ခေတ်သစ်မြန်မာ့သမိုင်း - ၉ ဒေါက်တာသန်းထွန်းရေးတဲ့ A MODERN HISTORY OF MYANMAR
1752 - 1948 ကို ဘာသာပြန်တာပါ။
#စစ်ကိုင်းမင်း(၁၈၁၉ - ၁၈၃၇)
စစ္မျဖစ္မီကာလ(၁၈၁၉ - ၁၈၂၄)
စစ္မျဖစ္မီကာလ(၁၈၁၉ - ၁၈၂၄)
စစ်ကိုင်းမင်းဟာ လက်တွေ့အရတော့ ရှေးမြန်မာဘုရင်တွေနဲ့ ပုံစံတူပါ။ သူကံဆိုးတာက အစောပိုင်း အချိန်တွေထက်ပိုပြီး အများကြီး လူပိုသိတဲ့အချိန်မှာ အုပ်စိုးရတာပါ။ ဒါကြောင့် သူရဲ့အားနည်းချက်တွေကို နိုင်ငံခြားသားတွေက တခြားဘုရင်တွေထက်ပိုပြီး ပုတ်ခတ်စွပ်စွဲ ဝါဒဖြန့်တာခံရတယ်။ သူဟာ ဥရောပတိုက်သားတွေနဲ့ ပိုပြီး နီးကပ်တဲ့ ဆက်ဆံရေးရှိတဲ့ ပထမဦးဆုံး ဗမာဘုရင်ပါ။
သူ့ရဲ့ စိတ်ရင်းက အေးချမ်းတယ်။ လိုက်လျောဖော်ရွေတယ်။ သူ့ဆန္ဒကို ဆန့်ကျင်ပြီး အမှားလုပ်လာတဲ့ အချိန်မှာတော့ သူ့စိတ်ကို မထိန်းနိုင်ပါဘူး။ သူက ဆုံးဖြတ်ချက် ခိုင်မာသူ မဟုတ်ဘူး။ ဒါ့ကြောင့် သူ့အကြိုက်ကို လိုက်ပြီး ဆွဲဆောင်ဖို့ လုပ်ကြတယ်။ သူ့စိတ်က အမြဲ ပြောင်းလဲနေတာတွေ့ရတယ်။ ပွဲလမ်းသဘင်တွေကို နှစ်သက်တယ်။ သူ့ဘိုးတော် ဗဒုံမင်းလို ဘာသာရေးစိတ်သန်သူ မဟုတ်ဘူး။ အနည်းနဲ့အများဆိုသလို အပျော်အပါး ခုံမင်ပြီး သာမန်အရည်အချင်းပဲ ရှိသူပါ။
အမေရိကန် ဘက်ပတစ် သာသနာပြု မစ္စတာဂျပ်ဆင်က စစ်ကိုင်းမင်းဟာ နားလည်သဘောပေါက်မှု မြန်ဆန်တဲ့သူပါလို့ မှတ်ချက်ချခဲ့တယ်။ သူက ဥရောပနည်းစနစ်တွေကို နှစ်သက်တယ်။ အနောက်တိုင်းက ခေတ်မှီတိုးတက်တဲ့နည်းတွေနဲ့ သူ့နိုင်ငံကို ပြုပြင်ပြောင်းလဲဖို့ စိတ်ဝင်စားတယ်။ ဒါပေမဲ့ စစ်ပွဲက သူ့ကို နာကျည်းခံပြင်းစေခဲ့တယ်။ ဥရောပသားတွေရဲ့ စကားကို လက်ခံနားထောင်ဖို့တောင် ဘုရင်က ပယ်ချတယ်။ သူက လောဓါတ်ပညာကို စိတ်ဝင်စားတယ်။ ဒါပေမဲ့ ခေတ်သစ်သိပ္ပံတော့ မဟုတ်ဘူး။ သူ့ကို အသက်ရှည်ရာ အနာမဲ့ကြောင်း လုပ်ပေးနိုင်မယ့် အဂ္ဂိရတ်ပညာကိုပဲ စိတ်ဝင်စားတာပါ။ အင်းဝရောက် ဗြိတိသျှ သံကိုယ်စားလှယ် ဗိုလ်မှူးကြီး ဗာနေးက စစ်ကိုင်းမင်းသားက လူညံ့ပဲ။ လွတ်လပ်တဲ့ ဆုံးဖြတ်ချက်ကို ချမှတ်နိုင်စွမ်း မရှိဘူးလို့ ဆိုတယ်။ ဘုရင်က သူ့ထက်ပိုနားလည်တဲ့ ဝန်ကြီးတွေရဲ့ အကြံဉာဏ်ထက် ရူးမိုက်တဲ့ အကြံပေးချက်တွေကိုသာ နားထောင်နေတာပါ။ ဒါပေမဲ့ ကိစ္စရပ်အတော်များများမှာ ဘုရင်က လူသားဆန်ပါတယ်။ မစ္စတာယူးလ်ကတော့ ဘုရင်ဟာ ကစားပွဲတွေ ကြည့်ရတာ နှစ်သက်တယ်။ စိတ်ရင်းကောင်းတယ်လို့ ဆိုပါတယ်။ သူက မလိုအပ်ဘဲ သွေးချောင်းစီးတာတွေ မဖြစ်စေချင်ဘူး။ စိတ်ဓါတ်ပြင်းထန်သူ မဟုတ်ပေမဲ့ ဒေါသနဲ့ပေါက်ကွဲတဲ့ အချိန်တွေရှိတယ်။ တကယ်တော့ စစ်ကိုင်းမင်းဟာ အတိတ်က မြန်မာတွေရဲ့ ခန်းနားထယ်ဝါမှုထဲမှာ နေထိုင်သူပါ။ အင်္ဂလိပ် အာဏာရဲ့ အင်အားကြီးပုံကို နားမလည်နိုင်ခဲ့ဘူး။ တိုင်းရေးပြည်ရာတွေကို နန်းမတော်မယ်နုနဲ့ သူ့အစ်ကို မင်းသားကြီးဆိုသူရဲ့လက်ထဲကို လွှဲအပ်ထားပါတယ်။
သူက ကျယ်ဝန်းလှတဲ့ အင်ပါယာကို အမွေခံရတယ်။ ဒါကို ခိုင်မာအောင်လုပ်ပြီး ပြည်သူတွေကို ကောင်းကောင်းမွန်မွန် အုပ်ချုပ်ရမှာပါ။ ဒါပေမဲ့ သူက ဒီကိစ္စမျိုးမှာ မျှော်လင့်ချက်ထားလို့ မရလောက်အောင် ပျက်ကွက်ပါတယ်။ မင်းသားကြီးနဲ့ မဟာဗန္ဓုလတို့ စစ်အုပ်စုရဲ့ သြဇာလွှမ်းမိုးတာကို ခံနေတယ်။ ဒါ့ကြောင့် အဲဒီ နယ်ပယ်ချဲ့ထွင်ရေး မူဝါဒဟာ ဗြိတိသျှနဲ့ ပဋိပက္ခဖြစ်လာရတာပဲ။ သူ့အုပ်စိုးမှုက ပထမဦးဆုံးအကြိမ် မြန်မာ့အာဏာယိုယွင်းလာတဲ့ အမှတ်အသားပါပဲ။ လက်တွေ့အခြေအနေ တိုးတက်လာအောင် ဘာတခုမှ မစွမ်းဆောင်နိုင်ခဲ့ဘူး။ မြန်မာ့ အင်ပါယာဝါဒဟာ ညံ့ဖျင်းတဲ့ စိတ်ကူးယဉ်မှု သက်သက်ပါ။ အကြောင်းကတော့ အရေးပေါ် ရင်ဆိုင်ဖို့ ပြင်ဆင်ထားတာ ဘာတခုမှ မရှိလို့ပါပဲ။ တဖက်ကကြည့်ရင် တိုင်းပြည်ရဲ့ စီးပွားရေး မူဝါဒဟာလည်း လုံးဝကို မခိုင်မာဘူး။ ဒါက စိုက်ပျိုးရေးထွက်ကုန်တွေ ကျဆင်းမှုရဲ့ အကျိုးဆက်ပဲ။ အမျိုးသားရင်းမြစ်တွေကို ပထမဦးဆုံး ဖွံ့ဖြိုးတိုးတက်စေပြီး နောင်ကျမှ သင့်တင့်လျောက်ပတ်တဲ့ တပ်မတော်ကို ထူထောင်ကြဖို့ သင့်တာပါ။ အဲသလို ဆုံးဖြတ်ခဲ့ရင်တောင် ဒီတိုင်းပြည်မျိုးဟာ အထိမခံမူဝါဒကို နောက်ပိုင်းကျမှ ရွေးချယ်သင့်တယ်။ စီးပွားရေးလည်း မခိုင်မာ၊ သင့်တင့်လျောက်ပတ်တဲ့ တပ်မတော်လည်းမရှိတဲ့ အင်ပါယာဝါဒဟာ မိုက်ရူးရဲ ခေါင်းမာတာ သက်သက်ပဲ။
0 comments:
Post a Comment