Wednesday, May 20, 2020

ခေတ်သစ်မြန်မာ့သမိုင်း - ၆ ဒေါက်တာသန်းထွန်းရေးတဲ့ A MODERN HISTORY OF MYANMAR 1752 - 1948 ကို ဘာသာပြန်တာပါ။

0 comments
ခေတ်သစ်မြန်မာ့သမိုင်း - ၆
ဒေါက်တာသန်းထွန်းရေးတဲ့
A MODERN HISTORY OF MYANMAR
1752 - 1948 ကို ဘာသာပြန်တာပါ။
အခန်း(၁)
#ကုန်းဘောင်ခေတ်နိုင်ငံရေး
အမျိုးသားရေးစုစည်းမှု
#စဉ့်ကူးမင်း
(၁၇၇၆ - ၁၇၈၂)
မဏိပူရနဲ့ဖြစ်တဲ့ စစ်ပွဲကလွဲလို့ ကျန်စစ်ပွဲအားလုံးကို စဉ့်ကူးမင်းက ရပ်ပစ်လိုက်တယ်။ ဒါပေမဲ့ ရင်မအေးစရာတွေ ကျန်နေပါသေးတယ်။ စဉ့်ကူးမင်းက အလောင်းမင်းတရားရဲ့ စတုတ္ထသားတော်ဖြစ်တဲ့ သူ့ရဲ့ ဘဒွေးတော် အမြင့်မင်းကို ကွပ်မျက်ပစ်လိုက်တယ်။ သူ့ရဲ့ ညီတော်နဲ့ နောက်လိုက်တွေက သစ္စာဖောက်တယ်လို့ စွပ်စွဲတာကြောင့်ပါ။ ဘုရင်က အနေအထိုင် သိပ်ဂရုမစိုက်ဘူး။ နောက်လိုက် တချို့တလေနဲ့ မြို့ပြင်ကို ထွက်သွားတတ်တယ်။ တစ်ကြိမ်မှာတော့ သီတင်းပတ်နဲ့ချီပြီးကြာအောင် နန်းတော်ထဲမှာ ဘုရင်မရှိဘဲ ဖြစ်နေတယ်။ ဒါက ချောင်းမြောင်းလုပ်ကြံချင်သူတွေအတွက် အခွင့်အရေးပါပဲ။ တစ်ကြိမ်မှာတော့ ရေ့ဘိုခရိုင်ထဲက ဧရာဝတီမြစ်လယ် ကျွန်းပေါ်မှာရှိတဲ့ သီဟတောဘုရားကို ဘုရင်ရောက်နေတုန်း ဝမ်းကွဲညီတော် ဖောင်းကားစားမောင်မောင်က ညအချိန်မှာ နန်းတော်ကို သိမ်းလိုက်တယ်။ ဒီသတင်း ဘုရင့်ဆီရောက်လာတော့ နောက်လိုက်တွေက ဘုရင်ကို စွန့်ခွာသွားကြတယ်။ အရုဏ်တက်ချိန်မှာ ဘုရင်တပါးတည်း နန်းတော်ကို ပြန်လာတော့ ဒုက္ခရောက်တော့တာပါပဲ။ ဖောင်းကားစားမောင်မောင်လည်း နန်းသိမ်းပြီး ၇ ရက်အကြာ ၁၇၈၂ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်မှာ အသတ်ခံရတယ်။ အလောင်းမင်းတရားရဲ့ တတိယသားတော် ဗဒုံမင်းက ထီးနန်းကို သိမ်းပိုက်လိုက်တယ်။ စဉ့်ကူးမင်းကို ဖမ်းပြီး ၁၇၈၂ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်မှာ ကွပ်မျက်တယ်။ အလောင်းမင်းတရားက သူ့ရဲ့သားတော် ၆ ပါးစလုံးကို အစဉ်အတိုင်း ဘုရင် ဖြစ်စေချင်ခဲ့တာပါ။ ဒါပေမဲ့ သူတို့ထဲက သားတော် ၃ ပါးသာ ဘုရင်ဖြစ်ခဲ့တယ်။ ဗဒုံမင်းဟာ သားတော် ၆ ပါးထဲမှာ နောက်ဆုံး ဘုရင်ဖြစ်သူပဲ။
ဗဒုံမင်း
(၁၇၈၂ - ၁၈၁၉)
အပြင်ပန်းကြည့်ရင် ဗဒုံမင်းဟာ အောင်မြင်တဲ့ ဘုရင် တစ်ပါးပါပဲ။ ဗဒုံမင်းလက်ထက် မြန်မာအင်ပါယာဟာ အကျယ်ဝန်းဆုံးပါ။ သူ့မှာ စစ်သူကြီးကောင်းတွေ ရှိတယ်။ အခြေအနေတွေကလည်း သူအောင်မြင်ဖို့ အခွင့်သာနေတယ်။ ဗဒုံမင်းရဲ့ ပုဂ္ဂိုလ်ရေးကတော့ မာနထောင်လွှားပြီး အတ္တကြီးတဲ့ ပုံစံပါ။
