Tuesday, May 12, 2020

၁၉၇၆ မတ်လ မှိုင်းရာပြည့်အရေးအခင်းနှင့် မီးမောင်းစာစောင် လှုပ်ရှားမှု ရေးသူ - ကိုဗေဒါ

0 comments
၁၉၇၆ မတ်လ မှိုင်းရာပြည့်အရေးအခင်းနှင့် မီးမောင်းစာစောင် လှုပ်ရှားမှု ရေးသူ - ကိုဗေဒါ

(က) မီးမောင်းစာစောင်လှုပ်ရှားမှု

၇၅ ခု၊ သြဂုတ်လမှာ တပ်လှန့်သံစာစောင် လျှို့ဝှက်ထုတ်ဝေပါတယ်။ ကျွန်တော်က ပြည်သူ့အသံက အသံလွှင့်ဆောင်းပါးတွေကို လက်ရေးတိုနဲ့ လိုက်ကူးပါတယ်။ ကိုဟံလွင် (ကဗျာဆရာ မောင်ဆွေဆက်)က ဖယောင်းပေါ် ရေးပေးပါတယ်။ ပြီးတော့ မီးချောင်းနဲ့ လှိမ့်ပါတယ်။ အကန့်အသတ်နဲ့မို့ စောင်ရေ မများပါ။ နီးစပ်ရာ ပေးဖတ်ပါတယ်။

မြောက်ဥက္ကလာ ပြောင်းနေတဲ့ ကိုထွန်းကြည်မှတဆင့် ကိုစိန် (မြောက်ပိုင်းABSDF မှာ အသတ်ခံရသူ)၊ ဒေါက်တာလှမြင့် တို့နဲ့ သိကျွမ်းလာရပါတယ်။ ကိုစိန်ကတဆင့် မြေအောက် စည်းရုံးရေး အဆက်ရပါတယ်။ ကိုစိန်၊ ကိုလှမြင့်၊ ကိုထွန်းကြည်၊ ကျွန်တော်တို့ Cell တခု ဖွဲ့ဖြစ်တယ်။ နောက် အဲဒီ Cell ကတဆင့် ပွါးသွားပါတယ်။ ကိုစိန်ကတဆင့် လက်ပံတန်းဘက် ခမုံဆိပ်ရွာနေ ကိုမြအေး(ကျွန်းပြန်) ဆီ အဆက်ရလာတယ်။

လှုံ့ဆော်စည်းရုံးဖို့အတွက် စာစောင်တခုထုတ်ဖို့ စဉ်းစားကြတယ်။ အကန့်အသတ်နဲ့ ဖြန့်မယ်။ မီးမောင်းစာစောင်လို့ အမည်ပေးတယ်။ အတွေ့အကြုံရှိတဲ့ ကျွန်တော့်ကို တာဝန်ပေးပါတယ်။ ၇၆ ခု၊ ဇန်နဝါရီမှာ စတင်ထုတ်ဝေဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ကျွန်တော်ပဲ သတင်းစာမူ စုဆောင်းပါတယ်။ ကိုယ်တိုင်ပဲ ဖယောင်းပေါ်ရေးတယ်။ ကိုစိန်လုပ် ပေးထားတဲ့ ဒလိမ့်တုံးပါ စာကူးစက်ကလေးနဲ့ ကိုဇော်ကြီးနဲ့ ကျွန်တော် ညဘက်လူခြေတိတ် ချိန်မှာ လျှို့ဝှက်လှည့်ပါတယ်။ လေးခေါက်ချိုး ရှစ်မျက်နှာနဲ့ ပါ။ မနက်ရုံးတက်၊ ညနေရုံး ဆင်းတာနဲ့ ဘေးမြေကွက်လပ်မှာ သစ်ပင်စိုက်။ ဘယ်သူမှ ကျွန်တော် လုပ်ဆောင် နေတာ မရိပ်မိပါ။

တစ်နေ့.။ ဖြန့်ဝေဖို့အတွက် ကားနဲ့ ယူသွားရင် အရှာအဖွေနဲ့ တိုးနေမှာမို့ ငမိုးရိပ်ချောင်းက လှေတစင်းယူပြီး မြောက်ဥက္ကလာကို လှော်တက်ခဲ့ပါတယ်။ ရေတက်မို့ လှေကလေးက တရိပ်ရိပ် ပြေးလွှားနေပါတယ်။ လေပြင်းကြောင့် ကမ်းဘေးက လမုပင်တို့ ယိမ်းထိုးနေ။ လှေဝမ်းလေးထဲက တောင်းထဲမှာ မီးမောင်းစာစောင်တချို့ ဝှက်ယူလာခဲ့။ သမ္ဘာန်တချို့ ရွက်လွှင့် သွားကြ။ ကျွန်တော်လည်း တေးတကြော်ကြော်နဲ့ အသံပေးလိုက်သေး။ ချောင်အကွေ့မှာ ယဲတွေ ပွက်ပွက်ထနေ။

မြောက်ဥက္ကလာဘက်ကမ်း နွယ်နီလမ်းထိပ်မှာ ရှိတဲ့ ပိုက်တဲမှာ လှေချည်ပြီး ကိုလှမြင့်ဆီ သွားတယ်။ စာစောင်တချို့ အပေးအယူလုပ်ပြီး ပြန်လာ။ ရေက မကျတတ်သေး။ အဒေါ်ရဲ့ ယောက်ျားဖြစ်သူ ကိုကျော်မိုါ် (ကဗျာဆရာ နီမိုး) နဲ့ ရေစောင့်ပါတယ်။ မီးမောင်းစာစောင် သူ့ကို ပေးဖတ်လိုက်ပါတယ်။ သူက အတော်သဘောကျပြီး စာစောင်ကို တောင်းပါတယ်။ ကျွန်တော်က မပေးနိုင်ကြောင်း စောင့်ယူသွားမှာ ဖြစ်လို့ မြန်မြန်ဖတ်စေချင်ကြောင်း ပြောပါတယ်။ မရ။ ကျွန်တော်က သူ့ကို ကတိတခု တောင်းပါတယ်။ ဖတ်ပီးရင် ဖျောက်ပစ်ဖို့၊ ဘယ်သူ့မှ မပေးဖို့၊ သူက အားတက်သရော ကတိပေးပါတယ်။ ပြီးတော့ လှေကြိုးဖြုတ်ပြီး စုန်ဆင်းလာပါတယ်။ မှောင်ရီဖျိုးဖျ အိမ်ပြန်ရောက်လာပါတယ်။ စိတ်ချလက်ချနဲ့ မှိုင်းရာပြည့် အရေးအခင်းအတွက် ကိုသန်းလင်းတို့နဲ့ လျှို့ဝှက်ညှိနှိုင်း ဆောင်ရွက်ပါတယ်။

