Wednesday, May 20, 2020

ကိုရိုနာဗိုင်းရပ်စ်နဲ့ ဈေးကွက်စီးပွားရေး ကြည်ဝင်း

0 comments
ကိုရိုနာဗိုင်းရပ်စ်နဲ့ ဈေးကွက်စီးပွားရေး(ကြည်ဝင်း)
အရေးတော်ပုံဂျာနယ်၊ အတွဲ(၃) အမှတ်(၃)

အမေရိကန်နိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူနဲ့ သေဆုံးသူ အရေအတွက် ကမ္ဘာမှာ အများဆုံးဖြစ်တယ်။ မေလ ၁၄ ရက်နေ့စာရင်းအရ ကူးစက်ခံရသူ ၁.၄ သန်းကျော်ရှိပြီး သေဆုံးသူစုစုပေါင်း ၈၅, ၀၀၀ ကျော်ရှိတယ်။ ပြန်ကောင်းလာသူ အရေအတွက်က ၃ သောင်းကျော်ရှိတယ်။
ရောဂါကပ်ဘေးခံရသလို စီးပွားရေးလည်း အထိနာနေတာ တွေ့ရတယ်။ မတ်လအကုန်ပိုင်းလောက်မှာ အမေရိကန်စီးပွားရေး သုံးပုံတပုံလောက် ပိတ်ထားနေရပြီဖြစ်တယ်။ နောက်လည်း ပိတ်ကုန်မှာတွေ ရှိတယ်။ အလုပ်လက်မဲ့က ၂၅% ရှိနေပြီ။ ၃၀% ကျော်အထိ ဖြစ်လာမယ်လို့ ခန့်မှန်းကြတယ်။ ဧပြီလနှောင်းပိုင်း အစိုးရတရားဝင်စာရင်းအရ အလုပ်လက်မဲ့ခံစားခွင့် လျှောက်ထားသူ ၂၆.၅ သန်းရှိတယ်။ ဒါဟာ အမေရိကန် အလုပ်သမားအင်အား စုစုပေါင်း ၁၆၅ သန်းရဲ့ ၁၆.၅% ဖြစ်တယ်။
 

ဒါပေမဲ့ ကိုဗစ်ရောဂါကပ်ကြောင့် အမေရိကန်စီးပွားရေးအထိနာ အကျပ်ဆိုက်တာဖြစ်တယ်လို့ဆိုရင် မမှန်ပါဘူး။ အမေရိကန် စီးပွားရေးဟာ ချည့်နဲ့ပြီး ကွဲရှလွယ်ဖြစ်နေတာ ကိုဗစ်ဘေး မကျခင်ကတည်းက ဖြစ်တယ်။ ၂၀၁၉ နှောင်းပိုင်း ၉ လလောက်ဆက်တိုက် ရင်းနှီးမြှုပ်နှံမှု ကျဆင်းသွားတယ်။ ကုန်ထုတ်လုပ်မှုပိုင်းမှာလည်း တုံ့ဆိုင်းနေတာဖြစ်တယ်။ ထရမ့်ရဲ့ ၂၀၁၈ - ၁၉ ကုန်သွယ်ရေးစစ်ပွဲကြောင့် ကုန်သွယ်ရေးကလည်း မကောင်းပါ။ အမေရိကန်အိမ်ထောင်စုလိုက် စားသုံးမှုကလည်း ချည့်နဲ့လာနေတယ်။ ဥပမာအားဖြင့် ၂၀၁၉ နှောင်းပိုင်းမှာ အလယ်အလတ်တန်းစား မိသားစုတွေထဲက အကြွေးဝယ်ကဒ် ဆုံးရှုံးရသူ (ကြွေးမဆပ်နိုင်တော့သူ) ၉% နီးပါး မြင့်တက်လာတယ်။ ကားအရစ်ကျအကြွေးဝယ်သူ ၇ သန်း အကြွေးရှုံးတယ်။ ဒါကြောင့် ချောက်နှုတ်ခမ်းရောက်နေတဲ့ အမေရိကန်စီးပွားရေးကို ကိုဗစ်က ခပ်မြန်မြန်ပြင်းပြင်း တွန်းချလိုက်တာပဲလို့ ပြောနိုင်ပါတယ်။
 

