ကျနော်သိတဲ့ ကလေးမြို့ အကျဉ်းထောင်က အန်ကယ်ကြီး (မင်းခက်အောင်)
လွန်ခဲ့သော အနှစ်နှစ်ဆယ်ခန့်က ကလေးမြို့အကျဉ်းထောင်၊ သီးသန့်ဆောင်အတွင်း၌
မနက်စောစော အိပ်ဆောင်ကိုပတ် လမ်းလျှောက်ခြင်း၊ အကြောဖြေလျှော့ ကျန်းမာရေးလေ့ကျင့်ခန်းများ
ပြုလုပ်ခြင်းကို မိုးရွာသည်ဖြစ်စေ၊ နှင်းကျသည်ဖြစ်စေ နေ့စဉ်ရက်ဆက် မပျက်မကွက် ပြုလုပ်နေတတ်သော
အကျဉ်းသားတစ်ဦးရှိသည်။ သူက ကိုကိုးကျွန်းပြန် အန်ကယ်ကြီး ဦးတင်အောင်။ ဗမာပြည်ကွန်မြူနစ်ပါတီ
၄၈၂၈ ဒေသပါတီကော်မတီ A
4 ။
အန်ကယ်ကြီး နေ့စဉ်လမ်းပတ်လျှောက်နေသော သီးသန့်ဆောင်ဆိုသည်မှာ
တကယ်တော့ အဆောင်တစ်ခုမဟုတ်ပေ။ အကျဉ်းသားများ ထားရန် အပေါ်အောက် ခန်းမကျယ်ကြီး ၄ ခန်းရှိသော
အိပ်ဆောင်ကို ၈ ပေ၊ ၁၀ ပေ တိုက်ခန်းလေးများ အဖြစ် ပြီးစလွယ် အုတ်စီ၊ အင်္ဂတေကိုင်ကာ
ကန့်ထားသည့် အဆောင်မမည်၊ တိုက်မပီ အဆောက်အဦတစ်ခုသာ။ တကယ်တော့ သည်အဆောက်အဦ ဖြစ်ပေါ်လာပုံက
ရာဇဝင်ရှိသည်။ ၁၉၉၇ ခုနှစ်၊ ကလေးထောင် ဆောက်လုပ်နေဆဲ အချိန်က စစ်အစိုးရအဖွဲ့တွင် တန်ခိုးထွားနေသော
နိုင်ငံရေးအကျဉ်းသားများကို အထူးနှိပ်စက်တတ်သူ နာမည်ကျော် ဗိုလ်ခင်ညွန့်ရောက်လာပြီး
ထောင်ဆောက်လုပ်မှုကို စစ်ဆေးသည်။ စစ်ဆေးနေရင်း ရန်ကုန်မြို့မှ မိုင်ပေါင်း ၇၀၀ ကျော်ဝေးသော၊
အနီးဆုံးမြို့နှင့် ၁၄ မိုင်ခန့်အကွာတွင်ရှိသော၊ ငှက်ဖျားပေါသော၊ နွေတွင် အလွန်ပူပြီး
ဆောင်းတွင် အလွန်အေးသော၊ စစ်တပ်များဝန်းရံထားသော လွင်တီးခေါင် ကဘော်ချိုင့်ဝှမ်းဒေသကို
နိုင်ငံရေးအကျဉ်းသားများ ပို့ရန် ဗိုလ်ခင်ညွန့်က မျက်စိကျသည်။ အကျဉ်းထောင်တွင် နိုင်ငံရေး
အကျဉ်းသားများအား အခြား အကျဉ်းသားများနှင့် သီးခြားခွဲထားဖို့ တိုက်ခန်းများ ဆောက်လုပ်ရန်အတွက်
အချိန်ယူရမည်ကိုပင် စိတ်မရှည်နိုင်တော့သည့် ဗိုလ်ခင်ညွန့်က သစ်သားတန်းများ ကာရံထားသော
အိပ်ဆောင်ကို အင်္ဂတေဖြင့် အခန်းကန့်ကာ နိုင်ငံရေးအကျဉ်းသားများကို ထားစေသည်။ နိုင်ငံရေးအကျဉ်းသားများမှာ
