ခေတ်သစ်မြန်မာ့သမိုင်း - ၁၅ဒေါက်တာသန်းထွန်းရေးတဲ့ A MODERN HISTORY OF MYANMAR
1752 - 1948 ကို ဘာသာပြန်တာပါ။
မင်းတုန်းမင်းရဲ့ ပြုပြင်ပြောင်းလဲရေးတွေဟာ စာရွက်ပေါ်မှာတော့ ကောင်းပုံရပါတယ်။ ဒါပေမဲ့ လုပ်ငန်းအများစုဟာ အကောင်အထည် မပေါ်ပါဘူး။ အုပ်ချုပ်ရေးက စနစ်မကျသေးဘူး။ မြန်မာပြည်ရဲ့ မြေသြဇာ အကောင်းဆုံးဒေသတွေက အင်္ဂလိပ်ဆီ ရောက်ကုန်ပြီ။ သူတို့လက်ထဲမှာ ရောက်နေတဲ့ တိုင်းပြည်ရဲ့ အစိတ်အပိုင်းကိုတော့ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတွေချမှတ်ပြီး လုပ်ဆောင်နေပြီ။ အင်္ဂလိပ်လက်အောက်က အောက်မြန်မာပြည်ဟာ ခုန်ပျံကျော်လွှားပြီး တိုးတက်နေပြီ။ ၁၈၅၂ ခုနှစ်နဲ့ ၁၈၆၂ ခုနှစ် အတွင်းမှာ လူဦးရေ ၆၀၀၀ ကနေ တစ်သိန်းကို တိုးတက်လာတယ်။ အကြောင်းကတော့ စိုက်ပျိုးမြေ ရဖို့အတွက် အထက်မြန်မာပြည်ကလူတွေ သွားကြလို့ပါပဲ။ ၁၈၂၆ ခုနှစ်နဲ့ ၁၈၅၅ ခုနှစ် အတွင်းမှာ အထက်မြန်မာပြည်က လူ ၂၅၀,၀၀၀ ရခိုင်ကို ထွက်သွားတယ်။ ၁၈၆၉ ခုနှစ် စူးအက်တူးမြောင်း ဖွင့်အပြီးမှာ အောက်မြန်မာပြည်ကို လူတွေပိုပြီး မြန်မြန်ပြောင်းကုန်ကြတယ်။
ဥရောပတိုက်သားတွေကလည်း အာရှ အာဖရိကနဲ့ အမေရိကတို့မှာ အင်ပါယာတွေ ချဲ့ထွင်ဖို့ သူတို့အချင်းချင်း ပြိုင်နေကြတယ်။သူတို့ ထုတ်လုပ်တဲ့ ကုန်ပစ္စည်းတွေအတွက် ဈေးကွက်တွေ လိုချင်ကြတယ်။ သူတို့ရဲ့ စက်မှုလုပ်ငန်းတွေမှာ သုံးဖို့ ကုန်ကြမ်းတွေလည်း လိုချင်ပါတယ်။ မြန်မာပြည်ဟာ အဲသလိုနည်းနဲ့ စီးပွားရေးအရ သွေးစုပ်လို့ သိပ်ျကာင်းတဲ့နေရာတစ်ခု ဖြစ်ဖို့ သေချာနေပါတယ်။ မြန်မာပြည်ထွက်ကုန်တွေထဲမှာ ဆန်စပါး ကျွန်းသစ်နဲ့ ရေနံတို့ဟာ ဝယ်လိုအား ကောင်းပါတယ်။ စူးအက်တူးမြောင်း ဖွင့်လိုက်တာ တစ်ခုတည်းကြောင့် မဟုတ်ပေမဲ့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းစီးပွားရေးဟာ ကူးသန်းရောင်းဝယ်တဲ့ စီးပွားရေးဘက်ကို ပြောင်းသွားတယ်။ သဘောကတော့ ဟိုတုန်းက ဆန်စပါးကို ပြည်တွင်းစားသုံးဖို့သက်သက် စိုက်ပျိုးခဲ့တာဖြစ်ပြီး