သူ့နန်းသက်မှာ မင်းဆွေမင်းမျိုး အစုလိုက် အပြုံလိုက် သတ်ပွဲတွေ မကြာခဏဖြစ်ခဲ့တယ်။ စဉ့်ကူးမင်းရဲ့ မိဖုရားတွေဟာ သူတို့ရဲ့ကလေးတွေကို လက်ထဲမှာပွေ့ပိုက်ရင်း အတူတကွ အရှင်လတ်လတ် မီးရှို့ခံကြရတယ်။ လအနည်းငယ်အကြာမှာ သူ့ရဲ့ညီတော်နဲ့ သူ့ရဲ့ အကောင်းဆုံး စစ်သူကြီး မဟာသီဟသူရတို့ဟာ သူ့ကိုဆန့်ကျင်ပြီး လျှို့ဝှက် ကြံစည်တာကို တွေ့ရတယ်။ ၁၈၇၂ ခုနှစ်မှာ အင်းဝဆက် မင်းသားတပါးအဖြစ် လှည့်ဖျားပြောဆိုသူ ငမြတ်ပုံဟာ ညအချိန်မှာ နောက်လိုက် ၂၀၀ နဲ့ နန်းတော်ကို ဝင်စီးတယ်။ သူ့ကိုဖမ်းဆီးပြီး ထုံးစံအတိုင်း ကွပ်မျက်လိုက်တယ်။ အဲဒီ သူပုန်တွေထဲက အများစုဟာ ဖောင်းကားရွာကပါ။ အဲဒါကြောင့် ဖောင်းကားရွာမှာရှိသမျှ လူအားလုံး အရှင်လတ်လတ် မီးရှို့ပစ်တယ်။ ဒါပေမဲ့ မှတ်တမ်းတွေအရတော့ ဗဒုံမင်းဟာ ဘာသာရေး အကိုင်းရှိုင်းဆုံး ဘုရင်ပါပဲ။ စစ်ကိုင်းဘက်မှာ မင်းသားငယ်အဖြစ်နဲ့ သူနေခဲ့တဲ့ အိမ်နိမ့်စံဝင်းအတွင်း အောင်မြေလောကခေါ် အိမ်တော်ရာစေတီကို တည်ထားကိုးကွယ်ခဲ့တယ်။ ၁၇၈၃ ခုနှစ် မေလ ၁၂ ရက်မှာ ဗဒုံမင်းက မြို့တော်ကို အမရပူရ ရွှေ့လိုက်တယ်။ ဒါက တိုင်းပြည်ကို အကြီးအကျယ် အကျပ်ရိုက်စေခဲ့တယ်။ အကြောင်းကတော့ သာမန်ပြည်သူတွေဟာ ငွေကြေးနဲ့ လုပ်အားတွေ တနင့်တပိုး ထည့်ဝင်ကြရလို့ပါ။ ရွှေဘိုကို စွန့်ပြီး အင်းဝကို မြို့တော်အဖြစ် သိမ်းယူတုန်းက ဒါဟာ အမြော်အမြင်ရှိတဲ့ ခြေလှမ်းပါ။ ပြောင်းရွှေ့လို့ အခက်ကြုံရတာဟာ လျော်ကန်သင့်မြတ်ပါတယ်။ အကြောင်းကတော့ အင်းဝဟာ အထက်မြန်မာပြည်ရဲ့ မြို့တော်အတွက် အကောင်းဆုံး နေရာမို့ပါပဲ။ ဒါပေမဲ့ အင်းဝကနေ အမရပူရကို ရွှေ့တာကတော့ အမြော်အမြင်ရှိတဲ့ ပြောင်းရွှေ့မှု လုံးဝ မဟုတ်ပါဘူး။ 
အောက်မြန်မာပြည်က မွန်တွေဟာ ၁၇၈၃ ခုနှစ် စက်တင်ဘာလမှာ ပုန်ကန်ကြတယ်။ ရန်ကုန်ကို အလစ်အငိုက်ဖမ်းပြီး ဝင်တိုက်တယ်။ မြို့ဝန်ကိုသတ်ပြီး မြို့ကိုသိမ်းတယ်။ ဒါပေမဲ့ သိပ်မကြာခင် မောင်းထုတ်ခံရတယ်။ ရန်ကုန်ကို ပြန်သိမ်းဖို့ ကြိုးစားပေမဲ့ ရှုံးတာပါပဲ။ အဲဒီပုန်ကန်မှုရဲ့ အကျိုးဆက်က လူအများအပြား အသတ်ခံရပြီး မွန်တွေ ထိုင်းကို ထောင်နဲ့ချီ ရွှေ့ပြောင်းကုန်တာပါပဲ။ ၁၈၂၄ ခုနှစ်ထဲမှာ နောက်ထပ် မွန်ပုန်ကန်မှုတစ်ခု ရှိသေးပေမဲ့ အနှိမ်နှင်းခံရပါတယ်။

0 comments:

Post a Comment