Thursday, May 7, 2020

ကမ္ဘာ့ကပ်​ေ။၇ာဂါဟာ သဘာဝအလျှောက်ဖြစ်တာမဟုတ်ပါ (ကိုတာ) မြန်မာပြနိ

0 comments
The Pandemic Is Not A Natural Disaster by Kate Brown ကိုတာ မြန်မာပြန်
ဟိုရက်တွေတုန်းကဆိုရင် ကျွန်မက မနက်ခင်းတွေကို အိမ်နီးချင်း မိတ်ဆွေ ဝက်စလေနဲ့ အတူကုန်ဆုံးတာ။ ကျွန်မတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ဖက်ပြီး နှုတ်ဆက်တာ၊ ပြီးတော့ လမ်းကို ဖြတ်ပြီး သစ်ပင်တွေ အုံ့နေတဲ့  ကျွန်မတို့ နှစ်ယောက် ပြုပြင်နေတဲ့ မြေကွက်လပ်ကလေးကို သွားကြတာ။ အဲဒီဥယျာဉ်ကလေးပေါ့။ လွန်ခဲ့တဲ့နှစ် နှစ်ဆယ် သုံးဆယ်တုန်းက အိမ်တွေကို ဘူဒိုဇာတွေနဲ့ ထိုးပစ်တုန်းက ကျန်ခဲ့တဲ့ မြေကွက်လပ်ကလေး။ ကျွန်မတို့က မီးဖိုချောင်က စွန့်ပစ်ပစ္စည်းတွေ သစ်ရွက်တွေနဲ့ ပြုပြင်ထားတာ၊ မိုက်ခရုပ်တွေ၊ အင်းဆက်တွေ၊ တီကောင်တွေ နေတယ်။ ဒီနှစ် နွေရာသီ အတော်ပူတဲ့အထဲ ကျွန်မတို့ အပင်တချို့ စိုက်တယ်။ မုန်ညင်းနဲ့ ဂေါ်ဖီထုပ်ခူးပြီး နေ့လယ်စာအတွက် ဆလတ်စိုက်ဖို့ ပြုပြင်တယ်။ ဝက်စ်နဲ့ ကျွန်မက ဒီလိုတွေလုပ်ရင်း ရင်းနှီးလာတာ၊ ကျွန်မက ငါးဆယ်တွင်း၊ သူက သုံးဆယ်နီး။ ဒီမြို့ပြကြီးအတွင်း ဒီမြေကွက်ကို ကျော်လို့ ကျွန်မနဲ့သူ တူတာ မရှိဘူးရယ်။
ကျွန်မတို့ရဲ့ ဇီဝသက်ရှိ ကမ္ဘာကြီးအကြောင်း ပြောကြဆိုကြတဲ့ ဥပမာ ဥပမေယျတွေက အတူလက်တွဲ ဆောင်ရွက်နေတဲ့ ကျွန်မတို့ပုံစံ မဟုတ်ဘူး။ ဒါဝင်အတွေးအခေါ်က တော်သူနဲ့ မတော်သူတို့ကြားက ဘယ်တော့မှ မပြီးတော့တဲ့ ပြိုင်ဆိုင်မှုကိုပဲ သင်နေတာ။ အဘရာဟမ် ဘာသာတွေက လူသားတွေကို မြေကြီးကို ပေးအပ်၊ မြေကြီးရဲ့ သတ္တဝါတွေအပေါ် အုပ်ချုပ်ပေတော့လို့ ဟောတယ်။ အမေရိကန် ဒဏ္ဍာရီက စွန့်ဦးတီထွင် ပုဂ္ဂလိကတွေကို တင်တယ်။ ဝက်စလေနဲ့ ကျွန်မကတော့ ကျွန်မတို့ရဲ့ သေးသေးကွေးကွေး ဥယျာဉ်မြေလေးရဲ့ ‘နေရာ’ ကို မလုဘူး။ လေနဲ့ မြေကြီးက မိုက်ခရုပ်တွေနဲ့ ဝေမျှတယ်။ အသက်ရှုထုတ်ပြီး လက်တွေပေါ်ကို သူတို့ကို တွန်းထုတ်၊ နောက်တော့ ပါးစပ်ထဲ ရောက်တာပဲ။ ဥယျာဉ်လုပ်ပြီး ကျွန်မတို့ အသိုက်အဝန်းတစ်ခု တည်ဆောက်တာက လူရော ပိုးမွှားရောရှင့်။