ထောင်အာဏာပိုင်များက လက်ဖျားနှင့်မတို့မထိရဘဲ၊ ရာသီဥတုအားဖြင့် နှိပ်စက်ညှဉ်းပမ်းခံကြရမည်
မဟုတ်လော။ သည်လို နှိပ်စက်ညှဉ်းပမ်းရန် ရည်ရွယ်ချက်ရှိကြောင်း ဗိုလ်ခင်ညွန့်ကိုယ်တိုင်၏
နှုတ်ထွက်စကားက အထင်အရှား သက်သေခံနေသည်။ ဗိုလ်ခင်ညွန့်က သူပြုံးနေကျ ကောက်ကျစ်ရက်စက်သော
မြေခွေးပြုံးဖြင့် ပြုံးရင်း ဆောင်းတွင်းဆို တိုက်ခန်းထဲကကောင်တွေတော့ စိမ့်နေမှာပဲဟု
ပြောသွားသေးသည် ဟူသတတ်။
၁၉၉၈ ခုနှစ်တွင် အင်းစိန်ထောင်မှ ကလေးမြို့ အကျဉ်းထောင်သို့
ပြောင်းရွှေ့ခံရတော့ အန်ကယ်ကြီးအသက်က ၅၆ နှစ်သာ ရှိသေးသည်။ ၅၆ နှစ်ဆိုသည်မှာ သန်တုန်း
မြန်တုန်း၊ သွက်သွက်လက်လက် လှုပ်ရှားသွားလာနိုင်တုန်း အရွယ်ကောင်း။ သို့သော် ကလေး ကဘော်ချိုင့်ဝှမ်းဒေသ၏
ပြင်းထန်သော ငှက်ဖျားက အန်ကယ်ကြီးလို အသက်အရွယ်ကိုထား၊ ၂၀ ကျော် လူငယ်လူရွယ်လေးများကိုပင်
အဖိုးကြီးအိုလေးများအဖြစ် ပုံပြောင်းစေနိုင်သည်အထိ ဆိုးရွားလှပေရာ အန်ကယ်ကြီးအနေဖြင့်
အချိန်မတန်ဘဲ အိုစာခဲ့ရတော့သည်။ ကလေးမြို့အကျဉ်းထောင်သို့ ပြောင်းရွှေ့မခံရမီ အင်းစိန်ထောင်တွင်
နေခဲ့သည့်တလျှောက်လုံး ကျန်းမာရေးကောင်းနေပြီး ဆရာဝန်လည်း တကူးတက မပြမိခဲ့သဖြင့် ဘာရောဂါရှိလို့
ရှိမှန်းမသိခဲ့ရာက ထောင်ပြောင်းခါနီး သွေးချိန်ကာမှ သွေးတိုးရောဂါ ရှိနေမှန်း သိလိုက်ရသည်။
သွေးတိုးရောဂါရှိပြီဆိုတော့ သွေးတိုးရောဂါအကြောင်းသိအောင် လေ့လာသည်။ WHO က လူတစ်ဦး၊ တစ်ရက်
ဆား ၅ ဂရမ်သာ စားခွင့်ပြုသည် ဆိုတာမျိုးကို ဆရာဝန်များထံ မေးမြန်းမှတ်သားပြီး လိုက်နာသည်။
ထောင်ပြောင်းစ ထောင်ဝင်စာ မလာကြသေးခင်က စားစရာဆို၍ ငပိနှင့် တာလပေါဟု ခေါ်သည့် အရွက်ပြုတ်သာရှိရာ
အရသာလုံးဝမရှိသော တာလပေါကို အတော်များများပင် မစားနိုင်ကြ။ မစားနိုင်ဆို ထောင်ထဲက တာလပေါဆိုသည်က
ကရင်လူမျိုးများ၏ တာလပေါဟင်းနှင့် လားလားမျှမဆိုင်။ ထောင်ထဲက တာလပေါဆိုသည်မှာ ဟင်းသီးဟင်းရွက်
