Friday, May 22, 2020

တခဏလေးပင် စိတ်မအေးရတဲ့ “ထာဝရငြိမ်းချမ်းရေး” (ဦးဦးကျော်)

0 comments
တခဏလေးပင် စိတ်မအေးရတဲ့ “ထာဝရငြိမ်းချမ်းရေး”ဦးဦးကျော်
အရေးတော်ပုံဂျာနယ် ဆောင်းပါး

၂ဝ၂ဝ ၊ မေလ ၉ ရက်နေ့စွဲနဲ့ ကာချုပ်ရုံးကအချက် ၈ ချက်ပါတဲ့ ထုတ်ပြန်ချက်တခု ထုတ်ပြန်လိုက်တယ်။ အပစ်အခတ်ရပ်စဲရေးနဲ့ ထာဝရငြိမ်းချမ်းရေးအတွက်ထုတ်ပြန်တာဖြစ်တယ်လို့ဆိုတယ်။ ကမ္ဘာ့ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့တောင်းဆိုချက်ကို အကောင်အထည်ဖော်တဲ့သဘော လို့လည်း အသားယူထားတယ်။
ဒီထုတ်ပြန်ချက်ကိုကြည့်ရင် ဗမာပြည်မှာအာဏာရတဲ့ ဒီချုပ်အစိုးရနဲ့ အာဏာပိုင်စစ်အုပ်စုတို့ လက်ပုတ်ရိုက် အုပ်ချုပ်နေတာကိုဖော်ပြနေတယ်။ ဒီချုပ်အစိုးရကတရားဝင်အစိုးရဖြစ်သလို စစ်အုပ်စုကလည်း တဗိုလ်တမင်းပဲဆိုတာကို ပိုပြီးထင်ရှားစေပါတယ်။
စစ်အုပ်စုကပြည်တွင်းစစ်ကိုနိုင်ငံရေးအရဆွေးနွေးဖြေရှင်းရေးဆိုတာ ဘယ်တော့မှလုပ်မယ်မဟုတ်ဘူး။ တပြည်လုံးအတိုင်းအတာနဲ့အပစ်အခတ်ရပ်စဲပြီး အားလုံးပါဝင်တဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲမျိုးကို စစ်အုပ်စုက လုံးဝလုပ်မှာမဟုတ်ဘူးဆိုတဲ့အဓိပ္ပာယ်လည်း ဖြစ်ပါတယ်။
ကာချုပ်ရုံးထုတ်ပြန်ချက်အရဆိုရင် မတရားသင်းအဖြစ်ကြေညာကာ အကြမ်းဖက်အဖွဲ့အစည်းလို့သတ်မှတ်ခံရတဲ့အဖွဲ့အစည်းတွေ လှုပ်ရှားတဲ့နယ်မြေတွေကိုတပ်မတော်က ဂွင်(ခွင်)ခတ်ပြီး ဖြတ်လေးဖြတ် စနစ်နဲ့စစ်ဆင်နေတယ်။ ဒီလိုစစ်ဆင်နေတာကိုအပစ်ရပ်ထားတဲ့အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီအဖွဲ့အစည်းတွေ၊ နိုင်ငံရေးအင်အားစုတွေ၊ လွှတ်တော်အမတ်တွေ၊ သတင်းသမားတွေက ဘာမှဝင်မပြောကြနဲ့၊ ဝင်ပြောရင် အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနဲ့ဆွဲစိခံရမယ်၊ ရှောင်ကြ၊ရှားကြဆိုပြီးကြေညာတာလည်း ဖြစ်တယ်။