မိုက်ခရုပ်ပိုးမွှား ပိုက်ကွန်တွေဆိုတာက လူနဲ့တခြားမျိုးစိတ်တွေကြား နေရာကို တံတားထိုးတာ သမိုင်းတစ်လျှောက်လုံးရှင့်။ ဓလေ့စရိုက် အလေ့အထတွေက မိုက်ခရုပ်တွေ ဖလှယ်ကြတာကို အားပေးအားမြှောက် လုပ်တယ်။ လယ်လုပ်တယ် နွားစာကျွေးတယ် ကြက်ဘဲမွေးတယ်၊ ကစော်ဖောက်တယ်၊ လက်ဆုံစားတယ် (ပန်းကန်တွေကို အတူနှိုက်တာ)၊ ပြီးတော့ ဖက်လဲတကင်း နှုတ်ဆက်တာ (ထိတွေ့တာ)၊ အိမ်နီးချင်းတွေရော တခြားသတ္တဝါတွေရော အတူတကွ စုစည်းတဲ့ ဝတ်တွေပြုကြတယ်။ မတော်တဆလို့ဖြင့် မထင်။ အထောက်အထား သက်သေ သာဓက အများကြီးက ကျွန်မတို့နဲ့ အခြားသူတွေ အခြားသတ္တဝါတွေ မိုက်ခရုပ်တွေကို ဝေယူကြရင် ပို၍ ကျန်းမာ၊ ပတ်ဝန်းကျင်နဲ့ ပို၍ လျောက်ပတ်၊ ယူနစ်တစ်ခုအဖြစ် ပို၍ အညီအညွတ် ဖြစ်တယ်လို့ ပြပါတယ်။ 
ကျွန်မတို့ သက်ရှိတွေရဲ့ အပြန်အလှန် ဆက်စပ်နေခြင်းက မကြာသေးတဲ့ ဆယ်စုနှစ်တွေအတွင်းမှာ ပိုထင်ရှားလာတာကိုး။ သဘာဝ လောကကြီးအပေါ် ကျွန်မတို့ နားလည်ပုံကို ပြန်စဉ်းစားဖို့ ဖြစ်လာတာပေါ့။ လင်နီယန် မျိုးခွဲပညာရပ်လို့ ရှိတယ် မဟုတ်လား။ မျိုးစိတ်တစ်ခုစီဟာ သစ်ပင်ကြီးရဲ့ အကိုင်းတစ်ကိုင်းစီမှာ သီးခြားရှိသတဲ့။ ကတ်ကတ်သတ်သတ် အဲသလို မဟုတ်ပါဘူး။ ဥပမာ လိုင်ချင် (Lichen) တွေဟာ ဖန်ဂပ်နဲ့ အယ်လဂါ (alga) ပေါင်းစပ်ထားတာ၊ မျိုးစိတ် ၂ ခု ပေါင်းပြီး အကောင်တစ်ခု ဖြစ်တာက ဘယ်အမျိုးရယ်လို့ ခွဲဖို့ခက်တယ်။ ဇီဝပညာရှင်တွေက သစ်ပင်တစ်ပင် တစ်မျိုးစီဆိုတဲ့ စိတ်ကူးထည်ကို မေးခွန်းစထုတ်ကြပြီ။ သစ်ပင်တစ်ပင်ဟာ မြေအောက်ကွန်ရက်ရဲ့ အထုံးတစ်ခုဆိုမှ ပိုလို့ တိကျမယ်၊ မြေအောက်ကမ္ဘာမှာ ဖန်ဂပ်မှိုတွေ၊ အမြစ်တွေ၊ ဘက်တီးရီးယား၊ လိုင်ချင်၊ အင်းဆက်၊ အခြားအပင်တွေ အပြန်အလှန် ဖလှယ်ကြတဲ့ ကွန်ရက်ကြီး ရှိတယ်။ ကွန်ရက်ဟာ အလွန့်အလွန် ရှုပ်ထွေးတော့ အကောင်တစ်ကောင်ဟာ ဘယ်မှာဆုံးလို့ အခြားအကောင်က ဘယ်မှာစတယ်လို့ ပြောဖို့ ခက်တယ်။ လူ့ခန္ဓာကိုယ်ကိုကော ဘယ်လိုမြင်မတုံး။ ဒါလည်း