အရွက်ကြမ်းများကို ခပ်ကြမ်းကြမ်းဆေးကာ မိုးဗြဲဒယ်ထဲ ထည့်ပြုတ်ထားသည့် အရွက်ပြုတ် ဆိုးဆိုးရွားရွားများသာ
ဖြစ်သည်။ တာလပေါက ဆိုးသလို ထောင်ကကျွေးသော ငပိမှာလည်း အနံ့ဆိုးလွန်းပြီး ခါးသက်သက်
ဖြစ်သော်လည်း ထိုငပိမှ မစားလျှင် စားစရာ အရသာပေါ်စရာ ဘာမျှ မရှိတော့။ လျှာအရသာ မပေါ်လျှင်
လျှာရည်မထွက်၊ လျှာရည်မထွက်လျှင် ထမင်းက မျိုမကျနိုင်။ ထို့ကြောင့် ထိုခါးသက်သက် ငပိကိုပင်
လူတိုင်း မစားချင်စားချင် စားကြရသည်။ သို့သော် အန်ကယ်ကြီးက မစား။ စိတ်အလိုကို မလိုက်။
သွေးတိုးသာမက ဆီးချိုပါဖြစ်လာတော့ ထောင်တွင်းမှာ စားစရာ မရှိသလောက် ဖြစ်သွားသည်။ ထောင်မှာက
ထမင်းတမယ်ကိုသာ အဓိက အားပြုစားနေရသည်ကိုး။ ထမင်းကို လျှော့လိုက်ရတော့ စားစရာက တာလပေါဆိုသည့်
အရွက်ပြုတ်သာရှိတော့သည်။ အန်ကယ်ကြီးမှာ ထို ဆီမပါ ဆားမပါ အရွက်ပြုတ် တစ်ဇလုံနီးပါးကိုသာ
ဗိုက်ပြည့်အောင် စားပြီး ဆီးချို၊ သွေးတိုးကို အံတုရသည်။ နောက်ပိုင်း ထောင်ဝင်စာလာတွေ့၍
စားကောင်းသောက်ဖွယ်ကလေးများ ရလာသည့် အခါတွင်လည်း အန်ကယ်ကြီးက သူ့ကျန်းမာရေးနှင့် မတည့်သည့်အရာဆိုလျှင်
မြည်းပင်မြည်းမကြည့်၊ စနစ်တကျ နေထိုင်စားသောက်သည်။
၁၉၉၉ ခုနှစ် နိုဝင်ဘာလထဲတွင် အန်ကယ်ကြီး လွတ်ရက်စေ့သည်။
အန်ကယ်ကြီးကို ထောင်မှူးတစ်ယောက်က လာခေါ်ပြီး ဗူးဝရှိ ရုံးခန်းထဲတွင် ထိုင်ခိုင်းသည်။
နိုင်ငံရေးအကျဉ်းသားများကို ဖမ်းဆီးစဉ်တွင်သာ မစစ်မဆေး၊ မမေးမမြန်း ဖမ်းသော်လည်း လွှတ်ခါနီးကျလျှင်မူ
ရှောရှောရှူရှူ လွှတ်လေ့မရှိ။ လက်မှတ်ထိုးခိုင်းသည်က တမျိုး၊ ဩဝါဒခြွေသည်ကတသွယ် စိတ်ဒုက္ခပေးလေ့ရှိသည်။
အန်ကယ်ကြီးကိုလည်း လွှတ်မည်ဟု ခေါ်ထုတ်သွားပြီး ရုံးခန်းထဲတွင် ထိုင်ခိုင်းထားသည်။
ဘာလို့ ထိုင်ခိုင်းထားပါလိမ့်ဟု သို့လောသို့လော အတွေးများဖြင့် စိတ်ထွေပြားနေအောင်
