ခေတ်သစ်မြန်မာ့သမိုင်း - ၁၉ဒေါက်တာသန်းထွန်းရေးတဲ့ A MODERN HISTORY OF MYANMAR
1752 - 1948 ကို ဘာသာပြန်တာပါ။
#တရုတ်ကျူးကျော်မှုများ
(၁၇၆၅ - ၁၇၆၉)
(၁၇၆၅ - ၁၇၆၉)
တရုတ်တွေက မြန်မာနိုင်ငံကို ၄ နှစ်အတွင်း ၄ ကြိမ်ဆက်တိုက် ထိုးစစ်ဆင် တိုက်ခိုက်ဖို့ ကြိုးပမ်းခဲ့တယ်။ ဒီကျူးကျော်မှုမှာ အဓိက အကြောင်းရင်း ၃ ချက်ရှိတယ်။
၁။ နယ်စပ်ဒေသ အငြင်းပွားမှု၊ တရုတ်မြန်မာနယ်နိမိတ်ဟာ ဘယ်တုန်းကမှ အပြီးသတ် အခြေတကျ မဖြစ်ခဲ့ဘူး။ နယ်စပ်တလျောက် အသေးစား အခြေစိုက်နေထိုင်မှုတွေကို တရုတ်မြန်မာနှစ်ဖက်စလုံးက သြဇာပေးခဲ့တယ်။ ယူနန်နယ်စပ်က စော်ဘွားတွေ အကြီးအကဲတွေဟာ မြန်မာကို လက်ဆောင်ပဏ္ဍာဆက်သတာ ရပ်လိုက်တယ်။ ဒါ့ကြောင့် မြန်မာစစ်တပ်ကိုလွှတ်တော့ ယူနန်နယ်ထဲကို ဝင်ပြေးတယ်။ ဒါကို မြန်မာက တရုတ်စွက်ဖက်မှုလို့ မြင်တယ်။
၂။ မြန်မာပြည်မှာ သူတို့ကုန်သည်တွေ အနိုင်ကျင့်ခံနေရတာကို တရုတ်ဘက်က မကျေနက်ဘူး။ ၁၇၆၅ ခုနှစ်က တရုတ်ကုန်သည်တစ်ယောက် ဗန်းမော်မှာ ဓါးပြအတိုက်ခံရတယ်။ နောက်တစ်ယောက်လည်း ကောင်းတုံမှာ အသတ်ခံရတယ်။ နှစ်နိုင်ငံ အစိုးရ သံရုံးတွေ ဖလှယ်ထားခဲ့ရင် ဒီလို အသေးအဖွဲတွေကို ဖြေရှင်းနိုင်မှာပါ။
၃။ သိန္နီ ဗန်းမော် မိုးကောင်းနဲ့ကောင်းတုံစော်ဘွားတွေက မြန်မာကို တရုတ်က ကျူးကျော်ရင် ကူညီမယ်လို့ ကတိခံထားကြတယ်။
#မထမစစ်ပွဲ (၁၇၆၅)
၁၇၆၅ ခုနှစ်မှာ တရုတ်က မြန်မာကို ကျူးကျော်တယ်။ ရဲမက် ၅၀၀၀၀၊ မြင်းသည်တော် ၁၀၀၀၀ နဲ့ ကောင်းတုံကို ဝိုင်းထားတယ်။ ဝန်းရံမှုက လွတ်အောင် နေမျိုးစည်သူကို သေနာပတိချုပ်ခန့်ပြီး ဆင် ၂၀၀၊ မြင်း ၂၀၀၀၊ လူ ၂၀၀၀၀ စေလွှတ်ခဲ့တယ်။ ၁၇၆၅ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်မှာ နေမျိုးစည်သူက တရုတ်တွေကို ကောင်းတုံမှာ ဝင်တိုက်တယ်။ တရုတ် ၁၀၀၀၀ ကျော်ကျဆုံးပြီး စစ်ရှုံးသွားတယ်။ နောက်ထပ် ကျူးကျော်လာနိုင်တာကို ကာကွယ်ဖို့ ဗလမင်းထင်ကို ကောင်းတုံလွှတ်ပြီး ခံတပ်တည်ဆောက်စေတယ်။