(ခ) ၁၉၇၆ ခု၊ မတ်လ ၂၃ ရက်နေ့

မနက် ၁၀ နာရီလောက် မြေနီကုန်းမှာ ကျွန်တော်တို့ သွားစောင့်နေပါတယ်။ ကိုဝင်းမြင့်(တေးရေး ဝင်းမင်းထွေး) ဦးဆောင်ပြီး ကျောင်းဘက်ကနေ ချီတက်လာပါ တယ်။ သူက ဆံပင်အရှည်ကြီးနဲ့ပါ။ တက္ကသိုလ်ကျောင်းသား ကျောင်းသူတွေ ဆန္ဒပြလာတာကို ဘေးက လူထုကြီးက လက်ခုပ်တီး အားပေးပါတယ်။ လမ်းမှာ အနှောင့်အယှက်တော့ မတွေ့ သေးပါ။ ဆရာကြီး ဂူဗိမာန်ရှေ့မှာ အားလုံး ငြိမ်သက်စွာ အလေးပြုပြီး ထိုင်လိုက်ကြပါတယ်။ ကိုမှိုင်းက ဆရာကြီးရဲ့ ကဗျာကို ရွတ်ဆိုပါတယ်။ စစ်တပ်က ရန်ကုန်ဘက် ဆက်ချီမတက်နိုင် အောင် ဆက်သွယ်ရေးတပ်ဘက်က ပိတ်ထားပါတယ်။ ကိုမှိုင်းစကားပြောအပြီး စစ်ကားအစုတ် တစီး ကျွန်တော်တို့ လူအုပ်ထဲကို မောင်းဝင်လာပါတယ်။ ပစ်လို့ကောင်းအောင် မီးရှို့ခိုင်းတဲ့ သဘောပါ။ ကျွန်တော်တို့လည်း အချင်းချင်း ထိန်းပြီး စစ်ကားကို မောင်းသွားဖို့ လမ်းရှင်းပေး လိုက်ပါတယ်။ နောက် ကိုမှိုင်းတို့ ဦးဆောင်ပြီး ကျောင်းဘက် ပြန်ချီတက်သွားကြတယ်။ ကျွန်တော်တို့ နောက်ချန်နေခဲ့ပါတယ်။

၂၃ ရက် ည ၈ နာရီသတင်းမှာ (၂၃?) ကျောင်းသားဆိုး ၃ ဦးအား ဖမ်းဆီးရမိကြောင်း ကြေညာ ပါတယ်။ နောက်မနက် သတင်းစာတွေမှာ ကိုမှိုင်း၊ ကိုဝင်းမြင့်၊ ကိုသန်းလင်းတို့ ဆံပင်ရှည်ကြီး တွေနဲ့ ဖော်ပြပါတယ်။ ကျွန်တော်တို့လည်း ခဏ အိမ်ကရှောင်နေလိုက်ပါတယ်။ အခြေအနေ မထူးမှ ပြန်နေပါတယ်။

(ဂ) ဇွန်လ ၁၆ ရက် ဗုဒ္ဓဟူးနေ့

ဇွန်လရဲ့ မိုးရေတွေနဲ့ အတူ ကျောင်းတွေ ပြန်ဖွင့်ပါတယ်။ ကောင်းကင်မှာ မိုးသားမိုးရိပ်တွေ တဖျတ်ဖျတ်နဲ့ ရွေ့လျားလို့။ သမီးက ကျောင်းစတက်မှာမို့ ပွေ့ချီပြီး ကျောင်းဝင်ပို့ပါတယ်။ သမီးကို စာတွေ တတ်အောင်သင်ဖို့ မုန့်ဖိုးပေး ချော့မြှူပြီး ဆရာမဆီ အပ်ခဲ့ပါတယ်။ရုံးသွားဖို့ ကားဂိတ်ကိုလာတော့ ဖိနပ် ပြတ်သွားပါတယ်။ နီးစပ်ရာဆိုင်က ဖိနပ်အသစ်ဝယ်ပြီး စီးလိုက်ပါတယ်။ ကားက တရိပ်ရိပ် ပြေးလွှားနေပေမယ့် စိတ်က သမီးဆီမှာပါ။

ရုံးရောက်တော့ လုပ်စရာရှိတာ လုပ်ရင်းနေ့လည်ဘက် ရောက်သွားပါတယ်။ ရုံးအုပ်က မန်နေဂျာဦးကျော်ငြိမ်းက တွေ့ချင်လို့ ကျွန်တော့်ကို လာပြောပါတယ်။ ကျွန်တော်လည်း မခေါ်စဖူး ခေါ်လို့ အံ့သြသွားပါတယ်။ ရုံးကြီးဘက်လာတော့ ဦးကျော်ငြိမ်းတယောက်ပဲ တွေ့ပါတယ်။ သူ့ရှေ့မှာ ကျွန်တော်ထိုင်တော့မှ နောက်က လူစိမ်းတွေ ဝိုင်းလိုက်ပါတယ်။

