Wednesday, May 13, 2020

(အရပ်ပြော ပြောကြည့်တာပါ)

0 comments
(အရပ်ပြော ပြောကြည့်တာပါ)
သန်းရွှေ့အကြံအစည်နဲ့ ဖွဲ့တာဆိုတဲ့ အမျိုးသားနိုင်ငံရေးဒီမိုကရက်ပါတီလက်ထဲမှာ ပိုက်ဆံရှိတယ်။ ရွှေမန်းရှိတာက တယောက်ခြင်းရှိတာပါ။ သားအဖရှိ ရှိတာပါ။ ဒီမောင်တွေက အုံလိုက်ကျင်းလိုက် ကြီးပါ။ လူမပြောနဲ့ ပါတီမပြောနဲ့ တိုင်းပြည်(အစိုးရ)တောင် လက်ထဲ ပိုက်ဆံမရှိရင် လူမလေး ခွေးမခန့်ဘူး။ ဓနရှင်လစ်ဘရယ်လ်ဒီမိုကရေစီမှာ နိုင်ငံရေးအလားအလာရှိပေမယ့် လက်ထဲ ဓနမရှိတဲ့နိုင်ငံရေးသမားဆို ရှိတဲ့ကောင်က ကောက် “ကိုင်“ထားမှာဘဲ။ ဝယ်ထားမှာဘဲ။ လူမွေးတာ ပါတီမွေးတာ ရှိတာပါဘဲ။ ငွေရှင်က ရင်းနှီးမြှုပ်နှံကို အသေအချာတွက်ချက်ပြီးမှ လုပ်တာပါ။ ဒါတောင် တခါတခါ သူ့ငွေ ပြန်မထေမိဘူး။ တွက်ခြေမကိုက်တတ်ပါဘူး။ 
တရုတ်ပြည်(အစိုးရ)ကိုကြည့်။ ခု လက်ထဲပိုက်ဆံရှိနေပြီ။ ပိုက်ဆံရှိတော့ ပိုက်ဆံရှိတာဘဲ။ လူ (လုပ်အား)ကလည်းများ ငွေကလည်းရှိတော့ ခြေလှမ်းပိုကြဲလာတယ်။ ကမ္ဘာပတ်ပြီး “အစိုးရ အဝယ်“ထွက်နေတယ်။ စစ်တပ်လွှတ်ပြီး “အစိုးရတိုက်မယူ“ သေးဘူး။ လူဟာ ငွေရှိသွားရင် ငွေရှိသွားတာပါဘဲ။ ငွေရှိတိုင်းအကုန်လုပ်မရပေမယ့် ငွေမရှိရင်ဘာမှလုပ်မရပါ။ 
ခုလာဘ်စားလို့ အတိုင်ခံကြရတဲ့ ပြုတ်ကြတဲ့အမတ်တွေကြည့် နဂိုကတည်းက ငမွဲတွေများတယ်။ ပိုက်ဆံရှိတဲ့ကောင်အမတ်လုပ်တာက စီးပွားရှာဖို့မဟုတ်ဘူး။ အာဏာအဝန်းအဝိုင်းနဲ့ နီးစပ် အောင်လို့ သြဇာရှိအောင်လို့။ ဟိုတုန်းက မင်းတိုင်ပင်အမတ်လိုမျိုး ဖြစ်ချင်လို့။ အဲ့လိုလူ အမတ်ဖြစ်တော့ ငွေကြေးပြဿနာတက်တောင် အိပ်စိုက်နိုင်တယ်။ 
ကိုယ့်နာခံရင်ပြီးရောဆိုပြီး နိုင်ငံရေးအစဉ်အလာဂုဏ်သိက္ခာလည်းမရှိ လက်သင့်ရာ သြဇာညောင်းရာကောင်တွေ အမတ်ခန့်လိုက်တော့ ခိုးကုန်ကြရော။ နိုင်ငံရေးသိက္ခာ အစဉ်အလာရှိတဲ့လူက ပိုက်ဆံမရှိပေမယ့် ဂုဏ်သိက္ခာဆိုတဲ့မာနရှိတယ်။ ပြန်လှည့်ကြည့်ရမယ့် သမိုင်းနဲ့ ထောက်ညှာရမယ့် ဖြတ်သန်းမှုနောက်ခံရှိတယ်။ လာဘ်စားဖို့ခက်တယ်။ အဲ့ဒါမျိုးမရှိတဲ့လူက ဘာမှမရှိဘူး။ အကုန်လုပ်ရဲတယ်။ လုပ်လို့ရတယ်။ ဒီတော့ လုပ်တယ်။ 
