ခေတ်သစ်မြန်မာ့သမိုင်း - ၂၁ဒေါက်တာသန်းထွန်းရေးတဲ့ A MODERN HISTORY OF MYANMAR
1752 - 1948 ကို ဘာသာပြန်တာပါ။
ရခိုင်ကို အောင်မြင်ပြီးတဲ့နောက် ဗဒုံမင်းက သူကိုယ်သူ စကြဝတေးမင်း ဖြစ်ပြီလို့ ထင်လာတယ်။ စကြဝတေးမင်းဆိုတာက လောကကို အောင်နိုင်သူပါ။ ဒါကြောင့် သူဟာ တရုတ်နဲ့ အိန္ဒိယကိုပါ အောင်နိုင်ဖို့ မျှော်လင့်လာတယ်။ လောကကို အောင်မြင်ဖို့ အစချီတဲ့အနေနဲ့ ၁၇၈၅ - ၈၆ မှာ ထိုင်းနိုင်ငံကို ကျူးကျော်တယ်။ ထိုင်းနိုင်ငံကို စစ်မျက်နှာ ၄ ခုဖွင့်ပြီး တပြိုင်နက်တည်း တိုက်ခိုက်တယ်။ စစ်ကြောင်းတစ်ခုက ရှမ်းစစ်မှုထမ်းတွေနဲ့အတူ ချင်းမိုင်ကနေ တိုက်ခိုက်ရင်း ဆင်းလာတယ်။ နောက်စစ်ကြောင်းတစ်ခုက မော်လမြိုင်ခရိုင် ဘုရားသုံးဆူ တောင်ကြားကိုဖြတ်ပြီး အတ္ထရံမြစ်အတိုင်း ချီတက်တယ်။ တတိယစစ်ကြောင်းကတော့ ထိုင်းကို ထောက်ပံ့နေတဲ့ မလေးတွေကို ဖြတ်တောက်ဖို့ ထားဝယ်ကနေချီတက်တယ်။ စတုတ္ထကတော့ ကုန်သွယ်ရေးအတွက် အရေးကြီးတဲ့ မြိတ်တောင်ပိုင်း ဆလုံကျွန်းစုတွေကို သိမ်းဖို့ပါ။ ဒါက ထိုင်းနိုင်ငံကို သေနတ်တွေ ရောက်မလာအောင် ကာကွယ်တာပါ။ ဒီထိုးစစ် စီမံချက်ကလည်း မအောင်မြင်ဘူး။ ဖရာတက်ခ်ကတော့ ကျဆုံးသွားပါတယ်။ ဒါပေမဲ့ လူသေတာတောင် ဖရာတက်ခ်ရဲ့ စိတ်ဓါတ်က အဓွန့်ရှည် ကျန်ရစ်တယ်။ ထိုင်းတွေက သူတို့ရဲ့ နိုင်ငံကို အခိုင်အမာ ကာကွယ်တယ်။ ချင်းမိုင် စစ်ကြောင်းကလွဲရင် ကျန်တဲ့ စစ်ကြောင်း ၃ ခုစလုံး အရှုံးနဲ့ ရင်ဆိုင်ရတယ်။ ဗဒုံမင်းက ဘုရားသုံးဆူတောင်ကြားလမ်း စစ်ကြောင်းကို ကွပ်ကဲတာပါ။ သူက သူ့စစ်ကြောင်းကို ကံစီမံရာ ပစ်ထားခဲ့ပြီး ရန်ကုန်ကို အသက်လု ပြေးလာခဲ့ရတာပါ။ လောကကိုအောင်နိုင်ရေးဆိုတဲ့ သူ့အကြံလည်း တစ်ခါတည်းနဲ့ကို အပြီးသတ်ပြိုကွဲသွားတယ်။ အဲဒီ ထိုင်းစစ်ဆင်ရေးက ဗဒုံမင်းရဲ့ သဘာဝကို အမှန်အတိုင်း ဖော်ပြလိုက်တာပဲ။ သူကိုယ်တိုင် ရှက်ဖွယ်လိလိ နမူနာပြ ထွက်ပြေးခဲ့တာဖြစ်ပြီး ဒီရှုံးနိမ့်မှုအတွက် အရာရှိတွေကို အပြစ်ဖို့ခဲ့တယ်။ နောက်ပိုင်း ထိုင်းနိုင်ငံ စစ်ဆင်ရေးတွေမှာလည်း ထိုင်းတွေကိုယ်တိုင် နယ်မြေပြန်သိမ်းတာ ရှိတယ်။ ထိုင်းထိုးစစ်ကြောင့် ပြန်ဆုတ်ခဲ့ရတာလည်း ရှိပါတယ်။ ၁၈၀၃ ခုနှစ်မှာ ထိုင်းက ကျိုင်းတုံအထိ ချီတက်လာတယ်။ ၁၈၁၄ ခုနှစ်မှာ မုတ္တမက မွန်တွေပုန်ကန်ပြီး ထိုင်းနိုင်ငံထဲကို ထွက်ပြေးတယ်။