ဦးကျော်ငြိမ်းက သူတို့က ခင်ဗျားကို တွေ့ချင်လို့တဲ့။ ကျွန်တော်လည်း လူစိမ်းတွေကို လေ့လာကြည့်တော့ စစ်ထောက်လှမ်းရေးတွေပါ။ ကျွန်တော့်ကို သူတို့နဲ့ လိုက်ခဲ့ဖို့ ပြောပါတယ်။ ဘာကိစ္စလဲ မေးတော့ ဘာမှ မပြောပါ။ ကျွန်တော့် စပွဲကို ရှာကြတယ်။ ဘာမှ မတွေ့။ ရုံးဝန်ထမ်းတွေလည်း စိတ်မကောင်းစွာနဲ့ ဝိုင်းကြည့်နေကြတယ်။ ကျွန်တော်က လျှပ်တပြက်နဲ့ ကိုစိန်ဆီကို ဖုံးဆက်ဖို့ ကြိုးစားတယ်။ သူတို့က တားပါတယ်။ ဘယ်ဆီဆက်မလို့လဲ မေးတော့ ကျွန်တော့်မိသားစုဆီ အကြောင်းကြားမှာလို့ ပြောတော့ မဆက်ပါနဲ့တဲ့။ နောက် သူတို့ ခေါ်တဲ့ ကားထဲကို ဝင်လိုက်ရပါတယ်။

မောင်းထွက်ပြီး မကြာခင် ရှေ့ ကထိုင်နေတဲ့သူက ခင်ဗျား မြောက်ဥက္ကလာက ကျော်စိုးဆိုတာ သိလားလို့ လှမ်းမေးပါတယ်။ ကျွန်တော်က မသိကြောင်း ဖြေတယ်။ လက်သီးနဲ့ လှမ်းထိုးပါ တယ်။ အလစ်ငိုက် ထိသွားပြီး နှခေါင်းက သွေးတွေ ကျလာပါတယ်။ ထပ်မေးတယ်။ မသိဘူးလို့ ပြောတယ်။ မြောက်ဥက္ကလာမှာ ပိုက်ထောင်နေတဲ့ မင်းကြီးတော် ယောကျ်ားလေလို့ ပြောပါတယ်။

ကျွန်တော်က ကျော်စိုး မဟုတ်ဘူး ကျော်မိုးလို့ ပြောလိုက်တော့ ဟုတ်တယ် ကျော်မိုးတဲ့။ မင်း သူ့ကို ဘာပေးထားလဲလို့ ထပ်မေးတယ်။ ကျွန်တော်က ဘာမှ မပေးဘူးလို့ ပြောပါတယ်။ အေး တွေ့မယ် ဆိုပြီး ကားက ဘောင်ဒရီ စစ်ဘားတိုက်တခုမှာ ရပ်လိုက်တယ်။ ဘားတိုက်ထဲ ခေါ်လာပြီး ဝိုင်းထိုး ဝိုင်းကန် လုပ်ကြတယ်။ ကျွန်တော်က ငြင်းတယ်။

အရာရှိတယောက်က ဒီကောင့်ကို ပဲခူးပို့လိုက်လို့ အမိန့်ပေးပါတယ်။ ကျွန်တော့်ကို ကားတစီ ပြောင်းပြီး ဘေးက ဘော်ဒီဂတ်တွေ ဝိုင်းထိုင်ပြီး သေနတ်တွေ ထုတ်ပြပါတယ်။ ကားမောင်း ထွက်လာတယ်။ ကုက္ကိုင်းနားရောက်တော့ မင်းအိမ်သွားတဲ့လမ်း ပြလို့ ပြောပါတယ်။ ကျွန်တော်လည်း ဝမ်းသာပြီး ကွေ့ကောက် မောင်းခိုင်းတယ်။ သူတို့ မောင်းတယ်။ ကျွန်တော် ဆုံးဖြတ်လိုက်တယ်။ ကျွန်တော့် ၇ဲဘော်တွေကို ကာကွယ်ဖို့ သူတို့ အလစ်အငိုက်မှာ ထွက်ပြေးမယ်။ သူတို့ လမ်းမကျွမ်းကျင်ကျင်တာ ကျွန်တော့်အတွက် အခွင့်လမ်း မဟုတ်လား။

အိမ်နဲ့ မလှမ်းမကမ်းမှာ ကားကို ရပ်လိုက်ပါတယ်။ ရှေ့က နှစ်ယောက်က ပြည်သူ့ ကောင်စီကို သွားခေါ်ပါတယ်။ နောက်နှစ်ယောက်က ကျွန်တော့် လက်နှစ်ဖက်ကို ချုပ်ထားပါတယ်။ ပြည်သူ့ ကောင်စီတွေလာတော့ ကျွန်တော့်ကို ကားပေါ်က တွဲပြီး ဆင်းပါတယ်။ အိမ်ပေါ်အတက်မှာ သူတို့ လက်ထဲက ရုန်းပြီး ထွက်ပြေးပါတယ်။ ဟေ့ကောင် မပြေးနဲ့လို့ အော်သံ၊ ရုန်းရင်ဆန်ခတ် လှုပ်ရှားသံတွေ နောက်မှာ ချန်ခဲ့ပြီး အိမ်နောက်ဘက်ပြေး၊ ခေါင်းရင်းဘက်လာ၊ ခြံစည်းရိုးကျော်၊ နောက်ဖေးလမ်းကြားမှ အိမ်တအိမ်ထဲ လှိမ့်ဝင်။ အဲဒီအိမ်က အံ့အားသင့်နေ။  ပြီးမှ ကျွန်တော့်ကို ခေါ်ပြီး ကုတင်အောက် ဝင်ပုန်းခိုင်း။ ရပ်ကွက်ထဲမှာ ဆူညံ အော်ဟစ်သံတွေ ကြားနေရ။ ကျွန်တော်လည်း ကုတင်အောက်က ပြန်ထွက်ပြီး အိမ်ရှင်ကို နှုတ်ဆက်ကာ ဆူညံ သံတွေရဲ့ ဆူညံသံတွေရဲ့ ဆန့်ကျင်ဘက်ကို ပြေးဆင်းခဲ့တယ်။