စီးပွားရေးကပ်ဆိုက်လာတော့ အစိုးရက ဝင်ကယ်ဖို့ လုပ်ရပါတော့တယ်။ စီးပွားရေးနှိုးထရေးအတွက် အမေရိကန်ဒေါ်လာ ၂ ထရီလျံကျော်သုံးစွဲမယ့် ဥပဒေတရပ် (Corona virus Aid, Relief, and Economic Security Act- CARES Act) ကို အမေရိကန်လွှတ်တော် ၂ ရပ်က ချမှတ် ပြဋ္ဌာန်းခဲ့ပါတယ်။ အခွန်ထမ်းပြည်သူတွေကို ငွေထောက်ပံ့တာပါပေမယ့် ထုံးစံအတိုင်း ကော်ပိုရေးရှင်းကြီးတွေ၊ ဘဏ်လုပ်ငန်းကြီးတွေ စတာတွေကို အဓိက ထောက်ကူပေးသွားဖို့ ဖြစ်ပါတယ်။ ၂၀၀၈ စီးပွားကပ်တုန်းကလိုပဲပေါ့။ ဒါပေမဲ့ ဒီတကြိမ် ပမာဏက ဘီလျံမျှသာ မဟုတ်တော့၊ ထရီလျံအဆင့် ရောက်သွားပါပြီ။ တနည်းပြောရရင် ချည့်နဲ့ရပ်ဆိုင်းသွားတဲ့ ဈေးကွက်စီးပွားရေး ပြန်အားကောင်းလည်ပတ်လာဖို့ ထောက်ကူပေးမှာ ဖြစ်ပါတယ်။
အရင်းရှင်စနစ်က အမွှမ်းတင်နေတဲ့၊ ကယ်တင်ဖို့ ကြိုးစားနေတဲ့ အဲဒီလွတ်လပ်ဈေးကွက်စီးပွားရေးက ကိုဗစ်ရောဂါကပ်ဘေးကို ဘယ်လိုကောင်းကျိုးပြုခဲ့သလဲဆိုတာကို စူးစမ်းကြည့်ကြပါစို့။
 

ဆေးရုံများ
သမ္မတရော်နယ်ရီဂင်လက်ထက် ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍမှာ နီယိုလစ်ဘရယ် ဈေးကွက်စီးပွားရေးစနစ်ကို စတင်အသက်သွင်းခဲ့တယ်။ အဲဒီအချိန်ကစလို့ ကျန်းမာရေး စောင့်ရှောက်မှုအပိုင်းမှာ နီယိုလစ်ဘရယ်ဈေးကွက်စီးပွားရေးစနစ်ဟာ ကျယ်ကျယ်ပြန့်ပြန့်နဲ့ နက်ရှိုင်းစွာ အမြစ်တွယ်သွားခဲ့တာ ဖြစ်တယ်။ အဲဒီအချိန်မတိုင်မီက အမြတ်အစွန်းမယူတဲ့ ပြည်သူ့ဆေးရုံစနစ်ဆိုတာ အတော်များများရှိခဲ့တယ်။ တခြားဆေးရုံတွေပါပေါင်းရင် တနိုင်ငံလုံးမှာ ဆေးရုံကုတင်ပေါင်း ၁.၅ သန်း ရှိတယ်။ ဒီကနေ့မှာတော့ အဲဒီအချိန်ကထက် လူဦးရေက သန်း ၁၀၀ တိုးလာပေမယ့် ဆေးရုံကုတင်စုစုပေါင်းက ၉၂၅, ၀၀၀ ပဲရှိပါတော့တယ်။ ကုတင် ၅၀၀,၀၀၀ လျော့သွားတာ ဖြစ်ပါတယ်။ ကွင်းဆက်ဆေးရုံလုပ်ငန်းကြီးတွေက 'ဈေးကွက်စွမ်းရည်ရှိရေး' အတွက် အမြတ်အစွန်းမရတဲ့ ပြည်သူ့ဆေးရုံစနစ်တွေကို ဝယ်ယူပိတ်ပစ်ခဲ့တာကြောင့် အခုလို လျော့ကျသွားရတာ ဖြစ်တယ်။
 

