ကမ္ဘာ့စနစ် (World
Order)များက ဗမာပြည်အပေါ်သက်ရောက်မှုများ
(၁) ပဒေသရာဇ်ခေတ်က “ကမ္ဘာ့စနစ်”မရှိပါ။ ရှိလည်း မရှိနိုင်ပါ။ ဒေသန္တရစနစ်များတော့ရှိသည်။ ဗမာပြည်အနေနှင့်ဆိုလျှင် မိမိပတ်ဝန်းကျင် ဒေသန္တရစနစ်၏သက်ရောက်မှု ရှိခဲ့သည်။
ဗမာပြည်၏ပထဝီအနေအထားက တမူထူးခြား၏။ ထို့ကြောင့် သက်ရောက်မှုလည်း(ရှေးအခါကတည်းက) တမူထူးခြားသည်။ မြေပြင်မှလာသောကျူးကျော်မှုကို ကြုံဖူးသလို၊ ရေပြင်မှလာသောကျူးကျော်မှုကိုလည်း ကြုံရဖူးသည်။ တရုတ်ပြေးမင်းက မွန်ဂိုကျူးကျော်မှု ကြေင့် ပြေးရသည်။ ကုလားကျမင်းက ကုလားကျူးကျော်မှုကြောင့် “ကျ”ရသည်။ ဒါက ရေပြင်ကလာတာ ဖြစ်သည်။ ကုလားဆိုသည်မှာ အိန္ဒိယမဟုတ်၊ သီဟိုဠ်ဟုဆိုသည်။ ဟုတ်နိုင်ပါသည်။ အိန္ဒိယ မဟုတ်နိုင်ပါ။ အိန္ဒိယက အနောက်ဘက်ကိုပဲ မျှော်ကြည့်နေရသည့်ခေတ် ဖြစ်သည်။
ဗမာပြည်ကို ကမ္ဘာ့စနစ်နှင့် စတင်မိတ်ဆက်ပေးသူမှာ ပေါ်တူဂီ ငဇင်ကာဟု ဆိုနိုင်သည်။ အိန္ဒိသမုဒ္ဒရာကို စိုးမိုးနိုင်သူကသာ ဗမာပြည်ကို ရေပြင်မှကျူးကျော်နိုင်သည်။ ထိုအခါက အိန္ဒိယသမုဒ္ဒရာကို ပေါ်တူဂီ ခေတ္တစိုးမိုးချိန်ဖြစ်သည်။ ငဇင်ကာကျူးကျော်မှုက အကင်းသာဖြစ်သည်။ တကယ့်ကျူးကျော်မှုကိုလုပ်နိုင်တာက အင်္ဂလိပ်ဖြစ်သည်။ အိန္ဒိသမုဒ္ဒရာကို စိုးမိုးသူအစစ်အမှန်၊ ကြာရှည်လည်း စိုးမိုးစိုးမိုးသူမှ အင်္ဂလိပ် ဖြစ်သည်။ ဗမာပြည်လည်း ကိုလိုနီ လုံးလုံးဖြစ်ရသည်။ ခဏ မဟုတ်၊ ရာစုနှစ်တခု ကျော်သည်။ ကမ္ဘာ့စနစ်နှင့် စတင်တွေ့ရတာဖြစ်သည်။
(၂) နောင်အခါတွင် “ကမ္ဘာ့စနစ်”အကျပ်တွေ့တိုင်း ဗမာပြည် ပတ်သက်ရမြဲဖြစ်သည်။ ပထမနှင့် ဒုတိယကမ္ဘာစစ်မှာ ပါဝင်ပတ်သက်ရသည်။ ထိုစစ်များမှာ “ကမဘာ့စနစ်အဟောင်း”ကို ကာကွယ်ထိန်းသိမ်းသူနှင့် စိန်ခေါ်သူ၏စစ် ဖြစ်သည်။ ပထမကမ္ဘာစစ် စစ်မြေပြင်ကသေးသဖြင့် စစ်ဒဏ် သိတ်မခံရ။ ဒုတိယကမ္ဘာစစ်တွင်ကား မလူးသာမလွန့်သာ ခံရသည်။ အရှေ့တောင်အာရှတွင် ဘယ်တိုင်းပြည်မှ ဗမာပြည်လောက် မခံလိုက်ရပါ။
(၃) “စစ်အေးခေတ် ကမ္ဘာ့စနစ်”ကျတော့ တမျိုးဖြစ်သည်။ ဟိုတုန်းက စစ်ဒဏ်ကိုခံရတာ ကိုယ့်ဘာသာဆုံးဖြတ်ခွင့်မရှိလို့၊ ကိုလိုနီဖြစ်လို့၊ သူစစ်တိုက်လျင် ကိုယ်ကပါရမြဲဖြစ်လို့ ခံရတာဖြစ်သည်။ (ဂျပန့်ကိုလိုနီ ခဏတဖြုတ် ဖြစ်တော့လည်း အင်္ဂလိပ်ကိုစစ်ကြေညာတာ လုပ်လိုက် ရသေးသည်)
ဗမာပြည်က လွတ်လပ်တော့ စာချုပ်စာတမ်းအရလွတ်လပ်တာဖြစ်လို့ အင်္ဂလိပ်နှင့် ချက်ကြိုးမပြတ်။ ထို့ကြောင့် ကိုးရီးယားစစ် တိုက်တုန်းက ရောယောင် ပါလိုက်ရသေးသည်။ သို့သော် စတိသာပါသဖြင့် ကိုးရီးယားစစ်တွင် မနာ လိုက်ပါ။ နာတာက ဗမာပြည်စစ်မြေပြင်တွင် ဖြစ်သည်။ စစ်ပြေး KMT တပ်ကြွင်းတပ်ကျန်များက တတိယကမ္ဘာစစ်ဖြစ်တော့မည်ဆိုပြီး စိတ်ဓာတ်တက်သည်။ တရုတ်ပြည်ပြန်ဖို့ ဒုတိယစစ်မျက်နှာ ဖွင့်တော့မလိုလို လုပ်သည်။ ဗိုလ်ချုပ်ကြီး ‘မက်အာသာ’သာ မပြုတ်လျှင် အမေရိကန်နှင့် တရုတ်ပြည်ကြားတွင် ဗမာပြည် စစ်မြေပြင်ဖြစ်ရဖို့ ရှိသည်။ စစ်မြေပြင်သာဖြစ်လျှင် ဗမာပြည် သက်သာမည်မဟုတ်။ ဒုတိယကမ္ဘာစစ်ကထက် ဆိုးလိမ့်မည်။ သို့သော် “စစ်အေးကမ္ဘာ့စနစ်”ကို ဆူပါပါဝါများက ထိန်းသိမ်းလိုက်ကြသဖြင့် သက်သာသွားသည်။
တရုတ်နှင့်အိန္ဒိယအစိုးရများကလည်း မအူမလည်ဖဆပလအစိုးရကို ထိန်းပေးမှဖြစ်တော့မည်ဟု သဘောပေါက်သွားသည်။ မူကြီး ၅ ချက်တို့၊ ဘန်ဒေါင်းမူ ၁ဝ ချက်တို့ဖြင့် ထိန်းပေးလိုက်သည်။ ဗမာပြည်အစိုးရ အိန္ဒြေရသွားသည်။ နိုင်ငံ့ဂုဏ်သိက္ခာလည်း တက်သည်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အဖြစ် ဗမာပြည်မှဦးသန့်ကို အရွေးခံရသည်အထိ ဂုဏ်သိက္ခာတက်ခဲ့သည်။ ကြားနေနိုင်ငံသာမဟုတ်လျှင် ထိုသို့ဖြစ်ဖို့ မလွယ်ပါ။ ဦးနု ဖဆပလအစိုးရကို ကျေးဇူးတင်သင့်သည်။
(၄) “စစ်အေးကမ္ဘာ့စနစ်”သည် တည်ငြိမ်လှသည်မဟုတ်။ တနေ့ရွှေ တနေ့ငွေ ဖြစ်သည်။ “နယ်ချဲ့ကမ္ဘာ့စနစ်”တုန်းကလို ငြိမ်ဝပ်ပိပြားနေသည် မဟုတ်ပါ။ စစ်အေးကနေ စစ်ပူသို့ အချိန်မရွေးပြောင်းသွားနိုင်သည်။