 ငမိုးရိပ်ချောင်းက ရေကျစ ပြုပြီ။ ဒိုင်ဗင်ထိုးချပြီး အားကုန် ကူးလိုက်တယ်။ ဟိုဘက်ကမ်း ရောက်ပြီး ခြုံဖုတ်ထဲ လှိမ့်ဝင်။ မိုးက ရွာချလာတယ်။ ထောက်လှမ်းရေးတွေ ပြေးဆင်းလာတာ မြင်နေရ။ နောက် သူတို့ ပြန်တက်သွားကြတယ်။

မှောင်စပျိုးတော့ တိုးကြောင်ကြီးရွာဘက်ကမ်းရှိတဲ့ လယ်ထဲမှာ ခွင့်ပန်ပြီး နားခိုလိုက်တယ်။ တဲရှင်ကလည်း ရင်းနှီးသူမို့ အဖြစ်မှန်ကို ပြောပြလိုက်တယ်။ သူက အဝတ်အစားတွေ ထုတ်ပေး၊ ထမင်းကျွေး။ ညဘက် သတ်ထားပြီး အိပ်ရတယ်။ မနက်ကျတော့် အိမ်ကို ခယ်မ တယောက်ကို လွှတ်ပြီး စုံစမ်းကြည့်တော့ မနေ့က ကျွန်တော်ထွက်ပြေးခိုက် ကိုစိန်ရောက်လာ လို့ ကိုစိန်ကို ဖမ်းသွားကြောင်း သိရတယ်။ ကျွန်တော် အတော်စိတ်ပူသွားပါတယ်။ သူ့ဆီမှာ ကျွန်တော်ပေးထားတဲ့ Diagram တွေ ရှိတယ်လေ။ ဒီ Diagram တွေ ရသွားရင် အကုန် ကျကုန်မှာ။ ကျွန်တော်လည်း နေလို့ မဖြစ်တော့။ ကျွန်တော်ရဲ့ အဝတ်အစား၊ မှတ်ပုံတင်၊ ငွေ ဇနီးဆီက လျှို့ဝှက်တောင်းယူရတယ်။

နောက်ညမှာ ညီတယောက်က လှေနဲ့ ငမိုးရိပ်ကို စုန်ဆင်းပြီး သုဝဏ္ဏကို လိုက်ပို့ပါတယ်။ လမ်းမှာ ငမိုးရိပ်တံတား အစောင့်စစ်သားတွေက လှေကို ကပ်ခိုင်းနေလို့ တံငါသည်တွေ ဖြစ်ကြောင်း၊ ရေမမီလို့ အမြန်သွားရမှာ ဖြစ်ကြောင်း လှမ်းအော်ရပါတယ်။ နောက်မှ .. သွားသွား ဆိုလို့ စိတ်အေးပြီး အမြန်လှော်ဆင်းခဲ့ရတယ်။ ညက မှောင်မဲလို့။ ယောက်ကော်ဝဲက တဟဲဟဲမြည်လို့။ သုဝဏ္ဏတဘက်ကမ်း အဘိုးရဲ့ တဲရောက်မှ ကိုကျော်မိုး အဖမ်းခံရကြောင်း သိရပါတယ်။

မနက် ဝေလီဝေလင်း ထပြီး သုဝဏ္ဏက ကားစီး၊ ပန်းဆိုးတန်း ဆိပ်ကမ်းဆင်း၊ ဒလဘက်ကို ကူး၊ တွံတေးကို ကားစီး၊ ၉ နာရီလောက် ဓနုဖြူသင်္ဘောရောက်လာ၊ ဓနုဖြူကို ညဘက်ရောက်။ မနက်ဖက် ဓနုဖြူနဲ့ ၆ မိုင်လောက်ဝေးတဲ့ ခနောင်ရိုက်ရွာကို ကားစီး။ ရွာမှာ ကိုကျော်နိုင် (ကဗျာဆရာထူးမြတ်) နဲ့ အဆင်သင့်တွေ့။ အကျိုးအကြောင်း ပြောပြပြီး ပုန်းခိုနေ။ သူကလည်း အားတက်သရော ကူညီပါတယ်။ ပြီးတော့ အဲဒီရွာကို ကြိုတင်ပို့ပြီး မြှုပ်နှံထားတဲ့ ကိုဇော်ကြီးကို ရန်ကုန်အခြေအနေ လေ့လာဖို့ လွှတ်လိုက်ပါတယ်။ အဖမ်းမခံရသေးတဲ့ ရဲဘော်များ ရှောင်နေ ဖို့လည်း မှာလိုက်ပါတယ်။

ကိုဇော်ကြီး ပြန်လာတော့ ကိုစိန့်အိမ်က Diagram ရသွားလို့ အဖမ်းအဆီးတွေ ရှိနေကြောင်း၊ ကျွန်တော့်အိမ်နဲ့ ကျွန်တော့် မိဘအိမ်တွေကို အစောင့်တွေ ဆက်ချထားကြောင်း၊ ဇနီးကို ခဏခဏ ခေါ်စစ်နေကြောင်း၊ ကျွန်တော့်ညီနှစ်ယောက်ကို ဖမ်းထားကြောင်း သိရပါတယ်။ ကျွန်တော့ ယောက်ဖတော်သူကလည်း လျှို့ဝှက်တွေ့ချင်ကြောင်း ပြောပါတယ်။ ကျွန်တော်နဲ့ ဇော်ကြီးလည်း သတိနဲ့ နေရပါတယ်။

ဇွန်လကုန်လောက်မှာ ဟင်္သတ၊ သာရဝေါမှတဆင့် ကိုမြအေးနေတဲ့ ခမုံဆိပ်ရွာကို ကားတတန်၊ ရေတတန်၊ ရထားတတန်နဲ့ လာခဲ့ပါတယ်။ ရောက်ရောက်ချင်း ကိုမြအေးညီ ကိုအောင်မြင့်က သူ့အစ်ကို အဖမ်းခံရလို့ အမြန်ပြန်ဖို့ ပြောတာနဲ့ သာရဝေါကို ရထားလမ်းအတိုင်း ပြန်ပြေးရပါတယ်။ ည မှောင်မဲမဲ သဲသဲကွဲကွဲမရှိ။ ဘူတာရောက်တော့ ဟင်္သတဘက်ကမ်းကူးဖို့ မဖြစ်တာနဲ့ ခရီသည် အချို့နဲ့ ရောနှောနေလိုက်ရပါတယ်။ ပတ္တရောင်ရဲတွေ လာမေးတော့ ခရီးသည်တွေပါလို့ ပြောရတယ်။

