Sunday, May 17, 2020

သခင်အောင်ဆန်းရဲ့ သမိုင်းဝင်ကဗျာတစ်ပုဒ် (အောင်မြင့်ဦး)

0 comments
ဖတ်မှတ်လေ့လာ မြန်မာစာ (၂၀) သခင်အောင်ဆန်းရဲ့ သမိုင်းဝင်ကဗျာတစ်ပုဒ်
သခင်အောင်ဆန်းဆိုတာကတော့ အများသိကြတဲ့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းပါ။ ဗိုလ်ချုပ်အောင်ဆန်းဟာ မြန်မာသိ ကမ္ဘာသိ ခေါင်းဆောင်တစ်ဦးဖြစ်တာနဲ့အညီ ဗိုလ်ချုပ်ရဲ့ အတ္ထုပ္ပတ္တိတွေ၊ မှတ်တမ်းမှတ်ရာတွေကို ရေးသားဖော်ပြထားတဲ့ စာအုပ်စာတမ်းတွေ အမြောက်အမြားရှိပါတယ်။ ယခု တင်ပြမှာကတော့ ဗိုလ်ချုပ်အောင်ဆန်းမဖြစ်မီ ရန်ကုန်တက္ကသိုလ်မှာ ပညာဆည်းပူးစဉ်က စာပေနဲ့ဆက်နွှယ်တဲ့ကိစ္စနဲ့ သခင်အောင်ဆန်းရေးသားခဲ့တဲ့ သမိုင်းဝင်ကဗျာကလေးတစ်ပုဒ် အကြောင်းပါပဲ။
သခင်အောင်ဆန်းဟာ ငယ်စဉ်ကတည်းက ပညာထူးချွန်သူတစ်ဦးဖြစ်ပါတယ်။ ငယ်စဉ်ကတည်းက ပညာထူးချွန်တဲ့အတွက် အတန်းကျော် သင်ယူခွင့်တွေနဲ့ ပညာသင်ဆုတွေကို အကြိမ်ကြိမ် ဆွတ်ခူးခဲ့တာဖြစ်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး သခင်အောင်ဆန်းရဲ့ အရင်းနှီးဆုံး မိတ်ဆွေတွေထဲက တစ်ဦးဖြစ်တဲ့ သခင်အုန်းမြင့်က "ကိုအောင်ဆန်းဟာ အသက် ၁၁ နှစ်အရွယ်ကျမှ အင်္ဂလိပ် မြန်မာကျောင်းကို စနေရသူပါ။ ဒါပေမဲ့ ဉာဏ်ကထက်မြက်လွန်းလို့ အတန်းတိုင်း ပထမရတဲ့ပြင် အတန်းကျော် တင်ပေးခံရလို့လေးနှစ်အကြာ ၁၉၃၀ ပြည့်နှစ်မှာ ရေနံချောင်းကျောင်းမှ ခုနစ်တန်းအောင်ပါတယ်။ မြန်မာပြည်တစ်ပြည်လုံး အောင်ချက်အကောင်းဆုံး အမှတ်အများဆုံး ရတဲ့အထဲမှာ ပါလို့ ဦးရွှေခို ပညာရည်ချွန်ဆုအပြင် စကောလားရှစ် ခေါ်ပညာသင်ဆု တစ်လ ၁၀ ကျပ် သုံးနှစ်ဆက်တိုက် ရပါတယ်။ အဲဒီအကြောင်းကို ထိုစဉ်ကထုတ်ဝေခဲ့တဲ့ အမျိုးသား ပညာရေးစာစောင်မှာ ဖော်ပြထားပါတယ်။" (စာ ၉၁) လို့ 'ပညာရေးမှာလည်း အတုယူဖို့ကောင်းတဲ့ သခင်အောင်ဆန်း' ဆောင်းပါးမှာ ရေးသားခဲ့ပါတယ်။
သခင်အောင်ဆန်းဟာ ရေနံချောင်း အမျိုးသားကျောင်းက ၁၀တန်းအောင်တော့ မြန်မာစာနဲ့ ပါဠိ နှစ်ဘာသာဂုဏ်ထူးနဲ့ အောင်မြင်ခဲ့ပါတယ်။ ဒီအကြောင်းကို သခင်အုန်းမြင့်ရဲ့ ဆောင်းပါးမှာ "ခုနစ်တန်းအောင်ပြီး ကိုအောင်ဆန်းဟာ အတန်းကျော်တက်ပြန်ပြီးနောက် နှစ်နှစ်အကြာ ၁၉၃၂ ခုနှစ်မှာ ၁၀ တန်းအောင်ပြန်ပါတယ်။မြန်မာနဲ့ ပါဠိ နှစ်ဘာသာ ဂုဏ်ထူးဖြင့် အောင်ပါတယ်။" (စာ ၉၁) လို့ ဆက်လက်ဖော်ပြထားပါတယ်။ ဆယ်တန်းမှာ မြန်မာစာနဲ့ ပါဠိ ဂုဏ်ထူးထွက်ခဲ့တာကို ထောက်ရင် သခင်အောင်ဆန်းဟာ မြန်မာစာနဲ့ပါဠိကို အထူးစိတ်ဝင်စား ခဲ့ဟန်ရှိပါတယ်။ ရေနံချောင်းအမျိုးသားကျောင်းမှာ ပါဠိသင်ပေးခဲ့တဲ့ဆရာကြီးကတော့ ဦးခင်သန်းလို့ သိရပါတယ်။
