Wednesday, May 13, 2020

အဖေ့အကြောင်း(၁၂-နိဂုံး) (အောင်သွေး)

0 comments
အဖေ့အကြောင်း(၁၂-နိဂုံး) (အောင်သွေး)
လက်နက်ကိုင်တော်လှန်ရေးထဲရောက်ပြီးမှလည်း ကျနော့်ကိုမြေအောက်လုပ်ငန်းပဲ တာဝန်ပေးပါတယ်။ ကျနော်ကလည်း မမှိတ်မသုံပေါ့။ ၁၉၈၀ မှာတခါ၊ ၁၉၈၂ မှာတခါ၁၉၈၄ မှာ တခါပါ။ အရင်အခေါက်တွေမှာ ကျနော့မြို့ကိုလည်း ညလယ်ခေါင်ကြီးမှာ ဖြတ်ဖူးပါတယ်။ မကွေး-အောင်သူ ကားသင်းနဲ့ပါ။ ရန်ကုန်မှာလည်း ဟာမစ်တစ်ကို ဘတ်စကားနဲ့ ခနခနဖြတ်ဖူးပါတယ်။ ကျနော်အိမ်ကိုဝင်ဖို့စိတ်ကူးမရှိပါ။ အလုပ်က အဓိကပါ။ မိဘနဲ့ညီအကိုမောင်နှစ်မတွေကို မချစ်ပဲဘယ်ရှိပါ့မလည်းဗျာ၊ တွေ့ချင်တာပေါ့။ သူတို့အကြောင်းတွေသိချင်တာပေါ့။ မဆက်သွယ်ခဲ့ပါဘူး။

၁၉၈၄ အခေါက်မှာတော့ရဲဘော်ထွန်းက အဖေ့ကိုတွေ့ချင်ရင်တွေ့ခဲ့ပေါ့လို့ ခွင့်ပြုပါတယ်။ ရဲဘော်ထွန်းရဲ့စိတ်နေစိတ်ထားကို ကျနော် သိတာပေါ့။ သူက ရဲဘော်တွေကိုတာဝန်ပေးတဲ့အခါ ဒီလိုတာဝန်ကို သူကိုယ်တိုင်လုပ်နိုင်သလားကစပြီး စဉ်းစားပါတယ်-အလုပ်တခုဟာ သူကိုယ်တိုင်တောင် မလုပ်နိုင်ဘူးလို့ယူဆရင် တာဝန်မပေးတော့ပါဘူး။ ဒီအခေါက်က ၁၉၈၄ ခုနှစ် ပါတီဗဟိုကော်မတီဆွေးနွေးပွဲက ဆုံးဖြတ်ထားတဲ့ တပါတီအာဏာရှင်စနစ်ဖျက်သိမ်းရေး၊ ပါတီစုံစနစ်ထူထောင်ရေးလုပ်ငန်းစဉ်အတွက်၊ ပြည်တွင်းကပါတီဝင်တွေပါတီကို ထောက်ခံသူတွေနဲ့ နိုင်ငံရေးလုပ်ဖေါ်ကိုင်ဖက်တွေကို စည်းရုံးချပြသဘောထားရယူရတဲ့တာဝန်ပါ။ ရဲဘော်၄-၅-ယောက်လောက် ဆင်းကြ ပါတယ်။ တောလမ်းခရီးအတူသွားကြပေမယ့် မြို့ပေါ်ရောက်တော့ လမ်းခွဲကြတာပေါ့။ သူ့လိုင်းနဲ့သူပေါ့။ ရဲဘော်ထွန်းက အဖေ့ကိုကျနော်က သွားတွေ့ပြီး ပြောစေချင်တာပါ။ ဒီတာဝန်ယူပါလို့မပြောပါဘူး။ အန္တရာယ်ရှိမှန်းသူသိပါတယ်။ ကျနော်ကလည်း ဒီလိုကိစ္စက အဖေ့ကိုပြောရင် ပိုပြီး အလုပ်ဖြစ်မယ်ဆိုတာသိနေပါတယ်။ မဆလအစိုးရဆန့်ကျင်နေတဲ့ သူ့လုပ်ဖေါ်ကိုင်ဖက်တွေက နည်းသလားလို့။