အဲ့သလို ဂုဏ်သိက္ခာလည်းမရှိ ထောက်ထားစရာလည်းမရှိ၊ ငွေလည်းမရှိ စီးပွားရေးလည်း နားမလည်တဲ့လူကို ငါ့လူဆိုပြီး လူမကြည့်နဲ့ပါတီကြည့် လုပ်ခဲ့တဲ့မှားယွင်းမှုဒဏ် ခုပြန်ခံနေရတာဘဲ လို့တွေးမိတယ်။ လူက မွဲရတဲ့အထဲ ရတဲ့အမတ်ခကထဲကနေ ၂၅ ရာခိုင်နှုန်းကပြန် ရန်ပုံငွေပေး နေရတာ။ ဒီခေတ်မှာ ဆယ်သိန်းဆိုတာ အမတ်လို(လူတန်းစား)တယောက်အတွက် အလွန် နည်းတယ်။ အမတ်ခ ပိုမပေးနိုင်ရင် ဥရောပက တချို့နိုင်ငံတွေလုပ်သလို အမတ်တိုင်းကို မိမိဒေသအတွက်လည်းအကျိုးရှိ သူ့အတွက်လည်း တရားဝင်ခံစားပိုင်ခွင့်ရှိမယ့် ကိုယ်ပိုင် (ရေရှည်) စီးပွားရေးစီမံကိန်းတွေ၊ (ရေတို)ပရောဂျက်တွေ ချခိုင်းပါ ဆွဲခိုင်းပါ။ တိုင်းဒေသကြီးတွေ ပြည်ထောင်စုလွှတ်တော်တွေမှာ အဲ့ဒီစီမံကိန်းတွေ ပရောဂျတ်တွေအတွက် ငွေတင်တောင်းပါစေ။ ပရိုပိုဆယ်လ်လုပ်ပါစေ။ ခွင့်ပြုနိုင်သလောက် အစွမ်းကုန်ခွင့်ပြုပါ။ ကိုယ့်ဘက်လေးပါမှ ပိုယက်ပါတယ်။ စည်းမျဉ်းစည်းကမ်းတွေ ထားပါ။ ထားနေပေမယ့် တကယ်မလောက်ငှရင် အမတ်မကလို့ ဘာဖြစ်ဖြစ် ခိုးမှာဘဲ။ စားမှာဘဲ ဒီလာဘ်က။ ဒီတော့ လောက်လောက်ငှငှဖြစ်မယ့် ပရောဂျက်တွေ ချပေးပါ။
လုံလောက်နေရက်သားနဲ့ ပိုလျှံနေရက်သားနဲ့ မတန်တဆခိုးတာ ဝိသမများလွန်းတာဆိုရင်တော့ တမျိုးစဉ်းစားရမှာပါ။ လစ်ဘရယ် ဒီမိုကရေစီမှာ သန့်ရှင်းသောအစိုးရဆိုတာ အဂတိတရား ဇီးရိုးအထိကင်းစင်တယ်လို့ ပြောတာမဟုတ်သလို အစိုးရကောင်းဆိုတာ လူတန်းစားအားလုံးတန်းညှိသလို မလုပ်တဲ့အစိုးရကိုခေါ်တာပါ။ 
ကိုယ်လုပ်နေတာ ဓနရှင်နိုင်ငံရေး၊ ကိုယ်သွားနေတာက လစ်ဘရယ်လ်ဒီမိုကရေစီ။ လူမွဲတွေက မနှေးခေတ်မီ သူဌေးဖြစ်တော့မည်တွေဘာတွေ သိတ်မတွေးပါနဲ့။ လယ်သမား အလုပ်သမား အရေးတွေချည်းဇောင်းပေးရတဲ့စနစ်မဟုတ်ပါ။ FDI မျှော်တာလည်းမျှော်ပါ။ ပြည်တွင်းမှာ ပညာတတ်လူလတ်တန်းစားတွေ၊ အမျိုးသားဓနရှင်တွေ များသထက်များအောင် လုပ်ဖို့ပါ။ 
