Friday, June 5, 2020

ခေတ်သစ်မြန်မာ့သမိုင်း - ၂၆ဒေါက်တာသန်းထွန်းရေးတဲ့ A MODERN HISTORY OF MYANMAR 1752 - 1948 ကို ဘာသာပြန်တာပါ။

0 comments
ခေတ်သစ်မြန်မာ့သမိုင်း - ၂၆ဒေါက်တာသန်းထွန်းရေးတဲ့ A MODERN HISTORY OF MYANMAR 
1752 - 1948 ကို ဘာသာပြန်တာပါ။
ဒီစာချုပ်က မြန်မာတွေ နိုင်ငံခြားကျူးကျော်သူရှေ့မှာ အကြီးအကျယ် အရှက်ကွဲတဲ့ ပထမဆုံး မှတ်တမ်းမှတ်ရာပါပဲ။ ဒီအရင်တုန်းက မြန်မာတွေဟာ ၁၃ ရာစု မွန်ဂိုကျူးကျော်မှု၊ ၁၆ ရာစု ရှမ်းတွေရဲ့ လွှမ်းမိုးမှုနဲ့ ၁၈ ရာစု မွန်တွေရဲ့ အောင်နိုင်မှုကြောင့် အရှုံးနဲ့ ရင်ဆိုင်ဖူးပါတယ်။ ဒါပေမဲ့ အဲဒါတွေက အမြဲတမ်းသဘော မဆောင်ခဲ့ဘူး။ သူတို့ရဲ့ ကနဦးကျူးကျော် တိုက်ခိုက်မှုတွေ ပြီးသွားတာနဲ့ မြန်မာတွေ ပြန်လည်ရှင်သန်ခဲ့ရတာပဲ။ အခုတော့ မြန်မာတွေဟာ နယ်ချဲ့သမားနဲ့ ရင်ဆိုင်နေရပြီ။ သူတို့က နယ်မြေကို သိမ်းတယ်။ မြင့်မားတဲ့စစ်ရေးကျွမ်းကျင်မှုနဲ့ သာလွန်တဲ့ အုပ်ချုပ်ရေးဖွဲ့စည်းမှုကို အကူအပံ့ယူပြီး ရှေ့ကိုဆက်ချဲ့ထွင်ဖို့လည်း ရည်ရွယ်တယ်။ ရန္တပိုစာချုပ်မှာ ပါတာတွေက ဒီလိုပါ။
၁။ မြန်မာဘုရင်ဟာ ရခိုင် အာသံနဲ့ တနင်္သာရီကို အင်္ဂလိပ်အရှေ့အိန္ဒိယ ကုမ္ပဏီကို ပေးရမယ်။
၂။ မြန်မာဘုရင်ဟာ မဏိပူရ ကချာနဲ့ ကျိန်တီးယားအရေးတို့မှာ ဝင်မစွက်ဖို့ ကတိပြုရမယ်။
၃။ မြန်မာဘုရင်ဟာ စစ်လျော်ကြေးငွေ ရူပီး တစ်ကုဋေကို လေးနှစ်အတွင်း လေးကြိမ် အရစ်ကျ ပေးရမယ်။
၄။ နယ်နိမိတ် သတ်မှတ်ရေးနဲ့ ကုန်သွယ်ရေးမှာ ထိရောက်အောင် ဆောင်ရွက်ဖို့ နှစ်နိုင်ငံ ဆက်ဆံရေး ချောမွေ့စေဖို့အတွက် အိန္ဒိယ သံကိုယ်စားလှယ်ကို လက်နက်ကိုင် အစောင့် ၅၀ နဲ့အတူ အင်းဝမှာ နေခွင့်ပြုရမယ်။ မြန်မာ သံကိုယ်စားလှယ်ကလည်း အလားတူ ကာလကတ္တားမှာ နေသင့်တယ်။
၅။ ဒီစာချုပ်မှာ ထိုင်းနိုင်ငံကို အင်္ဂလိပ်ရဲ့ မဟာမိတ်အဖြစ် အကျုံးဝင်တယ်လို့ ယူဆရမယ်။
၆။ ကုန်သွယ်ရေးစာချုပ်ကို သီးခြား အချိန်မဆိုင်းဘဲ ချုပ်ဆိုရမယ် ဆိုတာတွေ ပါဝင်တယ်။