ဒါနဲ့ရန်ကုန်ရောက်တော့ ဟိုတလောကရေးခဲ့တဲ့ တောင်ဥက္ကလာပက အဖွားလေးအိမ်ကို ကျနော်ဝင်ပါတယ်။ အဲဒီမှာအဖွားလေးသားသမီး ကျနော့နဲ့ရွယ်တူ ဦးလေးဒေါ်လေးတွေက အံ့သြဝမ်းသာကြလို့ပေါ့။ အဖေနဲ့အမေရန်ကုန်မှာရှိသလားလို့စုံစမ်းပါတယ်အဖွားလေးက မင်းအဖေပဲရှိတယ်လို့ပြောပါတယ်။ ကျနော်အဖေနဲ့တွေ့ချင်တယ် အဖွားလေးကူညီပါဆိုတော့။ ရတာပေါ့တဲ့ ငါသွားခေါ်ပေးမယ်တဲ့။ ဘယ်မှာတွေ့ကြမလည်းညှိကြတော့ မနီးမဝေးက ကျိုက္ကဆံဘုရားကိုရွေးကြပါတယ်။ မနက်ဖြန်မှာငါခေါ်ခဲ့မယ်တဲ့။

ကျနော်အိမ်ကအထွက်မှာ ရဲဝတ်စုံနဲ့အလုပ်ကပြန်လာတဲ့ ရွယ်တူဒေါ်လေးရဲ့ယောကျ်ားကို တွေ့လိုက်ရပါတယ်။ စိတ်ထဲမှာတော့ထင့်ကနဲပါပဲ။
နောက်တနေ့ ချိန်းတဲ့အချိန်အတိုင်း ဘုရားထဲကိုကျနော်ရောက်သွားပါတယ်။ ဘုရားရင်ပြင်မှာ လူရှင်းနေပါတယ်။ ဇရပ်တခုမှာ အဖေ ထိုင်နေတာကို ခပ်လှမ်းလှမ်းကမြင်ရပါတယ်။ ကျနော်က သူ့ဆီတန်းမသွားရဲသေးပဲ သူ့ကိုမမြင်ချင်ယောင်ဆောင်ပြီးဘုရားကိုတပတ်-ပတ်ပါတယ်။ သူ့နောက်မှာထောက်လှမ်းရေးက လိုက်နေတတ်တာကိုး။ ဘုရားကိုတပတ်ပတ်တဲ့အချိန်မှာ ဘုရားအောက်ကချိုင့်ထဲမှာ ရဲယူနီဖေါင်းတွေနဲ့ ရဲသင်တန်းတခုတက်နေတာကိုတွေ့ရပါတယ်

မီးခိုးတလူလူဆူဆူညံညံနဲ့ ထမင်းစားနေကြပါတယ်။ လူရှင်းမှန်းသေချာမှ အဖေထိုင်နေတဲ့ဇရပ်ထဲ ကျနော်ဝင်ထိုင်ပါတယ်။ အဖေကကျနော့်ကို ပြုံးကြည့်ရင်း မင်းကငါ့ကိုခေါ်တွေ့ရတယ်လို့ကွာတဲ့။ ဗိုလ်သင်တန်းဆင်းခဲ့တဲ့၊ တောခိုခဲ့တဲ့နိုင်ငံရေးသမားဝါရင့်ကြီးက ကျနော့်လိုကွန်မြူ နစ်ပေါက်စတယောက်က ခေါ်တွေ့တာကိုမခံချင်တဲ့လေသံနဲ့ပေါ့။ ဟာ-အဖေကလည်း ကျနော်အိမ်ဝင်ရင်အဖမ်းခံရမှာပေါ့ဗျလို့ပြောတော့မှ အေးဒါလည်းဟုတ်တာပဲကွတဲ့။

အဖေနဲ့ကျနော်စကားတွေဖေါင်ဖွဲ့လို့ပေါ့။ မကြာပါဘူးမျက်မှန်ကြီးတဝင့်ဝင့်နဲ့ အဖွားလေးပေါက်ချလာပါတယ်။ သူကလည်းခေသူမဟုတ် ဘုရားကိုပတ်ရင်း ဘုရားကစိန်ဖူးကိုမော့ကြည့်နေရင်း ကျနော်တို့ကိုမကြည့်ပဲ အနားကဖြတ်သွားပြီး ဘုရားအောက်မှာ ရဲသင်တန်းရှိတယ် သတိထားဖို့ပြောရင်း ခပ်တည်တည်ပဲလစ်သွားပါတယ်။