အခုတော့ ပြည်ပကိုလည်း တင်ပို့လာတယ်။ အသွင်ကူးပြောင်းရေးကာလမှာ အင်္ဂလိပ်လက်အောက်က မြန်မာနိုင်ငံရဲ့ အခြေအနေက အများကြီးပိုပြီး အခွင့်သာလာခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ ဘုရင်ဖြစ်မှုသဘောတရားဟာ ဥရောပရဲ့ ဘုရားသခင် အလိုကျ ဘုရင်ဖြစ်မှုသဘောတရားနဲ့ လုံးဝ ကွဲပြားပါတယ်။ မြန်မာပြည်မှာ ဘုရင်တစ်ပါးက အခြား ဘုရင်တစ်ပါးကို အောင်နိုင်ရင် တိုင်းပြည်ကို အုပ်စိုးဖို့ နန်းကျဘုရင်ရဲ့ သမီးတော်ကို စုံဖက်ထိမ်းမြားပြီး နောက်ထပ် အုပ်စိုးမှုအသစ်ကို ထူထောင်နိုင်တယ်။ သားအကြီးဆုံးပဲ မဖြစ်မနေ ထီးနန်းဆက်ခံရမယ်လို့ မဟုတ်ဘူး။ ဘုရင်ဟာ နန်းလျာသတ်မှတ်နိုင်တယ်။ ဒီလို လျာထားသတ်မှတ်ချက်ကိုတောင် ဘုရင်နတ်ရွာစံသွားရင် ပစ်ပယ်ထားလိုက်တာမျိုးရှိတယ်။ အလောင်းမင်းတရားဟာ သူ့ရဲ့သားတော်အားလုံးကို ကြီးစဉ်ငယ်လိုက် ထီးနန်းဆက်ခံဖို့ အမိန့်တော် ထားရစ်ခဲ့ပေမဲ့ မြေဒူးမင်းက အမိန့်တော်ကိုလွန်ဆန်ပြီး သူ့ရဲ့သားတော် စဉ့်ကူးမင်းကို ဘုရင်လုပ်စေတယ်။ စဉ့်ကူးမင်းရဲ့နောက်မှာ အလောင်းမင်းတရားရဲ့ တတိယမြောက်သားတော် ဗဒုံမင်း ဘုရင်ဖြစ်လာတယ်။ ဒါပေမဲ့ ဗဒုံမင်းကလည်း သူ့အောက်က ညီတော်ကို ထီးနန်းမပေးခဲ့ဘူး။ သာယာဝတီမင်းကလည်း သားတော်ပုဂံမင်းကို ထီးနန်းဆက်ခံစေတယ်။ ဒါပေမဲ့ ပုဂံမင်းကို ညီတော်မင်းတုန်းမင်းက ထီးနန်းချပြီး နန်းမွေခံတယ်။ အမှန်ကတော့ မင်းတုန်းမင်းဟာ နန်းသိမ်းသူပဲ။ မင်းတုန်းမင်းက ညီတော်မင်းတပ်မင်းကို အိမ်ရှေ့ဥပရာဇာအဖြစ် အိမ်ရှေ့စံမင်းသားခန့်တယ်။ မြင်ကွန်းမင်းက အဲဒီရာထူး လိုချင်တယ်။ မြင်ကွန်းမင်းသားနဲ့ မြင်းခုန်တိုင်မင်းသားတို့က ခမည်းတော်နဲ့ ဦးရီးတော်ကို လုပ်ကြံဖို့ ရည်ရွယ်ပြီး သူပုန်ထတယ်။ ကံကောင်းလို့ မင်းတုန်းမင်းက လွတ်သွားပေမဲ့ မင်းတပ်မင်းကတော့ ၁၈၆၆ ခုနှစ် သြဂုတ်လ ၂ ရက်မှာ လုပ်ကြံခံရပါတယ်။ ပုန်ကန်မှု ချက်ချင်းပြိုကွဲပြီး သူပုန်မင်းသား ၂ ပါးက အောက်မြန်မာပြည်ထဲ ထွက်ပြေးခိုလှုံတယ်။ အင်္ဂလိပ်က သူတို့ကို ကာလကတ္တားပို့လိုက်တယ်။ အဲဒီကနေမှ ပြင်သစ်အင်ဒိုချိုင်းနားကို ထွက်ပြေးတာပါ။