သခင်အောင်ဆန်းဟာ ၁၉၃၂ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ်မှာ ပညာသင်ယူဖို့ ရောက်ရှိလာပါတယ်။ အဲဒီအချိန်အထိ တစ်နှစ်စာကျန်နေသေးတဲ့ စကောလားရှစ်ကို ဆက်ရတယ်လို့ ဆိုပါတယ်။ သခင်အောင်ဆန်း ရန်ကုန်တက္ကသိုလ် ရောက်တော့ ပဲခူးဆောင်မှာ နေပါတယ်။ အဲဒီအချိန်က ရန်ကုန်တက္ကသိုလ်မှာ အိုင်အက်စ်စီ ခေါ် ဥပစာသိပ္ပံတန်းနဲ့ အိုင်အေ ခေါ် ဥပစာဝိဇ္ဇာတန်းတွေမှာ ရှိပြီး ရွေးချယ်နိုင်တဲ့ဘာသာတွေရှိပါတယ်။ အင်္ဂလိပ်စာနဲ့ မြန်မာစာ ကတော့ မယူမနေရဘာသာတွေဖြစ်ပါတယ်။ သခင်အောင်ဆန်းဟာ အင်္ဂလိပ်စာပေ၊ သမိုင်း၊ နိုင်ငံရေးသိပ္ပံယူပြီး ဝိဇ္ဇာပညာရပ်ကို သင်ယူပါတယ်။ မသင်မနေရဖြစ်တဲ့ မြန်မာစာကိုလဲ သင်ယူခဲ့ပါတယ်။
အဲ့ဒီအချိန်က မြန်မာစာဌာနဟာအရှေ့တိုင်းဘာသန္တရဌာနရဲ့အောက်မှာပဲ ရှိပါသေးတယ်။ သီးခြားဌာန ဖြစ်မလာသေးပါဘူး။ အဲဒီအချိန် ကာလမှာ မြန်မာစာသင်ကြားပေးတဲ့ ဆရာကြီး ၃ ဦးရိှပါတယ်။ ဘိလပ်ပြန် ပါမောက္ခ ဆရာကြီးဦးဖေမောင်တင်၊ ဝေလမင်းသားဆုရ ဆရာကြီး ဦးပွားနဲ့ ဆရာကြီး အဂ္ဂမဟာပဏ္ဍိတ ဦးလင်းတို့ပဲဖြစ်ပါတယ်။ ဆရာကြီး ဦးလူဖေဝင်းလဲရှိသေးပေမဲ့ ပါဠိကို တာဝန်ယူရဟန်ရှိပါတယ်။ ဆရာကြီးဦးဖေမောင်တင်ဟာ ဌာနအကြီးအကဲလုပ်ရတာမို့ မြန်မာစာ သင်ကြားရေးကို ဆရာကြီးဦးပွားနဲ့ ဆရာကြီး ဦးလင်းတို့က အလှည့်ကျသင်ပေး ခဲ့ကြရတယ်လို့ သိရပါတယ်။ ဆရာကြီးဦးပွားဟာ ဆရာကြီးဦးဖေမောင်တင် ဘိလပ်က ပြန်မလာခင် ကတည်းက တစ်ဦးတည်းသော မြန်မာစာဆရာအဖြစ် ရောက်ရှိလာတာဖြစ်ပါတယ်။ ဧချင်းဟောင်း ၁၂ စောင်ကို အလွတ်အာဂုံဆောင်နိုင်ပြီး ပျို့၊ ရာဇဝင် သမိုင်းတွေကို နှုတ်ငုံဆောင် ခရားရေလွှတ် ပြောနိုင်သူဖြစ်တယ်လို့ ဆိုပါတယ်။ ဆရာကြီးဦးလင်းကတော့ ဆရာကြီးဦးဖေမောင်တင် ဘိလပ်က ပြန်လာမှ ခေါ်ယူလိုက်တာဖြစ်ပါတယ်။ ဆရာကြီးဦးလင်းဟာလဲ ကျမ်းဂန်အရပ်ရပ်၊ မော်ကွန်း၊ အနုစာပေဟူသမျှ ထုံးလိုချေ ရေလိုနှောက် မြန်မာ့အနုစာပေ ပါဠိကျမ်းဂန်တို့ကို ပါရဂူမြောက်တတ်ကျွမ်းပြီး မေးသမျှအာဂုံဆောင်နိုင်တယ်လို့ဆိုပါတယ်။ ၂ ဦးစလုံး အတန်းထဲစာသင်လာရင် ဘယ်တော့မှ စာအုပ်မပါဘဲ နှုတ်ငုံဆောင် ပြောသင်တယ်လို့ ဆိုပါတယ်။ သခင်အောင်ဆန်းဟာ ရန်ကုန်တက္ကသိုလ်မှာ သူစိတ်ဝင်စားတဲ့ မြန်မာစာကို ဒီလိုဆရာကြီးတွေထံမှာ သင်ယူခဲ့ရဟန်ရှိပါတယ်။
အဲဒီအချိန်က မြန်မာစာဌာနခွဲမှာ ဦးသိန်းဟန်(ဇော်ဂျီ)၊ ဦးဧမောင်၊ ဦးဝန်(မင်းသုဝဏ်)၊ ဦးညွန့်၊ ဦးစောမောင်မောင်၊ ဦးမောင်တင်၊ ဦးစိန်ဝင်း၊ ဦးချမ်းမြ (ြမကေတု) စသူတွေကလဲ နည်းပြ ရာထူးအမျိုးမျိုးနဲ့ ရှိနေကြပါတယ်။ နည်းြပ ရာထူးအမျိုးမျိုးလို့ ဆိုရတာက အဲဒီခေတ်က နည်းပြတွေမှာ (၁) ကွားတားတိုင်းကျူတာ ပုံသေ ၄၀ ကျပ်၊ (၂) ပတ်တိုင်းကျူတာ ပုံသေ ၆၄ ကျပ်၊ (၃) ဖူးလ်တိုင်းကျူတာ ၁၁၂-၈-၁၆၀ ကျပ် စကေး၊ (၄) စီနီယာကျူတာ ၁၆၀- ၁၀-၂၄၀ ကျပ် စကေး တို့ ဖြစ်ကြပါတယ်။ သခင်အောင်ဆန်းဟာ မြန်မာစာဌာနက ဆရာငယ်တွေနဲ့လဲ ရင်းရင်းနှီးနှီး ပေါင်းသင်းဆက်ဆံခဲ့တာဖြစ်ပါတယ်။