လုပ်ပြီးမှ လွှတ်ဝရမ်းကို ပေးသည်။ မည်သူမဆို ထိုအချိန်တွင် စိတ်ကို ဒုံးဒုံးချမိပေလိမ့်မည်။
ဒီတစ်ခါတော့ တကယ်လွတ်ပြီ။ ကိုယ့်လက်ထဲ လွှတ်ဝရမ်းရောက်ပြီဆိုတော့ သေချာပြီ မဟုတ်လား။
အပျော်လုံးမဆို့မိအောင် အိန္ဒြေထိန်းနေကြရလိမ့်မည်။ အန်ကယ်ကြီးလည်း ဤအကြိမ်တွင်တော့
တကယ်လွတ်လေပြီဟု ယူဆပြီး အိမ်က ဇနီးမယား၊ သမီးသား တို့၏ မျက်နှာများကို မြင်ယောင်နေမည်လားမသိ။
အနည်းနှင့်အများ စိတ်လှုပ်ရှားနေလိမ့်မည်ဟု ထင်သည်။ ထိုအချိန်တွင်မှ အန်ကယ်ကြီးကို
မလွှတ်သေးဘဲ ထပ်မံထိန်းသိမ်းကြောင်း စာကို ထုတ်ပြသည်။ ၁၀/က ဖြင့် ၂ လ ထပ်မံ ထိန်းသိမ်းလိုက်သည်တဲ့။
မလွှတ်မှာများ ဘာလို့ လာခေါ်နေသေးလဲဟု စိတ်ထဲတွင် ရိုးရိုးတွေးမိသော်လည်း ဗိုလ်ခင်ညွန့်က
ရိုးရိုးတွေးသည်မဟုတ်။ အစီအစဉ်ရှိရှိ စနစ်တကျ ယုတ်မာခြင်း ဖြစ်သည်။ အန်ကယ်ကြီးတို့
၄၈၂၈ အမှုတွဲ အများအပြား အန်ကယ်ကြီးလိုပင် ထပ်မံထိန်းသိမ်းခံကြရသည်။ ရိုးရိုးထပ်မံထိန်းသိမ်းသည်
မဟုတ်။ စိတ်နောက်အောင်၊ ရူးသွပ်အောင်၊ စိတ်ဓာတ်ပျက်ပြားအောင် တမင်အကွက်ချ လုပ်ဆောင်ကြခြင်း
ဖြစ်သည်။ သို့သော် ရပ်တည်ချက် ခိုင်မာသော အန်ကယ်ကြီးက မျက်နှာတစ်ချက်မညှိုး၊ အပြုံးမပျက်ဘဲ
ထောင်ထဲ ပြန်ဝင်လာခဲ့သည်။ ဤဖြစ်ရပ်နှင့် အလားတူဖြစ်ရပ်မျိုး အခြားထောင်များတွင်လည်း
အန်ကယ်ကြီးတို့ အမှုတွဲတွေ ကြုံကြရသည်။ ထိုသို့ ကြုံရသော အမှုတွဲထဲမှ တချို့တလေမှာမူ
ရှော့ခ်ရသွားကြသည်။ ထောင်ကပြန်လွတ်သည့်တိုင် ပုံမှန်ပြန်မဖြစ်တော့သူပင် ရှိသည်။ အန်ကယ်ကြီးကတော့
၁၀/က ကို တည်တည်ငြိမ်ငြိမ်ဖြင့် ရင်ဆိုင်ဖြတ်သန်းသည်။ ၁၀/က ဖြင့် ၂ လ ထပ်မံထိမ်းသိန်းသည်ဆိုပြီး၊
၂ လပြည့်တော့ ၂ လ ထပ်တိုးသည်။ နောက်တော့ ၆ လ၊ နောက်တော့ ၁ နှစ်၊ ၂၀၀၅ ခုနှစ် ထောင်မှလွှတ်ပေးရသည်အထိ
ထပ်ထပ်တိုးသွားခြင်း ဖြစ်သည်။
ကလေးမြို့အကျဉ်းထောင်တွင် နေရစဉ်အတွင်း ကန္တာရစကားဝိုင်းဟု
အမည်ပေးထားသည့် စကားဝိုင်းလေး တစ်ခု လုပ်ဖြစ်ကြသည်။ ပင်တိုင်ဆွေးနွေးသူက အန်ကယ်ကြီး။