မနက်ကျတော့ ဟင်္သတဘက်ကမ်းကူး။ တည်းခိုတဲ့ ရွာမရောက်ခင် ဆင်းပြီး အခြေအနေ စုံစမ်းရသေးတယ်။ အေးဆေးတယ် ဆိုမှ အိမ်ထဲ ဝင်ခဲ့ပါတယ်။ ကိုကျော်နိုင့်အမေက ကျွန်တော့်အတွက် စိတ်ပူလို့ နေတယ်။ ကိုကျော်နိုင်နဲ့ တိုင်ပင်ပြီး ဝပ်ကျင်းထပ်ပြောင်းဖို့ ပြောတော့ နောက်တပတ်လောက်ကြာရင် ကရင်ရွာတရွာ ထပ်ပြောင်းမယ် ပြောပါတယ်။

(ဃ) ဇူလိုင် ၄ ရက်

မနက် ၁၀ နာရီလောက် မလှမ်းမကမ်း မကမ်းမှာ ရှိတဲ့ ကျေူရွာလူကြီး ကိုစိုးမြင့်အိမ်မှာ ကားတစီး ဆိုက်ထားတယ်။ လူစိမ်းတွေလည်း  အရပ်ဝတ်တွေနဲ့ အိမ်ထဲ ဝင်သွားတယ်။ ကျွန်တော်က ကိုကျော်နိုင်ကို မေးတော့ ဘဏ်ငွေလာထုတ်ပေးတာလို့ ထင်တဲ့အကြောင်း ပြောပါတယ်။ ကျွန်တော်ကတော့ စိုးရိမ်စိတ် ဝင်နေခဲ့ပါတယ်။

နောက်တချက် ထူးခြားတာက ဓနုဖြူ-ဟင်္သတကားလမ်းမှာ ကားတွေ မသွားတာ အတော်ကြာခဲ့ပြီ။ ကျွန်တော်လည်း ကိုစိုးမြင့်အိမ်ကို အကဲခတ် ကြည့်နေပါတယ်။ မကြာပါ။ ကိုစိုးမြင့်အိမ်က လူစိမ်းတွေ ကားလမ်းအတိုင်း လျှောက်လာကြပါတယ်။ ကျွန်တော်တို့ အိမ်ရှေ့လည်း ရောက်ရော ပြေးဝင်လာကြပါတယ်။ ကျွန်တော်လည်း အိမ်နောက်ဖက်ပြေးပြီး ချောင်းထဲခုန်ခပြီး ကူးပြေးပါတယ်။

တဘက်ကမ်းရောက်ခါနီးမှာ ရဲတွေက သေနတ်တွေနဲ့ ချိန်ထားပါတယ်။ အိမ်ဘက်မှာလည်း ထောက်လှမ်းရေးတွေက သေနတ်တွေနဲ့ ချိန်ထားပါပြီ။ ကျွန်တော့်ကို အိမ်ဘက်ပြန်ကူးလာဘို့ လှမ်းခေါ်ပါတယ်။ ကျွန်တော်လည်း မတတ်သာတဲ့အဆုံး ပြန်ကူးလာရပါတယ်။ ကမ်းနားမှာဘဲ ကျွန်တော့်ကို လက်ထိပ်နောက်ပြန် ခတ်လိုက်ပါတယ်။ အိမ်ထဲမှာ ကိုကျော်နိုင်ကိုပါ လက်ထိပ် ခတ် ဖမ်းထားလို့ ကျွန်တော်က သူနဲ့ ဘာမှ မဆိုင်ကြောင်း။ အမေအိုကြီးကို လုပ်ကျွေး နေတာ ဖြစ်လို့ လွှတ်ပေးဖို့ မနည်း ပြောရပါတယ်။ မလွှတ်ချင် လွှတ်ချင်နဲ့ လက်ထိပ် ဖြုတ်လိုက်ပါ တယ်။ ကျွန်တော်နဲ့ မရှေးမနှောင်းမှာပဲ ကိုဇော်ကြီးကို ဖမ်းခေါ်လာပါတယ်။ တယောက် ယောက်က ကျွန်တော်တို့ နှစ်ယောက်ရှိရာ သတင်းပေးလိုက်တာပဲ ဖြစ်မှာပါ။

ကိုဇော်ကြီးနဲ့ ကျွန်တော့်ကို လက်ထိပ်တွဲခတ်လိုက်ပြီး ကျွန်တော့်ကို သံကြိုးနဲ့ ထပ်ချီပြီး ဆွဲထားပါတယ်။ ရန်ကုန်က ထွက်ပြေးလွတ်မြောက်လာသူမို့ အလွတ်မပေးတော့ပါဘူး။ ကားပေါ်တင်ပြီး ဓနုဖြူအချုပ်ထဲ ထည့်လိုက်ပါတယ်။ ညအိပ်။ နောက်မနက်မှာ သင်္ဘောနဲ့ မအူပင်အချုပ်ကို ပို့ပါတယ်။ သင်္ဘောပေါ်မှာ လက်ထိပ်တွဲခတ်၊ သံကြိုးနဲ့ သံတိုင်မှာ ချည်ထား ပြီး ခရီးသည်တွေနဲ့ စကားပြောခွင့် မပြုပါဘူး။ ခရီးသည်တွေက စားစရာတွေ လာပေးကြပါ တယ်။ အပေါ့အပါးသွားဖို့ ကျွန်တော်ပြောရင် တော်တော်နဲ့ မပို့ပါဘူး။ မတတ်သာလို့ ပို့ရင်လည်း ထွက်ပြေးမှာ စိုးလို့ သေနတ်နဲ့ ချိန်၊ သံကြိုးတွေ ဆွဲထားတာမျိုး လုပ်ပါတယ်။ မအူပင် အချုပ်မှာ ထည့်ထားပြီး ပုသိမ်ထောက်လှမ်းရေးက စစ်ကြောရေး လာလုပ်ပါတယ်။ နောက်မနက်မှာ ရန်ကုန်ကို ဆက်ပို့ပါတယ်။ ညဘက်ရောက်ပါတယ်။ အစောင့်တွေ အများကြီးချထားပြီး လာခေါ်တာပါ။ ခရီးသည်တွေ အထိတ်တလန့် ဖြစ်ကြရသေးတယ်။