ပိုက်ဆံလုံးဝမရှိတဲ့လူကို ရှိအောင်လုပ်ပေးရတာထက် အထိုက်အလျှောက် ရှိနေတဲ့လူကို ပိုရှိအောင်လုပ်ပေးရတာက လွယ်တယ်။ ဖြစ်ရမခက်ဘူး။ အဲ့ဒီလူတွေဆီကနေ အခွန်သာ မှန်မှန်နဲ့များများ ရအောင်ကောက်ပါ။ အမေရိကန်တွေ ခုမှ သူကြွယ်ကြီးတွေဆီက အခွန် ကောက်တာကို လျှော့ပေးတာပါ။ ဒီ့မတိုင်က ၃၅ ရာခိုင်နှုန်း Tax ချပါတယ်။ 
ကိုယ်လည်း ရဲရဲလုပ်ပါ မရှက်ပါနဲ့။ ဒါ ဓနရှင်နိုင်ငံရေးလို့ ဗြောင်ကြွေးကြော်ပါ။ ဓနရှင်လူတန်းစား အကျိုးစီးပွားကို ဦးထိပ်ထားရကြောင်း အတိအလင်းပြောပါ ရှက်စရာမဟုတ်ပါ။ လူတန်းစား ကွာဟမှု နည်းအောင်လုပ်ရမယ်ဆိုပေမယ့် ချန်ထားရမှာကိုထားခဲ့ပါ။ နေရာတိုင်း တန်းတူရေးကို စိတ်ကူးမယဉ်ပါနဲ့။ လူတန်းစားရှိတဲ့လူ့အဖွဲ့အစည်းမှာ အစိုးရရှိပါတယ်။ ရှိတဲ့အစိုးရ ဘက်လိုက် ရပါတယ်။ ကမ္ဘာပေါ်မှာ ပြည်သူတွေအားလုံးအတွက်ဆိုပြီး လုပ်နေတဲ့အစိုးရမျိုးမရှိပါ။ ရှိလို့လည်းမရပါ။ တတ်နိုင်သမျှ တရားရေး မျှတရေး လွတ်လပ်ရေးဆိုတာတော့ လုပ်ပါ။ 
လျော်နိုင်စားနိုင်တဲ့လူတွေ စီးပွားရေးနားလည်တဲ့လူတွေ အမတ်များများဖြစ်လာဖို့လုပ်ပါ။ မလျော်နိုင် မစားနိုင်တဲ့လူက ခိုးလို့မိရင်တောင် မလျော်နိုင်ဘူး။ ထောင်ကျခံ အပြုတ်ခံပြီးကို ခိုးတာ။ စားစရာမရှိလျော်စရာရှိက အရပ်ထဲမှာရှိပေမယ့် နိုင်ငံရေးမှာမရှိပါ။ ပါတီသဘော နိုင်ငံရေးသဘောတွေကတော့ မုဆိုးစိုင်သင် သွားတန်သွားပါ။ ပိုက်ဆံလည်းရှိ၊ ပညာလည်းတတ်၊ နိုင်ငံရေးလည်းနားလည်၊ အစဉ်အလာ ဂုဏ်သိက္ခာပါရှိတဲ့လူဆိုရင်တော့ တိုင်းယက်တဲ့ပက္ကလာ မိုးရွားတာနဲအသင့်ပေါ့။ ဒါပေမယ့် ဒါမျိုးရဖို့တော့ မလွယ်ဘူး။ ဒီတော့ ရှိတဲ့အထဲကဘဲ ပိုက်ဆံရှိတဲ့လူ စီးပွားရေးနားလည်တဲ့လူတွေ အမတ်များများဖြစ်အောင်လုပ်ကြပါ။
စစ်ဗိုလ်ဟောင်းတွေပါတီထောင်တာ လက်ထဲပိုက်ဆံရှိတယ်။ ကျနော်တို့မှာ မရှိကြတာများတယ်။ ကျနော်ခုပြောတာက အရပ်ပြော၊ အမတ်သဘော၊ အစိုးရသဘောပြောတာပါ။ နိုင်ငံရေးပြော၊ အာဏာပြော ပြောတာမဟုတ်တာမို့ နိုင်ငံရေးတွေ အာဏာကိစ္စတွေ၊ ရန်သူမိတ်ဆွေတွေ မပါပါခင်ဗျား။
မျိုးမြင့်ချို
ဂျူလိုင် ၂၇၊ ၂ဝ၁၉

0 comments:

Post a Comment