အိမ်ရှေ့မင်း နတ်ရွာစံတော့ သူ့သားတော် ပန်းတိမ်းမင်းသားက ပုန်ကန်တယ်။ သူပုန်ခေါင်းဆောင် ပန်းတိမ်းမင်းသားကိုဖမ်းပြီး ၁၈၆၇ ခုနှစ် မေလ ၁၅ ရက်နေ့မှာ ကွပ်မျက်တယ်။ အဲဒီ ၁၈၆၇ ခုနှစ်ထဲမှာပဲ ကသာမင်းသားကလည်း ပုန်ကန်တယ်။ မင်းသားနဲ့နောက်လိုက်တွေကို ခွင့်လွှတ်ဖို့ ဒေါက်တာမတ်က မင်းတုန်းမင်းဆီကြားဝင်ပေးတဲ့အတွက် ဒီပုန်ကန်မှုလည်း ပြိုကွဲသွားတယ်။ ဒီပုန်ကန်မှုတွေအားလုံးက မင်းဆက်အလျင်အမြန် ပြိုကွဲနေပြီဆိုတာ အခိုင်အမာ ထောက်ပြနေပါပြီ။ နောက်ထပ် အိမ်ရှေ့မင်းသား ထပ်ခန့်ဖို့ မသင့်တော့ဘူးလို့ မင်းတုန်းမင်းက ယူဆပါတယ်။ ၁၈၇၈ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှာ မင်းတုန်းမင်း နတ်ရွာစံတယ်။ သူအသည်းအသန် နာမကျန်းဖြစ်နေချိန်မှာ ဆင်ဖြူမရှင် မိဖုရားကြီးအုပ်စုက သီပေါမင်းထက်ပိုပြီး ထီးနန်းအပ်ဖို့ကောင်းတဲ့ သုံးဆယ် မက္ခရာ ညောင်ရမ်းမင်းသားတွေကိုကျော်ပြီး သီပေါမင်းကို ထီးနန်းဆက်ခံသူအဖြစ် ရွေးခဲ့တယ်။ မင်းတုန်းမင်းမှာ သားတော် ၄၈ ပါးရှိတယ်။ သူတို့အားလုံးဟာ ထီးနန်းဆက်ခံခွင့် ရှိသူချည့်ပါပဲ။ သူတို့အပြင် ရှေးဘုရင်တွေရဲ့ တူတော် မြေးတော်ကိုယ်စီဟာ အခြေအနေ အခွင့်သာရင် ဘုရင်ဖြစ်ဖို့ ကြိုးပမ်းခွင့် ရှိနေပါတယ်။ သီပေါမင်းမှာ ရွေးချယ်စရာ မရှိတော့ဘူး။ မင်းဆွေမင်းမျိုးတွေ အစုလိုက် အပြုံလိုက် လူသတ်ပွဲကြီး ဖြစ်ခဲ့ရတယ်။ မင်းသား မင်းသမီး ၇၀ တောင် အသတ်ခံရတာပါ။ ဒီသွေးချောင်းစီး လူသတ်ပွဲကြီးက မြန်မာ့လူ့အဖွဲ့အစည်းမှာ မမေ့လောက်စရာ ဖြစ်ခဲ့တယ်။ ဒါကို မထိန်းချုပ်နိုင်ခဲ့တဲ့ သီပေါမင်းမှာ ပုဂ္ဂိုလ်ရေးအရ တာဝန်ရှိတယ်။ ဒါက ထီးနန်းဆက်ခံမှု ဥပဒေရဲ့ အားနည်းချက်ပဲ။ ဘုရင် နန်းစံနေတဲ့ ကာလမှာပဲဖြစ်ဖြစ် နန်းတက်စမှာပဲဖြစ်ဖြစ် အစိုးရ မတည်မငြိမ်ဖြစ်ရင် မလိုလားအပ်တာတွေကို ဖယ်ရှားပစ်တာကတော့ အမြဲတမ်းဖြစ်နေကျပါပဲ။
0 comments:
Post a Comment