အင်းစိန်ထောင် သီးသန့် စစ်ကြောရေးဝင်းထဲကို ည ၁၀ နာရီလောက် ရောက်ပါတယ်။ ကျွန်တော်တို့ နှစ်ယောက်ကို ခွဲလိုက်ပြီး ကျွန်တော့်ကို အလယ်အိမ်ကို ခေါ်လာပါတယ်။ လက်ထိပ်ဖြုတ်လိုက်ပါတယ်။ ကုလားထိုင်မှာ ထိုင်ခိုင်းပါတယ်။ 'C' မိလာပြီ ဆိုပြီး စစ်ကြောရေး ဝင်နေတဲ့ ထောက်လှမ်းရေးတွေ အားလုံးကို ခေါ်လိုက်ပါတယ်။ ကျွန်တော့်ကို အားလုံး ဝိုင်းလိုက်ပါတယ်။ ကျွန်တော့်ရှေ့ စပွဲမှာ ဗိုလ်မှူးသိန်းတိုး လာထိုင်ပါတယ်။ ကျွန်တော့်ကို စူးစိုက်ကြည့်ပြီး  Diagram တွေ ထုတ်ပြပါတယ်။ မင်းရေးထားတာလားလို့ မေးပါတယ်။ ကျွန်တော်က ခေါင်းညိတ် လိုက်တယ်။ နောက် စည်းရုံးထားတာတွေ ပြောလို့ မေးပါတယ်။ ကျွန်တော်က မရှိဘူးပြောလို့ ဗိုလ်မျူးသိန်းတိုးက ဆောင့်ကန်ပါတယ်။

ကျွန်တော် ကုလားထိုင်နဲ့ နောက်ပြန် လဲကျသွားခိုက်မှာ နောက်လူတွေက ဝိုင်းရိုက် ဝိုင်းကန် လုပ်ကြပါတယ်။ ဘယ်လောက်နှိပ်စက်ကြသလဲ ကျွန်တော် မသိတော့ပါ။ ကျွန်တော် သတိရတော့ အဝတ်ဗလာနဲ့ ခြောက်တိုက် ၂ ခန်းထဲ ရောက်နေပြီ။

တကိုယ်လုံး သွေးအလိမ်းလိမ်း နဲ့ပါ။ ဖျာလည်းမရှိ။ သောက်ရေအိုးလည်း မတွေ့။ အမှောင်တိုက်မို့ အလင်းရောင် မသဲကွဲ။ ချောင်းကြည့်ပေါက်ကလေးကတော့ တခါတခါ လာချောင်းကြည့်တာ တွေ့ရပါတယ်။ ကျွန်တော်က ရေပေးဖို့ အဝတ်အစားပေးဖို့ လှမ်းပြော ပေမယ့် ဘာမှ တုန့်ပြန်တာ မရှိပါ။ ညကျ စောင်အုပ်ပြီး ပြန်ထုတ်တယ်။ ထပ်မေးတယ်။ ရိုက်ကြပြန်တယ်။ တိုက်ထဲ ဘယ်အချိန် ပြန်ရောက်မှန်းမသိ။ ဘာမှ မထူးတော့မှ ရေနည်းနည်း ထမင်းနည်းနည်း တိုက်ကျွေးပါတယ်။

သူတို့ လက်ထဲက လွတ်သွားလို့ အရေးယူခံရတဲ့ ရန်ကုန် စစ်ထောက်လှမ်းရေးအုပ်စုက သီးသန့် လာရိုက်ကြပါသေးတယ်။


တရက်တော့ နောက်ဘက်က A1 B2 C3 မော့်စ်ရိုက်ဖို့ လှမ်းအော်ပါတယ်။ ပြီးတော့ (၃) ခန်းက အချက်ပေးသံ ကြားပါတယ်။ ကျွန်တော် သဘောပေါက်သွားပါတယ်။ W ကို ၂၃ ချက်၊ H ကို ရှစ်ချက်၊ O ကို ၁၉ ချက် ရိုက်လိုက်တော့ (၃)ခန်းက ကိုထွန်းအောင်ကျော် ဖြစ်နေတယ်။ (၁) ခန်းက ကို မြအေး ဖြစ်နေတယ်။ ခု ပုံစံနဲ့ အမှုအခြေအနေ အပြန်အလှန် မေးမြန်းနိုင်ခဲ့ တယ်။

သြဂုတ်လ ၈ ရက် ည ၈ နာရီ သတင်း။

တိုက်ရုံးက ရေဒီယို ဖွင့်သံ ကြားနေရတယ်။ အာရုံစိုက် နားထောင်ကြည့်တော့ ဗိုလ်မှူးချုပ်ကျော်ဇော၊ သား အောင်ကျော်ဇော၊ နဲ့ သမီး ဒေါက်တာလှကျော်ဇော တို့ကို အလိုရှိကြောင်း ကြေငြာနေပါတယ်။ အနွယ် ၅၁ ဦးကိုလည်း ဖမ်းဆီးရမိခြင်းလို့ ထပ်ကြေငြာပါတယ်။ မှိုင်းရာပြည့်လှုပ်ရှားမှု၊ တရားမဝင် မီးမောင်းစာစောင် ထုတ်ဝေခဲ့ကြောင်း၊ ဦးဆောင်သူတွေကတော့ ကျော်ဇောဦး၊ ထွန်းအောင်ကျော်(ခ)မျိုးထွန်း(ကျွန်းပြန်)၊ မြအေး(ခ) မောင်အေး(ကျွန်းပြန်)၊ မောင်စိန်၊ မောင်မောင်အေး(ခ)ဗေဒါ(ခ)ကျော်ဇော(ခ)သန့်ဇင် တို့ ပါရှိပါတယ်။ မကြာပါ။ ဝါဒါဦးသူငယ် တံခါးလာဖွင့်ပြီး မင်းတို့တော့ ဒုက္ခပဲ ကြေငြာသွားပြီ၊ သေဒဏ်ပဲလို့ လာပြောပါတယ်။ ကျွန်တော်က ဘာတတ်နိုင်မှာလဲ အဘရယ်လို့ ပြောလိုက်ပါတယ်။ သူလည်း စိတ်မကောင်းစွာနဲ့ ပြန်သွားပါတယ်။