ကန္တာရစကားဝိုင်းတွင် သင်ပြဆွေးနွေးချက်များထဲမှ အန်ကယ်ကြီး၏ လေ့လာအားထုတ်မှုကို အံ့မခမ်းဖွယ်
မြင်ရသည်။ ကလေးဘဝကတည်းက တရုတ်သံရုံးမှ ထုတ်ဝေသော ရုပ်ပြကာတွန်းများနှင့် ကြီးပြင်းလာသူမို့ပေလော၊
အန်ကယ်ကြီးသည် အနုပဋိလောမ ရုပ်ဝါဒကို လက်ထဲတွင် ဘာစာတစ်အုပ်မှ မရှိဘဲနှင့် ဘယ်စာအုပ်မှာ
ဘယ်လိုဖော်ပြထားသည်ဟု ကိုးကားညွှန်းဆိုကာ အလွတ်ပို့ချနိုင်သူ။ သဘောတရားများ၊ သမိုင်းဖြစ်ရပ်များ၊
ကိုယ်ပိုင်အတွေ့အကြုံများကို ဟောပြောဆွေးနွေးနေသည်မှာ သက်ရှိစွယ်စုံကျမ်းကြီးသဖွယ်ပင်။
အန်ကယ်ကြီး စာဖတ်ပုံက စေ့စပ်သည်။ ထောင်ထဲတွင် စာအုပ်စာပေများ
ဖတ်ရှုခွင့်မရခင်က ပွတ်ချွန်းဆေးလိပ် လိပ်သည့် သတင်းစာ အပိုင်းအစလေးများကို ဆက်လို့ရသလောက်
ပြန်ဆက်စပ်ပြီး ဖတ်ကြ၊ သတင်းသုံးသပ်ကြသည်။ စာငတ်၊ သတင်းငတ်ကြသည်ကိုး။ သတင်းစာအပိုင်းအစလေးများကို
ဆက်ပြီးလျှင် ကန္တာရစကားဝိုင်း၊ ဝိုင်းတော်သားများက တစ်ယောက်စီ လှည့်ဖတ်ကြသည်။ ဘာထူးလဲဟု
တစ်ယောက်နှင့် တစ်ယောက်မေးကြတော့ ဘာမှမထူး။ သတင်းစာဆိုသည်မှာ စစ်အစိုးရ၏ ဝါဒဖြန့် အစီရင်ခံစာသက်သက်။
ဘာများ ထူးနိုင်မည်နည်း။ သို့သော် ဒါက ကန္တာရစကားဝိုင်းထဲက ဝိုင်းတော်သားများ၏ အထင်သာ။
သတင်းစာအပိုင်းအစများကို နောက်ဆုံး ဖတ်ရှုသူက အန်ကယ်ကြီးဖြစ်သည်။ အန်ကယ်ကြီး ဖတ်ပြီးသွားလျှင်
သတင်းစာ အပိုင်းအစလေးများမှာ မှတ်သားထားသော အမှတ်အသားများနှင့် ပြည့်သွားတတ်သည်။ တက္ကသိုလ်အသစ်ဖွင့်သော
သတင်းတစ်ခုအား သာမန်သတင်းဟု ယူဆကာ သာမန်ကာလျှံကာ ဖတ်လိုက်ကြသော်လည်း အတိတ်သမိုင်းကို
သိရှိခြင်း၊ သဘောတရားရေးအမြင် ပြည့်စုံခြင်း နှင့် အတွေ့အကြုံများပြားခြင်းဆိုသော ဂုဏ်အင်္ဂါရပ်များနှင့်
ပြည့်စုံသည့် အန်ကယ်ကြီးထောက်ပြလိုက်သည့်အခါမှ သာမန်သတင်းလေးတစ်ခုပင် ဖြစ်သော်လည်း
ထိုသတင်းထဲတွင် စစ်အစိုးရက နိုင်ငံတကာကို သူတို့ကြားစေချင်သော အချက်အလက်တစ်ခုခုကို
