Wednesday, May 27, 2020

ခေတ်သစ်မြန်မာ့သမိုင်း - ၁၆ ဒေါက်တာသန်းထွန်းရေးတဲ့ A MODERN HISTORY OF MYANMAR 1752 - 1948 ကို ဘာသာပြန်တာပါ။

0 comments
ခေတ်သစ်မြန်မာ့သမိုင်း - ၁၆ဒေါက်တာသန်းထွန်းရေးတဲ့ A MODERN HISTORY OF MYANMAR 
1752 - 1948 ကို ဘာသာပြန်တာပါ။
အခန်း(၁)
#ကုန်းဘောင်ခေတ်နိုင်ငံရေး
အမျိုးသားရေးစုစည်းမှု
#သီပေါမင်း(၁၈၇၈ - ၁၈၈၅)နဲ့ မင်းဆက်ပျက်သုဉ်းခြင်း
သီပေါမင်းက လောကုတ္တရာ ပညာရေးဘက်မှာ ထူးချွန်တယ်။ သူက အနောက်တိုင်းနဲ့ ပတ်သက်တဲ့ ဗဟုသုတလည်း ရှိပါတယ်။ ငယ်စဉ်က ဒေါက်တာမတ်ရဲ့ကျောင်းကို အင်္ဂလိပ်စာသင်ဖို့ အပို့ခံရတယ်။ ဒါပေမဲ့ တိုင်းပြည်ကို ခေတ်သစ်လမ်းကြောင်းပေါ်မှာ ပြုပြင်ပြောင်းလဲရေး လုပ်ဖို့လိုတယ်ဆိုတဲ့ အသိက မပြည့်စုံခဲ့ဘူး။ တဖက်ကလည်း စိတ်ကောင်းက သိပ်ရှိတာပါ။ ဒီတော့ သူ့ကိုယ်စား တာဝန်မဲ့သူတွေကို အုပ်စိုးစေတယ်။
ဗြိတိသျှဆန့်ကျင်ရေး စိတ်တွေလည်း ပေါက်ဖွားလာတယ်။ လူသတ်ပွဲအပြီးမှာ ဗြိတိသျှသံကိုယ်စားလှယ်ရုံး ရုပ်သိမ်းသွားတယ်။ အင်္ဂလိပ်ရဲ့ သွေးထိုးမှုကြောင့် သီပေါမင်းဟာ ပြင်ပကမ္ဘာမှာ မင်းဆိုးမင်းညစ် ဖြစ်နေတယ်။ တကယ်တော့ သီပေါမင်းဟာ အမည်ခံဘုရင်ပါပဲ။ သူက အုပ်ချုပ်ရေးကို အနည်းအကျည်းလောက်ပဲ စိတ်ဝင်စားသူပါ။ ဒီမင်းဆက်ရဲ့ အားကိုးလောက်သူတွေက ကွယ်လွန်တိမ်းပါး ကုန်ကြပါပြီ။ အကြမ်းဖက် လုပ်ကြံမှုနဲ့ ပုန်ကန်မှုတွေကတော့ တင်းကျမ်းပါပဲ။ ရှမ်းပြည်နဲ့ အင်္ဂလိပ်နယ်စပ်တလျှောက်မှာလည်း သူပုန်ထနေတယ်။ နေပြည်တော်နဲ့ အင်မတန်နီးကပ်တဲ့ စစ်ကိုင်းလို မြို့မျိုးမှာတောင် အကြမ်းဖက် လုယက်မှုတွေ ဖြစ်နေပြီ။ ရှမ်းပြည်နဲ့ ကချင်ဘက်မှာ အိမ်နီးချင်းတွေနဲ့ တိုက်ခိုက်နေရတဲ့ ပြည်တွင်းစစ်တွေ ဖြစ်နေပါပြီ။ သီပေါမင်းအုပ်စိုးတဲ့ ပထမနှစ်ထဲမှာပဲ အောက်မြန်မာပြည်ကို လူဦးရေ ၂၀၀.၀၀၀ ရွှေ့ပြောင်းသွားပါတယ်။
မင်းတုန်းမင်း လုပ်ခဲ့တဲ့ ပြုပြင်ပြောင်းလဲရေးတွေက လက်လျှော့လိုက်ရတာချည့်ပါပဲ။ အတော်လည်း ကသောင်းကနင်းနိုင်ပါတယ်။ဒီအခြေအနေမှာ အခွန်တော်ကလည်း ကျဆင်းနေတယ်။ အစိုးရက ဒေဝါလီ ခံရလုနီးပါး ဖြစ်နေပြီ။ ကုန်သွယ်ရေးမှာ နည်းမျိုးစုံ အလျှော့ပေးမှုတွေနဲ့ မြန်မာ့ သဘာဝရင်းမြစ်တွေကို သွေးစုပ်ဖို့ ပြင်သစ်ကို ခွင့်ပြုလိုက်တယ်။ ဒါက အင်္ဂလိပ်ရဲ့ ခြိမ်းခြောက်မှုကို ဟန့်တားချင်လို့ပဲ။ တဖက်မှာတော့ ပြင်သစ်ကို စိတ်ကြိုက်လိုက်လျောနေရင်း နောက်ဆုံးကျတော့ မြန်မာပြည်ဟာ ပြင်သစ်ရဲ့အစောင့်ရှောက်ခံ နိုင်ငံဖြစ်လာမှာကို အင်္ဂလိပ်က စိတ်ပူနေပြီ။ ဒါနဲ့ပဲ နောက်ဆုံးမှာ ခပ်မြန်မြန် ကျူးကျော်မှ ဖြစ်တော့မယ်လို့ အင်္ဂလိပ်က စဉ်းစားလိုက်တယ်။ ကနဦးမှာတော့ အင်္ဂလိပ်ရဲ့ မူဝါဒက သီပေါမင်းကို လက်အောက်ခံအဖြစ် ပြန်ထားဖို့ပါပဲ။ ဒါပေမဲ့ အဲဒီလို မဖြစ်နိုင်တာကို သိပြီး အလောင်းမင်းတရားဆက်ကို လက်စသတ်လိုက်ဖို့ ဆုံးဖြတ်လိုက်တာပါ။ ဒါ့အပြင် ကယားပြည်နယ် အနောက်ပိုင်း၊ အောင်လံမြို့နဲ့ မဏိပူရနယ်မြေတွေမှာ အငြင်းပွားမှုတွေ ရှိနေတုန်းပါပဲ။ ဒါပေမဲ့ မြန်မာနိုင်ငံကို အင်္ဂလိပ်က စစ်ကြေညာရတဲ့ အကြောင်းရင်းမှန်က ပြင်သစ်ခြေရှုပ်နေတာကို ရပ်တန့်ပစ်ဖို့ပါ။ 
၁၈၈၅ ခုနှစ် အောက်တိုဘာလမှာ အကြောင်းပြန်ဖို့ အချိန် ၃ ပတ်ပဲ ပေးထားတဲ့ ရာဇသံကို အင်္ဂလိပ်က မြန်မာဘုရင်ဆီ ပို့လိုက်တယ်။ ရာဇသံက 'ဗြိတိသျှကိုယ်စားလှယ်ကို နေပြည်တော်မှာ ပြန်လက်ခံရမယ်။ ဘုံဘေဘားမား ကုန်သွယ်ရေး ကော်ပိုရေးရှင်းအမှုကို ပြင်ပေးရမယ်။ မြန်မာ့ နိုင်ငံခြား ဆက်ဆံရေးကို ဗြိတိသျှအောက် ထားရမယ်'လို့ ဆိုပါတယ်။ ကင်းဝန်မင်းကြီးက တောင်းဆိုချက်တွေ အားလုံးကို လိုက်လျောဖို့ ဘုရင်ကို ဖျောင်းဖျတယ်။ ဒါပေမဲ့ ဘုရင်ဟောင်းရဲ့ မိဖုရားခေါင်ကြီး ဆင်ဖြူမရှင်နဲ့ တိုင်တားမင်းကြီးတို့က တိုက်ခိုက်ဖို့ ဆုံးဖြတ်ထားပြီး သူတို့က အသာစီးရသွားတယ်။ ဒါ့ကြောင့် အင်္ဂလိပ်ကို စစ်ကြေညာလိုက်တယ်။ ဗိုလ်ချုပ်ပရင်ဒါဂတ်က အင်္ဂလိပ်စစ်တပ်တွေကို ကွပ်ကဲပြီး ၂ ပတ်အတွင်း နေပြည်တော်ကို ရောက်လာခဲ့တယ်။ ၁၈၈၅ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်မှာ ဘုရင်နဲ့ မိဖုရား ၂ ပါးကို ဖမ်းပြီး အိန္ဒိယတောင်ပိုင်းက ရတနာဂီရိကို ခေါ်သွားတယ်။
သီပေါမင်းကို ၁၈၅၉ ခုနှစ် ဇန်နဝါရီလ ၁ ရက်က ဖွားမြင်တယ်။ ၁၉၁၆ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက် အသက် ၅၇ နှစ်အရွယ် ရတနာဂီရိမှာ သုံ့ပန်းဘဝနဲ့ နတ်ရွာစံတယ်။ အထက်မြန်မာပြည်ကို ၁၈၈၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှာ ဗြိတိသျှအင်ပါယာထဲ သွတ်သွင်းခဲ့တယ်။ ဒါပေမဲ့ တိုင်းပြည်တည်ငြိမ်သွားအောင် ၁၀ စုနှစ် တစ်ခုနီးပါး ဆောင်ရွက်ကြရတာပါ။

0 comments:

Post a Comment