ဇွန်လ ၂၆ ရက်နေ့က ကျောင်းသားခေါင်းဆောင် ကိုတင်မောင်ဦး ကြိုးပေးခံရတာ နောက်မှ သိရပါတယ်။ စစ်ခုံရုံးတွေက လက်သံပြောင်ပြောင်နဲ့ အပြစ်ပေးနေတဲ့ အချိန်ပါ။ ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်တော်ကတော့ ခေါင်းက ဆံပင်တွေလည်း ချွေးတွေနဲ့ ညစ်ပတ်နံစောပြီး ရှည်လျားနေပါတယ်။ နှုတ်ခမ်းမွေးတွေကလည်း ရှည်လို့။ ပုဆိုးကလည်း တထည်တည်းမို့ လျှော်စရာမရှိ (ပုဆိုးက စုတ်နေလို့ အဖျားတွေကို လုံးချီထားရပါတယ်) စွပ်ကျယ်လက်ပြတ်ကလေးကလည်း ရိုက်ထားလို့ စုတ်ပြတ်နေပြီး၊ ကိုယ့်အနံ့နဲ့ ကိုယ်ယဉ်နေ ပေမယ့် မိလ္လယ လာချတဲ့ အပြာဝတ် အမြဲဆင်းတွေဆို နှခေါင်းရှုံ့ကြပါတယ်။

သြဂုတ်လ ၂၃ ရက်နေ့မှာ ခေါင်းညှပ်ပြီး ရေချိုးပေးပါတယ်။ ကိုယ်လုံးတီး ချိုးရပြီး ပုဆိုးစုတ် စွပ်ကျယ်စုတ်လေးကို ပွတ်လျှော်ပြီး အခန်းထဲမှာ ဖြစ်သလို ခြောက်အောင်လုပ်ပြီးမှ ပြန်ဝတ်ရပါတယ်။

သြဂုတ်လ ၂၄ ရက်ကျတော့ ကျနော်တို့ အားလုံးကို စောင်တွေ အုပ်ပြီး ထောင်ဗူးဝကို ခေါ်ထုတ်ပြီး စစ်ခုံရုံးက အမိန့်ချပါတယ်။ ကြည်း၊ ရေ၊ လေ ဗိုလ်မှူး ၃ ယောက်က အပြစ်ရှိလား မေးပြီး ထောင်ချတာပါ။ အားလုံး အပြစ်ရှိတယ် ပြောကြပါတယ်။ ကျွန်တော်ကတော့ ငြိမ်းချမ်းရေး လိုချင်လို့လို့ ပြောလိုက်ပါတယ်။

ပုဒ်မ ၅ (ဂ)၊ ၅ (ည) နှစ်ခုပါ။ တခုကို ၇ နှစ်စီနဲ့ တပေါင်းတည်း ၉ နှစ်၊ ၇ နှစ်၊ ၅ နှစ် အုပ်စု သုံးခုခွဲပြီး ချပါတယ်။ ကိုစိန်ကိုတော့ မှိုင်းရာပြည့်အတွက် ၉ နှစ် ချထားပြီးပါပြီ။ အမိန့်ချပြီးတော့ ကျွန်တော်တို့ ဝမ်းသာသွားပါတယ်။ ဘာလို့လဲဆိုတော့ သေဒဏ်ချမယ်လို့ ထင်ထားလို့ပါ။ ရဲဘော်တွေက ပုဆိုးစုတ်၊ စွပ်ကျယ်စုတ်လေးနဲ့ ကျွန်တော့်ကို တွေ့ရတော့ ကရုဏာသက်နေကြပါတယ်။ ၃ ပုံ ၂ ပုံနီးပါးဟာ ကျွန်တော်နဲ့ ပတ်သက်တဲ့ ရဲဘော်တွေမို့ စိတ်မကောင်း ဖြစ်ရပါတယ်။

မီးမောင်းစာစောင်နဲ့ ပတ်သက်ပြီး ထောင်ကျသူများ စာရင်း။

သြဂုတ်လ ၂၄ ရက် စစ်ခုံရုံးအမှတ် (၂)မှ ပုဒ်မ ၅ (ည)၊ ၅ (ဂ) နဲ့ ချမှတ်သော ပြစ်ဒဏ်များ။