တကိုယ်ရေကာကွယ်ရေးပစ္စည်းများ
အသက်ရှူစက်၊ မျက်နှာဖုံး၊ ကာကွယ်ရေးဝတ်စုံနဲ့ ပိုးသတ်ဆေးတွေတောင်မှ အမေရိကန်မှာ ဘာကြောင့် ရှားပါးနေရပါသလဲ။ ဈေးကွက်ရဲ့ဖြေရှင်းနည်းကြောင့်ပါပဲ။ လွန်ခဲ့တဲ့ နှစ်အတော်ကြာကြာကတည်းက ဒီပစ္စည်းတွေထုတ်လုပ်ရေးကို အာရှ၊ လက်တင်အမေရိကနဲ့ အထူးသဖြင့် တရုတ်ပြည်တို့မှာ သွားရောက်လုပ်ကိုင်ခဲ့တာ ဖြစ်တယ်။ အဲဒီနိုင်ငံတွေမှာထုတ်လုပ်ပြီး အမေရိကန်နိုင်ငံထဲ ပြန်သွင်းလာရင် ကုန်ကျစရိတ်ပိုသက်သာပြီး အမြတ်အစွန်းလည်း ပိုရတယ်။ အခုဆိုရင် တရုတ်နိုင်ငံဟာ N95 မျက်နှာဖုံးနဲ့ ခွဲစိတ်ခန်းသုံး မျက်နှာဖုံး တရက်မှာ ၁၁၅ သန်းထုတ်လုပ်နိုင်ပါတယ်။
 

အလုပ်လက်မဲ့ခံစားခွင့်
ရှေ့တန်းရောက်စီးပွားရေးတွေထဲမှာ အမေရိကန်နိုင်ငံဟာ အလုပ်လက်မဲ့ခံစားခွင့်အတွက် ငွေအနည်းဆုံးသုံးတဲ့ နိုင်ငံတနိုင်ငံပဲ ဖြစ်တယ်။ အသက်ရှင်နေထိုင်နိုင်ဖို့ လိုအပ်တဲ့ကုန်ကျစရိတ်ရဲ့ သုံးပုံတပုံသာသာလောက်ပဲ ထောက်ပံ့တယ်။ ပြည်နယ်အတော်များများဆိုရင် အဲဒီလောက်တောင် မရပါဘူး။ နှိုင်းယှဉ်ချက်အရ အများဆုံးပေးတယ်ဆိုတဲ့ ကာလီဖိုးနီးယားပြည်နယ်မှာတောင် တပတ်ကို ၄၅၀ ဒေါ်လာပဲရတယ်။ တလဆိုရင် ၁, ၈၀၀ ဒေါ်လာပါ။ မြို့တွင်း အလယ်အလတ်အိမ်ငှားခက တလ ဒေါ်လာ ၃၀၀၀ နဲ့အထက်ရှိတယ်။ အဲဒီ မလောက်မင ခံစားခွင့်ကလည်း ၆ လပဲရှိတာပါ။
သန်းပေါင်းများစွာသော ယာယီနဲ့ပုတ်ပြတ်အလုပ်သမားတွေကျတော့ အဲဒီခံစားခွင့် မရှိကြပါဘူး။ အခု ပြဋ္ဌာန်းလိုက်တဲ့ CARES Act မှာတော့ အဲဒီလို အလုပ်သမားတွေအတွက် ခံစားခွင့် ၄ လစာ ပေးထားတာ တွေ့ရတယ်။ ဒီအလုပ်သမားတွေအတွက် ခံစားခွင့်ကို သူတို့ကိုငှားရမ်းခိုင်းစေတဲ့ကုမ္ပဏီကြီးတွေ ကုန်ကျခံရမှာပါ။ အခုတော့ အစိုးရက ပြည်သူတွေရဲ့ အခွန်ငွေထဲကနေ ကျခံပေးလိုက်တာ ဖြစ်တယ်။ ဒါဟာလည်း ဈေးကွက်စီးပွားရေးက ကုမ္ပဏီကြီးတွေ အဲဒီလိုအလုပ်သမားမျိုးတွေရဲ့ အလုပ်သမားခံစားခွင့်အတွက် ရန်ပုံငွေထည့်စရာမလိုအောင် ခွင့်ပြုထားပေးလို့ ဖြစ်တယ်။
 

ကျန်းမာရေးခံစားခွင့်
ဒီကနေ့အမေရိကန်ရဲ့ ဈေးကွက်စီးပွားရေးနိဗ္ဗာန်ဘုံကြီး ကုမ္ပဏီပေါင်းများစွာဟာ အလုပ်သမားတွေ ကျန်းမာရေးအာမခံကြေးကို ရှောင်လွှဲနေလို့ ရနေတယ်။ အလုပ်သမား ၃၇ သန်းဟာ ကျန်းမာရေးအာမခံ မရှိဘူး။ ၈၇ သန်းကတော့ ကျန်းမာရေးအာမခံ မလုံလောက်ဘူး။ သန်းတချို့ကတော့ ကျန်းမာရေးစရိတ်မှာ တနှစ်ကို ဒေါ်လာ ထောင်ပေါင်းများစွာ မိမိက ကုန်ကျခံနေရတယ်။
 