သခင်အောင်ဆန်း ပဲခူးဆောင်မှာနေထိုင်စဉ် အချိန်မှာ ဦးဝန်(မင်းသုဝဏ်) ဟာ ပဲခူးဆောင်နည်းပြဖြစ်ပါတယ်။ သခင်အောင်ဆန်းဟာ မြန်မာစာဆရာတွေဖြစ်တဲ့ ဦးသိန်းဟန်(ဇော်ဂျီ)၊ ဦးဝန် (မင်းသုဝဏ်)တို့နဲ့ တရင်းတနှီးရှိခဲ့ပုံကို သခင် အောင်ဆန်းရဲ့ မိတ်ဆွေရင်းဖြစ်တဲ့ ညိုမြက "ကျွန်တော် ၁၉၃၄ ခုနှစ်လောက်က သူနှင့်စတင်သိရှိချိန်မှာ သူက သမဂ္ဂအမှုဆောင် အဖွဲ့ဝင် ဖြစ်နေပြီး သူက ဘီအေအောက်တန်းမှာ၊ ကျွန်တော်က အိုင်အေအထက်တန်း။ ထိုအချိန်က ကျွန်တော် ဟာ ချာတိတ်ကျောင်းသား ဖြစ် သော်လည်း ထမင်းစားရာမှာတော့ ကျူတာကြီးများဖြစ်တဲ့ ဆရာဇော်ဂျီတို့၊ ဆရာမင်းသုဝဏ်တို့နှင့် တစ်စားပွဲတည်း စားတယ်။ အဲဒီဆရာတွေက ကျွန်တော့် အစ်ကို တက်ထွတ်၊ စိုးတင့် တို့ရဲ့မိတ်ဆွေတွေမို့ပါ။(စာ ၂၈၅)... အဲသလို လုပ်ဖော်ကိုင်ဖက် ဖြစ်ရာက နောက်တော့ ကိုအောင်ဆန်းဟာ ကျွန်တော်တို့ ထမင်းစားပွဲကို ပြောင်းလာပြီး အတူစားကြတယ်။ (စာ ၂၈၆)" လို့ ရေးသားခဲ့ပါတယ်။
၁၉၃၅ ခုနှစ် မှာတော့ သခင်အောင်ဆန်းဟာ ကျောင်းသားသမဂ္ဂအမှုဆောင် အဖြစ်ရွေးချယ်ခံခဲ့ရပါတယ်။ ကျောင်းသားသမဂ္ဂ အမှုဆောင်အဖွဲ့ဝင်ဖြစ်လာပြီးနောက် သမဂ္ဂက ထုတ်ဝေတဲ့ မဂ္ဂဇင်းရဲ့ အယ်ဒီတာ ဖြစ်လာပါတယ်။ အဲဒီအချိန်မှာ တက္ကသိုလ်က ထုတ်ဝေတဲ့ ကောလိပ်မဂ္ဂဇင်းနဲ့ သမဂ္ဂက ထုတ်ဝေတဲ့ မဂ္ဂဇင်းတွေဟာ အပြိုင်အဆိုင် ဖြစ်နေတယ်လို့ ဆိုပါတယ်။ ကောလိပ်မဂ္ဂဇင်း အယ်ဒီတာကို ကျောင်းအုပ်ကြီး မစ္စတာ စလော့ ကိုယ်တိုင် ရွေးချယ်ခန့်ထားတာ ဖြစ်လို့ အလိုတော်ရိသံ ပါတယ်လို့ဆိုပါတယ်။ သမဂ္ဂမဂ္ဂဇင်းကတော့ တော်လှန်ရေး စာပေတွေကို မွေးထုတ်ရာ ဖြစ်ခဲ့ပါတယ်။
သခင်အောင်ဆန်းဟာ သမဂ္ဂထုတ်ဝေဖို့အတွက် ညိုမြနဲ့တာဝန်ခွဲဝေပုံ၊ သမဂ္ဂမဂ္ဂဇင်းဆိုတဲ့ နာမည်ကို မကြိုက်တဲ့အတွက် နာမည်ပြောင်းဖို့ ညိုမြနဲ့ တိုင်ပင်ခဲ့ပုံတွေကို ညိုမြက "ကိုအောင်ဆန်းမှာ ကျွန်တော်နှင့်ရွယ်တူဖြစ် သော်လည်း သူက ကျွန်တော့်ထက် တစ်တန်း ပိုမြင့်၏။ ထို့ကြောင့် သူပင် အယ်ဒီတာလုပ်ရန် ကျွန်တော်က တိုက်တွန်းလေသည်။ နောက်ဆုံး၌ သူက အယ်ဒီတာလုပ်၍ ကျွန်တော်က မဂ္ဂဇင်း မန်နေဂျာလုပ်ရန် သဘောတူညီကြ၏။ သမဂ္ဂ မဂ္ဂဇင်းဟု ခေါ်တွင်ခြင်းကို သူကမကြိုက်သဖြင့် နာမည်အသစ်ရွေးချယ်ကြရာ၌လည်း ကျွန်တော်အကြံပေးသည့်အတိုင်း 'အိုးဝေမဂ္ဂဇင်း' ဟူသောအမည်ဖြင့် ထိုနှစ်မှစ၍ ထုတ်ဝေခဲ့ကြလေသည်။"(စာ ၁၈၆) လို့ မှတ်တမ်းတင်ခဲ့ပါတယ်။
၁၉၃၆ ခုနှစ်မှာ ကျောင်းသားသမဂ္ဂက ထုတ်ဝေခဲ့တဲ့ 'အိုးဝေမဂ္ဂဇင်း' ဟာ သမိုင်း တွင်တဲ့ မဂ္ဂဇင်းတစ်စောင် ဖြစ်ခဲ့ပါတယ်။ အဲဒီမဂ္ဂဇင်းမှာ အင်္ဂလိပ်ဘာသာနဲ့ရေးထားတဲ့ "The Hell-Hound At Large” (ငရဲ‌ခွေးကြီး လွတ်နေပြီ) ဆိုတဲ့ဆောင်းပါးဟာ တက္ကသိုလ်အုပ်ချုပ်ရေးအရာရှိကြီးတစ်ဦးကို ရည်ညွှန်းထားလို့ ကျောင်းအာဏာပိုင်တွေဒေါသပုန်ထပြီး ကျောင်းအုပ်ကြီး မစ္စတာစလော့က အယ်ဒီတာဖြစ်တဲ့ သခင်အောင်ဆန်းကို ခေါ်ယူစစ်ဆေးခဲ့ပါတယ်။ ဆောင်းပါးရှင်ကို ထုတ်ဖော်မပြောတဲ့အတွက် သခင်အောင်ဆန်းကို တက္ကသိုလ်မှ ထုတ်ပယ်လိုက်ပါတယ်။ ဒီ့မတိုင်ခင်မှာလဲ သမဂ္ဂ ဥက္ကဋ္ဌ သခင်နုကို ဆရာတွေကို ပုတ်ခတ်တဲ့ မိန့်ခွန်းတွေပြောတယ်ဆိုပြီး ကျောင်းကထုတ်ခဲ့ပါတယ်။ သခင်နု၊ သခင်အောင်ဆန်း တို့ ကျောင်းထုတ်ခံရတာကို အကြောင်းပြုပြီး ၁၉၃၆ ခုနှစ်မှာကျောင်းသားသပိတ်ကြီး ပေါ်ပေါက် လာခဲ့ပါတယ်။