ဗီယက်နမ်စစ်သည် စစ်အေးမှစစ်ပူသို့ ဒေသန္တရသဘောအရ ပြောင်းသွားခြင်းဖြစ်သည်။ ဗီယက်နမ်စစ်ကနေ အာရှစစ်၊ အာရှစစ်ကနေ ကမ္ဘာစစ်သို့ ပြောင်းမလိုလိုတကဲကဲဖြစ်သည်။
“ဗီယက်နမ်စစ်”ဟု ခေါ်နေကြသော်လည်း စစ်က ဗီယက်နမ်တွင်သာ ကန့်သတ်ထားတာမဟုတ်။ အရှေ့တောင်အာရှစစ်သို့ ပြောင်းနေသည်။ ထိုစစ်ပွဲတွင်း ထိုင်း၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ မလေးရှား၊ စင်္ကာပူတို့ ကြားမနေကြပါ။ အမေရိကန်ဘက်သို့ ပါကြသည်။ ပါဝင်မှုဒီဂရီသာ ကွာကြသည်။ ပါသဖြင့် အမေရိကန်ထံမှ ဆုလာဘ်ရသည်။ သူတို့တတွေကို “ကျား နိုင်ငံ”များဖြစ်စေသောအခြေခံကို ရသွားစေသည်။ နိုင်ငံတော်တော်များများက သူတို့ကို အားကျကြသည်။ အားကျကြတာလည်း မဆန်းပါ။ အမေရိကန်၏ဆုလာဘ်က မက်စရာကောင်းသည်။ တအောင့်တမ ရသည်။ ဒေါ်လာ ဘီလီယံချီ၍ ရသည်။
နေဝင်းလည်း အားကျသည်။ ‘စစ်အစိုးရ’တိုင်းတွင် ရောဂါတမျိုးရှိသည်။ သူတို့ခေတ်တွင် တိုင်းပြည် တဟုန်ထိုး တိုးတက်သွားရမည်ဆိုသော ဆန္ဒစွဲရှိကြသည်။ ထိုရောဂါထသဖြင့် နေဝင်းသည် ‘ကြား’ မနေချင်တော့ပါ။ ဘက်လိုက်ချင်လာသည်။ ဗမာပြည်ကွန်မြူနစ်ဆန့်ကျင်ရေး လောက်သာ လုပ်နေလျှင် မစို့မပို့သာရမည်။ တရုတ်ကွန်မြူနစ်ဆန့်ကျင်ရေးလုပ်လျှင် တအောင့်တမရမည်ဟု တွက်သည်။ ရလျှင် ယိုးဒယား လို၊ စင်္ကာပူလို၊ မလေးရှားလို၊ အင်ဒိုနီးရှားလိုဖြစ်မည်။ ထို့ကြောင့် အကွက်ကောင်းစောင့်ပြီး တရုတ်ကွန်မြူနစ်ဆန့်ကျင်ရေး (တရုတ်အစိုးရ ဆန့်ကျင်ရေး)ကို ၁၉၆၇ တွင် လုပ်လိုက်သည်။
နေဝင်းက တအောင့်တမငွေကြေးဆုလာဘ်ကို မျှော်ကိုးတာသာမက အာဃာတအတွက်ဆုလာဘ်ကိုလည်း မျှော်ကိုးပုံရသည်။
ဦးနု ၁၉၆ဝ ရွေးကောက်ပွဲ နိုင်အပြီးတွင် ဦးသန့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်နေရာ ရသည်။ ၁၉၆၁ ခုနှစ်တွင် ရခြင်းဖြစ်သည်။ ၁၉၆၂ ခုနှစ်တွင် နေဝင်းက ဦးနုကို အာဏာချနိုင်သော်လည်း ဦးသန့်ကို သြဇာချမပစ်နိုင်ခဲ့။