၁၇၆၅ ခုနှစ်မှာ တရုတ်က မြန်မာကို ကျူးကျော်တယ်။ ရဲမက် ၅၀၀၀၀၊ မြင်းသည်တော် ၁၀၀၀၀ နဲ့ ကောင်းတုံကို ဝိုင်းထားတယ်။ ဝန်းရံမှုက လွတ်အောင် နေမျိုးစည်သူကို သေနာပတိချုပ်ခန့်ပြီး ဆင် ၂၀၀၊ မြင်း ၂၀၀၀၊ လူ ၂၀၀၀၀ စေလွှတ်ခဲ့တယ်။ ၁၇၆၅ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်မှာ နေမျိုးစည်သူက တရုတ်တွေကို ကောင်းတုံမှာ ဝင်တိုက်တယ်။ တရုတ် ၁၀၀၀၀ ကျော်ကျဆုံးပြီး စစ်ရှုံးသွားတယ်။ နောက်ထပ် ကျူးကျော်လာနိုင်တာကို ကာကွယ်ဖို့ ဗလမင်းထင်ကို ကောင်းတုံလွှတ်ပြီး ခံတပ်တည်ဆောက်စေတယ်။
#ဒုတိယစစ်ပွဲ (၁၇၆၆)
၁၇၆၆ ခုနှစ် ဒီဇင်ဘာလမှာ တရုတ်တွေဟာ လူ ၂၅၀,၀၀၀၊ မြင်း ၂၅,၀၀၀ နဲ့ ချီတက်လာပြန်တယ်။ ကောင်းတုံမှာရှိတဲ့ ဗလမင်းထင်ကို အင်အားဖြည့်တင်းပြီး ရိက္ခာထောက်ပံ့ပေးထားတယ်။ ကျူးကျော်လာတဲ့ ရန်သူကို ရင်ဆိုင်ဖို့ ဘုရင်က စစ်သူကြီး နှစ်ယောက်ကို စစ်ကြောင်းနဲ့ ချီတက်စေတယ်။ နေမျိုးစည်သူကို ရဲမက် ၁၅,၀၀၀၊ စက်လှေ ၃၀၀ နဲ့ အမြှောက်တွေတင်ပြီး ဧရာဝတီမြစ်ကြောင်းကိုဆန်ပြီး ဗန်းမော်ကိုချီစေတယ်။ မဟာစည်သူကိုတော့ ဧရာဝတီမြစ်ရဲ့ အနောက်ဘက် ကုန်းကြောင်းလမ်းကနေ ဆင် ၂၀၀၊ မြင်း ၂၀၀၀၊ လူ ၈၀,၀၀၀ နဲ့ ချီတက်စေတယ်။ တရုတ်တွေက ကောင်းတုံကို ဝိုင်းထားတယ်။ ဒါပေမဲ့ မြို့ကို ပတ်ထားတဲ့ ခံတပ်ကို မဖျက်ဆီးနိုင်ပါဘူး။ နေမျိုးစည်သူက အချိန်မှီရောက်သွားတယ်။ ၃ ရက်အတွင်းမှာပဲ တရုတ်တွေ ပြန်ဆုတ်သွားရတယ်။
#တတိယစစ်ပွဲ (၁၇၆၇)
၁၇၆၇ ခုနှစ် နိုဝင်ဘာလမှာ တရုတ်ဧကရာဇ်ရဲ့ သားမက်တော် မင်ကျူးအိက သိန္နီကိုဖြတ်ပြီး မြင်း ၃၀,၀၀၀၊ လူ ၃၀၀,၀၀၀ နဲ့ နောက်တစ်ကြိမ် စစ်ချီလာပြန်တယ်။ အလားတူအင်အားရှိတဲ့ နောက်ထပ် တပ်မတော်တစ်ခုကိုတော့ တရုတ်ဧကရာဇ်ရဲ့ညီတော်က ဦးဆောင်ပြီး သဉ္ဇာနွယ်လိမ်ကြောင်းက ချီတက်လာတယ်။ မြေဒူးမင်းက သူတို့ကို ရင်ဆိုင်ဖို့ တပ်တွေကို စစ်ကြောင်း ၃ ကြောင်းချီစေတယ်။ မဟာစည်သူကို ဆင် ၃၀၀၊ မြင်း ၃၀၀၀၊ လူ ၃၀,၀၀၀ နဲ့ တရုတ်တပ်ကို