ဒီမဂ္ဂဇင်း ထုတ်ဝေခဲ့တာနဲ့ ပတ်သက်ပြီး 'ငရဲခွေကြီးလွတ်နေပြီ' ဆောင်းပါးရေးခဲ့တဲ့ ညိုမြက "မှတ်မိသေးသည်။ အိုးဝေမဂ္ဂဇင်း မထွက်ခင်တစ်ရက်ကကိုအောင်ဆန်းနှင့် ကျွန်တော်တို့သည် စာပုံနိှပ်စက်သို့ သွားကာ စာအုပ်များ အချိန်မီချုပ်လုပ် ပြီးစေရန် ကုလားများကို ချော့မော့၍ ကူညီလုပ်ကိုင်ပေးကြ၏။ ညနေ ၆ နာရီလောက် တွင် အားလုံးပြီးစီး၏။ ထို့ကြောင့် ကျွန်တော်တို့နှစ်ယောက်မှာ ဝမ်းသာအားရနှင့် မကြုံစဖူး အထူးဇိမ်ခံကာ တက္ကစီတစ်စင်းငှား၍ စာအုပ်ထုပ် များ တင်ဆောင်ပြီး လေညင်းခံလျက် ကျောင်းသို့ ြပန်ခဲ့ကြလေသည်။... ။
ထိုကားပေါ်တွင် မဂ္ဂဇင်းစာအုပ်များတင် လျက်လေညင်းခံ လိုက်ပါလာသော ကိုအောင်ဆန်းနှင့် ကျွန်တော်တို့ကား နက်ဖြန် မဂ္ဂဇင်း ထွက်လျှင် ဗုံးပေါက်ကွဲသလို တစ်ကျောင်းလုံး တစ်ပြည်လုံး ဂယက်ရိုက်သွားမည်ကို လားလားမျှ မမျှော်လင့်ခဲ့ကြပေ။ ထိုမဂ္ဂဇင်းစာအုပ်များ တင်ဆောင်လာခြင်းမှာ အမှန်အားဖြင့် လုံးဝ ပေါက်ကွဲစေတတ်သော လက်နက်ပုန်းများကို ခိုးယူ တင်ဆောင်လာသကဲ့သို့ပင် ဖြစ်လေသည်။ သို့သော် ကလောင်တည်းဟူသော လက်နက်ဖြင့် ထိုသို့ပေါက်ကွဲစေမည့် ဆောင်းပါးကို စီစဉ်ရေးသား လိုက်သော တရားခံဖြစ်သူ ကျွန်တော် ပင်လျှင် မိမိလက်နက်ကြောင့် ဤမျှပြင်းထန်စွာ ပေါက်ကွဲလိမ့်မည်ဟု မထင်ခဲ့ပေ။" (စာ ၁၈၈) လို့ ရေးသားခဲ့ပါတယ်။
၁၉၃၆ခုနှစ် မှာထုတ်ဝေခဲ့တဲ့ သမိုင်းတွင်မဲ့ အိုးဝေမဂ္ဂဇင်း ခေါင်းကြီးပိုင်းမှာ "အနိုင်မခံ" အမည်ရှိတဲ့ အလွန်ထူးခြားတဲ့ ကဗျာတစ်ပုဒ် လဲ ပါဝင်ခဲ့ပါတယ်။ ဒီကဗျာဟာ အင်္ဂလိပ် ကဗျာဆရာကြီး William Ernest Henley ရဲ့ ကမ္ဘာကျော် "INVICTUS" အင်္ဂလိပ်ကဗျာကို မြန်မာဆန်ဆန် စိတ်ကူးဉာဏ်ကွန့်မြူးပြီး ရေးဖွဲ့ထားတဲ့ ဘာသာပြန်ကဗျာ ဖြစ်ပါတယ်။ ကဗျာကလေးကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
အနိုင်မခံ
ငါ့အားဖုံးလွှမ်းထားသော လကွယ်သန်းခေါင်
ဤ မှောင်မိုက်တွင်းမှနေ၍
အနိုင်မခံ အရှုံးမပေးတတ်သော
ငါ၏စိတ်ဓာတ်ကို ဖန်ဆင်းပေးသည့်
နတ်သိကြားတို့အား
ငါကျေးဇူးတင်၏။
လောကဓံတရာတို့၏ ရက်စက်ကြမ်းကြုတ်သော
လက်ဆုပ်တွင်းသို့
ကျရောက်နေရငြားသော်လည်း
ငါကား မတုန်လှုပ်၊ မငိုကြွေး
ကံတရား၏ ရိုက်ပုတ်ခြင်းဒဏ်ချက်တို့ကြောင့်
ငါ၏ဦးခေါင်းသည်
သွေးသံတို့ဖြင့် ရဲရဲနီ၏။
ညွတ်ကားမညွတ်။
ဤလောဘ ဒေါသတို့ ကြီးစိုးရာဌာန၏
အခြားမဲ့၌ကား
သေခြင်းတရားသည်
ကြောက်မက်ဖွယ်ရာ ငံ့လင့်လျက်ရှိ၏။
သို့သော် ငါ့အား မတုန်လှုပ်သည်ကိုသာ
တွေ့ရအံ့။
နောင်ကိုလည်း ဘယ်တော့မှ
မကြောက်သည်ကိုသာ တွေ့ရအံ့။
သုဂတိသို့ သွားရာတံခါးဝသည်
မည်မျှကျဉ်းမြောင်းသည်ဖြစ်စေ၊
ယမမင်း၏ ခွေးရေပုရပိုက်၌
ငါ့အပြစ်တို့ကို မည်မျှပင်များစွာ
မှတ်သားထားသည်ဖြစ်စေ၊
ငါကား ဂရုမပြု။
ငါသာလျှင်
ငါ့ကံ၏ အရှင်သခင်ဖြစ်၍
ငါသာလျှင်
ငါ့စိတ်၏ အကြီးအကဲ ဖြစ်သတည်း။
INVICTUS 
Out of the night that covers me
Black as the pit from pole to pole,
I thank whatever gods may be
For my unconquerable soul.
