Sunday, May 10, 2020

အဖေ့အကြောင်း(၅) (အောင်သွေး)

0 comments
အဖေ့အကြောင်း(၅) (အောင်သွေး)
ဒီကာလတွေမှာပဲ ကျောင်းဆရာလခ ချွေးနှဲစာနဲ့ အဖေကဆန်ကြိတ်စက်တလုံးတည်ထောင်ပါတယ်။ အများစုက သူကိုယ်တိုင်လုပ်ပါတယ်။ မြို့မှာက အဲဒီအချိန်ရေနွေးငွေ့ဘွိုင်လာနဲ့မောင်းတဲ့ဆန်ကြိတ်စက်တွေပဲရှိတယ်။ အဖေကမြင်းကောင် ရေ-၂၅-ကောင်အားရှိတဲ့ လျှပ်စစ် မော်တာနဲ့ မောင်းပါတယ်။ သူကလွယ်တယ်။ ပါဝါမီတာ လျှောက်ထားလိုက်ယုံပဲ။ ဘွီုင်လာနဲ့မောင်းရင် တနှစ်တခါ သက်ဆိုင်ရာက ဘွိုင်လာအိုးကို လာလာစစ်တတ်တယ်။ အလုပ်ရှုပ်တယ်။ စပါးကြိတ်ရာကထွက်တဲ့ စပါးခွံကိုပြန်မီးရှို့သုံးတော့ သူကတော့ အမြတ် ပိုများတာပေါ့။ ဒါပေမယ့်ပေါက်ကွဲတတ်တယ်

အဖေက ဆန်စက်အမိုးကိုတော်ရုံတန်ယုံပဲ အင်ဖက်နဲ့မိုးတယ်။ ငါးပုံကျောက်ကို ကိုယ့်ဘာသာလောင်းတယ်။ ဆံဖြူကျောက်လည်းဒီလိုပဲ-အဲဒီဆန်ဖြူကျောက်မှာသုံးတဲ့ ရာဘာဘရိတ်တုံးတွေကလည်း ပြည်တွင်းဖြစ်၊ ဘီလူးကျွန်း ချောင်းဆုံရွာလွတ်ကထုတ်တဲ့ ရာဘာ ဘရိတ်တုံးတွေပဲသုံးတယ်။ မော်တာကိုတော့ ရန်ကုန်မှာရှိတဲ့သူ့သူငယ်ချင်းတွေကိုအားကိုပြီး ထုတ်ရတာပေါ့။ ဆိုရှယ်လစ်ဆိုတဲ့ခေတ်ကြီးမှာ သူတို့ဆီကလွဲလို့ ဘယ်မှာမှ ဝယ်မရဘူး။ သူတို့လည်း သူတို့ကိုဆန့်ကျင်တဲ့နိုင်ငံရေး မလုပ်ရင်ပြီးရောစီးပွားရေးကတော့လုပ်ဆိုတဲ့ သဘောနဲ့ လွယ်လွယ်ကူကူ ထုတ်ပေးပါတယ်။ အဲဒီအခေါက်ရန်ကုန်တက်တော့ ကျနော့်ကိုခေါ်သွားတယ်။ သူ့ရဲဘော်ဟောင်းတွေဆီကိုသွားရင် ကျနော်လည်း ပါတာပေါ့။ ဒလ ဦးထွန်းစိန်ဆီရောက်ဖူးတယ်ဗိုလ်ဉာဏ်မောင်တို့ ဦးတင်ထွန်းအောင်တို့ဆီ ရောက်ဖူးတယ်။ ရန်ကုန်က လျှပ်စစ်မော်တာကြီးဝယ်လာပြီး လအချို့အတွင်းမှာ ဆန်စက် စပြီးလည်နိုင်ခဲ့ပါတယ်။ အမေကတော့ ဆန်စက်စာရေးပေါ့။

နောက်ပိုင်းမှာ အဲဒီဆန်စက်နဲ့ မဝေးတဲ့နေရာမှာ တဧကလောက်ရှိတဲ့ခြံ တခြံလည်းဝယ်နိုင်ခဲ့တယ်။ ခြံလေးက ဇီးပင်တွေ သရက်ပင်တွေနဲ့ပါ။ အဲဒီမှာရာသီအလိုက် ခရမ်းချဉ်တို့ ပြောင်းဖူးတို့ ငရုတ်တို့ ပိန်းဥတို့ ကျနော်စိုက်ခဲ့ဖူးပါတယ်။ ခြံထွက်တွေကိုအမေက စျေးမှာသွားရောင်းရတယ်။ ဂုံလျှော်တောင်စိုက်ဖူးတယ်။ ဂုံလျှော်ကအလုပ်အတော်ရှုပ်ပါတယ်။ ခုတ်ပြီးရေစိမ်ထားရတယ်။ ရက်တချို့လောက်စိမ်ပြီးမှ လျှော်ကိုခွာလို့ ရတယ်။ ရွှံ့ပုပ်စော်ကလည်း နံသလားမမေးနဲ့။ ရေကန်မရှိတော့ ချောင်းရေထဲပဲစိမ်ရတာပေါ့။ ခြံရဲ့ ဘေးမှာ ချောင်းကပတ်ပြီးစီးနေတော့ တကယ်သာယာတာပါ။ ခြံထဲမှာနားနေဖို့တဲတလုံးထိုးထားတယ်။ အဖေက လေသေနတ်တလက်ဝယ်ထားတယ်။ သူကသိပ်မပစ် ဖြစ်ပါဘူးကျနော်ပဲသူငယ်ချင်းတွေနဲ့ ခြံထဲကိုစနေတနင်္ဂနွေနေ့တွေမှာ သွားလည်တတ်တယ်။ သီးနှံပင်တွေလည်းကြည့်ရင်းပေါ့။ အိမ်က ပဲလှော်ရယ် ဆားရယ် မှောင်ခိုအာဂျီနိုမိုတိုရယ် ဆီချက်လေးပါသွားရင် ရပြီ။ ဂျိုးပေါတဲ့အချိန်လိုက်ပစ်၊ ရရင် တဲမှာမီးကင်စား။ မရရင် ပါလာတဲ့ပဲလှော်နဲ့ အဆာပလာတွေကို ခြံထဲကခရမ်းချဉ်သီးတွေ ငြုတ်သီးတွေနဲ့သုပ်၊ ဗိုက်ဖြည့်၊ တရေးတမောအိပ်၊ ညနေပိုင်း ငှက်ထပ်ပစ်၊ ညနေ နေဝင်ရီတရောမှ ပြန်ကြတာပေါ့။