မြန်မာ့ပင်လယ်ကမ်းရိုးတန်း အများစုနဲ့ အနောက်မြောက်ပိုင်းပြည်နယ်တွေကို ဒီလိုနဲ့ ဆုံးရှုံးရတာပါပဲ။ မြန်မာတွေ ရှုံးချက်နာပုံက အတိုင်းအဆမရှိပါဘူး။အင်္ဂလိပ်ဘက်ကတော့ တန်ဖိုးကြီးတဲ့ အောင်ပွဲကို ရလိုက်တာပါ။ စစ်ဆင်ရေးအားလုံးမှာ သုံးတဲ့ ရဲမက်အရည်အတွက်က ၄၀,၀၀၀ ရှိတယ်။ အဲဒီအထဲက ၃၇% ဖြစ်တဲ့ လူ ၁၅,၀၀၀ သေတယ်။ အဲဒီ ၃၇% မှာ ၄% က တိုက်ပွဲကျတာဖြစ်ပြီး ကျန်တာက အဖျားကြောင့် သေတာပဲ။ဒါက ဆိုးဝါးညံ့ဖျင်းတဲ့ စီမံခန့်ခွဲမှုရဲ့ လက်ငင်းရလဒ်ပါ။ စစ်ပွဲကို မတ်လမှာစတော့ မိုးရာသီထဲမှာ ဆက် တိုက်နေရတယ်။ ရိက္ခာနဲ့ သယ်ယူပို့ဆောင်ရေး စီစဉ်ဖို့ ပျက်ကွက်တယ်။ ဖျားနာမှုကို လုံလောက်အောင် ကြိုတင်ကာကွယ်မှု မလုပ်ခဲ့ဘူး။ ဒါကြောင့် စစ်ပွဲဟာ မလိုအပ်ဘဲနဲ့ ၂ နှစ်လောက် ရှည်သွားတယ်။ စုစုပေါင်း အသုံးစရိတ်က ပေါင်စတာလင် ၁၃ သန်းရှိတယ်။ မြန်မာပြည်လို နိုင်ငံမျိုးကို တိုက်ရတဲ့ စစ်ပွဲအတွက် ငွေကြေးကုန်ကျမှု များလွန်းတယ်လို့ အင်္ဂလိပ်က ယူဆပါတယ်။ ကာလကတ္တား အုပ်ချုပ်ရေးက မဒရပ်ဘုရင် မွန်ရိုးရဲ့ အကူအညီကို မရလို့ ဒီလိုဖြစ်ရတာလို့ အပြစ်တင်တယ်။ ဘုရင်ခံ လော့ဒ်အမ်းဟပ်စ်က အင်္ဂလန်ကို အပြင်းအထန် ဝေဖန်တယ်။ တဖက်ကလည်း မြန်မာတွေရဲ့ ပျော့ကွက်ဟာကွက်ကြီးတွေကို စစ်ပွဲမှာ ဖုံးဖိလို့မရအောင် ထင်ရှားလှပါတယ်။ 
အလောင်းမင်းတရားကနေ နှစ်ပေါင်း ၇၀ အတွင်း မြန်မာတွေဟာ နယ်ပယ်ချဲ့ထွင် အမုန်းပွားတဲ့ အယူဝါဒကို ကြီးထွားစေခဲ့တယ်။ စစ်ပွဲမျိုးစုံကို အဆက်မပြတ်နီးပါး တိုက်ခိုက်ခဲ့တယ်။ ဘုရင်နဲ့ ဝန်ကြီးတွေဟာ ကမ္ဘာ့အခြေအနေကို လုံးဝဥပေက္ခာပြုထားတယ်။ အမျိုးသားအင်အား တောင့်တင်းဖို့ ခိုင်မာတဲ့ စီးပွားရေးနဲ့ ကောင်းမွန်တဲ့အုပ်ချုပ်ရေးရှိအောင် အပူတပြင်း လိုအပ်နေပြီဆိုတာကိုလည်း မျက်ကွယ်ပြုထားတယ်။ ခြစားနေတဲ့အုပ်ချုပ်ရေးနဲ့ စစ်ပွဲတွေဟာ တိုင်းပြည်ကို ချွတ်ခြုံကျစေခဲ့ပါတယ်။ ဒီလိုနိုင်ငံမျိုးဟာ အင်္ဂလိပ်အင်ပါယာနဲ့ အပြိုင်ထွန်းကားဖို့ မဖြစ်နိုင်ဘူး။ ထိုင်းဘုရင်နဲ့ အိန္ဒိယရာဇာတွေလို သံခင်းတမန်ခင်းကောင်းနဲ့ လိုက်လျောဆက်ဆံမှသာ ကိုယ့်တိုင်းပြည် လွတ်လပ်ရေးမဆုံးရှုံးအောင် ကာကွယ်နိုင်မှာပါ။ အဲဒီ အင်္ဂလိပ်မြန်မာ ပထမစစ်ပွဲကတည်းက မြန်မာတနိုင်ငံလုံးကို အကြောင်းပြချက် မျိုးစုံနဲ့ အချိန်မရွေး သိမ်းယူနိုင်မယ်ဆိုတာ အင်္ဂလိပ်က သိပါတယ်။ တိုင်းပြည်ကိုသိမ်းပြီးနောက် အေးချမ်းအောင် လုပ်ဖို့မှာသာ အခက်အခဲရှိနေတာပါ။

0 comments:

Post a Comment