တော်လှန်ရေးကောင်စီနဲ့ မဆလစစ်အစိုးရလက်ထက်တုန်းကဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသမှာ ဖြတ်လေးဖြတ်စနစ်နဲ့ စစ်ဆင်စဉ်က ခရိုင်အလိုက်မြို့နယ်အလိုက် ဂွင်ခတ်ပြီး ဂွင်ထဲပိတ်မိတဲ့အင်အားစုကို အပြတ်ရှင်းတဲ့နည်းကျင့်သုံးခဲ့တယ်။ ပဲခူးရိုးမကိုစစ်ဆင်တော့ အနောက်ဘက်မှာရန်ကုန်-ပြည်ကားလမ်း၊ ရထားလမ်း၊ အရှေ့ဘက်မှာရန်ကုန်-မန္တလေးကားလမ်း၊ရထားလမ်း၊ မြောက်ဘက်မှာတောင်ငူ-ပြည် ကားလမ်း စတဲ့ ဂွင်ခတ်လိုက်တယ်။ အဲဒီဂွင်ထဲရှိတဲ့ တောင်ပေါ်ကရွာတွေကိုစစ်တောင်းချိုင့်ဝှမ်းကားလမ်း၊ ရထားလမ်း အနီးကိုအဓမ္မပြောင်းရွှေ့စေတယ်။တောင်ပေါ်မှာခိုကပ်ပြီးကျန်နေတဲ့ရွာပုန်းတွေကိုတွေ့ရာသင်္ချိုင်းအပြတ်ရှင်းတယ်။
ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသနဲ့ပဲခူးရိုးမတို့ရဲ့မြေအနေအထားဟာဂွင်ပိတ်ခံရနိုင်တဲ့ အနေအထားဖြစ်ပါတယ်။ ထိုစဉ်က စစ်ဂွင်ထဲကထွက်ရင် စစ်ပြေးအတွေးအခေါ်ဖြစ်တယ်ဆိုတဲ့ စစ်ရေးလမ်းစဉ် အမှားကြောင့်လည်း တပ်ဖွဲ့အတွက် လုံးဝတပန်းရှုံးစေတဲ့အခြေအနေဖြစ်ပါတယ်။ ဒါကြောင့် ဂွင်ပိတ်မိတဲ့ တပ်ဖွဲ့တွေဟာအချေမှုန်းခံရပါတယ်။
ဗမာပြည်မြောက်ပိုင်း ကချင်တောင်တန်းဒေသ၊ရှမ်းကုန်းပြင်မြင့်ဒေသ၊ ကယား၊ ကရင်နဲ့ တနင်္သာရီ ဒေသ၊ချင်းတောင်တန်းဒေသ၊ ရခိုင်ရိုးမနဲ့ ကမ်းမြောင်ဒေသတွေရဲ့ပထဝီအနေအထားနဲ့ နိုင်ငံတကာ နယ်နိမိတ်အနေအထားတွေကြောင့် လေးဘက်၊လေးတန် ဝိုင်းပတ်ပိတ်ဆို့ဖို့ခက်ခဲပါတယ်။ ဒါပေမဲ့ စစ်အစိုးရအဆက်ဆက်ဟာ အဲဒီဒေသတွေမှာလည်း ဖြတ်လေးဖြတ်စနစ်နဲ့ စစ်ဆင်တာပဲ။ ဒါကြောင့် စုစည်းရွာတွေ၊ ရွာပုန်းရွာရှောင်တွေ၊ ရွာပျက်တွေ အများအပြားပေါ်ပေါက်လာတယ်။ ရပ်သူရွာသားအမြောက်အမြား မတရားဖမ်းဆီးသတ်ဖြတ်ခံရတယ်။ နှိပ်စက်ညှဉ်းပန်းခံရတယ်။ မတရားခိုင်းစေခံရတယ်။ တဖက်နိုင်ငံတွေကိုပြေးဝင်ခိုလှုံကြရာကဒုက္ခသည် စခန်းတွေပေါ်ပေါက်လာတယ်။ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေအားလုံးအနေနဲ့လည်း ဝိုင်းပတ်ချေမှုန်းတာ မခံရအောင် ကာကွယ်နိုင်ခဲ့ကြတယ်။
