ခေတ်သစ်မြန်မာ့သမိုင်း - ၅
ဒေါက်တာသန်းထွန်းရေးတဲ့ A MODERN HISTORY OF MYANMAR
1752 - 1948 ကို ဘာသာပြန်တာပါ။
1752 - 1948 ကို ဘာသာပြန်တာပါ။
#မြေဒူးမင်း(ဆင်ဖြူရှင်)
(၁၇၆၃ - ၁၇၇၆)
(၁၇၆၃ - ၁၇၇၆)
ဆင်ဖြူရှင် မြေဒူးမင်းက သူ့ခမည်းတော်နည်းတူ အင်အားကြီးပါတယ်။ ဒါပေမဲ့ အင်အားကို လွဲမှားတဲ့နည်းနဲ့ အသုံးချခဲ့တယ်။ တိုင်းပြည်က ငြိမ်းချမ်းတဲ့ အုပ်ချုပ်ရေးကို လိုအပ်နေတာပါ။ သူက ဒါနဲ့ဆန့်ကျင်ဘကပါ်ပဲ။ စစ်ပွဲတွေ တရစပ် ဆင်နွှဲတယ်။ ၁၇၆၄ ခုနှစ် ဒီဇင်ဘာလမှာ မဏိပူရကျူးကျော်စစ်ကို သူဦးဆောင်တယ်။ အကြောင်းကတော့ မြို့တော်သစ် အင်းဝမှာ လူဦးရေဖြည့်တင်းဖို့ မဏိပူရသုံ့ပန်းတွေ လိုချင်လို့ပါပဲ။
ရွှေဘို (သို့မဟုတ်) မုဆိုးဘိုက အလောင်းမင်းတရားရဲ့ မြို့တော်ပါ။ ဆင်ဖြူရှင် မြေဒူးမင်းက ၁၇၆၆ ခုနှစ်မှာ အင်းဝကို ရွှေ့ခဲ့တယ်။ အဲဒီ မြို့တော်ရွှေ့ပြောင်းမှုက အမြော်အမြင်ရှိတဲ့ လုပ်ရပ်ပါ။ အကြောင်းကတော့ အထက်မြန်မာပြည်ရဲ့ မြို့တော်တွေ အားလုံးထဲမှာ အင်းဝက အနေအထား အကောင်းဆုံးမို့ပါပဲ။ အင်းဝဟာ တိုင်းပြည်ရဲ့ ပင်မဆက်ကြောင်းဖြစ်တဲ့ ဧရာဝတီမြစ်ရဲ့ ကမ်းပါးမှာ ရှိနေတယ်။ မြန်မာပြည်အလယ်ပိုင်း အဓိက ဆန်စပါးထုတ်လုပ်တဲ့ဒေသ ကျောက်ဆည်စပါးကွင်းတွေဆီ ဝင်လို့ထွက်လို့လွယ်တဲ့ လမ်းတွေလည်းရှိတယ်။ တကယ်တော့ အင်းဝဟာ မြန်မာတပြည်လုံးအဖို့ အကောင်းဆုံး မြို့တော်နေရာ မဟုတ်သေးဘူး။ ဗက်စကိုဒီဂါးမားခေတ် ၁၄၉၈ ခုနှစ်မှာ ပေါ်တူဂီတွေက အရှေ့တိုင်းကို ပင်လယ်ရေကြောင်းဖွင့်တယ်။ မြစ်ဝကျွန်းပေါ်က မြန်မာနိုင်ငံရဲ့ ကုန်သွယ်ရေးနဲ့ နိုင်ငံခြား ဆက်သွယ်ရေးအတွက် အကောင်းဆုံးနေရာပဲ။ ရန်ကုန်ဖြစ်စေ သံလျင်ဖြစ်စေ မြို့တော်လုပ်ခဲ့ရင် ပိုကောင်းမှာပေါ့။ ကံဆိုးတာက ပင်လယ်နဲ့ နီးတဲ့နေရာမှာ မြို့တော်တည်ဖို့ စဉ်းစားမိတဲ့ ကုန်းဘောင်ဘုရင် မရှိခဲ့ဘူး။
မြန်မာတွေက မြစ်ဝကျွန်းပေါ်ကို လူမျိုးခြားနယ်မြေလို့ သဘောထားတယ်။ မွန်တွေကြားမှာနေဖို့ သူတို့အတွက် မလုံခြုံဘူးလို့ စဉ်းစားတယ်။ ဒါက ခိုင်လုံတဲ့ အကြောင်းပြချက်တော့ မဟုတ်ပါဘူး။ လူမျိုးတစ်မျိုးအနေနဲ့ မွန်တွေဟာ ငြိမ်းချမ်းရေးကို မြတ်နိုးသူတွေပါ။ သူတို့ထဲက အနည်းအကျဉ်းကသာ ဒုက္ခပေးနိုင်တာပါ။ မြစ်ဝကျွန်းပေါ်ကို မြို့တော်ရွှေ့လိုက်ရင် အားလုံးအဆင်ပြေမယ်။ အိမ်နီးချင်းတိုင်းပြည်တွေနဲ့ စစ်အဆက်မပြတ် တိုက်နေမယ့်အစား ကောင်းကောင်းမွန်မွန် အုပ်ချုပ်ပြီး လူတွေရဲ့ မျှော်လင့်ချက်တွေကို စုစည်းထားနိုင်ခဲ့မယ်ဆိုရင်တောင် တိုင်းပြည်ဟာ ခေတ်သစ်လမ်းကြောင်းပေါ်မှာ ဖွံဖြိုးတိုးတက်နိုင်ဦးမှာ မဟုတ်ပါဘူး။ နိုင်ငံအတွင်းမှာ မှီတင်းနေထိုင်သူတွေခမျာ ဒုက္ခရောက်နေကြဦးမှာပါ။ ဘုရင်ဟာ ဟိုရှေးတုန်းက သူတို့ဘိုးဘေးတွေ ပြုမူဆောင်ရွက်ခဲ့သလို ပုံစံတူလမ်းဟောင်းအတိုင်း ဆက်လုပ်တယ်။ သာသနိက အဆောက်အအုံသစ်တွေ ဆောက်လုပ်ဖို့၊ အဟောင်းတွေကို မွမ်းမံဖို့နဲ့ အခါအားလျော်စွာ စစ်ပွဲတွေ ဆင်နွှဲဖို့ဆိုတဲ့ စိတ်ကူးက သူတို့အဖို့ ၁၈ ရာစုနှောင်းပိုင်းရဲ့ တခုတည်းသောတာဝန် ဖြစ်နေပုံရတယ်။
မြေဒူးမင်းက သူ့ရဲ့ အယုဒ္ဓယစစ်ဆင်ရေးမှာ မွန်စစ်မှုထမ်းတွေ အများအပြား တိုးချဲ့ခဲ့တယ်။ အဲဒီ မွန်စစ်မှုထမ်းတွေက ၁၇၇၃ ခုနှစ်မှာ ပုန်ကန်ကြတာပါ။ သူတို့က မုတ္တမကိုသိမ်းပြီး ရန်ကုန်ကို ထိုးစစ်ဆင်တယ်။ ဒါပေမဲ့ သိပ်မကြာခင် ရှုံးသွားတယ်။ အဲဒီ သူပုန်တွေဟာ သူတို့ရဲ့ မိသားစုတွေ အရည်အတွက် ၃၀၀၀ လောက်နဲ့အတူ ထိုင်းနိုင်ငံကို ထွက်ပြေးတယ်။ ကျန်ရစ်တဲ့သူတွေခမျာ အပြင်းအထန် လက်စားချေခံရတယ်။ မီးလောင်တိုက် အသွင်းခံရတယ်။
ဘုရင်က ရန်ကုန်ကို မင်းခမ်းမင်းနားနဲ့ဆင်းလာပြီး မွန်တွေကို နည်းလမ်းနှစ်မျိုးနဲ့ ခန့်ညားစေတယ်။
(၁) ရွှေတိဂုံကို လက်ရှိအမြင့် ၃၂၇ ပေအထိ မြှင့်ခဲ့တယ်။ သူ့ရဲ့ ခန္ဓာကိုယ်အလေးချိန်နဲ့အညီ ဘုရားကို ရွှေချတယ်။ ၁၇၆၉ ခုနှစ် ငလျင်တုန်းက ပြုတ်ကျသွားတဲ့ ထီးတော်အဟောင်းနေရာမှာ ထီးတော်အသစ်တင်တယ်။
(၂) ၁၇၅၉ ခုနှစ်တုန်းက ဖမ်းဆီးအကျဉ်းချထားတဲ့ မွန်ဘုရင်ဟောင်းနဲ့ မိသားစုကို ကွပ်မျက်ပစ်လိုက်တယ်။ မြေဒူးမင်းက ၁၇၇၆ ခုနှစ် အသက် ၃၉ နှစ်အရွယ်မှာ နတ်ရွာစံတယ်။ ကလေး ၁၁ ယောက် ကျန်ခဲ့တယ်။ အလောင်းမင်းတရားရဲ့ဆန္ဒကို ဆန့်ကျင်ပြီး အသက် ၂၁ နှစ်အရွယ် သူ့ရဲ့သားတော် စဉ့်ကူးမင်းကို ထီးနန်းဆက်ခံစေတယ်။
ဆက်ပါမယ်။ အယုဒ္ဓယစစ်ဆင်ရေးတွေကို သူနဲ့သက်ဆိုင်တဲ့ အိမ်နီးချင်းနိုင်ငံများနဲ့ ဆက်ဆံရေးအခန်းမှာ အသေးစိတ်ရေးထားတာပါ။
0 comments:
Post a Comment