ပြောင်းလဲနေတာ။ မျိုးဗီဇ ကုတ်တစ်ခုနဲ့ သတ်မှတ်ပြီး ဦးနှောက်တစ်ခုက အုပ်ချုပ်တဲ့ ‘အတ္တရှိသော အိုးစရည်း’ ဆိုတာထက် မိုက်ခရုပ်ဂေဟစနစ်တစ်ခုလို့ ယူရတော့မယ်။ ထို မိုက်ခရုပ် ဂေဟစနစ် (microbial ecosystem) ကြီးဟာ ပတ်ဝန်းကျင် ရေစီးကြောင်းများတလျှောက် ရွေ့လျားပြီး ဓာတ်ငွေ့တွေ နဲ့ ဘက်တီးရီးယားတွေ၊ ဖေ့ဂျ်တွေနဲ့ ဖန်ဂပ်တွေ ပြီးတော့ လေထဲက အဆိပ်တွေကို သူ့ ပိုက်ကွန်တွေထဲ ရိတ်သိမ်းတာ။
ကိုရိုနာဗိုင်းရပ် တရှိန်ထိုး ဖြစ်နေတုန်း၊ ခန္ဓာကိုယ်ဟာ အကောင် မျိုးစိတ်တွေ စုရုံးနေမှုတစ်ခုပဲ — အကောင်အသိုက်အဝန်း ကွန်မြူနတီပဲ ဆိုတဲ့ စိတ်ကူးက အံကျတယ်၊ သို့လော သို့လော ယီးတီးယောင်တောင်လည်း ဖြစ်တယ်။ ကျွန်မတို့ သည်လောက်တောင်မှ မလုံရင် ကျွန်မတို့ကိုယ် ကျွန်မတို့ ဘယ်လိုကာကွယ်မလဲ။ သက်ရှိတွေဟာ ဂြိုဟ်လုံးကြီးထဲ အတူတကွ ကျပ်ညပ်နေကြတာ မဟုတ်လား။ ရောဂန္တရကပ်တွေက ဖြစ်နေတော့မှာလား။ 
သမိုင်းမှာတော့ မျိုးစိတ်တွေကြားက နယ်နိမိတ်တွေဟာ တည်ဆောက်လိုက် ဖြိုဖျက်လိုက် ဖြစ်ခဲ့တာ။ လယ်ယာစိုက်ပျိုးရေး အစောပိုင်းဟာ သဘာဝလောကကို ဂရုမစိုက်ခဲ့ဘူး။ အထွက်နှုန်း အမြင့်မားဆုံး အပင်တွေ အကောင်တွေကို စိုက်ပျိုးတာ မွေးမြူတာ။ အဲသည်တော့ လူဦးရေတိုး၊ မြို့ကြီးတွေ တိုးလာတယ်။ ဒါပေတဲ့ သီးနှံဖြစ်စေ မွေးမြူရေးတိရစ္ဆာန်တွေ ဖြစ်စေ တစ်နေရာတည်းမှာ တစ်မျိုးတည်းပဲ စုနေရင် ရောဂါဖြစ်ဖို့က လွယ်တယ်။ မြို့ကြီးတွေ လယ်ကြီးတွေ လုပ်တော့ လူတွေနဲ့ တိရစ္ဆာန်တွေ ပိုပြီး နီးကပ်၊ ရလဒ်ကတော့ ရောဂါဖြစ်စဉ်အသစ် ပေါ်လာတာပဲ။ ဇူးနော့တစ် ရောဂါတွေ (zoonotic disease)(တိရစ္ဆာန်ရောဂါတွေ လူကိုရောက်ခြင်း) ဖြစ်တော့တာပဲ။
ပထမတော့ ဒီရောဂါတွေဟာ စဖြစ်တဲ့ နေရာတွေမှာပဲ နေပေမဲ့ ဂလိုဘယ်လိုက်ဇေးရှင်း ပေါ်ပေါက်တော့ နေရာအနှံ့ ရောက်တယ်။ ဂျော့ချ်တောင်း တက္ကသိုလ်က ဂျွန်မက်နီးလ် ခန့်မှန်းတာက ၁၈၃၂-၃၃ ခုနှစ် ကာလဝမ်း ရောဂါဟာ ပထမဆုံး ကမ္ဘာကပ်ရောဂါ၊ သင်္ဘောတွေ ကုန်လှည်းတန်းတွေနဲ့ ကမ္ဘာအနှံ့ရောက်တာတဲ့။ ကောက်ပဲသီးနှံတွေအပေါ် ကျရောက်တဲ့ ကပ်ရောဂါတွေ ဆက်တိုက်ဖြစ်တယ်။ ၁၉ ရာစု အစပိုင်းတောင် အမေရိကတိုက်က အာလူးတွေမှာ မှိုတစ်မျိုး ကျတယ်။ ၁၈၄၅ ခုနှစ်မှာ အိုင်ယာလန်ကို ရွက်လွှင့်လာပါရော။ အငတ်ဘေးဆိုက်တာ ၁ သန်းကျော် သေတယ်။ ၁၈၆၀ ပြည့်နှစ်မှာ Phylloxera ဆိုတဲ့ ပိုးဟာ အမေရိကမှ ဥရောပကို ရွှေ့ပြောင်းလာတော့ ပြင်သစ်ဝိုင်အရက်လုပ်ငန်းကြီး ဗုန်းဗုန်းလဲသွားတယ်။  ပနာမားရောဂါ (Panama disease) လို့ ခေါ်တဲ့ ပိုးမွှားကတော့ ၁၉၆၀ ပြည့်နှစ်အတွင်းမှာ ကမ္ဘာကြိုက် ငှက်ပျော ဂရော့စ်မစ်ချယ်ကို လုံးဝ ပျက်သွားစေပြီး၊ ၁၉၇၀ ပြည့်နှစ်မှာ ဖန်ဂပ် Bipolaris maydis ကြောင့် အမေရိကန်ပြောင်းတွေ ပျက်၊ သည့်နောက် တစ်ကမ္ဘာလုံး ပျံ့သွားတယ်။
စက်မှုလယ်ယာကိုတော့ မလွန်ဆန်နိုင်ကြဘူး။ ၁၉၅၀ ပြည့်နှစ်တွေမှာ မြစိမ်းတော်လှန်ရေးကြောင့် ကောက်ပဲသီးနှံ အများကြီးထွက်တော့ ယူအက်စ်က အစားအစာကို ပေးနိုင်တယ်။ ဒီနည်းတွေကို ကမ္ဘာကြီးဆီ ထပ်ပို့ပြီး ‘လူဦးရေပေါက်ကွဲတဲ့ ဗုံး’ ကို စနက်တံဖြုတ်နိုင်တယ်။ အမေရိကန်က ဦးဆောင်တဲ့ မွေးမြူရေး တော်လှန်ရေးကြောင့်လည်း တိရစ္ဆာန်ထွက် ပစ္စည်းတွေ တိုးထုတ်တယ်။ အမဲသားစားနှုန်းလည်း တွဲပြီး တက်တယ်။ ၁၉၇၀ ပြည့်နှစ်တွေမှာ မွေးမြူရေးကုမ္ပဏီတွေက ကြက်တွေ အများကြီး မွေးတာ။ ကော်ပိုရေးရှင်းကြီးတွေက ဒေသန္တရ ထုတ်လုပ်မှုတွေကို ဝယ်ကြပြီး ကြက်ဝက်အမဲ ထုတ်ကြတော့ ကြက်ခြံတွေက အိမ်အနီးအနားက ရှော့ပင်မောကြီးတွေထက် ကြီး၊ အရင်က လယ်ထဲက ကြက်အကောင် ၇၀ ဟာ အခု ကြက်အကောင် သုံးသောင်း ရှိတဲ့ စက်ရုံတွေ ဖြစ်လာတယ်။ အပြာရောင် တော်လှန်ရေးကလည်း စက်မှုနည်းငါးမွေးမြူရေးပေါ့။ ၁၉၈၀ ပြည့်နှစ်မှ ၂၀၁၈ ခုနှစ်အထိ စားဖို့အတွက် တိရစ္ဆာန် ထုတ်လုပ်မှုနှုန်းဟာ ကမ္ဘာလူဦးရေထက် ၁ ဆခွဲ မြန်တယ်။ တိရစ္ဆာန်ခြံတွေဟာ တိရစ္ဆာန်တွေနဲ့ ပြည့်နှက်လို့ ရောဂါပိုးမွေးတဲ့ နေရာတွေပေါ့။ မျိုးရိုးဗီဇတူ တစ်မျိုးတည်းဆိုတော့ အကူးလည်း မြန်တယ်။ “ခင်ဗျားမှာ ခြံတစ်ခုတည်း ကြက်ကောင် ရေ ငါးသောင်း ရှိတယ်။ ခြံကြီးက