နဝတစစ်အစိုးရလက်ထက်မှာတော့ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးနဲ့ ဒေသဖွံ့ဖြိုးရေးလုပ်တယ်။ ဒီလိုနည်းနဲ့ အပစ်အခတ်ရပ်တဲ့ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့အချို့ကို ခြေချုပ်ချထားလိုက်တယ်။ ခြေချုပ်ချထားခံရတဲ့အဖွဲ့အစည်းတွေကိုတော်လှန်ရေးဆိုတဲ့အသုံးအနှုန်း၊ အခေါ်အဝေါ်တွေခေါ်ဝေါ်သုံးနှုန်းခွင့်မရှိတော့ပါ။
အပစ်အခတ်မရပ်တဲ့အဖွဲ့တွေကို တဖွဲ့ချင်းစီခွဲခြားပြီး ဦးတည်စစ်ဆင်တာလုပ်ပါတယ်။ အတိုင်းအတာကြီးတဲ့ ထိုးစစ်တွေ လုပ်ပါတယ်။ ဘယ်အဖွဲ့အစည်းကိုမှ အပြတ်မချေမှုန်းနိုင်ပါ။
၂ဝဝ၈ အခြေခံဥပဒေပေါ်ပေါက်ပြီး စစ်အစိုးရတဖြစ်လဲ ကြံ့ဖွံ့အစိုးရပေါ်လာတယ်။ အပစ်ရပ်ပြီးငြိမ်းချမ်းရေးဆွေးနွေးပွဲလုပ်ကာ NCA စာချုပ်ချုပ်တယ်။ အဲဒီမှာ NCA လမ်းကြောင်းပေါ်လာတယ်။ အပစ်အခတ်ရပ်ထားတဲ့လက်နက်ကိုင်တပ်တွေကိုနယ်ခြားစောင့်တပ်နဲ့ ပြည်သူ့စစ်အဖြစ်ပြောင်းလဲဖွဲ့စည်းတယ်။ ဒီနည်းနဲ့ကာချုပ်ရဲ့ကွပ်ကဲမှုအောက်ကိုသွတ်သွင်းလိုက်တယ်။ ဒီလိုပြောင်းလဲဖွဲ့စည်းတာကိုလက်မခံတဲ့တပ်ဖွဲ့တွေနဲ့ လက်နက်ကိုင်ပဋိပက္ခတွေပြန်ဖြစ်တယ်။ ဒီတခါမှာ အကြောင်းအမျိုးမျိုးနဲ့ ကျဲကွဲသွားတဲ့လူတွေ ပြန်လည်စုစည်းကြပြီး လက်နက်ကိုင်တပ်ဖွဲ့တွေပြန်ထောင်ကြတယ်။ အထင်ရှားဆုံးကတော့ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ TNLA တအာင်းပလောင်အဖွဲ့၊ ကိုးကန့်အဖွဲ့နဲ့ AA ရခိုင်တပ်မတော်ပဲ။ 

ဒီအဖွဲ့တွေကိုငြိမ်းချမ်းရေးဆွေးနွေးပွဲတက်ခွင့်မပေးတာကစပြီး ပြဿနာကရှုပ်သည်ထက် ရှုပ်လာတယ်။ အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးကာချုပ်ရဲ့မူ ၆ ချက် ဟာ ၂၀၀၈အောက် မှာ လက်နက်ကိုင်အဖွဲ့အစည်တွေရဲ့ တပ်ကိုဖျက်သိမ်းရေးဖြစ်တယ်။ တနည်းအားဖြင့် လက်နက်အပ်ရေးဖြစ်တယ်။ ဒါကြောင့် NCA မှာလည်းလက်မှတ်ထိုးပြီးမတရားအသင်းကြေညာထားတာကိုရုပ်သိမ်းထားတဲ့ KNU နဲ့လည်း ပြဿနာတက်မြဲတက်နေတာပဲ။ ထာဝရငြိမ်းချမ်းရေးမပြောနဲ့ တခဏလေးတောင်စိတ်မအေးရတဲ့ “အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေး”ဖြစ်နေပါတယ်။
မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၃ ဖွဲ့ထဲက AA ကို ဒီချုပ်( စစ်အုပ်စု ရင်ကြားစေ့အစိုးရ)က မတရားသင်းနဲ့ အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားပါတယ်။ AA၊ တအာင်းနဲ့ကိုးကန့်ကိုတော့ ကချင်ပြည်နယ်လွှတ်တော်က အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားပါတယ် ဒီအဖွဲ့အစည်းတွေကို အပြုတ် ချေမှုန်းသုတ်သင်ရေး လုပ်မယ်ဆိုတာပါပဲ။ ဒီအဖွဲ့အစည်းတွေကလည်း ခုခံရေးစစ်တိုက်ဖို့ပဲရှိတယ်။ 
ရခိုင်ဒေသနဲ့ ရခိုင်လူမျိုးစုံပြည်သူလူထုဟာ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ မစိမ်းကြပါ။ ဖက်ဆစ်ဂျပန် တော်လှန်ရေးကစပြီး ရခိုင်ဒေသမှာ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေပေါ်ပေါက်လာတယ်။ ပြည်တွင်းစစ်တလျှောက် ရခိုင်ဒေသမှာ လက်နက်ချတဲ့အဖွဲ့တွေရှိသလို လက်နက်က်ိုင်တော်လှန်ရေးဆက်လုပ်တဲ့ အဖွဲ့အစည်းတွေလည်းပြန်ပေါ်လာပြန်တာပဲ။ ဒီဖြစ်စဉ်ဟာ ရခိုင်ဒေသမှာ တလျှောက်လုံးရှိခဲ့တာ ကနေ့အထိပဲ။ ၇ဝ ခုနှစ်တွေတုန်းက ခိုင်မိုးလင်းအဖွဲ့ဟာ အနယ်နယ်အရပ်ရပ်ရောက်နေတဲ့ ရခိုင်လူငယ်တွေကိုစုစည်းပြီး လက်နက်ကိုင်တပ်ဖွဲ့တခုကိုထူထောင်တယ်။ KNU နယ်မြေမှ ကရင်နီနယ်မြေ၊ ရှမ်းပြည်တော်လှန်ရေးနယ်မြေများ၊ KIA နယ်မြေတို့ကို ချီတက်ဖြတ်သန်းပြီးနောက် ချင်းတောင်တန်းဒေသကိုဖြတ်သန်းစဉ်မှာ မဆလစစ်အစိုးရတပ်မတော်ရဲ့ ဝိုင်းပတ်ချေမှုန်းတာခံလိုက်ရတယ်။ လူအင်အား ၇ဝ ကျော်ပါဝင်တဲ့ ခိုင်မိုးလင်း ခေါင်းဆောင်တဲ့အဖွဲ့ဟာ ရခိုင်လူထုနဲ့ချိတ်ဆက်ခါနီးလေးမှာ တပ်လုံးပြုတ်သွားပါတယ်။
ကနေ့ AA ရခိုင်တပ်ဖွဲ့ဟာ KIA နယ်မြေမှာ ဖွဲ့စည်းခဲ့ပြီး သူ့မဟာမိတ်တွေနဲ့ နယ်မြေချင်း ထိစပ်မှုမရှိပေမယ့် ရခိုင်လူထုထဲမှာ ရပ်တည်လှုပ်ရှားနေနိုင်ပြီဖြစ်တယ်။ ဒီချုပ်အစိုးရနဲ့ တပ်မတော်က အကြမ်းဖက်အဖွဲ့အစည်းလို့ ဘယ်လိုပဲသတ်မှတ်သတ်မှတ် AA ရခိုင် တပ်မတော်ကတော့ ရခိုင်သူ၊ ရခိုင်သားလူထုကြားမှာ တစုံတရာ အမြစ်တွယ်နေတဲ့ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တခုဖြစ်နေပါပြီ။