In the fell clutch of circumstance,
I have not winced nor cried aloud.
Under the bludgeonings of chance
My head is bloody, but unbowed.
Beyond this place of wrath and tears
Looms but the Horror of the shade,
And yet the menace of the years
Finds, and shall find, me unafraid.
It matters not how strait the gate,
How charged with punishments the scroll,
I am the master of my fate:
I am the captain of my soul.
William Ernest Henley
ခေါင်းကြီးပိုင်းဆိုတာ အယ်ဒီတာ့အာဘော် တစ်နည်းအားဖြင့် မဂ္ဂဇင်းရဲ့အာဘော် ဖြစ်လို့ တာဝန်ခံအယ်ဒီတာက ရေးရတာဖြစ်ပြီး ရေးသူအမည်ကို ဖော်ပြလေ့မရှိပါဘူး။ သခင်အောင်ဆန်းဟာ အဲ့ဒီအိုးဝေမဂ္ဂဇင်းရဲ့ အယ်ဒီတာ ဖြစ်လို့ သခင်အောင်ဆန်း ရေးခဲ့တဲ့ ကဗျာကလေးပဲ ဖြစ်ပါတယ်။ သခင်အောင်ဆန်း ဒီဘာသာပြန် ကဗျာကလေးကို ရေးခဲ့တာနဲ့ပတ်သက်ပြီး သခင်အောင်ဆန်းနဲ့ ခင်မင်ခဲ့တဲ့ အဲ့ဒီအချိန်က ရန်ကုန်တက္ကသိုလ် မြန်မာစာကျူတာပေါက်စ ဦးချမ်းမြ ( နောင်အခါ မန္တလေးက္ကသိုလ် မြန်မာစာပါမောက္ခ၊ စာရေးဆရာ မြကေတု) က 'သခင်အောင်ဆန်းနှင့် သူ့ကဗျာ သူ့နိမိတ်' ဆောင်းပါးမှာ အသေးစိတ် ရေးသားဖော်ပြခဲ့ပါတယ်။ ဒီဆောင်းပါးကို ၁၉၈၁ ခုနှစ် စစ်ပြန်မဂ္ဂဇင်းမှာ ရေးသားခဲ့တာ ဖြစ်ပြီး ၁၉၉၅ ခုနှစ်မှာ ထုတ်ဝေတဲ့ ဆရာကြီးရဲ့ 'နှောင်းခေတ်တက္ကသိုလ် ဘဝမှတ်တမ်းများ' စာအုပ်မှာ ထည့်သွင်း ဖော်ပြခဲ့ပါတယ်။
သခင်အောင်ဆန်းရဲ့ ကဗျာဟာ မူလက ရေးသူမပါတဲ့အတွက် ရေးသူကို သို့လော သို့လော ဖြစ်ခဲ့ကြဟန်ရှိပါတယ်။ ဒါကြောင့် ဆရာကြီးဦးချမ်းမြဟာ ဒီကဗျာရေးသူဟာ သခင်အောင်ဆန်းဖြစ်တဲ့အကြောင်း သူ့အတွေ့အကြုံနဲ့တင်ပြထားပါတယ်။ ဆရာကြီးက "ဤသို့တင်ပြရာ၌ သခင်အောင်ဆန်းနှင့် ကျွန်တော်တို့ ထိုအချိန်အခါက ရင်းနှီးစွာ တွေ့ဆုံကြရလျက် စာပေဆွေးနွေးမှုများ ပြုလုပ်ကြသည်ကိုလည်း တင်ပြလိုပါသည်။ ကျွန်တော်သည် ၁၉၃၀-၃၁ ခုနှစ်က ရန်ကုန်တက္ကသိုလ်ကောလိပ်သို့ ရောက်လာခဲ့ပါသည်။ သခင်အောင်ဆန်းမှာမူ ၁၉၃၃ ခုနှစ်တွင် တက္ကသိုလ်သို့ ရောက်လာခဲ့ပါသည်။ သူသည် ဝိဇ္ဇာဘွဲ့ကို ၁၉၃၇ ခုနှစ်တွင် ဆွတ်ခူးပါသည်။ ကျွန်တော်က ၁၉၃၇ တွင် မဟာဝိဇ္ဇာဘွဲ့ကို ဆွတ်ခူးပါသည်။ သခင်အောင်ဆန်းနှင့် ကျွန်တော်တို့ စာမေးပွဲအောင်ကြစဉ်အခါက မြန်မာ့အလင်းသတင်းစာတွင် ဝိဇ္ဇာတန်းအောင်စာရင်း ထွက်ပေါ်လာပါသည်။" (စာ ၂၈၀-၂၈၁) လို့ သခင်အောင်ဆန်းနဲ့ ဆရာကြီးတို့ စာပေဆွေးနွေးမှုတွေ ပြုလုပ်လေ့ရှိကြောင်း ဖော်ပြပါတယ်။
မူရင်းကဗျာရဲ့ အဆုံးသတ်ဖြစ်တဲ့ "I am the captain of my soul" ဆိုတဲ့စာသားဟာ ဒီကဗျာအတွက် အင်မတန်အရေးပါတဲ့ စာသားဖြစ်ပါတယ်။ ဒီစာသားကလေးကို ဘာသာြပန်ဖို့အတွက် သခင်အောင်ဆန်းဟာ အကြိမ်ကြိမ် အခါခါ စဉ်းစားခဲ့ဟန်ရှိပါတယ်။ ဒီစာသားလေးနဲ့ပတ်သက်ပြီး သူခင်မင်တဲ့ မြန်မာစာဆရာ ကိုချမ်းမြနဲ့ ဆွေးနွေးခဲ့ပုံကို "တစ်နေ့သော် သခင်အောင်ဆန်းက ကိုချမ်းမြ၊ ကပ္ပတိန်အောက်ဖ်သည်ဆိုးလ် (Captation of the Soul) ကို ခင်ဗျားဘယ်လိုပြန်မလဲဟု မေးပါသည်။ ကျွန်တော်က ပေါရာဏစကားမှာတော့ ကပ္ပတိန် ဆို တဲ့ ဝေါဟာရမျိုး ကို ထမုန်သူကြီးဟူ၍ဆိုပါတယ်။ ဒါပေမဲ့ မာလိန်မှူးဆိုရင် ပိုကောင်းပါလိမ့်မည်ထင်တယ်ဟူ၍ ပြန်ဖြေလိုက်ပါသည်။ ဤဝေါဟာရကိုလည်း သခင်အောင်ဆန်းက သဘောမကျသူပါ။ မကြိုက်သေးဘူးဗျာ၊ လူတိုင်းနားလည်နိုင်မှ ကောင်းမှာဟူ၍ပြောပြီး သူ၏မှတ်စုအကြမ်းစာအုပ်ထဲတွင် ယင်းကဗျာဘာသာပြန်ကို ရေးခြစ်လိုက်၊ ဖျက်လိုက်လုပ်နေသည်ကိုပင် တွေ့ရပါသည်။ ကိုအောင်ဆန်းသည် သွားလေရာ၌ စာအုပ်တစ်အုပ် သူ၏လက်ထဲတွင် ပါလာတတ်ပါသည်။" (စာ ၂၈၂) လို့ ဆရာကြီး ဦးချမ်းမြက ရေးသားခဲ့ပါတယ်။ "I am the captain of my soul" ဆိုတဲ့ စာသားကလေးကို စာအုပ်ထွက်လာ"ငါသာလျှင် ငါ့စိတ်၏ အကြီးအကဲ ဖြစ်သတည်း" ဆိုပြီး လွယ်ကူရှင်းလင်းပြီး အများနားလည်အောင် ပြန်ဆိုထားတာကို တွေ့ရပါတယ်။
သခင်အောင်ဆန်းရဲ့ ကဗျာနဲ့ပတ်သက်ပြီး ဆရာကြီးဦးချမ်းမြက "ယခုကျွန်တော်တို့သည် သခင်အောင်ဆန်း၏ကဗျာကို ဖတ်ရှုပါလျှင် အလွန်လေးနက်ပြောင်မြောက်သော အဖွဲ့အနွဲ့၊ ရဲသွေးရဲမာန်စိတ်ဓာတ်ကို သွေးသွင်းပေးသော စကားလုံးများကို တွေ့ကြရပါသည်။ ထို့အပြင် အင်္ဂလိပ်ဘာသာမှ မြန်မာပြန်ဆိုပုံများသည်လည်း အလွန်လေးနက်ပေါ်လွင်လှသည်။ မြန်မာ ဆန်သော ဝေါဟာရများကိုရွေးချယ်ပြီး အကွက်ကျကျ သူ့နေရာနှင့်သူ ထားသိုသုံးစွဲတတ်သည်မှာ များစွာချီးမွမ်းဖွယ်ဖြစ်ပါသည်။" (စာ ၂၈၃) လို့ သုံးသပ်ပြခဲ့ပါတယ်။
သခင်အောင်ဆန်းရဲ့ ကဗျာမှာရေးသားခဲ့တဲ့ စာသားတွေဟာ တိုင်းပြည်ရဲ့ အတိတ်နိမိတ်သဖွယ်ဖြစ်ခဲ့ပါတယ်။ ဆရာကြီးဦးချမ်းမြ က "အလောင်းမင်းတရားကြီး လက်ထက်တော်အခါက စိန္တကျော်သူဟူသော ကဗျာဆရာကြီး တစ်ဦးသည် သူရေးလေသမျှ ကဗျာရတုများ၌ အတိတ် နိမိတ်လက္ခဏာများ ပါလာတတ်သည်ကိုတွေ့ ကြရသည်ဟုဆိုသည်။ ထို့အတူ ယခု သခင်အောင်ဆန်း၏ကဗျာ၌လည်း သူကိုယ်တိုင်ဖတ်ထားသော နိမိတ်ရှေ့ပြေးများကို မျက်ဝါးထင်ထင် တွေ့ကြရပါသည်။" (စာ ၂၈၃) လို့ဖော်ပြခဲ့ပါတယ်။ "ငါ၏ဦးခေါင်းသည် သွေးသံတို့ ဖြင့် ရဲရဲနီ၏။ ညွှတ်ကား မညွှတ်" ဆိုတဲ့စာသားဟာ ၁၉၃၈ခုနှစ် ဒီဇင်ဘာလက ရေနံမြေမှာ ကျောင်းသားခေါင်းဆောင် ကိုဘဟိန်း၊ ကိုဘဆွေတို့ကို အင်္ဂလိပ်အစိုးရက ဖမ်းဆီးထားတာကြောင့် ကျောင်းသားများတွေ အတွင်းဝန်ရုံး ကို ဝိုင်းပြီးဆန္ဒပြကြတဲ့အခါ ပုလိပ်တွေရဲ့ နံပါတ်တုတ်ဒဏ် ကြောင့် ကျောင်းသား ၃၀ လောက် သွေးမြေကျ သွေးချင်းချင်းနီကာ ဗိုလ်အောင်ကျော်သေဆုံးခဲ့ရတာ၊ "ဤလောဘ ဒေါသတို့ကင်းရာ ကုန်ရာဖြစ်သော အခြားမဲ့၌ကား ငါ့အား နားနေစရာ၊ ကြောက်မက်ဖွယ်ရာ သေခြင်းတရားသည် ငံ့လင့်လျက်ရှိ၏" ဆိုတဲ့စာသားဟာ သခင်အောင်ဆန်း ကိုယ်တိုင် တိုင်းပြည်အတွက် အသက်ကို စတေးခဲ့ရတာ တွေဟာ ဒီကဗျာရဲ့ အတိတ်နိမိတ်သဖွယ် ဖြစ်ခဲ့ရပါတယ်။
ဒီကဗျာနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဒုတိယဥက္ကဋ္ဌ(၁) ဆရာကြီး ဟံသာဝတီဦးအုန်းကြိုင် ရေးသားတဲ့ "ကျွနု်ပ် သိသော တော်ဝင်ကဗျာဆရာ ဗိုလ်ချုပ်အောင်ဆန်း" ဆိုတဲ့ ဗိုလ်ချုပ်မွေးနေ့အကြို ဆောင်းပါးကို ြပန်ကြားရေးဝန်ကြီးဌာနရဲ့ ဝက်ဖ်ဆိုက်မှာ တင်ထားတာကို တွေ့ရပါတယ်။ အဲဒီဆောင်းပါမှာ ဒီကဗျာကို ၁၉၄၀ ပြည့်နှစ် ဖေဖော်ဝါရီလထုတ် ဒဂုန်မဂ္ဂဇင်းမှာ သခင်အောင်ဆန်း အမည်နဲ့ ဖတ်ရှုရတာကို "ယင်းဗိုလ်ချုပ်၏ ဘဝယုံကြည်ချက်ကဗျာသည် ၁၉၄၀ ပြည့်နှစ် ဖေဖော်ဝါရီလ ဒဂုန်မဂ္ဂဇင်း တွင်လည်း 'သခင်အောင်ဆန်း' ကလောင်အမည်ဖြင့် မြန်မာပြန် သက်သက် ကဗျာ ပြန်လည်ဖော်ပြခဲ့သည်ကို ဖတ်ရှုကြရပါသည်။" လို့ ရေးထားတာ တွေ့ရပါတယ်။ အဲဒီဆောင်းပါမှာ "တကယ်တော့ ဗိုလ်ချုပ်အောင်ဆန်းကား 'အရိုင်း' မဟုတ်သော 'အနုပညာဆန်၍ အနုပညာမြောက် တော်ဝင်ကဗျာဆရာတစ်ဦး' ဖြစ်ကြောင်း မှတ်တမ်းပြု ရေးသား တင်ပြအပ်ပါသည်။" လို့ နိဂုံးချုပ်ထားပါတယ်။
တကယ်တော့ သခင်အောင်ဆန်းဟာ ငယ်စဉ်ကတည်းက ပညာထူးချွန်ခဲ့ပြီး စာပေဝါသနာတစ်ယောက် ဖြစ်ပါတယ်။ သခင်အောင်ဆန်းဟာ သူထိတွေ့ဆက်ဆံနေရတဲ့ ပတ်ဝန်းကျင်က စာရေးဆရာတွေလို စာရေးချင်စိတ် ပြင်းပြခဲ့ သူဖြစ်ပါတယ်။ ဒီအကြောင်းကို ညိုမြက "ကိုအောင်ဆန်းကား စာပေဝါသနာပါ၏။ သူများလို ဝတ္ထုများ၊ ကဗျာများ ရေးချင်ကြောင်း ကျွန်တော့်အား ပြောဖူးပါ၏။ သို့သော် ကျွန်ဘဝမှ လွတ်မြောက်ရေး စိတ်ဓာတ်များနှင့် အထူး လွှမ်းမိုးနေသူ ဖြစ်ရကား ဆန်းသစ် နုယဉ်စာပေများကို ရေးသားလေ့ကျင့်ရန် အချိန်မရဘဲ သမဂ္ဂ၏ ဝါဒ ထုတ်ပြန်ချက် ကြေညာစာတမ်းများကို ရေးရခြင်းဖြင့် အချိန်ကုန်သူဖြစ်သည်။" (စာ ၁၈၆) လို့ ရေးသားခဲ့ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းဟာ ၁၉၄၇ခုနှစ် မေလ ၃၀ ရက်နေ့က ကိုယ့်မင်းကိုယ့်ချင်းလမ်း မှာရှိတဲ့ ဖဆပလ ဌာနချုပ်မှာ ပြုလုပ်တဲ့ သတင်းစာဆရာများ အစည်းအဝေးမှာ "လွတ်လပ်ရေးရတဲ့ အချိန်အထိတော့ ကျုပ် နိုင်ငံရေး လုပ်ရအုံးမှာပဲ။ လွတ်လပ်ရေးရပြီးလို့ ပါတီတိုက်ပွဲတွေ ဖြစ်တဲ့အချိန်မှာ ကျုပ်က မပါချင်ဘူး။ ဘေးဖယ်နေမယ်။ သူများတွေလုပ်တာ ထိုင်ကြည့်ပြီး စာအုပ်ရေးမယ်" ဆိုပြီး စာရေးချင်တဲ့ သူ့ရဲ့ဆန္ဒကို ဖွင့်ဟပြောကြားခဲ့တယ်လို့ သိရပါတယ်။
၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ ဗိုလ်ချုပ် လုပ်ကြံမခံရမီ ၅ရက်ခန့်အလို ဇူလိုင်လ ၁၄ ရက်နေ့မှာ ဆရာကြီးမင်းသုဝဏ်ဟာ ဦးခင်ဇော်၊ ဦးထင်ဖတ်(မောင်ထင်) တို့နဲ့အတူ ဗိုလ်ချုပ်ရှိရာ အတွင်းဝန်များရုံးကို သွားရောက်ခဲ့ပါတယ်။ အဲဒီအချိန်မှာ ဒီဒုတ်ဦးဘချိုလဲ ဗိုလ်ချုပ်နဲ့အတူ ရှိနေပြီး စကားစမြည်ပြောကြတဲ့အခါ ဗိုလ်ချုပ်က "ကျွန်တော်လဲ နိုင်ငံရေးကထွက်မှာပါပဲ ဆရာ။ ထွက်ပြီးတော့ စာရေးမယ် ကြံတယ်။ ကျွန်တော် ကျောင်းမှာနေတုန်းက ပါဠိရော မြန်မာစာပါယူခဲ့တယ်။ မြန်မာစာမှာ ကျွန်တော် အမှတ်ကောင်းကောင်းရတယ်။ ကျွန်တော်ကြိုးစားရင် ဒစ်စတင်းရှင်းတောင် ရမှာပါပဲ။ ဒါပေမဲ့ ဟိုတုန်း ကတော့ အိုင်စီအက်တို့ ဘာတို့ မှန်းတာမို့ အင်္ဂလိပ်စာကိုပဲ ဖတ်တာပဲ။ ကျွန်တော်လဲ စာပေပညာကို ဝါသနာ ပါပါတယ်။ အရိုင်းသက်သက်မဟုတ်ပါဘူး" (ထိုအခိုက်တွင် တာရာရေးသော ဆောင်းပါးကို သူတွေးမိဟန်တူသည်။) ဟုဆိုကာ သခင်ဘသောင်း၏ ပန်းသာမစာဥ၊ မောင်ထင်၏ ငဘ၊ ရွှေဥဒေါင်း၏ ရတနာသိုက် စသည်တို့အကြောင်းပြော၍ ချီးမွမ်းလေသည်။" (စာ ၈၈) လို့ ပြောခဲ့တာကို ဆရာကြီးမင်းသုဝဏ်က ၁၉၆၈ ဇူလိုင်လထုတ် ငွေတာရီ မဂ္ဂဇင်း "ဗိုလ်ချုပ်ဆန္ဒနဲ့ ဆရာ့ဝါသနာ" ဆောင်းပါးမှာ မှတ်တမ်းတင်ခဲ့ပါတယ်။ ဆရာ ဆိုတာကတော့ ဒီးဒုတ်ဦးဘချိုကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒီဆောင်းပါးကို the key collection က ထုတ်ဝေတဲ့ "ခြစ်ရာများ" စာအုပ်မှာ ပြန်လည် ဖော်ပြထားပါတယ်။