လစာနဲ့ဆေးခွင့်
ကမ္ဘာမှာ အချမ်းသာဆုံးအမေရိကန်နိုင်ငံမှာရှိတဲ့ အကြီးဆုံးကုမ္ပဏီကြီး ၅၀၀ ဟာ ပြီးခဲ့တဲ့ ၉ နှစ်အတွင်းမှာ အစုရှယ်ယာရှင်တွေကို ကိုယ့်အစုရှယ်ယာကိုယ်ပြန်ဝယ်တာ (stock buybacks) နဲ့ အစုရှယ်ယာအမြတ်ငွေ ခွဲဝေပေးတာဟာ နှစ်စဉ်ပျမ်းမျှ ဒေါ်လာ ၁ ထရီလျံကျော်ပါတယ်။ ဒါပေမဲ့ သူတို့ကုမ္ပဏီက အလုပ်သမားတွေကတော့ တနှစ်မှာ လစာနဲ့ဆေးခွင့်က ၆ ရက်ပဲ ရပါတယ်။ ဒါတောင် သမဂ္ဂကန်ထရိုက် စာချုပ်ရှိတဲ့အလုပ်ရုံက အလုပ်သမားတွေပဲ ရကြတာ ဖြစ်တယ်။ အများစုကတော့ လစာမဲ့ဆေးခွင့် ဒါမှမဟုတ် ဘာခွင့်မှ မရကြပါဘူး။ ဖျားရင် အလုပ်ထွက် တခြားအလုပ်ရှာဖို့ပဲ ရှိပါတယ်။ ဒါကတော့ ဈေးကွက်ဖြေရှင်းနည်းပါ။ ဥရောပနဲ့အခြားမှာတော့ လစာနဲ့ခွင့်ဟာ စုစုပေါင်း ရက် ၃၀ လောက်ရှိပါတယ်။ ထရမ့်ရဲ့ အမေရိကန်ဈေးကွက်စနစ်မှာတော့ မရပါ။
 

အခုအချိန် လုပ်ငန်းအတော်များများပိတ်ထားရချိန် အိမ်မှာပဲနေနေရချိန်မှာ အဲဒီသန်းပေါင်းများစွာသော အလုပ်သမားများအတွက် CARES Act ကပဲ တာဝန်ယူ ကုန်ကျခံရမှာ ဖြစ်ပါတယ်။
CARES Act ရဲ့ ဘီလျံ ၅၀၀ တန် 'ကော်ပိုရေးရှင်းကြီးတွေအတွက် ဆိုရှယ်လစ် ( ပြည်တော်သာ)စနစ်'
ကော်ပိုရေးရှင်းကြီးတွေအတွက် CARES Act က ဒေါ်လာ ၅၀၀ ဘီလျံခွဲတမ်းချထားတယ်။ (နည်းနည်းပိုသေးတဲ့လုပ်ငန်းတွေအတွက်က ဒေါ်လာ ၃၆၇ ဘီလျံပါ။) အဲဒီကော်ပိုရေးရှင်းကြီးတွေက တကယ်ကော ဒေါ်လာ ဘီလျံ ၅၀၀ လိုရဲ့လား။ ခွဲဝေပေးတာကိုကော ဘယ်သူက ကြီးကြပ်မှာလဲ။
လေကြောင်းလိုင်းတွေကို ဥပမာကြည့်ရအောင်ပါ။
 

