Sunday, May 31, 2020

ခေတ်သစ်မြန်မာ့သမိုင်း - ၂၀ ဒေါက်တာသန်းထွန်းရေးတဲ့ A MODERN HISTORY OF MYANMAR 1752 - 1948 ကို ဘာသာပြန်တာပါ။

0 comments
ခေတ်သစ်မြန်မာ့သမိုင်း - ၂၀ဒေါက်တာသန်းထွန်းရေးတဲ့ A MODERN HISTORY OF MYANMAR 
1752 - 1948 ကို ဘာသာပြန်တာပါ။
တရုတ်တပ်ကို ပြန်ဆုတ်ခွင့် ပေးလိုက်တယ်ကြားတော့ မြေဒူးမင်းက ဒေါသူပုန်ထတော့တာပဲ။ စစ်သူကြီးတွေ အိမ်မပြန်ရဲကြဘူး။ ဘုရင်အမျက်ပြေအောင် ၁၇၇၀ ပြည့်နှစ် ဇန်နဝါရီလမှာ မဏိပူရကို စစ်ချီဖို့ ပြင်တယ်။ မဏိပူရဟာ ၁၇၅၉ ခုနှစ် ပထမအကြိမ် ဝင်ရောက်ဖျက်ဆီးမှုကြောင့် အခုမှ နာလံထကာစပဲ ရှိပါသေးတယ်။ တပ်မှူးတွေက အခုအကြိမ်မှာ ဘုရင် ကျေနပ်အောင် သုံ့ပန်းနဲ့ ဆင်မြင်းတွေရဖို့ မျှော်လင့်တယ်။ စစ်ပွဲက လန်သာပဲလို့ခေါ်တဲ့နေရာမှာ ၃ ရက်နီးပါး တိုက်ခဲ့ရတယ်။ မဏိပူရစော်ဘွားက အာသံနယ်ထဲကို ဝင်ပြေးတယ်။ မြန်မာစစ်သူကြီးတွေက မဏိပူရစော်ဘွားအသစ် ခန့်အပ်ပြီး သုံ့ပန်းတွေ အများကြီး ခေါ်ပြန်လာတယ်။ ဒီအောင်မြင်မှုကြောင့် ဘုရင်က ကျေနပ်သွားတယ်။ ဒါကြောင့် တရုတ်တွေကို စစ်ကြေအေးပြီး ပြန်ဆုတ်ခွင့်ပြုလိုက်တဲ့ စစ်သူကြီးတွေကို ကွပ်မျက်မယ့် အစီအစဉ် ပြောင်းလဲလိုက်တယ်။ ဒါပေမဲ့ သူတို့ကို ရှမ်းပြည်မှာ နှင်ထုတ်ထားတုန်းပါပဲ။ ဒီအရေးအခင်းတွေ အားလုံး ပြီးသွားတော့ တရုပ်မြန်မာ ဆက်ဆံရေးကို ပြန်စတယ်။ တရုတ်ဧကရာဇ်ကလည်း မြန်မာစာချုပ်ကို အသိအမှတ် မပြုဘူး။ ဒါပေမဲ့ ဆိတ်ဆိတ်နေပြီး သဘောတူလိုက်ရတယ်။ ဒီနောက် မကြာခင်ပဲ ယူနန်နယ်ထဲက လှည်းကုန်သည်တွေ မြန်မာပြည်ထဲကို လှိမ့်ဝင်လာတယ်။ တရုတ်ကုန်စည်တွေ သယ်လာပြီး မြန်မာပြည်က ဝါဂွမ်းနဲ့ လဲလှယ် ဝယ်ယူကြတယ်။ တရုတ်တွေက ဝါဂွမ်းယက်လုပ်ရာမှာ သိပ်တော်တယ်။ ဗန်းမော်နယ်ထဲက ရှမ်းကိုးမြို့ကို နယ်စပ်လုပ်ထားတယ်။ တရုတ်သုံ့ပန်း ၂၅၀၀ လောက်ကို အင်းဝအထိခေါ်လာပြီး ဥယာဉ်မှူးနဲ့ လက်မှုပညာသည်တွေအဖြစ် အမှုထမ်းစေတယ်။ သူတို့ကို မြန်မာအမျိုးသမီးတွေနဲ့ လက်ထပ်ပေးတယ်။