ဒါကြောင့် တပ်မတော်က ဖြတ်လေးဖြတ် စနစ်နဲ့ စစ်ဆင်တာပဲ။ စစ်ဆင်ရေးပြင်ပဒေသတွေမှာတောင် လူထု အသက်အိုးအိမ်တွေကိုဂရုမစိုက်တဲ့ စစ်တပ်အာဏာပိုင်တွေဟာ ရခိုင်သူ၊ရခိုင်သားတွေ AA ကိုမထောက်ခံရဲအောင် ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ပြတယ်။ ရွာသားတွေကို စွန့်ခွာသွားအောင် နည်းမျိုးစုံ လုပ်နေတယ်။ AA မရပ်တည်နိုင်အောင် လူထုကို အလုပ်ပျက်အကိုင်ပျက်ဖြစ်စေပြီး ဆင်းရဲငတ်ပြတ်စေအောင် တပ်မတော်က အပြင်းအထန်လုပ်နေတယ်။
ဒီအဖွဲ့အစည်းတွေကို တပ်မတော်က ဦးတည်ချက်ထားကာ ဒေသလိုက်ဂွင်ခတ်ပြီးဝိုင်းပတ်ချေမှုန်းတဲ့နည်းနဲ့ ငြိမ်းချမ်းရေးတည်ဆောက်လို့မရနိုင်ဘူးဆိုတာကို ဗမာပြည်လူမျိုးပေါင်းစုံပြည်သူတရပ်လုံး၊ဥပဒေတွင်းဥပဒေပ နိုင်ငံရေးအင်အားစုအားလုံးက သိမြင်နားလည်ကြတယ်။
ဒါကြောင့် တပြည်လုံးအတိုင်းအတာနဲ့ ခြွင်းချက်မရှိအပစ်အခတ်ရပ်စဲပြီး နိုင်ငံရေးအရ တန်းတူရည်တူသဘောထားပြီး တွေ့ဆုံဆွေးနွေးကြဖို့တောင်းဆိုနေကြတယ်။ ဒီနည်းနဲ့သာ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးကိုတည်ဆောက်နိုင်မှာဖြစ်ပါတယ်။
NCA လမ်းကြောင်းတို့၊ ၂၁ ရာစုပင်လုံညီလာခံတို့၊ ကာချုပ်မူ ၆ ချက်တို့လို အကန့်အသတ်ပေါင်းမြောက်မြားစွာရှိတဲ့ တွေ့ဆုံဆွေးနွေးမှုတွေ တဖက်ကလုပ်နေပြီး တဖက်က ဂွင်ခတ် အပြတ်ချေမှုန်းစစ်ဆင်ရေးတွေလုပ်နေသမျှတော့ ထာဝရငြိမ်းချမ်းရေးရဖို့ နေနေသာသာ တခဏလေးစိတ်အေးရတဲ့အခြေအနေတောင်ဖော်ဆောင်နိုင်မှာမဟုတ်ပါ။
တကယ်တော့ လူထုက စစ်အုပ်စုကို ပိုမိုဦးတည်ဆန့်ကျင်လာတဲ့အခြေအနေမှာ စစ်အုပ်စုရဲ့ တပ်မတော်က လုံးပန်းနေတာဟာ စစ်အာဏာရှင်စနစ်တည်မြဲရေးအတွက် စစ်လည်းမဖြစ်၊ ငြိမ်းချမ်းရေးလည်းမရှိတဲ့အခြေအနေမျိုးကို ဖန်တီးရေးပဲဖြစ်ပါတယ်။ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေးကို ငြင်းပယ်ပြီး တဖွဲ့ချင်းဖဲ့ကာ အပြုတ်တိုက်ရေး၊ ပြည်တွင်းစစ်တိုးချဲ့ရေး သာဖြစ်ပါတယ်။ ထာဝရ ငြိမ်းချမ်းရေးမဟုတ်တာသေချာပါတယ်။ကိုဗစ် ၁၉ တိုက်ဖျက်ရေးမဟုတ်တာလည်းသေချာပါတယ်။
ဦးဦးကျော်

0 comments:

Post a Comment