Saturday, June 6, 2020

ခေတ်သစ်မြန်မာ့သမိုင်း - ၂၇ဒေါက်တာသန်းထွန်းရေးတဲ့ A MODERN HISTORY OF MYANMAR 1752 - 1948 ကို ဘာသာပြန်တာပါ။

0 comments
ခေတ်သစ်မြန်မာ့သမိုင်း - ၂၇ဒေါက်တာသန်းထွန်းရေးတဲ့ A MODERN HISTORY OF MYANMAR 
1752 - 1948 ကို ဘာသာပြန်တာပါ။
အင်္ဂလိပ်တွေဟာ အိန္ဒိယဒေသခံမင်းသားတွေနဲ့ တိုက်ခိုက်တုန်းကတောင် ၂ နှစ်နီးပါး ရှည်ကြာတဲ့စစ်ပွဲကို မကြုံခဲ့ရဘူး။ အင်္ဂလိပ်တိုက်ခိုက်မှုကို ၂ နှစ်ကြာအောင် ခုခံနိုင်တဲ့ အိန္ဒိယအုပ်စိုးသူ မရှိခဲ့ဘူး။ ဒီလိုကြီးမားတဲ့ ဆုံးရှုံးမှုမျိုးကိုလည်း အင်္ဂလိပ်တွေ မခံစားခဲ့ရဘူး။ ဒါကြောင့် အရှေ့အိန္ဒိယ ကုမ္ပဏီတော့ ပြိုလဲသွားရှာပြီဆိုတဲ့ ကောလဟာလတွေ အိန္ဒိယမှာ ဖြစ်ခဲ့တာပါ။ အင်္ဂလိပ်တွေဟာ အိန္ဒိယမှာ အကြီးအကျယ် သိက္ခာကျခဲ့တယ်။ 
ရန္တပိုစာချုပ်ကလည်း နယ်စပ်ဒေသ ပြဿနာတွေကို ဖြေရှင်းမပေးနိုင်ဘူး။ ဒါကြောင့်လည်း အင်္ဂလိပ်တွေ အောင်နိုင်ထားတဲ့ အာသံ၊ မဏိပူရ၊ ရခိုင်နဲ့ တနင်္သာရီနယ်တွေရဲ့ ပြင်ပမှာ အငြင်းပွားမှုတွေ ပိုတိုးလာခဲ့တာပါ။ အင်္ဂလိပ်တွေဟာ စစ်တကောင်းကနေ စင်္ကာပူအထိ ကမ်းရိုးတန်းအားလုံးကို ပိုင်ဆိုင်ဖို့ ရည်ရွယ်ခဲ့တာပါ။ သူတို့က ၁၈၂၄ ခုနှစ် ကတည်းက ဒတ်ချ်လက်အောက်က စင်္ကာပူနဲ့ မလေးရှားကို လိုချင်ခဲ့တယ်။ ဒါကြောင့် မြန်မာ့ ပင်လယ်ကမ်းရိုးတန်းအားလုံးကို သိမ်းယူချင်ခဲ့တာ သဘာဝကျပါတယ်။ 
ဒါပေမဲ့ အာသံနဲ့ တနင်္သာရီက အိန္ဒိယရဲ့ ဘဏ္ဍာငွေကို ယုတ်လျော့အောင် လုပ်နေရုံသက်သက်ပါပဲ။ အဲဒီနေရာတွေကရတဲ့ အခွန်အတုပ်ဟာ ဘယ်တုန်းကမှ အုပ်ချုပ်ရေး အသုံးစရိတ် မကာမိခဲ့ဘူး။ ၁၈၃၀ ခုနှစ် နောက်ပိုင်းမှာ အင်္ဂလိပ်က တနင်္သာရီကို ပြန်ရောင်းချင်တဲ့ဆန္ဒ ပြင်းထန်နေတယ်။ ဒါမှမဟုတ် ဧရာဝတီ မြစ်ဝကျွန်းပေါ်က ဆိပ်ကမ်းကောင်းတွေနဲ့ လဲချင်တယ်။ ဒါပေမဲ့ မြန်မာအစိုးရက ဒီစကားတွေကို မကြားချင်ပါဘူး။ အဲဒီနေရာတွေ အားလုံးကို အခမဲ့ ပြန်လိုချင်တာပါ။ နောက်ဆုံးတော့ ရခိုင်ဟာ စပါးစိုက်ကောင်းတဲ့ ဒေသအဖြစ် ဖွံ့ဖြိုးလာပြီး တနင်္သာရီကတော့ ကာလကတ္တား သင်္ဘောကျင်းတွေမှာ သင်္ဘောဆောက်ဖို့လိုအပ်တဲ့ သစ်တွေထောက်ပံ့ရာ ကျွန်းသစ်နယ်မြေနဲ့ သတ္ထုတွင်းဒေသအဖြစ် ဖွံ့ဖြိုးလာပါတယ်။ မြန်မာတွေရဲ့ ချဲ့ထွင်မှုက အဆုံးမှာတော့ အင်္ဂလိပ်က တနိုင်ငံလုံးကို သိမ်းခွင့်ရအောင် ပုံဖော်ပေးလိုက်သလိုပါပဲ။ ဒီလို မဟုတ်ခဲ့ရင် မြန်မာဟာ အင်္ဂလိပ် လက်အောက်ခံနယ်မြေ ဖြစ်လာနိုင်တာပါ။ 