ရင်ဆိုင်စေတယ်။ မဟာသီဟသူရကိုတော့ တရုတ်တပ်ကို ရိက္ခာထောက်ပံ့နေတဲ့ လမ်းကြောင်းကို ဖြတ်တောက်ဖို့ ဆင် ၂၀၀၊ မြင်း ၂၀၀၊ လူ ၂၀,၀၀၀ နဲ့ ဘော်ကြိုကြောင်းက ချီစေတယ်။ လက်ဝဲဝင်းမှူးကိုလည်း တရုတ်စစ်တပ်ရဲ့ နောက်ပိုင်းကို ဝင်တိုက်ဖို့ ဆင် ၁၀၀၊ မြင်း ၁၀၀၀၊ လူ ၁၀,၀၀၀ နဲ့ မိုးမိတ်ကနေ ချီစေတယ်။
မင်ကျူးအိက အတော်ဆုံး မန်ချူးစစ်သူကြီးပါ။ သူက အစောပိုင်းတလျောက် စစ်ဆင်ရေးအောင်မြင်မှုတွေ အများကြီးရှိပါတယ်။ အထူးသဖြင့် တာကစ္စတန်မှာ အောင်မြင်ခဲ့တာပါ။ သူက မဟာစည်သူကို လွယ်လင့်တကူ အနိုင်ယူပြီး ဂုတ်ထိပ်တောင်ကြားကိုဖြတ် ဆင်ခေါင်းအထိ စစ်ချီလာတယ်။ သူ့အတွက် ဆိုးတာကတော့ လက်အောက်တပ်မှူးတွေရဲ့ အားတက်သရော ထောက်ခံမှုကို မရခဲ့တာပါပဲ။ တပြိုင်တည်းမှာ မြန်မာတပ်ကလည်း သူ့နောက်ကျောကို ပိတ်ဆို့ထားလိုက်သေးတယ်။ ဒါကြောင့် ရိက္ခာလမ်းကြောင်း ပြတ်သွားပြီး ပြန်ဆုတ်ရမလို ဖြစ်လာတယ်။ ပြန်ဆုတ်ရတာတောင်မှ မင်ကျူးအိက သတ္တိပြခဲ့သေးတယ်။ သူ့ရဲ့တပ်တွေကို မြန်မာ့လက်က ကယ်တင်ပြီး သူ့ခေတ်ထုံးစံနဲ့အညီ ကိုယ့်ကိုယ်ကိုယ် သတ်သေတယ်။ အဲဒီအချိန်က တရုတ်ဧကရာဇ်ဟာ မန်ချူးဘုရင် ကျူးလုံ (၁၇၃၅ - ၁၇၉၅) ပါပဲ။ သူအုပ်စိုးတဲ့ကာလ တရုတ်အင်ပါယာရဲ့ တောက်ပမှုက အထွတ်အထိပ်ရောက်နေတာပါ။ သူ့ရဲ့ အင်ပါယာစစ်တပ်ဟာ မြန်မာနဲ့ဖြစ်တဲ့စစ်ပွဲကလွဲရင် ဘယ်မှာမှ မရှုံးနိမ့်ဖူးပါဘူး။ ဒီမှာ ရှုံးနိမ့်ရတဲ့ အဓိကအကြောင်းကတော့ ရဲမက်တွေကို အဖျားနဲ့ ဝမ်းရောဂါ နှိပ်စက်လို့ပါ။ မြန်မာ့ရာသီဥတုက သူတို့အတွက် သိပ်ကို ဆိုးဝါးလွန်းတာပါ။ မြန်မာ့တပ်မတော်ရဲ့ စုစုပေါင်း အင်အားက လူ ၆၀,၀၀၀၊ မြင်း ၆၀၀၀ နဲ့ ဆင် ၆၀၀ ပဲရှိတာပါ။
#စတုတ္ထစစ်ပွဲ (၁၇၆၈ - ၁၇၆၉)