အရင်ရှေးကတည်းက ထိုင်းနိုင်ငံအပေါ် မြန်မာတွေရဲ့ ချုပ်ကိုင်မှုက လျော့ရဲပါတယ်။ ၁၇၆၅ ခုနှစ်က အယုဒ္ဓယကို သိမ်းပြီးတာတောင် ထိုင်းအရှေ့မြောက်ဖျားစော်ဘွားက သစ္စာမခံဘူး။ သူ့နာမည်က ဖရာတက်ခ်ပါ။ ထိုင်းတရုတ် ကပြားဖြစ်ပြီး အင်အားကြီးတယ်။ သူက နောက်လိုက်တွေနဲ့အတူ တောထဲကို ထွက်ပြေးတယ်။ အရှေ့ဘက်ကို ဖြတ်ကျော်ပြီး ကမ်ပူးချားမှာ ဒုက္ခသည်အဖြစ် ခိုလှုံတယ်။ ထိုင်းပြည်သူတွေက သူ့ကို တိုင်းပြည်ခေါင်းဆောင်အဖြစ် မြင်ပါတယ်။ အကြောင်းကတော့ အဲဒီအချိန်မှာ ထိုင်းမင်းသားတွေအားလုံး မြန်မာ့သုံ့ပန်း ဖြစ်ကုန်ကြလို့ပဲ။ ၁၇၆၈ ခုနှစ်မှာ ဖရာတက်ခ်က အယုဒ္ဓယကို ပြန်လာတယ်။ ဘန်ကောက်ကို မြို့တော်အဖြစ် တည်ထောင်တယ်။ အခုထိ အုပ်စိုးနေသေးတဲ့တဲ့ ထိုင်းဘုရင် မင်းဆက်ကို သူတည်ထောင်ခဲ့တာပါ။ 
စစ်တပ်တွေလွှတ်ပြီး သူ့ကို တိုက်ပါတယ်။ မဟာသီဟသူရနဲ့ သီဟပတိတို့လို တရုတ်စစ်ပြန်သူရဲကောင်းတွေက သူ့ကို မကြာခဏ နိုင်ပါတယ်။ ဒါပေမဲ့ အမြဲတမ်းထိန်းချုပ်နိုင်သူ မရှိဘူး။ ဖရာတက်ခ်ကို အောင်နိုင်ဖို့ အခွင့်အလမ်းတွေ အများကြီး ရှိပေမဲ့ မြန်မာစစ်သူကြီးတွေက သူတို့ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို မစုစည်းနိုင်ခဲ့ဘူး။ ၁၇၅၅ ခုနှစ်မှာ မြန်မာတွေ ထိုင်းနိုင်ငံထဲကနေ မောင်းထုတ်ခံရတယ်။ ချင်းမိုင်ကနေတောင် မောင်းထုတ်ခံခဲ့ရပြီး မြန်မာ့အာဏာ မှေးမှိန်လာပါတယ်။ 
စဉ့်ကူးမင်းလက်ထက် အိမ်နီးချင်း မဏိပူရပြည်နယ်ရဲ့ ထီးနန်းဆက်ခံရေးက ပြဿနာတစ်ခုပါ။ မြန်မာ စစ်သူကြီးတွေက ၁၇၇၀ ပြည့်နှစ်မှာ မဏိပူရစော်ဘွားကို ခန့်ထားလိုက်တယ်။ ၁၇၇၅ ခုနှစ်နဲ့ ၁၇၈၂ ခုနှစ် အတွင်းမှာ အာသံကို ဒုက္ခသည်အဖြစ် ဝင်ပြေးတဲ့ ဆက်ခံခွင့်ရှိသူဟာ သူ့ရဲ့နေရာကို ပြန်ရဖို့ လေးကြိမ်တိုင်တိုင် ကြိုပမ်းတယ်။ ၁၇၈၂ ခုနှစ် နောက်ပိုင်းမှာ ကချာကို သူကိုယ်တိုင် အခိုင်အမာ တည်ထောင်တယ်။ စဉ့်ကူးမင်းကလည်း မနှောက်ယှက်ပါဘူး။ သူကလည်း မြန်မာပြည်ကို လက်ဆောင်ပဏ္ဍာ မဆက်ဘူး။ စဉ့်ကူးမင်းက စစ်ပွဲတွေအားလုံးကို ရပ်လိုက်တယ်။ ဒါကြောင့် လူတွေက သူ့ကို ကျေးဇူးတင်တယ်။
