Thursday, May 21, 2020

ခေတ်သစ်မြန်မာ့သမိုင်း(၈)ဒေါက်တာသန်းထွန်းရေးတဲ့ A MODERN HISTORY OF MYANMAR 1752 - 1948 ကို ဘာသာပြန်တာပါ။

0 comments
ဒေါက်တာသန်းထွန်းရေးတဲ့ A MODERN HISTORY OF MYANMAR 
1752 - 1948 ကို ဘာသာပြန်တာပါ။
အခန်း(၁)
#ကုန်းဘောင်ခေတ်နိုင်ငံရေး
အမျိုးသားရေးစုစည်းမှု
ရခိုင်ကို ဗဒုံမင်းရဲ့ သားတော်အကြီးဆုံးက ၁၇၈၅ ခုနှစ် နှစ်ဦးပိုင်းမှာ အောင်နိုင်ခဲ့တယ်။ ရှေ့တန်းက ပြန်မဆုတ်ခင် တည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်းဖို့ တပ်တွေကို ရခိုင်ပြည်အနှံ့ ဖြန့်ထုတ်လိုက်တယ်။ ဒါပေမဲ့ မတည်မငြိမ် ဆက်ဖြစ်နေတုန်းပဲ။ ရခိုင်တွေမှာ သူတို့ဘက်က အကြောင်းပြချက်တွေလည်း ရှိပါတယ်။ သူတို့က အစိုးရကို ဆန့်ကျင်ပုန်ကန်တာ မဟုတ်ဘူး။ မင်းဆိုးမင်းညစ်ကို ဆန့်ကျင်တာပါ။ အခွန်တော်က ကြီးလေးလွန်းတယ်။ လူငယ်တွေ ရာနဲ့ချီပြီး အလုပ်ဆိုင်းတွေထဲမှာ အပြင်းအထန် ခိုင်းစေတာ မကြာခဏခံနေရတယ်။ မိတ္ထီလာကန်ပြင်ဖို့ လူ ၃၀၀၀ ခေါ်သွားတာ တစ်ယောက်မှ ပြန်မလာဘူး။ ၁၇၉၀ ပြည့်နှစ် ချင်းမိုင်စစ်ဆင်ရေးမှာ စစ်မှုထမ်းဖို့ လူ ၆၀၀၀ ခေါ်သွားပြီး ရာဂဏန်း အတော်များများဟာ အိမ်ပြန်မလာတော့ဘူး။ ၁၇၉၇ ခုနှစ်မှာ မင်းကွန်းပုထိုးတော်ကြီးအတွက် အုတ်လုပ်ဖို့ လူ ၂၀၀၀ တောင်းပြန်တယ်။ အဲဒါတွေကြောင့် သူတို့ သူပုန်ထတာပါ။ စိုင်းတင်မြို့စား ငချင်းပြန်ဟာ ဘုရင်ဘွဲ့ခံပြီး သူပုန်တွေရဲ့ ထင်ရှားတဲ့ခေါင်းဆောင်ဖြစ်လာတယ်။ ဗြိတိသျှလက်အောက်မှာ အခြေအနေ နည်းနည်းပိုကောင်းလာတဲ့ ဘင်္ဂလားဒက်ရှ်ကို ရခိုင်တွေ ထောင်နဲ့ချီပြီး ထွက်ပြေးကြတယ်။
ရခိုင်မှာ လူနေပါးတဲ့ကြားက အခုဆိုရင် တစပြင်နီးပါး ဖြစ်လာပြီ။ ဒုက္ခသည်တွေကြားမှာ ဗြိတိသျှအစိုးရက သွေးထိုးထားသူတွေလည်း ပါပါတယ်။ သူတို့က ရခိုင်ဘက်ကနေ မြန်မာကိုဝင်တိုက်ဖို့ ခြေကုပ်ယူနေတာပါ။ အဲဒီအချိန်မှာ ဗြိတိသျှအုပ်ချုပ်ရေးကလည်း သိပ်ပြီး မခိုင်မာသေးဘူး။ ဒါကြောင့် သူတို့ရဲ့လှုပ်ရှားမှုကို ဆန်းစစ်ဖို့ မဖြစ်နိုင်ပြန်ဘူး။ မြန်မာအစိုးရကလည်း ရခိုင်အရေးနဲ့ပတ်သက်ပြီး ဗြိတိသျှအိန္ဒိယအစိုးနဲ့ တရားဝင်ဆက်သွယ်မေးမြန်းဖို့ပျက်ကွက်ခဲ့တယ်။'မြန်မာမြို့စားက သူပုန်တွေကိုဖမ်းဖို့ နယ်စပ်ကိုဖြတ်ပြီးလူ ၅၀၀၀ နဲ့ စစ်ချီတယ်။ ဗဒုံမင်းရဲ ရခိုင်အောင်ပွဲက နောင်မှာ အင်္ဂလိပ် မြန်မာ ပဋိပက္ခဖြစ်စေတဲ့ ဝေးလံသောအကြောင်းတရားပါပဲ။ မြန်မာတပ်တွေနဲ့ ရင်ဆိုင်ဖို့ ကာလကတ္တားကနေ တပ်ဖွဲ့တစ်ဖွဲ့ လွှတ်တယ်။ ဒါပေမဲ့ ငြိမ်းချမ်းစွာ ဆွေးနွေးဖြေရှင်းကြတာပါ။ မြန်မာတပ်က ပြန်ဆုတ်ပေးဖို့သဘောတူလိုက်တယ်။ မြန်မာဘက်ကလိုချင်တဲ့ စစ်ပြေးတွေကိုလည်း အင်္ဂလိပ်ဘက်က ပြန်လွှဲပေးတယ်။