မိန့်ခွန်းတွင် ထည့်ပြောနေသည်ကို တွေ့ကြရသည်။
အကျဉ်းကျနေစဉ်အတွင်း အန်ကယ်ကြီးကို ထောက်လှမ်းရေးက အကြိမ်ကြိမ်
ခေါ်ယူတွေ့ဆုံမှုများ လုပ်ခဲ့သော်လည်း၊ အကြိမ်တိုင်းတွင် အန်ကယ်ကြီးက ဒူးမထောက်၊ လက်မမြှောက်ဘဲ
သူ၏ခိုင်မာသော ရပ်တည်ချက်ကို ပြသခဲ့သည်ချည်း ဖြစ်သည်။ ထိုကဲ့သို့ ပြတ်သားလှသော သူ၏နိုင်ငံရေး
ရပ်တည်ချက်အတွက် အာဏာပိုင်၏ ဖိနှိပ်မှုကို ခံရသည်သာမက မိသားစု၏ ဖိအားကိုလည်း အန်ကယ်ကြီး
ခံခဲ့ရရှာသည်။ လက်မှတ်မထိုး၊ ထောင်ကထွက်ခွင့်ရအောင် ထောက်လှမ်းရေးနှင့် ညှိနှိုင်းမှု
မပြုခြင်းသည် မိသားစုကို မငဲ့ညှာ၊ ကိုယ့်အတ္တအတွက်သာ ဗဟိုပြု စဉ်းစားခြင်းဖြစ်သည်ဟု
ဇနီးသည်က ထင်နေရှာသည်။ လက်မှတ်ထိုးတိုင်း၊ ဒူးထောက်အညံ့ခံတိုင်းကော အာဏာပိုင်က လွှတ်မည်လားဆိုသည်မှာ
တကယ်တမ်းတွင် သေချာသည့်ကိစ္စ မဟုတ်သည်ကိုလည်း မိသားစုက သိသည်မဟုတ်။ လက်နက်ချပြီး အိမ်ပြန်လာမလာခြင်းသည်
မိသားစုကို မငဲ့ညှာခြင်းမဟုတ်ဘဲ တိုင်းပြည်အတွက် အနစ်နာခံပြီး ယုံကြည်ရာကို စွန့်လွှတ်ဆောင်ရွက်နေခြင်းသာ
ဖြစ်ကြောင်းကို ထောင်ဝင်စာလာတွေ့ချိန်တွင် မိသားစုဖက်၊ အကျဉ်းသားဖက် နှစ်ဖက်လုံးတွင်
ပြောစကားအကုန် လိုက်မှတ်နေသည့်ကြားမှာ အန်ကယ်ကြီး ရှင်းပြနိုင်လိမ့်မည်လည်း မထင်။ မိမိရပ်တည်ချက်အတွက်
ဖိနှိပ်မှုကို ရင်ဆိုင်နိုင်သည့်တိုင် မိသားစုအတွက် စိတ်မကောင်းဖြစ်ရသည့် ကြားကပင်
တည်တည်ငြိမ်ငြိမ်နှင့် ပြန်လည်အားပေးခဲ့ရပေသည်။
လူငယ်ကျောင်းသားဘဝကတည်းက နိုင်ငံရေးထဲတွင်သာ ဘဝတစ်ခုလုံးကို
မြှုပ်နှံထားကာ အဖိနှိပ်ခံ လူတန်းစားဖက်က တစ်သမတ်တည်း ရပ်တည်လာခဲ့သော အန်ကယ်ကြီးသည်
တကယ်တော့ ကုံလုံကြွယ်ဝသည့် မိသားစုမှ မွေးဖွားလာသူ တစ်ယောက်သာ ဖြစ်သည်။ လူပျိုပေါက်ဘဝတွင်
ဂျစ်ကားကို ကိုယ်တိုင်မောင်းနေနိုင်ပြီ ဖြစ်သော အန်ကယ်ကြီးသည် စည်းစိမ်ချမ်းသာကို မက်မောတတ်သူ