မူကြီး ၅ ချက်ကိုဖျက်၊ အမေရိကန်ဘက် အပြတ်လိုက်ခဲ့လျှင် ဦးသန့်နေရာ၌ လူစားထိုးခွင့်ရမည်ဟု ထင်ခဲ့သည်။ ဒါက- ကုလသမဂ္ဂလုံခြုံရေး ကောင်စီ အမြဲတမ်းအဖွဲ့ဝင် ၅ နိုင်ငံ သဘောတူလျှင် ဖြစ်နိုင်သည်။ တရုတ်ကွန်မြူနစ်အစိုးရက နေရာမရသေး။(၁၉၇၁ ခုကျမှ ရသည်) ဆိုဗီယက်က “ဆိုရှယ်လစ် တော်လှန်ရေး”လုပ်နေသောနေဝင်းကို ပစ်ပြီးထောက်ခံနေသည်။ ထို့ကြောင့် ထိုစိတ်ကူး လက်တွေ့ဖြစ်နိုင်ခြေ ရှိသည်။
သို့သော် နေဝင်းစိတ်ကူး အကောင်အထည်မပေါ်ခဲ့ပါ။ ပထဝီက စကားပြောသွားသည်။ အင်ဒိုနီးရှားမှာ၊ မလေးရှားမှာ ဘက်ပြောင်းသွားသော အစိုးရများရဲ့အသတ်ခံရသည့် တရုတ်တွေက ထောင်သောင်းချီရှိသည်။ နေဝင်းသတ်နိုင်တာက ဆယ်ဂဏန်း ရာဂဏန်းသာရှိသည်။ သို့သော် အင်ဒိုနီးရှား၊ မလေးရှားကို တရုတ်က ဒဏ်မခတ်နိုင်ပါ။ ဝေးလှသည်။ ဗမာပြည်ကတော့ ခြံစည်းရိုးသာခြားသည်။ ထို့ပြင် ဗကပ ပညာသင်များ တရုတ်ပြည်ထဲတွင် ရာချီရှိသည်။ ကချင် သီးခြားတိုင်းပြည်ထူထောင်ရေး မအောင်မြင်၍ ပြေးဝင်လာသော နော်ဆိုင်းတပ်လည်း ရာချီရှိသည်။ ဗကပ ပညာသင်များက “မူကြီးငါးချက်”ကြောင့် တရုတ်ပြည်တွင် သောင်တင်နေသည်။ နေဝင်းသာ “မူကြီးငါးချက်” စည်းရိုးကို ချိုးမပစ်လျှင် တရုတ်ပြည်တွင် အရိုးထုတ်ကြရမည်။
နေဝင်းက မူကြီးငါးချက်ကို ရိုက်ချိုးလိုက်သဖြင့် အရှေ့မြောက် စတင်ပေါ်လာသည်။ ထိုအခါ ထောင်ထဲရောက်နေသောဗိုလ်အောင်ကြီးက “ကိုးကန့်နဲ့ ပဲခူးရိုးမ ဟိုချီမင်းလမ်း ဖေါက်ခွင့် မပေးလိုက်ပါနဲ့၊ အမြန်သွား တောင်းပန်ပါ”ဟု ဗိုလ်နေဝင်းကို အကြံပေးသည်။ ဦးနုနဲ့သူ့ကို တရုတ်ပြည် သွားတောင်းပန်ဖို့လွှတ်ပါဟု တောင်းဆိုသည်။ တရုတ်ပြည်ကပြန်လာပြီးလျှင် ထောင်ထဲ ပြန်ထည့်ချင်ထည့်ပါဟု ဆိုသည်။
တောင်းပန်တဲ့အလုပ်များ သူတို့သာ လုပ်တတ်တာမဟုတ်၊ ငါလည်းလုပ်တတ်တာပဲဆိုပြီး နေဝင်း တရုတ်ပြည် ကွန်မြူနစ်အစိုးရထံ အခေါက်ခေါက်သွားပြီး တောင်းပန်သည်။
ဤလိုနှင့် ကျေအေးလိုက်ကြသည်။ “မူကြီး ၅ ချက်”မူပေါ်သို့ ပြန်ရောက်တော့မလိုလိုဖြစ်သည်။ သို့သော် နေဝင်းက (၈၈၈၈) အရေးတော်ပုံ ကြောင့် မလုပ်လိုက်ရ။ နဝတ ကျမှ လုပ်နိုင်သည်။