တုပ်ကွေးကြီး ဖြစ်စေတယ်” Big Farms Make Big Flu လို့ ပြောကြတယ်။ ရောဂါပိုးတွေက သာမန်အားဖြင့် လက်ခံတဲ့လူ အကောင်ကို သေတဲ့အထိ အဆိပ်မပြင်းဘူး။ လက်ခံတဲ့သူ သေလို့ မဖြစ်ဘူးလေ။ သို့ပေတဲ့ ကြက်ခြံကြီးတွေမှာ ၆ ပတ် တစ်ကြိမ် အသစ်လဲတာ မဟုတ်လား။ လက်ခံတဲ့ အကောင် သေချင်သေပစေ၊ ဘာမှ မထူးတဲ့အခါ အင်မတန် အဆိပ်ပြင်းတဲ့ ပိုးမွှားတွေ ဖြစ်လာတယ်။ ခေတ်မီစိုက်ပျိုး မွေးမြူရေးကနေ မထင်တဲ့ဟာတွေ ဖြစ်လာတာ။
ဇူနော့တစ် ရောဂါတွေ (ကိုဗစ်လည်းပဲ ဒီအမျိုးအစား) ဟာ မြေငလျင်လိုပဲလို့ ထင်ကြတယ်။ တစ်ခါတစ်ရံမှာပဲ ဖြစ်တဲ့ ရောဂါပေါ့။ တကယ်တော့ မြေငလျင် မဟုတ်ဘူး။ ဟာရီကိန်းတွေ။ မကြာခဏ ဖြစ်တယ်။ ပိုပြီးလည်း ပြင်းထန်တယ်။ လူတွေက သဘာဝပတ်ဝန်းကျင်ကို မကောင်းအောင် လုပ်လို့ ဖြစ်တာ။ ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးဌာန ခန့်မှန်းထားတာ တစ်ခုက “အသစ် သို့မဟုတ် ထွန်းလာသော ရောဂါများ၏ လေးပုံ သုံးပုံသည် တောရိုင်းတိရစ္ဆာန် သို့မဟုတ် အိမ်မွေးတိရစ္ဆာန်များမှ အစပြုသည်” တဲ့။ လူသိများတဲ့ အီဘိုလာ၊ ဇီကာ၊ ငှက်တုပ်ကွေး၊ ဝက်တုပ်ကွေးအပြင် ကူးစက်ရောဂါ နှစ်ရာနီးပါး ရှိပြီတဲ့။ လွန်ခဲ့တဲ့ နှစ် ၃၀ အတွင်းမှာ အကြိမ်ပေါင်း သောင်းနှစ်ထောင် ဖြစ်ခဲ့သတဲ့။ မျိုးစိတ် တစ်ခုနဲ့တစ်ခုကြား အတားကို အဲသလောက် ဖြတ်နိုင်တာက အတော့်ကို စွမ်းတယ်။ ဒါမျိုးက ကျွန်မတို့ စိုက်ပျိုးရေးစနစ်ရဲ့ စကေး (ပမာဏ) က စကားပြောတာ။
ကိုရိုနာဗိုင်းရပ် ကပ်ကြီးအကြောင်း ပြန်ပြောကြဦးစို့။ ဒီကပ်ရောဂါ ဘယ်ကစသလဲ။ တရုတ်က တိရစ္ဆာန်တွေကို အရှင်ရောင်းတဲ့ ဈေးတွေကို လက်ညှိုးထိုးကြတယ်။ ဘယ်နေရာက စသည်ဖြစ်စေ လူဆီကို ပျံ့နှံ့ဖို့ အကြောင်းတရားတွေ ရှိနေလို့ရှင့်။ အရေးအကြီးဆုံးက လူ၊ တိရစ္ဆာန် အကောင်ရေ သိပ်သည်းဆ (population density)။ ၁၉၁၈ ခုနှစ်က စပိန် တုပ်ကွေး (Spanish flu) ဆိုပါစို့။ ဒီတုပ်ကွေးကို အမည်အမှား ပေးထားတာ။ ကင်းဆပ်ခြံတွေမှာ ဖြစ်ခဲ့တာ။ လူရယ် တိရစ္ဆာန်တွေရယ် ငှက်တွေ ရယ် အလွန်နီးကပ်ကြပြီး