Friday, June 19, 2020

ခေတ်သစ်မြန်မာ့သမိုင်း - ၃၂ ဒေါက်တာသန်းထွန်းရေးတဲ့ A MODERN HISTORY OF MYANMAR 1752 - 1948 ကို ဘာသာပြန်တာပါ။

0 comments
ခေတ်သစ်မြန်မာ့သမိုင်း - ၃၂ ဒေါက်တာသန်းထွန်းရေးတဲ့ A MODERN HISTORY OF MYANMAR 
1752 - 1948 ကို ဘာသာပြန်တာပါ။
အခန်း(၁).
#ကုန်းဘောင်ခေတ်နိုင်ငံရေး
အင်္ဂလိပ်မြန်မာဆက်ဆံရေး
၁၈၂၆ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက် ရန္တပိုစာချုပ် လက်မှတ်မထိုးခင် ပထမအရစ် စစ်လျော်ကြေးငွေ ၂၅ သိန်းကို ရန္တပိုမှာ ပေးခဲ့တယ်။ အဲဒီတော့မှ ကျူးကျော်လာတဲ့ ရန်သူဟာ ရန်ကုန်ကို ပြန်ဆုတ်သွားတယ်။ ဒုတိယအရစ်သွင်းငွေကို ၁၈၂၆ ခုနှစ် ဒီဇင်ဘာလ ၉ ရက်မှာ ပေးခဲ့တယ်။ အင်္ဂလိပ်စစ်တပ်တွေ ရန်ကုန်ကနေ မော်လမြိုင်ကို ရွှေ့သွားတယ်။ ဒီသွင်းငွေ နှစ်ကြိမ်က နိုင်ငံခြားကျူးကျော်သူတွေကို တိုင်းပြည်ထဲက ရှင်းထုတ်ချင်တဲ့အတွက် မြန်မာတွေက အလျင်စလို ပေးလိုက်ရတာပါ။ ဒါပေမဲ့ တတိယအရစ်နဲ့ စတုတ္ထအရစ် သွင်းငွေကို သတ်မှတ်ရက်အတိုင်း ပေးဖို့ ငြင်းဆိုတယ်။ တတိယအရစ် သွင်းငွေကို ၁၈၂၈ ခုနှစ် ဇူလိုင်လ ၁၄ ရက်အထိ မပေးရသေးဘူး။ တိုင်းပြည်ဟာ ဆင်းရဲချွတ်ခြုံကျပြီး မတတ်နိုင်တော့တဲ့အတွက် နောက်ဆုံးအရစ်သွင်းငွေကို မပေးနိုင်ဘူးလို့ မြန်မာဘက်က ရှင်းပြတယ်။
ဒီနောက် သိပ်မကြာခင် ၁၈၃၀ ပြည့်နှစ် ဇူလိုင်လ ၁၇ ရက်မှာ ဘာနေးက အင်းဝကို ရောက်လာပါတယ်။ သူက စတုတ္ထအရစ်ကို ဖြစ်နိုင်သမျှ အမြန်ဆုံးပေးဖို့ တောင်းဆိုတယ်။ စစ်လျော်ကြေး ကျန်ငွေက ရူပီး ၁၂ သိန်းပါ။ ဒီငွေကို အမြန်ပေးဖို့ ဝန်ကြီးတွေကို ဖိအားပေးတာက ဘာနေးရဲ့ တာဝန်ပါ။ မြန်မာဝန်ကြီးတွေက ဒီငွေပေးဖို့ လူထုကို ဖိအားပေးတယ်။ ဒါပေမဲ့ ကောက်ခံရရှိငွေ ရာခိုင်နှုန်းအများစုက သူတို့အိပ်ထဲ ရောက်ကုန်တယ်။ 
အဲဒီမှာ ငွေစင်အရည်အသွေး အငြင်းပွားပြန်တယ်။ အဲဒီအချိန်က မြန်မာတွေဟာ ငွေဒင်္ဂါးကို မသုံးသေးဘူး။ အင်္ဂလိပ်တောင်းတဲ့ ရူပီး တစ်ကုဋေက ငွေစင် ၇၅,၀၀၀ ပိဿာနဲ့ တန်ဖိုးညီတယ်။ ဒါပေမဲ့ မြန်မာတွေ သုံးနေတဲ့ ငွေစင်အမျိုးအစားက ၃၆ မျိုးတောင် ရှိတယ်။ အကောင်းဆုံးက ရွက်နီနဲ့ ဒေါင်းဒင်္ဂါးပါ။ ဒေါင်းဒင်္ဂါးက ရွက်နီဒင်္ဂါးထက် ၂၅ % ပိုသန့်စင်တယ်။ အဲဒီအချိန်အထိ ဒေါင်းဒင်္ဂါးနဲ့ ပေးရမယ် နားလည်ထားတာပါ။ ဒါပေမဲ့ မြန်မာအရာရှိတွေက ရွက်နီဒင်္ဂါးနဲ့ ပေးချင်တယ်။ ဒေါင်းနဲ့ ၆၀,၇၁၆ ပိဿာ ပေးချေပြီးသားပါ။ ဒါကို ရွက်နီနဲ့ ပြောင်းပြီး တန်ဖိုးသင့်လိုက်ရင် ၇၅,၈၈၅ ပိဿာ ဖြစ်လာတယ်။ နကိုတောင်းတာက ၇၅,၀၀၀ ပိဿာပါ။ ဒါကြောင့် မြန်မာအရာရှိတွေက သူတို့ကို ပေးတာ ၈၈၅ ပိဿာ ပိုနေပြီလို့ ဆိုပါတယ်။ စတုတ္ထအရစ်ငွေ ပေးရမယ့်အစား ၈၈၅ ပိဿာ ပြန်ပေးရမယ်လို့ တောင်းဆိုတယ်။ ငြင်းလို့ကို မဆုံးတော့ပါဘူး။ 
နောက်ဆုံးတော့ ဘာနေးက ဒါကို လျှော့မပေးဘူးဆိုရင် သူအငြိမ်းစားယူတော့မယ်လို့ ခြိမ်းခြောက်တော့တာပါပဲ။ သူအငြိမ်းစားယူပြီး သိပ်မကြာခင် စစ်ကြေညာတော့မှာပဲလို့ မြန်မာက သိပါတယ်။ မြန်မာဘက်က အကြောင်းမပြန်တော့ဘူး။ ဒီတော့ ဘာနေးက သူ့ပစ္စည်းတွေ ထုပ်ပိုးပြီး ရန်ကုန်ကို ဆင်းသွားတယ်။ သူ့ကို လမ်းကပြန်ခေါ်ပြီး ငွေပေးဖို့ ကတိပြုလိုက်ရတယ်။ ဒါကြောင့် နောက်ဆုံးအရစ်ကို ၇ နှစ်အကြာ ၁၈၃၃ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်မှာ ပေးခဲ့ရတယ်။ စစ်လျော်ကြေးက လူထုအပေါ် ဝန်ထုပ်ဝန်ပိုး ဖြစ်လာတယ်။ တချိန်တည်းမှာ အင်္ဂလိပ်ဆန့်ကျင်ရေး စိတ်ဓါတ်တွေ ပေါ်လာတယ်။ စစ်လျော်ကြေးပေးရာမှာ သုံးတဲ့ ငွေအများစုကို လူထုက ပေးရတာပါ။ ကောက်ခံတဲ့ နည်းလမ်းကလည်း ရက်စက်ပါတယ်။

0 comments:

Post a Comment