(၅) စစ်အေးခေတ်အလွန် ကမ္ဘာ့စနစ်ဟောင်း မရှိတော့ပါ။ သို့သော် စနစ်သစ်က မပေါ်သေး။ ဆိုဗီယက်က စစ်ရှူံးတာမဟုတ်။ သူ့အတတ်နှင့် သူစူးပြီး ပြိုသွားခြင်းဖြစ်သည်။
အရင့်အရင် ဖြစ်မြဲမှာ ကမ္ဘာ့စနစ်အတွက် စစ်တိုက်ကြ၊ အရှူံးအနိုင်ဖြစ်ကြ၊ ရှူံးသူက အပြတ်ရှူံး၊ နိုင်သူက အပြတ်နိုင်။ ထိုအခြေအနေရောက်မှ စနစ်သစ် ချမှတ်ခြင်းဖြစ်သည်။
စနစ်သစ်ချလျှင် ရှူံးသူမပါရ။ စကားပြောခွင့်တောင် မရှိ။ စစ်အေးစနစ်မှာ ဤနည်းနှင့်ပေါ်လာခြင်းဖြစ်သည်။ ကုလသမဂ္ဂသည် စစ်အေးခေတ်၏ အဆောက်အဦးဖြစ်သည်။ သူ့ဖွဲ့စည်းပုံနှင့် လည်ပတ်ပုံကြည့်လျှင် ရှင်းသည်။ စစ်နိုင်သူကဖွဲ့သည့် အခြေခံချင်းမတူသည့် စုပေါင်းစပ်ပေါင်း မဟာမိတ်အဖွဲ့ဖြစ်သည်။ ထို့ကြောင့် ထိန်းညှိထားရသည်။ ကြီး ၅ ကြီးကို ဗီတိုအာဏာပေးထားရသည်။ ကြီး ၅ ကြီးထဲ ပါသောတရုတ်ပြည်က ကိုလိုနီတပိုင်းနိုင်ငံဖြစ်သည်။ ပါတုန်းကတော့ အမေရိကန်သြဇာခံအဖြစ်ပါတာ ဖြစ်သည်။ သို့သော် ၁၉၄၉ ခုနှစ်တွင် တရုတ်ပြည်က ပုံစံပြောင်းသွားသည်။ ထို့ကြောင့် ကြီး ၅ ကြီးထဲက တရုတ်ပြည်အနေအထားက ကမောက်ကမဖြစ်နေသည်။ ၁၈၇၁ ခုနှစ် ရောက်မှ ပုံမှန်ပြန်ရောက်သည်။ ပြန်ရောက်ဖို့ အမေရိကန်-တရုတ် အတော်စေ့စပ်လိုက်ရသည်။ (ကျော်ဝင်း ဘာသာပြန်တဲ့ “စပယ်ဖြူ” ထဲက “စကားဝိုင်း” ဘာသာပြန်များကို ကြည့်ပါ)
သင်ခန်းစာယူဖို့မှာ စနစ်ပြောင်းချိန်တိုင်းတွင် ဗမာပြည် ဒုက္ခတွေ့တတ်သည်။ ယခု စနစ်ပြောင်းနေချိန်ဖြစ်သည်။ မမေ့ မလျော့ မပေါ့ကြဖို့ လိုသည်။ ကမ္ဘာ့စနစ်ပြောင်းချိန်နှင့် ဗမာပြည်၏အုပ်ချုပ်ရေးစနစ်ပြောင်းချိန် လာ၍တိုက်ဆိုင်နေသဖြင့် ပိုပြီး သတိရှိသင့်သည်။ အမြော်အမြင် ရှိသင့်သည်။
(၆) ဗမာပြည်အုပ်ချုပ်ရေးစနစ်ပြောင်းလဲချိန်က သူများနှင့်မတူပါ။ ကြာလွန်းသည်။ ၁၉၉ဝ ရွေးကောက်ပွဲအပြီးက စတွက်လျှင်ပင် ၁၄ နှစ်ရှိပြီ။
ဗမာပြည်လူထုကတော့ ကိုယ့်ကိစ္စဖြစ်၍ စိတ်ရှည်နိုင်ကြသည်။ နိုင်ငံကြီးများ စိတ်မရှည်ကြတော့။ စစ်အုပ်စုက ဒါကိုသိသည်။ ဒါ့ကြောင့် အချိန်ဆွဲလို့ရသမျှ ဆွဲသည်။