မနေ့က ကျနော်တွေ့ခဲ့တဲ့ သူ့သားမက်က စိုးရိမ်လို့လာပြောခိုင်းတာပါတဲ့ဗျာ။ အဲဒီနေ့ကအဖေ့ကို ကျနော်နောက်ဆုံးတွေ့လိုက်ရတာပါပဲ။
အဖေ့ဆီက မင်းတို့စာပို့ချင်ရင် ဘယ်သူတွေဆီကိုပို့ဆိုတဲ့စာရင်း ကျနော်ရခဲ့ပါတယ်။ ကျနော်ပြန်လာပြီး ရဲဘော်ထွန်းကို အစီရင်ခံခဲ့ပါတယ်။ ၁၉၈၅ ပါတီကွန်ဂရက်မတိုင်ခင် ပါတီက CANON(NP-400)ရောင်စုံကော်ပီယာတလုံး ဝယ်ပါတယ်။ ကျနော် ညီနောင်ပါတီမှာ သွားရောက် သင်ယူလေ့လာပြီး ကွန်ဂရက်ကာလမှာ ရဲဘော်ကျော်မြနဲ့အတူ ကွန်ဂရက်နေ့စဉ်သတင်းလွှာကို ထုတ်ဝေပါတယ်။ အဲဒီမှာပါတဲ့ အဖြူအမဲ ဓာတ်ပုံတွေက ကျနော်ရိုက်ခဲ့တာပါ။ အခမ်းအနားကျင်းပနေတဲ့ရောင်စုံဓါတ်ပုံတွေလည်း ရိုက်ခဲ့ရတာပါ။ ကွန်ဂရက်ပြီးတော့ အကိုကြီး ကိုဖိုးသံချောင်းနဲ့အတူ ပြည်တွင်းကိုပို့တဲ့ပို့စကဒ်တွေကို ရိုက်နှိပ်ခဲ့ရပါတယ်။

နိုင်ငံရေးလုပ်ဖေါ်ကိုင်ဖက်ဟောင်းများသို့ကျောင်းသားများသို့အလုပ်သမားလယ်သမားများသို့၊ စာပေအနုပညာရှင်များသို့ဆိုပြီး ခွဲခြားရိုက်နှိပ် ပေးပို့ခဲ့တာပါ။ သက်ဆိုင်ရာအမျိုးအစားအလိုက် တိုက်ပွဲဝင်ရမယ့်အချက်အလက်တွေကို ပို့စကဒ်ထဲမှာ ထည့်သွင်းရေးသားထားပါတယ်။ ဒီလိုနဲ့ ရှစ်လေးလုံးအရေးတော်ပုံကြီးကာလတွေမှာ အဖေဟာ ၄၈၂၈ ကော်မတီနဲ့ ဆက်စပ်လှုပ်ရှားခဲ့ရာက တတိယအကြိမ်အဖမ်းခံရပြီး ထောင်ထဲမှာ ကျဆုံးသွားရတာပါ။ ထောင်အတူကျနေတဲ့အမေနဲ့ညီမလေးကို ထောက်လှမ်းရေးက ကြည့်ခွင့်ပေးပါတယ်။ အမေကမျက်ရည်မထွက်ပါဘူး။ အော်-ရဲ ဘော်တယောက် ကျဆုံးသွားပြန်ပြီလို့ပဲပြောခဲ့ပါသတဲ့။ ၁၉၉၀ ခုနှစ် အဖေဆုံးသွားတော့-ပါတီဗဟိုက ကျနော့်ကိုအဖေကျဆုံးခြင်း အတွက် ဝမ်းနည်းသဝဏ်လွှာတစေါင်ပေးခဲ့ပါတယ်။ လိပ်မူတပ်ထားတာက ရဲဘော်ခင်မောင် (ဗိုလ်စက်ရောင် မိသားစု)သို့ပါတဲ့။

ရဲဘော်ဖြူဘဝနဲ့ဖြတ်သန်းလာခဲ့တဲ့အဖေဟာ ကွယ်လွန်ချိန်မှာ တူတံစဉ်အလံနီအောက်မှာ ကျဆုံးခဲ့ရလို့သားအလေးနီပြုလိုက်ပါတယ်-အဖေ။
အောင်သွေး
ပြီးပါပြီ။

0 comments:

Post a Comment