၁၈၀၉ ခုနှစ်နဲ့ ၁၈၁၂ ခုနှစ်ကာလတုန်းက ဆုံးရှုံးသွားတဲ့ လူဦးရေကို ပြန်ရဖို့ ဗဒုံမင်းက သူ့တပ်ကို ထိုင်းနိုင်ငံအထိ ၄ ကြိမ် စေလွှတ်တယ်။ ဒါပေမဲ့ ချင်းမိုင်ကိုတောင် ပြန်မရတော့ပါဘူး။ အဲဒီ စစ်ပွဲရှည်ကြီးတွေဟာ နိုင်ငံနဲ့ ပြည်သူကို အပြင်းအထန် ထိခိုက်စေတယ်။ ဒီဒုက္ခထဲမှာ တပူဆင့်လိုက်တာက ၁၈၀၇ ခုနှစ်နဲ့ ၁၈၁၆ ခုနှစ်အကြား သီးနှံပျက်ကပ် ဆိုက်ခဲ့တာပါပဲ။ စားနပ်ရိက္ခာပြတ်လပ်ပြီး လူတွေ ငတ်သေကုန်တယ်။ ၁၈၀၉ ခုနှစ်နဲ့ ၁၈၁၁ ခုနှစ်အတွင်း တစ်ကြိမ်မှာတော့ လူပေါင်း ၃၆,၀၀၀ ပါတဲ့ စစ်တပ်ကို ထိုင်းနိုင်ငံ လွှတ်တယ်။ လမ်းမှာ ရောဂါနဲ့ ငတ်မွတ်မှုကြောင့် လူ ၈၀၀၀ သေတယ်။ ရန်သူ့နယ်မြေထဲ စစ်ချီရာလမ်းတလျောက်မှာ တပ်က ကျေးရွာတွေကို ဖျက်ဆီးတယ်။ ရဲမက် ၁၅၀၀ ပါတဲ့ မြေထဲစစ်မှုထမ်းတပ်ဖွဲ့ဟာ စစ်ချီရာမှာ နှေးကွေးတဲ့အတွက် တပ်ဖွဲ့တစ်ဖွဲ့စေလွှတ်ပြီး သူတို့အားလုံးကို သုတ်သင်ပစ်လိုက်တယ်။ လူတွေအားလုံး ခိုကိုးရာမဲ့ ဖြစ်ကုန်ပြီ။ စစ်တပ်က ထားဝယ်မှာ စခန်းချတော့ မြို့မှာလနဲ့ချီပြီး လူတွေသေကုန်တယ်။ အနီးနားက လယ်ကွင်းတွေမှာ နှစ်နဲ့ချီပြီး လူ့အရိုးတွေ ဖွေးဖွေးလှုပ်နေတယ်။
၁၇၆၉ ခုနှစ် ငြိမ်းချမ်းရေးစာချုပ်အရ ၁၀ နှစ်တစ်ကြိမ်တိုင်းမှာ သံတမန်တွေ လဲလှယ်ဖို့ တရုတ်မြန်မာ သဘောတူခဲ့ကြတယ်။ ဒါက ပုံမှန် နိုင်ငံခြားဆက်ဆံရေးရဖို့ မြန်မာဘက်က ပထမဆုံးအကြိမ် ကြိုးပမ်းဆောင်ရွက်မှုပါပဲ။ ဒီလို သံတမန်တွေ လဲလှယ်ခြင်းအားဖြင့် နယ်စပ်အငြင်းပွားမှုတွေကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်တယ်။ တရုတ်မစ်ရှင်တွေ မြန်မာပြည်ကို ၁၇၈၇၊ ၁၇၈၀၊ ၁၇၉၅၊ ၁၇၉၆ နဲ့ ၁၈၂၂ ခုနှစ်တွေမှာ လာတယ်။ မြန်မာမစ်ရှင်တွေက တရုတ်ပြည်ကို ၁၇၈၂၊ ၁၇၈၇၊ ၁၇၉၂ နဲ့ ၁၈၂၃ ခုနှစ်တို့မှာ သွားကြတယ်။ ဒီထဲက ၃ ကြိမ်ဟာ ဘေဂျင်းအထိရောက်တယ်။ သုံ့ပန်းတွေ လဲကြတယ်။ နန်းတော်အရာရှိတွေကို လက်ဆောင်တွေ တံဆိပ်တွေ အပြန်အလှန် ပေးကြတယ်။ တရုတ်ဧကရာဇ်က မြန်မာဘုရင်ကို သူ့လက်အောက်ခံအဖြစ် ဘယ်တုန်းကမှ သဘောမထားပေမယ့် ဒီလောက်အထိ အကဲမဆတ်သင့်ဘူးဆိုတာ မြန်မာဘုရင်ကလည်း သတိကြီးကြီးထားပါတယ်။ ၁၇၉၀ ပြည့်နှစ် မစ်ရှင်က