မဟုတ်။ မိသားစုထဲ အမွေခွဲကြတော့ လက်ဝတ်လက်စားများကို ပုံ၍ခွဲဝေယူကြရင်း သူ့အပုံထဲက
ဟိုဟာလေးလှလိုက်တာ ဒီဟာလေး လိုချင်လိုက်တာ ပြောသည်ကို ရော့ယူလေ ဆိုပြီး ပေးပစ်တတ်သူမျိုး။
သည်လိုလူမျိုးမို့လည်း ကျန်းမာသည် ဖြစ်စေ၊ မကျန်းမာသည် ဖြစ်စေ မည်သူ့ကိုမျှ အကူအညီ
တောင်းခဲ့သည် မရှိ။ မည်သည့် အစားအသောက်၊ ပစ္စည်းပစ္စယကိုမှလည်း မက်မော တွယ်တာခြင်း
ရှိပုံမရ။ ထောင်ဝင်စာ လာသည်ဖြစ်စေ၊ မလာသည်ဖြစ်စေ ပူပန်မှု ရှိပုံလည်း မပေါ်။ ပကတိ အေးချမ်းသော
မျက်နှာထားနှင့် နှစ်လိုဖွယ်အပြုံးကိုသာ ထာဝစဉ် တွေ့ရသည်။ ထို့ကြောင့်ပင် တခါသား ကလေးမြို့ဆေးရုံသို့
တက်ရောက်ကုသရသည့်အချိန်တွင် အန်ကယ်ကြီးအား လာရောက်တွေ့ဆုံ နှုတ်ဆက်သော စာရေးဆရာ မြဆင့်ချယ်က
သူသာရဟန်းဝတ်နှင့် မဟုတ်ဘဲ လူဝတ်နှင့်သာဆိုလျှင် ထိုင်ကန်တော့မိမည် ဖြစ်ကြောင်း ပြောဆိုခဲ့ခြင်း
ဖြစ်သည်။
အန်ကယ်ကြီးသည် စည်းစိမ်ချမ်းသာကိုသာ မမက်မောသည်မဟုတ်၊ ပုဂ္ဂိုလ်ရေးအရ
ထင်ပေါ်ကျော်ကြားမှုမျိုးကိုလည်း လိုလားသူမဟုတ်ပေ။ လွန်ခဲ့သော ၂၁ နှစ် ကလေးမြို့ အကျဉ်းထောင်တွင်
စတင် တွေ့ဆုံဖူးသည်မှစ၍ သူ့မိသားစုအကြောင်း၊ သူ့အကြောင်း စသည့် သူ့ပုဂ္ဂလိကဘဝကို စကားထဲ
ထည့်ပြောလေ့ မရှိ။ သူကိုယ်တိုင် ပါဝင်ခဲ့သော နိုင်ငံရေးဖြစ်ရပ်များကို ပြန်လည်ဆွေးနွေး
ပြောဆိုရာတွင်ပင် အခြားသူများ၏ကိစ္စကို ပြောနေသည့်နှယ် အတ္တနောမတိ ကင်းနိုင်သမျှကင်းအောင်
ပြောဆိုဆွေးနွေးလေ့ ရှိသည်။ သူကဘာတာဝန်ယူထားပြီး မည်သူ့ကို မည်သည့် အမိန့်တာဝန် သူကပေးလိုက်သည်
ဆိုတာမျိုး ပြောခဲသည်။ သူပါဝင် ဆောင်ရွက်ခဲ့သော အင်မတန် ကြီးကျယ်ခမ်းနားသော အရေးအခင်းကြီးများအကြောင်း
ဆွေးနွေးရာတွင်ပင် သူ့အကြောင်းကို ရှာမရ။ အခြားသော နေရာများမှ သူ့အကြောင်း သိခဲ့ရသဖြင့်သာ
သူပြောသောသမိုင်းတွင် ပါဝင်သော သူ့အခန်းကဏ္ဍကို နားလည်ယူခဲ့ရသည်။ ဥပမာ ၈လေးလုံး အရေးတော်ပုံကာလက