သခင်အောင်ဆန်းရေးသားခဲ့တဲ့ ကဗျာရဲ့ မူရင်းကဗျာ”INVICTUS”ဟာ အင်တာနက်မှာ အလွယ်တကူ ရှာဖွေဖတ်ရှုနိုင်တဲ့ မျက်မှောက်ကာလတိုင် ကမ္ဘာကျော်တဲ့ ကဗျာတစ်ပုဒ်ဖြစ်ပါတယ်။ ဒီကဗျာကို သခင်အောင်ဆန်းရဲ့ စာပေအခံ၊ဘာသာပြန်အတတ်ပညာ၊ မြန်မာစကားအသုံးအနှုန်း ကြွယ်ဝမှုနဲ့ ဖန်တီးလိုက်တဲ့အခါမှာတော့ ဂန္ထဝင်မြောက် မြန်မာကဗျာတစ်ပုဒ်ဖြစ်လာပါတယ်။ သခင်အောင်ဆန်းဟာ ငယ်စဉ်ကတည်းက မြန်မာစာထူးချွန်ပြီး တက္ကသိုလ်မှာ အင်္ဂလိပ်စာပေကို အထူးပြုလိုက်စာခဲ့တာမို့ စာပေအခံကို အနုပညာစိတ်ကူး စိတ်သန်းနဲ့ ပေါင်းစပ်လိုက်တဲ့အခါ ပြောင်မြောက်တဲ့ ကဗျာတစ်ပုဒ် ဖြစ်လာခဲ့ပါတယ်။ ဒီကဗျာဟာ မြန်မာလူငယ်တွေကို ရဲရဲတောက် သူရသတ္တိနဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုတွေ ဖြစ်ပေါ်စေပြီး နယ်ချဲ့ကိုတွန်းလှန်လိုတဲ့စိတ်တွေ တဖွားဖွားပေါ်ပေါက်လာစေခဲ့ပါတယ်။
ဒီကဗျာကလေးဟာ သွေးစွန်းနေတဲ့ မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုကို ထင်ဟပ်နေတဲ့ ကဗျာဖြစ်လို့ သမိုင်းဝင်ကဗျာတစ်ပုဒ်အဖြစ်နဲ့ ထာဝစဉ်ကမ္ပည်းတင်နေမှာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။
စာညွှန်း -
ကလောင်စုံ။(၂၀၁၂)။ မြန်မာပြည်၏ရှေ့ဆောင် ဗိုလ်ချုပ်အောင်ဆန်း။ ရန်ကုန်၊ နေရီရီစာအုပ်တိုက်။
စိန်တင်(တက္ကသိုလ်-)။ (၂၀၁၂)။ အငြိမ်းစားရဲမင်းကြီး ဘဝခရီးနှင့်အတွေ့အကြုံများ။ ရန်ကုန်၊ အားမာန်သစ်စာပေ။
ညိုမြ။(၂၀၁၃)။ နန်းကြာညို လက်ရွေးစင်စာများ။ ရန်ကုန်၊ ရာပြည့်စာအုပ်တိုက်။
နောင်ကျော်။(၂၀၁၈)။ သမိုင်းတွင်တဲ့သူ သမိုင်းဝင်တဲ့လူ။ ရန်ကုန်၊ တိုးမြစ်စာအုပ်တိုက်။
ဖိုးအောင်လေး။(၂၀၁၂)။ အောင်ဆန်း၏ အောင်ဆန်း။ ရန်ကုန်၊ Quality Publishing House။
မင်းယုဝေ။(၂၀၁၃)။ ဗိုလ်ချုပ်အောင်ဆန်းနှင့် မြန်မာပုဂ္ဂိုလ်ကျော် (၂၀)။ ရန်ကုန်၊ ဓူဝံစာပေ။
မင်းသုဝဏ်။(၂၀၁၁)။ ကျောင်းသားဘဝနှင့် ဗဟုသုတ။ ရန်ကုန်၊ သင်းစာပေ။
မင်းသုဝဏ်။(၂၀၁၇)။ ြခစ်ရာများ။ ရန်ကုန်၊ the key collection ။
မြကေတု။ (၁၉၉၅)။ နှောင်းခေတ်တက္ကသိုလ် ဘဝမှတ်တမ်းများ။ ရန်ကုန်၊ မိုးမင်းစာပေ။
လှ၊ဦး(လူထု-)။(၁၉၆၆)။ သူ့စာများကပြောခဲ့တဲ့ သိပ္ပံမောင်ဝအကြောင်း။ မန္တလေး၊ ကြီးပွားရေးပုံနှိပ်တိုက်။
ဝ၊မောင်(သိပ္ပံ-)။ (၁၉၇၆)။ စာပေယဉ်ကျေးမှု။ မန္တလေး၊ လူထုစာအုပ်တိုက်။
အုန်းကြိုင်၊ဦး(ဟံသာဝတီ-)။(၂၀၁၉)။ ကျွနု်ပ်သိ သော တော်ဝင်ကဗျာဆရာ ဗိုလ်ချုပ်အောင်ဆန်း။ ပြန်ကြားရေးဝန်ကြီးဌာန ဝက်ဖ်ဆိုက်။
အုန်းမြင့်၊သခင် နှင့်အများ။(၂၀၁၇)။သခင်အုန်းမြင့် (၁၉၁၈-၂၀၁၀) နှစ်(၁၀၀) ပြည့်မွေးနေ့အထိမ်းအမှတ်။ ရန်ကုန်၊ မဇ္ဈိမပဋိပဒါစာပေ။

0 comments:

Post a Comment