ပြင်သစ်ကလည်း အရှေ့တောင်အာရှ ပင်မကုန်းမြေကြီးရဲ့ အရှေ့ပိုင်းကို သြဇာချဲ့ထွင်လာတယ်။ ဒါကြောင့်လည်း အင်္ဂလိပ်က မြန်မာပြည်ကို ပြင်သစ်သြဇာခံနယ်မြေ ဖြစ်မသွားအောင် ကာကွယ်ဖို့ ခပ်သွက်သွက် သိမ်းခဲ့ရတယ်။ အင်္ဂလိပ်ကုမ္ပဏီဟာ ရခိုင်နဲ့ တနင်္သာရီကို အုပ်ချုပ်ဖို့ ဒုတိယ ကော်မရှင်နာမင်းကြီးတွေ ခန့်အပ်တယ်။ ဒီမင်းကြီးတွေဟာ အိန္ဒိယဘုရင်ခံ တစ်ဦးတည်းကိုပဲ နာခံရတဲ့ အကြွင်းမဲ့ အာဏာပိုင်တွေပါ။ သူတို့အုပ်ချုပ်တဲ့ နယ်မြေတွေကို စည်းမျဉ်းမဝင်သော ပြည်နယ်များလို့ ခေါ်တယ်။ 
အင်္ဂလိပ် အရှေ့အိန္ဒိယ ကုမ္ပဏီဟာ စစ်ပြီးတဲ့နောက် မြန်မာပြည်မှာ အင်္ဂလိပ်ကုန်သွယ်ရေး တိုးတက်လာမယ်လို့ မျှော်လင့်ခဲ့တာပါ။ ဒါပေမဲ့ မျှော်လင့်သလို ဖြစ်မလာခဲ့ဘူး။ အကြောင်းကတော့ အရေးပါတဲ့ ရန်ကုန်ဆိပ်ကမ်းဟာ နိုင်ငံခြားကုန်သွယ်ရေးကို သိပ်အလေးမထားတဲ့ မြန်မာတွေရဲ့လက်ထဲမှာ ကျန်ရစ်ခဲ့လို့ပါပဲ။ ပြည်သူလူထု တစ်ရပ်လုံးရဲ့ စိတ်ထဲမှာ နိုင်ငံခြားဆန့်ကျင်ရေးစိတ်ဓါတ် ရှိနေတယ်။ အင်္ဂလိပ်ကုန်သည်တွေနဲ့ တိုက်ရိုက် ကုန်သွယ်မှု မလုပ်ချင်ဘူး။ ဒါကြောင့် အင်္ဂလိပ်ကုန်သွယ်ရေးဟာ မျှော်မှန်းသလို အလုပ်မဖြစ်ဘူး။ 
ကျိုက္ခမီကို မြန်မာပြည်ရဲ့ဆိပ်ကမ်းမြို့အဖြစ် ဖွံ့ဖြိုးလာအောင် ကြိုးစားပေမဲ့ မအောင်မြင်ပါဘူး။ အကြောင်းကတော့ ကျိုက္ခမီဟာ ရန်ကုန်လို ကောင်းမွန်တဲ့ ကုန်းတွင်းပိုင်းနောက်ခံ မရှိလို့ပါ။ အင်္ဂလိပ်တွေဟာ မြန်မာနဲ့ သံတမန်ဆက်ဆံရေး ပြန်ဖွင့်ဖို့ ကြိုးစားပေမဲ့ အချည်းနှီးပါပဲ။ ဘုရင်က အင်္ဂလိပ်ကို စိတ်နာပြီး အရှက်ကြီးရှက်ခဲ့ရတာကို မမေ့နိုင်ဘူး။ ဒါကြောင့် ဥရောတိုက်သားအားလုံးကို သံသယဝင်တယ်။ မိတ်ဖြစ်ဆွေဖြစ် စကားပြောဖို့တောင် လက်မခံဘူး။ 
ရန္တပိုစာချုပ်ရဲ့ အရေးပါမှုကိုလည်း အတတ်နိုင်ဆုံး လျှော့ချထားတယ်။ မြန်မာတွေရဲ့ အမျိုးသားရေး ဇာတိမာန်ကို ဒီလို စာချုပ်မျိုးနဲ့ ရေရှည် ချုပ်ကိုင်ထားတာကိုလည်း လက်မခံနိုင်ဘူး။ ဒီတိုင်းပြည်ထဲမှာရှိနေတဲ့ အင်္ဂလိပ်တွေကို တနည်းနည်းနဲ့ ဖယ်ရှားပစ်ချင်တယ်။ ပဋိညာဉ်ကလည်းပဲ သံတမန်ရေးနဲ့ နိုင်ငံရေးဗဟုသုတနည်းတဲ့ စစ်အရာရှိတွေရဲ့ လက်ရာဖြစ်နေတယ်။ ဒါကြောင့် ပဋိညာဉ်မှာ ယိုပေါက်ဟာပေါက်တွေ ဒုနဲ့ဒေးပဲ။ မြန်မာအရာရှိတွေက စာချုပ်ပါ စကားရပ်တွေကို ဖြစ်နိုင်သမျှ နည်းလမ်းရှာပြီး ဈေးဆစ်တယ်။ စာချုပ်မှာ နယ်နိမိတ် ကန့်သတ်ချက်မပါတဲ့အတွက် အငြင်းပွားမှုတွေက အဆုံးမသတ်တော့ဘူး။
#အောင်ကျော်ဆန်းဘာသာပြန်တာပါ
နောက်ပို့စ်က အိန္ဒိယနိုင်ငံကို သံအဖွဲ့စေလွှတ်တဲ့အကြောင်းပါ။

0 comments:

Post a Comment