အဖေကတိုးတက်တဲ့အမြင်ရှိတယ်။ ဆိုဗီယက်တို့ တရုတ်တို့ရဲ့စက်မှုလယ်ယာကို ယုံကြည်တယ်အဲလိုလုပ်ချင်တယ်။ တခါကဂေါ်ဖီထုပ်တွေ စိုက်ထားတာ ချောင်းထဲက ရေကိုတင်ဖို့ ရေစုပ်စက်က အပြင်မှာအခုလိုဝယ်လို့မရဘူး။ အစိုးရရဲ့ မြေ-ကျေး-ရှင်းရုံးမှာလျှောက်ထား ငှါးရမ်းရတာ။ အဲဒီမှာကလည်း-ကူဘိုတာ ရေစုပ်စက်ကအလွန်ဆုံးရှိလှ ၃-၄လုံးပဲ။ ရေမရလို့ မြေကြီးက ပတ်ကြားအက်နေပြီ။ တန်းစီစနစ်အရ မရသေးဘူး။ ကူဘိုတာရေစုပ်စက်ရလို့ ဝမ်းသာအားရချောင်းထဲကရေတွေတင်လိုက်ပြီး နောက်တနေ့မှာတော့ ဂေါ်ဖီထုပ်တွေက အက်ကွဲ ကုန်ပါတယ်။ အမေစျေးထဲသွားရောင်းတော့ စျေးထဲမှာဂေါ်ဖီထုပ် ကြွက်ကိုက်တွေဆိုပြီး မဝယ်ကြပါဘူး။ အမေကပြန်သယ်မလာနိုင်တော့ အသိတွေကိုရှင်းပြပြီး အလကားပေးပေါ့။ အဖေကတော့မြေ-ကျေး-ရှင်းကိုရောအစိုးရကိုပါ ရေစုပ်စက်များများမရှိလို့ဆိုပြီး ဆဲတော့တာပေါ့။

တခါလည်း ခြံဘေးကလယ်ကို တနှစ်ငှါးပြီးအဲဒီတုန်းကအစိုးရကအထွက်တိုးတယ်ဆိုပြီးအော်ဟစ်နေတဲ့ပေါ်ကာစ ရာကျော်စပါးကိုစိုက်ပါတယ်။ သူကအပင်ပု အသက်ငယ်မျိုးပါ။ ကောက်ကြီးစပါး တွေလိုအပင်ရှည်မဟုတ်ဖူး။ ဒါနဲ့အဖေကမမှတ်သေးပဲ မြေ-ကျေး-ရှင်းမှာရှိတဲ့ အီတလီက လာတဲ့ ကောက်ရိတ်သိမ်းစက်ကိုငှါးပြီး ရိတ်ပါတယ်။ စက်ရဲ့ကောက်လှိုင်းသိမ်းတံကမြင့်နေတော့ ရာကျော်စပါးပင်ပုတွေကို ကောက်ကြီး ပင်တွေလို ခါးကိုမသိမ်းမိပဲ အပင်ဖျားတွေကိုရိုက်ပြီး စပါးတွေကို လယ်ကွင်းထဲချွေချပစ်ခဲ့ကာ၊ စက်ပေါ်မှာတော့ စပါးမရှိတော့တဲ့ကောက်ရိုးထုံး တွေကအစီအရီနဲ့။ အဖေကတော့မြေ-ကျေး-ရှင်း နဲ့အစိုးရကိုပဲဆဲတာပေါ့၊ ခွေးမသားတွေ စက်မှုလယ်ယာတို့ဘာတို့အော်ဟစ်-ပြီးတော့ အထွက်တိုးစပါးလို့ကြော်ငြာလို့ကြော်ငြာ-ကောက်ရိတ်သိမ်းစက်ကျတော့မရှိဘူးဆိုပြီး။ ပြောရအုံးမယ်အဲဒီအချိန်က ကျနော်တို့မြို့မှာအငြိမ့်အဖွဲ့ တခုရောက်နေပါတယ်။ ညကျတော့ လူရှင်တော်တွေကပျက်လုံးထုတ်ပါတယ်။ နွေခေါင်ခေါင်ရာကျော်စပါးစိုက်တဲ့ဆရာကြီးဆိုပြီး။
အောင်သွေး
ဆက်ပါမည်

0 comments:

Post a Comment