အုပ်ချုပ်ရေးယန္တရား ပျက်ပြားနေပြီး ရန်ကုန်-မန္တလေး ရထားထွက်မလား မထွက်ဘူးလားကိုပင်
သပိတ်ကော်မတီက ဆုံးဖြတ်နေပြီဆိုသည့် သမိုင်းကြောင်းမျိုးကို သူကဆွေးနွေးသည့်အခါ သပိတ်ကော်မတီဆိုသည်မှာ
သူတာဝန်ခံထားရခြင်း ဖြစ်ကြောင်း ကြိုတင်သိရှိပြီး ဖြစ်သဖြင့်သာ သူ့အဆုံးအဖြတ်ရမှ ရထားထွက်ရတဲ့
အခြေအနေပါလားဟု နားလည်ယူရခြင်းမျိုး ဖြစ်သည်။
ထောင်တွင်းနေထိုင်မှု ဘဝဆိုသည်မှာ မိမိယုံကြည်ရာ အလံကို
ခိုင်မြဲစွာ ဆုပ်ကိုင်ထားဖို့၊ မိမိ၏ ကိုယ်၊ စိတ် ကျန်းမာရေးကို စောင့်ရှောက်ထိန်းသိမ်းဖို့၊
ပြင်ပသတင်းများကို ရနိုင်သလောက် စုဆောင်းပြီး မိမိအတွေးအခေါ်ကို ရှင်သန်နေစေဖို့ ကြိုးစား
တည်ဆောက် နေထိုင်ရခြင်း ဖြစ်သည်။ ဤအတိုင်း အပြည့်အဝ ကျင့်သုံးနေထိုင် နိုင်သူမှာ အန်ကယ်ကြီးပင်။
ကျန်းမာရေးအတွက် လမ်းလျှောက်သည်၊ လေ့ကျင့်ခန်းလုပ်သည်။ လျှာအလိုကို မလိုက်ဘဲ သင့်တင့်မျှတသော
အစားအစာကို သုံးဆောင်သည်။ မြန်မာ့အရေး၊ ကမ္ဘာ့အရေးနှင့် အဘိဓမ္မာများကို ဆွေးနွေးရာ
ကန္တာရစကားဝိုင်းတွင် ဝီရိယ အရှိဆုံး ဝိုင်းတော်သားမှာလည်း အန်ကယ်ကြီးသာ။ အားလပ်ချိန်ဟူ၍
မရှိဘဲ အိပ်ချိန်၊ စားချိန်၊ ဆွေးနွေးချိန်၊ အားကစားလုပ်ချိန် များ၏ ကျန်အချိန်များတွင်
စာရေး၊ စာဖတ်နေတတ်သူ၊ ရသမျှ အချိန်တိုင်းတွင် လေ့လာရေးလုပ်နေတတ်သူ ဖြစ်သည်။ တစ်ခုခု
လုပ်မနေဘဲ ငေးငိုင်မှိုင်တွေနေသည်ဟူ၍ မည်သည့် အခါမျှ မရှိ။
အကယ်၍ လွန်ခဲ့သော အနှစ်နှစ်ဆယ်ဝန်းကျင်က ကလေးမြို့အကျဉ်းထောင်ကို
မျက်စိထဲတွင် ပြန်မြင်ယောင်ကြည့်နိုင်မည်ဆိုပါလျှင် ကျန်းမာရေးအတွက် လမ်းလျှောက်နေသော
သို့မဟုတ် နိုင်ငံရေး သဘောတရားများကို စကားဝိုင်းတွင် တက်တက်ကြွကြွ ဆွေးနွေးနေသော သို့မဟုတ်
စာအုပ်တစ်အုပ်အုပ်ကို စူးစူးစိုက်စိုက်လေ့လာနေသော ဒေါင်ဒေါင်မြည် နိုင်ငံရေးသမားကြီး
တစ်ဦးကို သင် မြင်ကောင်း မြင်နိုင်သည်။
မင်းခက်အောင်
မင်းခက်အောင်
0 comments:
Post a Comment