက်စလုံးက နိုင်ငံရေးသဘောအရ အကျပ်ရိုက်စေတယ်။ ခရောဖတ်က သူဟာ ကုန်သွယ်ရေး ကိစ္စတွေ ဆွေးနွေးဖို့လာတာပါ။ နိုင်ငံရေးကိစ္စတွေမှာ အာဏာမပိုင်ဘူးလို့ ဆင်ခြေပေးတယ်။ အဲဒီအချိန်မှာ မဏိပူရနဲ့ အာသံက လူတွေအများကြီးကို မြန်မာက ကျေးကျွန်အဖြစ် သိမ်းပိုက်ထားတယ်။ ခရောဖတ်က သူတို့ကို ပြန်လွှတ်ပေးဖို့ တောင်းဆိုတယ်။ လက်ရှိအချိန်မှာ အဲဒီလူတွေက ဗြိတိသျှရဲ့ ကျေးတော်မျိုးကျွန်တော်မျိုးတွေ ဖြစ်နေလို့ပါပဲ။ ဒါပေမဲ့ မြန်မာဘက်ကလည်း အဲဒီကျေးတော်မျိုးကျွန်တော်မျိုးတွေကို ကျွန်ပြုတာ ကူးသန်းရောင်းဝယ်ရေးကိစ္စနဲ့ ဘာမှ မဆိုင်ဘူးလို့ ပြောတယ်။ 
ဒါကြောင့် ဘာမှ ဆက်လုပ်လို့ မရဘဲ ၁၈၂၆ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ ခရောဖတ်လည်း အင်းဝက ပြန်သွားရတယ်။ ဒါပေမဲ့ ရန်ကုန်မှာ ခဏတော့ သူဆက်နေပါသေးတယ်။ ခရောဖတ်ကို ဘုရင်ခံ ဦးစီးကောင်စီက အပြင်းအထန် ဝေဖန်တယ်။ ဒါပေမဲ့ ဘုရင်ခံချုပ်က သူလုပ်သမျှကို ထောက်ခံပါတယ်။ ခရောဖတ်က အင်းဝမှာ သံကိုယ်စားလှယ်ဖြစ်လာမယ့် ဗြိတိသျှ အရာရှိမှန်သမျှ သိက္ခာရှိရှိ အကျဉ်းချခံရတာထက် နည်းနည်းကလေးပဲပိုတဲ့ အကျပ်ရိုက်မှုမျိုးနဲ့ ရင်ဆိုင်ရမှာပဲလို့ ပြောခဲ့တယ်။ မြန်မာပြည်မှာ အမြဲတမ်း သံက်ုယ်စားလှယ်ရုံးထားဖို့ သူက မထောက်ခံပါဘူး။ အကြောင်းကတော့ သံကိုယ်စားလှယ်ရုံးရှိခြင်းရဲ့ တန်ဖိုးကို လူတွေက နှစ်မြို့နိုင်မှာ မဟုတ်လို့ပါပဲ။