ရခိုင်ရဲ့ နောက်ဆုံးဘုရင်က သမ္မတ (၁၇၈၂ - ၈၅) ပါပဲ။ သူအုပ်စိုးနေတဲ့ကာလမှာ တိုင်းပြည်က ဖရိုဖရဲ ဖြစ်နေပါပြီ။ သူ့အာဏာက တိုင်းပြည်မှာ မတည်တန့်တော့ဘူး။ ရခိုင်စော်ဘွားတချို့က လာပြီး အကူအညီတောင်းတယ်။ ၁၇၈၄ ခုနှစ် အောက်တိုဘာလ ၁၆ ရက်မှာ ရခိုင်ကို သိမ်းဖို့ အမိန့်တော် ထွက်လာတယ်။ အိမ်ရှေ့မင်းရဲ့လက်အောက်မှာ ရဲမက် ၃၀,၀၀၀ နဲ့ စစ်ကြောင်း ၄ ကြောင်း ချီတက်ပြီး ရခိုင်ကို ကျူးကျော်တယ်။ ပထမစစ်ကြောင်းက မင်းဘူးခရိုင် အမ်းတောင်ကြားလမ်း၊ ဒုတိယစစ်ကြောင်းက ပြည်ခရိုင် ပန်းတောင်း တောင်ကြားလမ်း၊ တတိယစစ်ကြောင်းကတော့ ဟင်္သာတခရိုင် ကြံခင်းလမ်းကနေ ချီတက်တယ်။စတုတ္ထစစ်ကြောင်းက အမြောက်နဲ့ လက်နက်ကြီးတွေ သယ်ပြီး ပင်လယ်လမ်း ဟိုင်းကြီးကျွန်းကနေ ချီပါတယ်။ သူတို့က အနောက်ဖက် ကမ်းရိုးတန်းမှာ ဆုံကြပြီး ရမ်းဗြဲကျွန်းကို သိမ်းလိုက်တယ်။ အနီးဝန်းကျင်က အကြီးအကဲတွေ အညံ့ခံကြတယ်။ မြို့တော် မြောက်ဦးက ၁၇၈၅ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့မှာကျတယ်။ ဘုရင်ကို ၁၇၈၅ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့မှာ ဖမ်းမိတယ်။ မြောက်ဦးမှာ မြန်မာဘုရင်ခံခန့်ခဲ့တယ်။ သူ့ကို ကူညီဖို့ ရဲမက်တပ်ဖွဲ့လည်း ချန်ရစ်တယ်။ သံတွဲ စေတုပ ရမ်းဗြဲတို့ကို မြန်မာဘုရင်ခံရဲ့ လက်အောက်အဖြစ် ထားလိုက်တယ်။ ၁၇၈၅ ခုနှစ် ဖေဖော်ဝါရီလမှာ ရခိုင်ကနေ ပြန်ဆုတ်တယ်။ ရခိုင်ဘုရင့်မိသားစုနဲ့ ရခိုင်သုံ့ပန်း လူ ၂၀,၀၀၀ လောက်ကို ခေါ်လာတယ်။ အဲဒီ ရခိုင်သုံ့ပန်းတွေက မြန်မာပြည်မှာ ကျောက်ကြီးရောဂါ ကာကွယ်ဆေးထိုးတဲ့ ဓလေ့ကို စတင်ခဲ့တယ်။ အဓမ္မသိမ်းလာတဲ့ ပစ္စည်းတွေထဲမှာ ပေ ၃၀ ရှည်တဲ့ အမြောက်ကြီး တစ်လက်နဲ့ အယုဒ္ဓယက ကြေးရုပ်ကြီး ၃၀ လည်းပါတယ်။ အဲဒီ ၃၀ ထဲက ၆ ရုပ်ဟာ အခုထိ မဟာမုနိဘုရားထဲမှာ ရှိနေတုန်းပဲ။ မဟာမုနိကိုလည်း မြောက်ဦးက သိမ်းယူခဲ့တာပါ။ ဖမ်းခေါ်လာတဲ့ ရခိုင် ၁၂၅ ယောက်ကို အခု မန္တလေးမှာရှိနေတဲ့ မဟာမုနိမှာ ဘုရားကျွန်တွေအဖြစ် လှူခဲ့ပါတယ်။

0 comments:

Post a Comment