၁။ ကိုထွန်းအောင်ကျော်     ၉ နှစ်  (ပြန်လွတ်ပြီး တောခို။ ၃၊ ၉၊ ၂၁၀၀ ကွယ်လွန်)
၂။ ကိုမြအေး                     ၉ နှစ် (ယခု NLD)
၃။ ကိုမောင်စိန်                  ၉ နှစ် (မြောက်ပိုင်း ABSDF မှာ အသတ်ခံရ)
၄။ ကိုမောင်မောင်အေး(ခ)ဗေဒါ  ၉ နှစ် (နဝတ၊ နအဖ ထောင် ၂ခါကျ)
၅။ ဒေါက်တာ လှမြင့်                 ၉ နှစ်
၆။ ကိုထွန်းကြည်                 ၉နှစ်
၇။ ကိုဇော်ကြီး                     ၇ နှစ်
၈။ ကိုကျော်ဝင်း                   ၇ နှစ်
၉။ ကိုဟံလွင်                      ၇ နှစ်
၁၀။ ကိုစိန်ဝင်း(ခ) ကိုစိန်းမော်      ၇ နှစ်
၁၁။ ကိုစိုင်းသန်းထွန်း          ၇ နှစ်
၁၂။ ကိုစိန်ဝင်း                   ၇ နှစ်
၁၃။ ကိုရဲခိုင်                      ၇ နှစ်
၁၄။ ကိုနေဝင်း                   ၇ နှစ်
၁၅။ ကိုရန်ရှင်း                   ၇ နှစ် (ကွယ်လွန်)
ထောင်ဒဏ် (၅) နှစ် ကျသူများ
၁၆။ ကိုချစ်ဆွေ ( ၃၀၊ ၃ ၂၀၁၆ ကွယ်လွန်)               
၁၇။ ကိုတင့်လှိုင်               
၁၈။ ကိုကျော်ဟိုး             
၁၉။ ကိုမျိုးထွတ်
၂၀။ ကိုခင်ဇော်
၂၁။ ကိုအေးလူ
၂၂။ ကိုမြင့်အောင်(မြစ်ကြီးနား-လေတပ်)
၂၃။ ကိုအေးကြည်
၂၄။ ကိုသန်းထွန်း
၂၅။ ကိုမြင့်အောင်
၂၆။ ကိုကျော်မိုး
၂၇။ ကိုမောင်မောင်အေး (၂၉၊ ၈၊ ၂၀၁၁ ကွယ်လွန်)
၂၈။ ကိုအောင်ကြင် (ကွယ်လွန်)
၂၉။ ကိုအောင်ကျော်
၃၀။ ကိုတင်မောင်ဝင်း (စာရေးဆရာ လေးကိုတင်)
၃၁။ ကိုဘေဆြ
၃၂။ ကိုအောင်ညွန့်
၃၃။ ကိုဟန်စိန်

ဖမ်းဆီးခံရမှု ဖြစ်စဉ်

၁။ ကိုကျော်မိုးကို ကတိတောင်းပြီး မီးမောင်းစာစောင် ပေးခဲ့ပေမယ့် သူက တဆင့် ဦးလှနွယ်၊ ကိုကျော်လွင်၊ ဂျီတီအိုင်ကျောင်းသား ကိုကျော်စိန်ဦးဆီ ရောက်သွားပါတယ်။ မှိုင်းရာပြည့် အရေးအခင်းနဲ့ ပတ်သက်ပြီး ကိုကျော်စိန်ဦးကို ဖမ်းမိတော့ မီးမောင်းစာစောင် ရသွားပါတယ်။ အဆင့်ဆင့် ဖမ်းဆီူဖော်ထုတ်ရမှ ကျွန်တော့်ဆီ လာဖမ်းတာပါ။
၂။ ကျွန်တော်က ထွက်ပြေးလွတ်မြောက်ပေမယ့် အဲဒီအချိန်မှပဲ ကိုစိန်ရောက်လာလို့ ထပ်ဖမ်းခံရပါတယ်။ (ကိုစိန်နဲ့ ကျွန်တော် တနင်းဂနွေနေ့က ချိန်းထားတာပါ။ သူမလာဖြစ်ပဲ ဖမ်းဆီးခံရတဲ့ ဗုဒ္ဓဟူးနေ့မှ သူက ရောက်လာတယ်) သူ့ဆီက Diagram တွေ ရသွားပြီး အဆင့်ဆင့် ဖမ်းဆီးခံရတာပါ။
၃။ ဓနုဖြူဘက်မှာ တတိယအကြိမ် ပြန်အဖမ်းခံရတော့ ကိုဇော်ကြီးကို ကျွန်တော် ရန်ုကုန်ပြန်လွှတ်ချိန် ပေါက်တာပါ။ ကျွန်တော်နဲ့ ကိုဇော်ကြီးတို့ နေတဲ့နေရာကို ယောက်ဖတော်သူ ကိုတင့်လှိုင်(ကဗျာဆရာနေထွန်း) သိပြီး သူအဖမ်းခံရတော့ ကျွန်တော်ဘယ်မှာလဲ အမျိုးမျိုး စစ်မေးတာရယ်၊ အိမ်ကို အစောင့်တွေ အမျိုးမျိုး ချထားတာရယ်၊ သူ့ညီမကို ထလရတွေက ခဏခဏ ခေါ်မေးတာကို မခံနိုင်လို့ ပြောလိုက်တာလို့ ထောင်ကျပြီးတွေ့တော့ ပြောပါတယ်။

သင်ခန်းစာ

၁။ အတွင်းစည်း မဟုတ်တဲ့ ကိုကျော်မိုးကို မီးမောင်းစာစောင် ပေးလိုက်မိတာ ကျွန်တော့်အမှားပါ။
၂။ ကိုစိန်က ချိန်းတဲ့နေ့မလာပဲ ဖမ်းတဲ့အချိန်မှ ရောက်လာတာလည်း ကျားရှေ့ မှောက်လျက်လဲ တာပါ။
၃။ Diagram တွေ မိသွားတာလည်း အတော်နစ်နာပါတယ်။ တဦးချင်း ရင်မဆိုင်နိုင်တော့ပါ။ အဲဒီနောက်ပိုင်း ကျွန်တော့်အနေနဲ့ ချိန်းထားတဲ့အချိန် အတိအကျ သွားတာ။ မှတ်တမ်းမှတ်ရာ ဘာမှ မရေးတော့တာ လုပ်ပါတယ်။

မီးမောင်းစာစောင်အတွက် အဖမ်းခ့ရတာ အိမ်ထောင်ဦးစီးတွေ ဖြစ်လို့ မိသားစုတွေ အတော် နစ်နာခဲ့ပါတယ်။ တချို့အိမ်ထောင်တွေ ကွဲသွားရပါတယ်။ အချိန်တွေ ပေးဆပ်ခဲ့ရတယ်။ ဘဝတွေ ပျက်ခဲ့ရတယ်။


ကိုဗေဒါ။

0 comments:

Post a Comment