၁၇၉၈ ခုနှစ်မှာ ငချင်းပြန်အောင်ပွဲရဲ့ရလဒ်ကတော့ ရခိုင်ဒုက္ခသည်တွေ စစ်တကောင်းကို ထပ်ပြီး ဝင်ပြေးပြန်တာပါပဲ။ လက်ဖတင်နင်ကောက်စ်က သူတို့ကိုရိက္ခာပေးတယ်။ နေရာပေးတယ်။ အခုထိ ကောက်စ်ဗဇားလို့ ခေါ်နေသေးတဲ့နေရာမှာ စခန်းချကြတာပါ။ ဒီလူတွေကို ပြန်ရဖို့ မြန်မာစစ်တပ်က စစ်တကောင်းနယ်ထဲကို ဝင်ပြန်တယ်။ သူတို့ကိုပြန်တောင်းဖို့ ကာလကတ္တားဘုရင်ခံဆီလည်း သံတမန်လွှတ်ပါတယ်။ ဗြိတိသျှ အစိုးရက ရာဇဝတ်သားတွေကိုပြန်ပေးဖို့ အသင့်ရှိတယ်။ ဒါပေမဲ့ နိုင်ငံရေးဒုက္ခသည်တွေကို ပြန်မပေးနိုင်ဘူးလို့ အကြောင်းပြန်တယ်။ ဒုက္ခသည် အရည်အတွက်ကလည်း တဖြည်းဖြည်းနဲ့ ၅၀၀၀၀ အထိ မြင့်တက်လာပြီ။ အင်္ဂလိပ်ရဲ့ ငြင်းဆိုမှုက အသားလွတ် စော်ကားတာလို့ မြန်မာဘက်က မြင်တယ်။ ဘုရင်က ချက်ချင်း စစ်ရေးခြိမ်းခြောက်မှုလုပ်တယ်။ ခြိမ်းခြောက်မှုသက်သက်ပဲဆိုတာ နောက်ပိုင်းမှာ ပေါ်လွင်ခဲ့ပါတယ်။
ငချင်းပြန်က မျိုးချစ်ပုဂ္ဂိုလ်ကြီး ဖြစ်နေပြီ။ စစ်တကောင်းကိုဝင်ပြေးတော့ ဗြိတိသျှက သူ့ကို ကြိုဆိုတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ စစ်တကောင်းမှာရှိတဲ့ သူ့ရဲ့အခြေစိုက်စခန်းကနေ ရခိုင်ပြည်နယ်ထဲကို အဆက်မပြတ် ဝင်ရောက်ကျူးကျော်မှုတွေလုပ်ပြီး ဗြိတိသျှရဲ့ဧည့်ဝတ်ကျေပြွန်မှုကို အသုံးချခံရတယ်။ ဒါကြောင့် သူ့ကို နိုင်ငံရေးခေါင်းဆောင်ဆိုတာထက် ရာဇဝတ်သားအဖြစ် ပိုပြီး သဘောထားလာတယ်။ ဗြိတိသျှအစိုးရက သူ့ခေါင်းကို ရူးပီး ၅၀၀၀ ဆုငွေထုတ်လိုက်တယ်။ နယ်စပ်ကိုဖြတ်ပြီး သူ့ကို ဖမ်းဆီးဖို့ မြန်မာစစ်တပ်တွေကို ဖိတ်ခေါ်ခဲ့တယ်။ ဒါပေမဲ့ သူ အဖမ်းမခံရပါဘူး။ ၁၈၁၅ ခုနှစ်မှာပဲ တောထဲမှာ သူသေဆုံးတယ်။ သူပုန်ကို သူ့နယ်ထဲ လာဖမ်းဖို့ ခွင့်ပြုခဲ့တာကတော့ ဗြိတိသျှတွေညံ့တယ်ဆိုတဲ့ သဘောပါပဲ။
ဗဒုံမင်းက ၁၈၁၉ ခုနှစ် ဇွန်လ ၅ ရက် နန်းစံသက် ၃၈ နှစ် အသက် ၇၅ နှစ် အိုမင်းရင့်ရော်ချိန်မှာ နတ်ရွာစံတာပါ။ သားတော် သမီးတော် ၁၂၂ ပါးနဲ့ မြေးတော် ၂၀၃ ပါး ကျန်ခဲ့တယ်။ သူက ၁၈၀၈ ခုနှစ်ကတည်းက မြေးတော်ကို နန်းလျာထားခဲ့တယ်။ ဒါကြောင့် စစ်ကိုင်းမင်းဟာ အခက်အခဲမရှိဘဲ ဘုရင်ဖြစ်လာတယ်။

0 comments:

Post a Comment