၁၇၆၈ ခုနှစ်မှာ တစ်ကြိမ်ထပ်ပြီး တရုတ်တွေက လူ ၅၀၀,၀၀၀၊ မြင်း ၅၀,၀၀၀ နဲ့ ချီတက်လာပြန်ပါတယ်။ ဒါပေမဲ့ မြန်မာဘက်က လူ ၆၂,၀၀၀၊ မြင်း ၁၂၀၀၊ ဆင် ၁၀၀ နဲ့ ရှမ်းစစ်မှုထမ်း တချို့တလေပဲ ရှိပါတယ်။ ဗလမင်းထင်က ကောင်းတုံကနေ ခုခံတယ်။ ကောင်းတုံနဲ့ ၁၂ မိုင်ဝေးတဲ့ ရွှေညောင်ပင်မှာ တရုတ်က ခံတပ်ဆောက်တယ်။ တရုတ်တွေဟာ ကောင်းတုံကို ဘယ်တုန်းကမှ မသိမ်းနိုင်ပါဘူး။ ၁၇၆၉ ခုနှစ်မှာ ရွှေညောင်ပင် ခံတပ်ကနေ မောင်းထုတ်ခံရတယ်။ တရုတ်စစ်သူကြီးက ငြိမ်းချမ်းရေး ကမ်းလှမ်းတယ်။ မြန်မာတပ်မှူးအများစုက ဒီကမ်းလှမ်းချက်ကို ငြင်းချင်တယ်။ အကြောင်းကတော့ တရုတ်တွေ ငတ်ပြတ်နေပြီ။ အခြေအနေမကောင်းတဲ့အတွက် မကြာခင် လက်နက်ချရတော့မှာမို့ပါ။ တချို့က အပြတ်ရှင်းပစ်လိုက်ချင်တယ်။ ဒါပေမဲ့ စစ်သေနာပတိချုပ် မဟာသီဟသူရက အရှည်ကိုကြည့်ပါတယ်။ မြန်မာတွေက ငြိမ်းချမ်းရေးကို ပယ်ချပြီး ရွှေညောင်ပင်မှာရှိတဲ့ တရုတ်အားလုံးကို သတ်ပစ်လိုက်ရင် တရုတ်အင်ပါယာစစ်တပ်ကလည်း ပိုပြီးရက်စက်ပြင်းထန်တဲ့ ရည်မှန်းချက်နဲ့ ပိုကြီးတဲ့အင်အားကိုစုစည်းပြီး ဆင်းချလာဦးမှာပါ။ ဒါ့ကြောင့် မဟာသီဟသူရက တရုတ် မြန်မာ နှစ်ဖက်သဘောတူညီချက်တွေကို ညှိနှိုင်းရေးဆွဲပြီး ငြိမ်းချမ်းရေးလုပ်ခွင့်ပြုလိုက်တယ်။ ဒီသဘောတူညီချက်အရ တရုတ်တွေ ပြန်ဆုတ်ခွင့် ရသွားတာပါ။ နောက်နောင် နားလည်မှု လွဲတာတွေကို ၁၀ နှစ်တစ်ကြိမ် မစ်ရှင်အဖွဲ့တွေ လဲလှယ်ပြီး ကုန်သွယ်ရေး ပြန်လုပ်ကြဖို့ပါပဲ။ တရုတ်တွေက သူတို့ရဲ့လှေတွေကို မီးရှို့၊ အမြောက်တွေကို ဖျက်ဆီးပြီး တာပိန်မြစ်ကြောင်းအတိုင်း ပြန်ဆုတ်တယ်။ လမ်းခရီးမှာ လူထောင်ပေါင်းများစွာ သေကြေပျက်စီးတာပါ။ ဒီလို ဖြစ်ပေမဲ့ တရုတ်တွေကတော့ ဒါဟာ မြန်မာဘက်က အညံ့ခံတာပဲရယ်လို့ ယူဆတယ်။ အမှန်ကတော့ ၁၀ နှစ်တစ်ကြိမ် မစ်ရှင်အဖွဲ့ဟာ လက်ဆောင်ပဏ္ဍာ မဆက်ပါဘူး။ ဒါပေမဲ့ တရုတ်မှတ်တမ်းမှာတော့ လက်ဆောင်ပဏ္ဍာဆက်သတဲ့ မစ်ရှင်အဖွဲ့ရှိသလိုလို ရေးထားပါတယ်။ ၁၇၆၆ - ၆၇ အယုဒ္ဓယ ပိတ်ဆို့မှုက မတရားမှုပါ။ ဒါပေမဲ့ တရုတ်စစ်ပွဲမှာတော့ မြန်မာတွေဟာ ကျူးကျော်ရေးသမားတွေကို ခုခံကာကွယ်တဲ့ တရားသောစစ်ပွဲက်ု ဆင်နွှဲခဲ့ကြတာပါ။
အောင်ကျော်ဆန်းဘာသာပြန်တယ်။
0 comments:
Post a Comment