တရုတ်ပြည်ကနေ ဗုဒ္ဓစွယ်တော်ကို ပင့်ခဲ့တယ်။ ဒီစွယ်တော်ကို ရဖို့အတွက် ဗဒုံမင်းဟာ တရုတ်ပြည်က စွယ်တော်ကို သွားပင့်ရာမှာ မအောင်မြင်ခဲ့တဲ့ ပုဂံအနော်ရထာထက် သူကပိုပြီး တန်ခိုးကြီးတယ်လို့ အောက်မေ့တယ်။ မစ်ရှင်အဖွဲ့က ယူနန် အပျိုတော်ကလေးတွေကို ခေါ်လာပြီး ဘုရင့်ကိုယ်လုပ်တော်အဖြစ် ဆက်သတယ်။ ဗဒုံမင်းက သူ့ရဲ့တန်ခိုးအာဏာကို ခန့်ငြားရိုသေတဲ့ တရုတ်ဧကရာဇ်က မြေးတော်ကလေးတွေ ဆက်သတယ်ဆိုပြီး လက်ခံတယ်။
မဏိပူရ ပြည်တွင်းစစ်က ထပ်ပြီး ဒုက္ခပေးပြန်ပါတယ်။ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ မာဂျစ်ဆင်းက မြန်မာကို စစ်ကူတောင်းတယ်။ ဗဒုံမင်းက ၁၈၁၂ - ၁၈၁၃ ခုနှစ်မှာ မဆိုင်းမတွပဲ စစ်ကူလွှတ်တယ်။ မြန်မာတပ်နဲ့ အပြင်းအထန်တိုက်ခိုက်ပြီး အတိုက်အခံအားလုံး ရှုံးနိမ့်တယ်။ မာဂျစ်ဆင်းကို ထီးနန်းအပ်တယ်။ ဒီလို ဆောင်ရွက်ပေးတဲ့အတွက် မြန်မာကို ကဘော်ချိုင့်ဝှမ်းပေးတယ်။ အဟုန်ရှမ်း အာသံနိုင်ငံတော်လည်း ဖရိုဖရဲဖြစ်သွားတယ်။ ၁၈၀၅ ခုနှစ်မှာ သူပုန်ခေါင်းဆောင်တွေက တောင်းဆိုတဲ့အတွက် အာသံပြည်ကို မြန်မာတပ်တွေ နှစ်ကြိမ်သွားတယ်။ ပြန်လာတဲ့ နှစ်ကြိမ်စလုံးမှာ လက်ဆောင်ပဏ္ဍာတွေ အများကြီး ရခဲ့ပါတယ်။ အာသံစော်ဘွားက ကာလကတ္တားကို ထွက်ပြေးတယ်။ ဗြိတိသျှက်ု စစ်ကူတောင်းတယ်။ ဒါပေမဲ့ ဗြိတိသျှက ဝင်ပြီး စွက်ဖက်ဖို့ငြင်းပယ်တယ်။ ဒီနောက် သူတို့က အလားတူ မြန်မာကို တောင်ူဆိုတော့ ဗဒုံမင်းက ကူညီဖို့ ကတိပြုပါတယ်။ ၁၈၁၆ ခုနှစ်မှာ လူပေါင်း ၈၀၀၀ ပါတဲ့တပ်ဟာ မဏိပူရစစ်မှုထမ်း ၈၀၀၀ နဲ့အတူ အာသံကို ချီတက်တယ်။ စော်ဘွားကို ပြန်ပြီး နန်းတင်တယ်။ ဗဒုံမင်းအတွက် သမီးတော်တစ်ပါး၊ ဆင်ကောင်ရေ ၅၀ အပါအဝင် သိမ်းပိုက်ပစ္စည်း အမြောက်အမြားနဲ့ ပြန်ဆုတ်ခဲ့ကြတယ်။ အဲဒီက နောက်ပိုင်းမှာ မြန်မာတွေဟာ အင်္ဂလိပ် အရှေ့အိန္ဒိယ ကုမ္ပဏီအဖို့ ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာတယ်။ မြန်မာပြည်အနောက်ပိုင်း နယ်စပ်တလျောက် ပဋိပက္ခတွေကနေ အင်္ဂလိပ်မြန်မာ စစ်ပွဲ ၃ ကြိမ် ဖြစ်ပွားပြီး ကုန်းဘောင်မင်းဆက် ကျဆုံးခဲ့ရတယ်။ ကုန်းဘောင်မင်းဆက် ပျက်သွားတာဟာ မြန်မာတွေရဲ့ အမျိုးသားလွတ်လပ်ရေး ဆုံးရှုံးတာပါပဲ။
0 comments:
Post a Comment