ဖြစ်တာ။ လေ့လာမှုတစ်ခုအရ ၁၉၄၀ ပြည့်နှစ်မှ ၂၀၀၄ ခုနှစ်မှာ ကူးစက်ရောဂါတွေဟာ ကျပ်ညပ်နေတဲ့ ဧရိယာတွေမှာ ဖြစ်တယ်။ ဥပမာ – အရှေ့မြောက် အမေရိကန်၊ အနောက်ဥရောပ၊ ဂျပန်၊ အရှေ့တောင် သြစတျေးလျ။ ဒါပေတဲ့ နောက်ပိုင်း ဆယ်စုနှစ်တွေမှာ ထုတ်လုပ်တဲ့ အလုပ်တွေ၊ အာရှကို ရွှေ့လာပြီး လူနဲ့တိရစ္ဆာန်တွေ ပိုပြီး နီးကပ်လာတယ်။ ကြက်ငှက်တုပ်ကွေး (၁၉၉၆ ခုနှစ်) ဆားစ် (၂၀၀၂ ခုနှစ်) ဟာ ကွမ်တုံးက တိရစ္ဆာန်တွေမှာ တွေ့တယ်။ သမိုင်းမှာ လူနဲ့တိရစ္ဆာန် အလွန်ရောထွေး ပူးကပ်ဆုံး နေရာ။
ဝူဟန်ဟာလည်း ကွမ်တုံးရဲ့ မြောက်ဘက် ဟူးပေက။ သူက ထုတ်လုပ်ရေး ဗဟိုချက် ဖြစ်လာတယ်။ ဝူဟန်ကြီးလာတော့ ပတ်ဝန်းကျင် ကျေးရွာတွေနဲ့ သစ်တောတွေထဲ ရောက်တာပေါ့။ လူတွေဟာလည်း သူတို့ရဲ့ ခြံငယ်တွေထဲက တွန်းထုတ်ခံရပြီး ဆင်ခြေဖုံးကွက်သစ်ကြီးတွေထဲ ရောက်ကုန်တယ်။ ဆင်ခြေဖုံး ဆင်းရဲသား ကျူးကျော်တွေက တောဧရိယာနဲ့ မြို့ဧရိယာ နှစ်ခုကြားက တံတားပေါ့။ ထိုလူတွေက အနီးအနား တောကြိုအုံကြား သွားပြီး ရှာရဖွေရတာပေါ့။ တောလိုက်တယ်။ သင်းခွေချပ်၊ မိကျောင်း၊ လင်းနို့တွေ ဖမ်းတယ်၊ ထောင်ချောက်လုပ်တယ်၊ မွေးတယ်။  ဘယ်လောက်ထိလည်းဆိုရင် အယဉ်နဲ့ အရိုင်း အိမ်မွေးနဲ့ မွေးမြူရေး တိရစ္ဆာန်တွေကြားက ခြားတဲ့မျဉ်း ပျောက်သွားတယ်။ တောထဲကတိရစ္ဆာန် တွေဆီက ရောဂါပိုးတွေကို မြို့ကြီးထဲ ဆွဲသွင်းတာ။ ဒီမြို့ကြီးဟာ စင်္ကာပူ ဆစ်ဒနီက လေယာဉ် တိုက်ရိုက် တစ်ခါပျံပဲ ဝေးတယ်။
၁၉၇၅ ခုနှစ်တုန်းက ယေးလ်ဆေးကျောင်းဌာနမှူးက သူ့တပည့် တွေကိုပြောဖူးတယ်။ “ရောဂါအသစ်ရယ်လို့ မတွေ့နိုင်တော့ဘူး”။ သူတို့က တစ်ကိုယ်ရေ သန့်ရှင်းလာတာ၊ ကာကွယ်ဆေးတွေ ပဋိဇီဝဆေးတွေကို စဉ်းစားတာကိုး။ မြို့ပြဖြစ်ထွန်းလို့ စက်မှုထွန်းကားလို့ စက်မှုလယ်ယာ ဖြစ်လာလို့ အဲဒါတွေကြောင့် ဖြစ်တဲ့ အန္တရာယ်အသစ်တွေကို မမြင်ဘူး။ ဖေဖော်ဝါရီလ ဝူဟန်က ထွက်လာတဲ့ ဓာတ်ပုံတွေကို တွေ့မိလား။ PPE တွေနဲ့ တိုက်ခန်းတွေထဲက ထွက်လာတဲ့ လူတွေနဲ့ ပါးစပ်ကာတွေနဲ့ ခေါင်းစွပ်တွေနဲ့ ခွေးတွေရဲ့ပုံ၊ ကျွန်မတို့ရဲ့ ‘ကမောက်ကမ အဖြစ်မှန်’ — ကျွန်မတို့ကို ကမ္ဘာမြေပေါ်နေနိုင်အောင် လုပ်ပေးတဲ့ နည်းပညာတွေဟာ အသက်ကိုတော့ မရှင်နိုင်အောင် လုပ်နေသလိုပဲ၊ ဝူဟန်တွေဟာ မြေပေါ်ကျလာတဲ့ အက်စထရိုနော့တွေနဲ့ တူနေတယ်။ အာကာသထဲ ရောက်မယ့်အစား မိမိဌာနေ မြို့ပေါ်က လမ်းတွေပေါ် ရောက်နေတယ်။ အနှေးနဲ့ အမြန် ကျွန်မတို့ လည်း အဲသလို ဖြစ်မှာပါပဲ။
ယခု ကူးစက်ရောဂါတွေက ဖြစ်ဆဲ ဖြစ်လတ္တံ့ကျန်းမာရေး အရေး ပေါ် အဖြစ်ကြီးရဲ့ မျက်နှာစာတစ်ခုပဲ ရှိသေးတယ်။ ကင်ဆာ သုံးပုံနှစ်ပုံဟာ ပတ်ဝန်းကျင်က အဆိပ်တွေက စတာ၊ နှစ်စဉ် သန်းပေါင်းများစွာ သေတယ်။ တစ်နှစ်မှာ လူ ၄.၂ သန်းဟာ လေထဲက အဆိပ်တွေကြောင့် အသက်ရှူလမ်းကြောင်းရောဂါတွေ ဖြစ်ပြီး သေတယ်။ အမေရိကန် တစ်နိုင်ငံတည်းမှာ လေးသောင်းငါးထောင် သေတာ။ စတန်းဖို့တက္ကသိုလ်က မာရှယ်ဘာခ်ရဲ့ ခန့်မှန်းချက်က ဝူဟန်က စက်ရုံတွေ ပိတ်လိုက်ရလို့ လေထုညစ်ညမ်းတာ လျော့ပါးသွားတာကြောင့် ငါးသောင်းတစ်ထောင်နဲ့ ခုနစ်သောင်း သုံးထောင်ကြား အသက်တွေကို ကယ်နိုင်တယ်လို့ ဆိုတယ်။ မတ်လ (၈) ရက်နေ့ထိ ဟူးပေတစ်နယ်လုံး ဗိုင်းရပ်ကြောင့် သေတဲ့ အရေအတွက်ရဲ့ အဆနှစ်ဆယ် ရှိတယ်။ “ကျုပ်တို့တော့ဖြင့် အလွန်အန္တရာယ်များတဲ့ သဘာဝ ပတ်ဝန်းကျင်ကြီးများ ဖန်တီးမိပါကလား။ ဒီသဘာဝကြီးကို ဘေးဖယ်နိုင်မယ် တနေရာရာမှာ ထားနိုင်မယ်လို့ စိတ်ကူးနေလို့ မတော်ဘူး” မနုဿဗေဒပညာရှင် တစ်ယောက်က ဆိုတယ်။ ဗိုင်းရပ်က ပေးတဲ့ သင်ခန်းစာက “ပြေးစရာ မြေမရှိ”။
ကိုဗစ် ၁၉ ကတော့ ဂလိုဘယ်ကြေကွဲဖွယ် ဇာတ်ကြီး။ ကျွန်မတို့ ကူးခတ်နေတဲ့ ရေစီးကြောင်းတွေကို ပြန်ပြောင်းတွေးတောဖို့ ကိစ္စကြီးလည်း ဖြစ်သပေါ့ရှင်။ ဒဿနတွေးခေါ်ပညာရှင် တစ်ဦး အီမန်နူရယ်ကော့ ချီယာက ကျွန်မတို့က မြေမှာနေတာ မဟုတ် ပတ်ဝန်းကျင် အက်တမော့စဖီးယား (atmosphere) မှာ နေတာတဲ့ရှင့်။ အက်တမော့စဖီးယားဟာ အသက်ပင်လယ်ကြီးတဲ့၊ ဒီဇီဝပင်လယ်ကြီးထဲ ရေကူးသူတွေ၊ ဇီဝသဘောအရတော့ ကိုယ်ချည်းပဲ မဟုတ်ဘူး။ ကျွန်မတို့ လုပ်ပုံကိုင်ပုံတွေလည်းပဲ ဆက်စပ်လုပ်မှ ရမယ်။ သုတေသနသမားတွေက တွေ့တယ်။ ပဋိဇီဝဆေးယဉ်တဲ့ ပိုးမွှားမိုက်ခရုပ်တွေဟာ တိရစ္ဆာန်မစင်တွေကနေ လေစုန်နဲ့လွင့်လာတာ တက္ကဆပ်ခြံတွေက တစ်ဆင့်တဲ့။  အပူပိုင်းဒေသ ငှက်ပျောစိုက်ခင်းတွေက ပိုးသတ်ဆေးတွေဟာ အမေရိကန်က ရေကန်ကြီး စူပီးရီးယားထဲ လမ်းဆုံးသတဲ့။ ဗြိတိန်မှာ foot-and-mouth disease ဖြစ်စေတဲ့ မျိုးအောင်းစေ့ စပိုးတွေကို ဆာဟာရထဲက သဲမုန်တိုင်းက လွင့်စေတာတဲ့ရှင့်။ အဲ… ဒါပေတဲ့ ထိုသဲမုန်တိုင်းတွေကပဲ အမေဇုန်သစ်တောတွေက အာဟာရဖြစ်စေတဲ့ ဖော့စဖားရပ်ကို သယ်ဆောင် ဖြန့်ဖြူးတာတဲ့။ ကျွန်မတို့ အပင်တွေဆီ ဝတ်မှုန်ကူးခြင်းကို ကူတာပေါ့ရှင်။ ရေဒီယိုဓာတ်ကြွ အမှုန်တွေ၊ ဖန်ဂပ်စပိုးတွေ၊ ဘက်တီးရီးယားနဲ့ ဗိုင်းရပ်တွေကိုလည်း သယ်တယ်။ ကျွန်မတို့ရဲ့ လေအရည်အသွေးဟာ အရေးကြီးပါတယ်။ သုတေသန အသစ်တွေက ညစ်ပတ်တဲ့ လေဟာ ကိုရိုနာဗိုင်းရပ်ကြောင့် ဖြစ်တဲ့ အန္တရာယ်ကို ပိုတိုးစေတယ်၊ မန်ဟတ္တန်က လေထုညစ်ညမ်းမှုကို အမှုန်ပါဝင်မှု တစ်ယူနစ် (particulate matter) လျော့ရင် လူ့အသက် ရာချီကြီး ကယ်နိုင်တယ်လို့ ဆိုတယ်။
တစ်ကိုယ်တည်းနေခြင်းဟာ ဒီကပ်ကို တားဖို့ သော့ချက်ပဲလို့ ဆိုကြတယ်။ တစ်ကိုယ်တည်းနေဖို့ လိုအပ်တယ်ဆိုတဲ့ ဒီအချက်ဟာ ကျွန်မတို့ဟာ ကျွန်မတို့ ဘေးပတ်လည်နဲ့ တစ်ဆက်တည်းဖြစ်တယ်ဆိုတဲ့ အချက်ကို သိဖို့ ပြောတာပဲရှင့်။ ယခုဖြစ်ပျက်နေတာကို မှန်မှန်ကန်ကန် တုံ့ပြန်နိုင်ဖို့က ကျွန်မတို့အားလုံးကို တွဲချည်ထားတဲ့ ကမ္ဘာ့ဂေဟကွန်ရက်ကို ဆင်ခြင်ဖို့ လိုတယ်။ ဝက်စလေနဲ့ ကျွန်မကတော့ ဒီကပ်ကြီး ပြီးဆုံးသွားရင် စိုက်တဲ့ ပျိုးတဲ့အလုပ်ကို ပြန်စမှာ။ ကျွန်မတို့ကို တခြားသူတွေ — ကမ္ဘာတစ်လွှားက လူအများ ကျွန်မတို့ရဲ့ ‘ကမ္ဘာဆိုတဲ့ ရပ်ရွာဥယာဉ်ကြီး’ ကို ပြုစု ယုယဖို့ စိတ်အားထက်သန်သူတွေ — ထိုသူတွေက ပူးပေါင်းကြမယ်လို့ မျှော်လင့်ပါတယ်ရှင့်။
ကိတ်ဘရောင်း
(ကျွန်မလိပ်စာက အမ်အိုင်တီ၊ သိပ္ပံနည်းပညာ၊ လူ့အဖွဲ့အစည်း ပရိုဂရမ် ပါမောက္ခ ဖြစ်ပါတယ်။)

0 comments:

Post a Comment