လေကြောင်းလိုင်းတွေက ဒေါ်လာ ၅၈ ဘီလျံခွဲတမ်းရပါတယ်။ တဝက်တိတိက ပြန်ဆပ်စရာမလိုတဲ့ ဂရန့်ငွေ (grant) ပါ။ ဘာစည်းကမ်းကန့်သတ်ချက်မှ မရှိပါဘူး။ နောက်တဝက်ကတော့ ချေးငွေ ဖြစ်တယ်။ ဂရန့်ငွေကိုတော့ ခပ်သွက်သွက်ပဲ ယူလိုက်ကြပါတယ်။ ဒါပေမဲ့ ချေးငွေကို မယူကြသေးဘူးတဲ့။ ဘာကြောင့်လဲဆိုတော့ အဲဒီချေးငွေကိုလည်း ဂရန့်ငွေအဖြစ်ပြောင်းပေးဖို့ အဆိုပြုထားတာကို ကွန်ဂရက်က ဒီနှစ်ကုန်ပိုင်းလောက်မှာ သဘောတူလာမလားလို့ စောင့်ကြည့်နေတာလို့ ဆိုတယ်။
ဒီလေကြောင်းလိုင်းတွေလက်ထဲမှာ လောလောဆယ် ငွေဘယ်လောက်ရှိနေသလဲဆိုတာကိုလည်း ဘယ်သူကမှ မမေးကြဘဲ အခုလို ဘီလျံဆယ်နဲ့ချီပြီး ပက်ကနဲပေးလိုက်တာ ဖြစ်တယ်။ ပြီးခဲ့တဲ့ နှစ်တွေက အဲဒီလေကြောင်းလိုင်းတွေက သူတို့ရဲ့အစုရှယ်ယာရှင်တွေနဲ့ အမှုဆောင်အရာရှိချုပ်တွေကို စတော့ပြန်ဝယ်တာနဲ့ အစုရှယ်ယာအမြတ်ငွေအဖြစ် ဒေါ်လာ ၄၅ ဘီလျံထက်မနည်း ခွဲဝေပေးခဲ့တာပါ။ ကိုယ်ပြန်ဝယ်တဲ့ စတော့တွေဟာ ဈေးကွက်ထဲပြန်ရောက်တာလည်းရှိပေမယ့် အများစုကတော့ ဒီစတော့ဈေးကွက်မှာ ရင်းနှီးမြှုပ်နှံနေသူတွေ၊ ကုမ္ပဏီရဲ့အမှုဆောင်အရာရှိချုပ်တွေနဲ့ အကြီးတန်းမန်နေဂျာတွေလက်ထဲ ရောက်သွားကြတာဖြစ်တယ်။ နည်းပညာကုမ္ပဏီကြီးတွေမှာတော့ အမှုဆောင်အရာရှိချုပ်တွေနဲ့ အကြီးတန်းမန်နေဂျာတွေလက်ထဲ ရောက်သွားတဲ့ အဲဒီပြန်ဝယ်တဲ့ စတော့တွေဟာ ၇၀% အထိ ရှိတယ်။ ဥပမာ ပန်းသီး (Apple) ကုမ္ပဏီကြည့်ပါ။
ဘဏ်လုပ်ငန်းရှင်ကြီးများနဲ့ရင်းနှီးမြှုပ်နှံသူများအတွက် မဟာဆိုရှယ်လစ်(ပြည်တော်သာ) စနစ်
လုပ်ငန်းကြီးတွေအတွက် ခွဲတမ်းရတဲ့ ဒေါ်လာဘီလျံ ၅၀၀ ဟာ ဘဏ်လုပ်ငန်းကြီးတွေနဲ့ အရိပ်ဘဏ်လုပ်ငန်းတွေ (ငွေကြေးဈေးကွက်ထဲ ဈေးကစား အမြတ်အစွန်းရှာတဲ့ အရန်အတားရန်ပုံငွေ hedge funds၊ စတော့အရောင်းအဝယ်တွေ စီမံခန့်ခွဲပေးတဲ့ ကုမ္ပဏီတွေ၊ ရင်းနှီးမြှုပ်နှံမှုဘဏ်တွေ၊ အရင်းအနှီးတွေစုပေါင်းပြီး စတော့ဈေးကွက်မှာ ရောင်းဝယ်တဲ့ကုမ္ပဏီတွေ စသဖြင့်) အတွက် အမေရိကန်ဗဟိုဘဏ်ကပံ့ပိုးပေးမယ့် ဒေါ်လာ ထရီလျံပေါင်းများစွာနဲ့ ယှဉ်လိုက်တဲ့အခါ ဘာမှမဟုတ်တော့ပါဘူး။ (စကားချပ်။ ။ အများဆိုင်ရာ ကျန်းမာရေး ပညာရေး စတာတွေမှာ ဘတ်ဂျတ်တိုးသုံးရေး သူဌေးဝင်ငွေခွန်တိုးကောက်ရေး စတဲ့ ပြုပြင်ရေးအစီအစဉ်များကို တကယ့် ဆိုရှယ်လစ်လက္ခဏာအစီအစဉ်များ ဖြစ်သယောင် ဒီမိုကရက်များက ဆိုရှယ်လစ်တံဆိပ်ကပ် မဲဆွယ်တယ် ၊ ရီပတ်ဘလစ်ကန်တွေကလည်း သိလျက်နဲ့ တကယ့်ဆိုရှယ်လစ်မပြောနဲ့ အတုတောင် လက်မခံဘူး ဆိုတဲ့သဘော နဲ့ ဆန့်ကျင်တယ်။)
၂၀၀၈ တုန်းက ဘဏ်တွေကို ကယ်တင်ဖို့အတွက် ဗဟိုဘဏ်က ဒေါ်လာ ၄ ထရီလျံ ပံ့ပိုးပေးခဲ့တယ်။ အခုအချိန်မှာတော့ ဒေါ်လာ ၆ ထရီလျံကျော် ဗဟိုဘဏ်က ပံ့ပိုးပေးထားပါပြီ။ ဒါတောင် ဘဏ်လုပ်ငန်းက ပြိုလဲမှုဖြစ်သေးတာ မဟုတ်ပါ။
ဗဟိုဘဏ်က ဘဏ်လုပ်ငန်းတွေသာမက အကြွေးဝယ်ကဒ်ကုမ္ပဏီတွေ၊ အပေါင်လုပ်ငန်းကုမ္ပဏီတွေ၊ ကော်ပိုရေးရှင်းငွေချေးစာချုပ်ဝယ်ထားသူတွေကိုပါ ပံ့ပိုးပေးနေပါပြီ။ ဒါတင်မက ဆင့်ပွား (derivatives) တွေ အရောင်းအဝယ်လုပ်တဲ့ကုမ္ပဏီတွေကိုပါ အကူအညီပေးနေပြီဖြစ်တယ်။ နောင်ဆိုရင်တော့ ဘဏ္ဍာဈေးကွက်ကို ထူမဖို့အတွက် စတော့ရှယ်ယာတွေပါ ဝင်ဝယ်တော့မှာ ဖြစ်တယ်။ ဂျပန်ဗဟိုဘဏ်ကတော့ စတော့ရှယ်ယာတွေ အရောင်းအဝယ်ဝင်လုပ်နေတာ နှစ်တချို့ရှိပြီဖြစ်တယ်။
အမြတ်ငွေကို ဈေးကွက်က မဟုတ်ဘဲ အစိုးရက တိုးဖြည့်ပေးနေတာ
အခွန်အကောက်ပေါ်လစီနဲ့ ဗဟိုဘဏ်ရဲ့ငွေကြေးပေါ်လစီတွေဟာ အထွေထွေစီးပွားရေးတည်ငြိမ်ရေး ကိရိယာတွေအဖြစ် အထင်ကရဘောဂဗေဒပညာရှင်တွေက ဆိုခဲ့ကြတယ်။ အခုကတော့ အဲဒါဟာ မီဒီယာကော်ပိုရေးရှင်းတွေကဖန်တီးထားတဲ့ လုပ်ဇာတ်ဖြစ်သွားပါပြီ။ ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်းမှာ အကောက်အခွန်နဲ့ဗဟိုဘဏ်ပေါ်လစီ ကိရိယာတွေဟာ အမြတ်ငွေထဲ ငွေတွေရှောရှောရှူရှူ စီးဝင်သွားဖို့အတွက် သွယ်တန်းပေးထားတဲ့ ပိုက်သဖွယ် ဖြစ်နေတာပါ။
သူတို့ဟာ ကော်ပိုရေးရှင်းကြီးတွေရဲ့ဆိုရှယ်လစ် (ပြည်တော်သာ) စနစ်အတွက် စီးတော်ယာဉ်တွေ ဖြစ်နေပါပြီ။ အရင်းရှင်နိုင်ငံတော်နဲ့ သူ့အစိုးရက သူတို့နဲ့ဆိုင်တာကိုပဲ ဂရုစိုက်ဖေးမပါတယ်။ ကျန်ပြည်သူတွေကိုတော့ ထရမ့်ရဲ့အဆိုအရ 'ဈေးကွက်' က တာဝန်ယူပါလိမ့်မယ်တဲ့။
ကြည်ဝင်း
၁၅ - ၅ - ၂၀၂၀

0 comments:

Post a Comment