ဤတွင် ဗမာပြည်၏ထူးခြားချက်ကို ပြောဖို့လိုသည်။ ၁၉၄၉-၅ဝ တွင် ဖဆပလအစိုးရ ဘေးကျပ်နံကျပ်ဖြစ်နေချိန်က ဝင်ကူတာ အိန္ဒိယအစိုးရ ဖြစ်သည်။ နောက်ကျမှ အိန္ဒိယအစိုးရနှင့် တရုတ်အစိုးရဦးစီးမှုဖြင့် ကြားနေနိုင်ငံဖြစ်စေသည်။
၁၉၆၇ မှ ၁၉ရဝ အထိ နေဝင်းအစိုးရ ဘေးကျပ်နံကျပ်ဖြစ်တော့ အမေရိကန် ဝင်ကယ်သည်။ ၁၉၈၈-၈၉ အကျပ်အတည်းကျတော့ တရုတ်နဲ့ ASEAN
ဝင်ကယ်သည်။ နောက် အိန္ဒိယ ပါလာသည်။ အခုကျတော့ EU ပါလာသည်။ အမေရိကန်ပဲ ကျန်သည်။
အမေရိကန် ကျန်တာကလည်း သူထူထောင်ချင်သည့် ဝင်ရိုးတခုကမ္ဘာ့စနစ်အတွက် အသုံးတည့်၍ ကျန်နေခြင်းဖြစ်သည်။ အကောင်းကျန်ခြင်း မဟုတ်ပါ။ ဗမာပြည်တွင် ဒီမိုကရေစီအောင်မြင်စေချင်တာထက် လက်ကျန် တရုတ်ကွန်မြူနစ်အစိုးကို ‘ခွေ’ ထားချင်တာ ဘက အဓိကဖြစ်သည်။ များမကြာခင်က အသံတခု ကြားလိုက်ရသည်။ ဗမာပြည်မှာ ဒီမိုကရေစီရေးအောင်မြင်ဖို့ဆိုလျှင် တရုတ်ပြည် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို အရင်လုပ်ရမည်ဟူသောအသံ ဖြစ်သည်။ ဘာသဘောနဲ့ပြောလဲ မသိပါ။ ထိုင်ဝမ်မှအထောက်အပံ့ကို လိုချင်၍လော။ (ထိုင်ဝမ်မှာ နိုင်ငံခြား အရံငွေပေါသည်)
ကမ္ဘာ့စနစ် အပြောင်းအလဲဖြစ်ချိန်တိုင်းတွင် ဗမာပြည်အနေနှင့် သတိနှင့်နေရပါမည်။ အနေမတတ်ပဲ- အာဏာပလ္လင်ပေါ်က မဆင်းချင်ရုံ သက်သက်ဖြင့်(စစ်အုပ်စုလို) အမေရိကန်ဆန့်ကျင်ရေး လေလုံးထွားနေတာမျိုး မလုပ်သင့်ပါ။ ကုလသမဂ္ဂဆုံးဖြတ်ချက်အတိုင်းစေ့စပ်ပါဟု ပြောနေသောအမေရိကန်ကို ဆန့်ကျင်ဖို့မလိုပါ။ ကြိုဆိုရမည်။
တဘက်ကလည်း အမေရိကန်ကြိုက် ကမ္ဘာ့စနစ်သစ်အတွက် မဆီမဆိုင်ကြားကဝင်ပြီး “တရုတ်ပြည်မှာ ဒီမိုကရေစီပြောင်းလဲရေး အရင် လုပ်ရမည်” ဟု မပြောသင့်ပါ။ ကျွဲ ၂ ကောင် ခတ်မခတ်က မသေချာပါ။ သူတို့ချင်း စေ့စပ်တတ်ပါသည်။ ကမ္ဘာ့သမိုင်းမှာ စေ့စပ်ခဲ့ပေါင်း များလှပါပြီ။ ကြားက ကော ကျန်ရစ်တတ်ပါသည်။
(၂ဝဝ၅ ဖေဖော်ဝါရီထုတ် ၂၁ စာစဉ် မှ ထွန်းသော်ရေးသားသည့်ဆောင်းပါးဖြစ်ပါသည်)
0 comments:
Post a Comment